18 February 2009

ဒဿနပုံပြင် အမှတ် (၅) သစ္စာရှာဖို့ ငါမီးထွန်းမယ် (နေမင်းနီ)


သစ္စာကို မမြင်ခြင်း
အ၀ိဇ္ဇာမြူနှင်းတွေက
အတင်းပိတ်ဆို့ထားသတဲ့
'ကိုစောညိန်း'ရဲ့ လက်ရာ
'သစ္စာ…'ဆိုတဲ့သီချင်း
မင်း ကြားဖူးမှာပေါ့…
ကမ္ဘာကမ္ဘာ့တလွှားမှာ
ရှာမှရှားတဲ့
ကဗျာဆရာ့မယားပေပဲ…
ကဲကဲ ရှင်မ
မမြင်ရတဲ့ အကန်းတယောက်
သူဘယ်လို လမ်းလျှောက်သလဲဆိုတာ
မြူစိုစို ကြမ်းပေါက်နဲ့
တူနှစ်ကိုယ် နန်းအောက်မှာ…
"လာပြန်ပြီ ရှင့်စကား
တရားမှတ်လို့ သည်းခံ
ညည်းပြန်တော့လည်း ဘရိတ်မပေး
စိတ်အတွေးနက်လို့
အိပ်ရေးပျက်ရတယ်ဆိုတာ
ကျမ လက်ခံနိုင်ပါတယ်…
ဘယ်လိုတော် ခုဟာက
အရည်မရ အဖတ်မရ
ဝဋ်ရှိသမျှ နားညည်း
ချမ်းချမ်းစီးစီးတော်…"

ဪ… တရက်တလေ ဓမ္မရိပ်မှာ
အိပ်စရာ အဆင်သင့်
မင့်မို့လို့ ငြင်းရက်တယ်…
အင်း… ခက်တယ်ကွယ်
မင့်နှယ်နှယ် တခါကပေါ့
အကျိုးဆော့ အကန်းမော့ ဆိုသလို
ဟိုဟိုဒီဒီ ထင်ရာစိုင်းနေတဲ့
အမြင်ချာ ဘလိုင်းကြီးတယောက်
တုတ်ကောက်နဲ့ လျှောက်သွား…
"ဒါက ဘာစကားလဲ…"
ဟဲဟဲ… တင်စားတာပါကွာ
အကြင်နာအပြောတွေကို
အလင်္ကာသဘောနဲ့
ယှဉ်စရာ လောသွားလို့ပါ…
ဒီလိုကွယ် တခါက
ဘယ်နေရာ ဘယ်လမ်းကြား
ဘယ်အိမ်နား ဘယ်သစ်ပင်
ဘယ်နှစ်လှမ်း လှမ်းရင် ဘယ်ရောက်
ဘယ်အိမ်အောက် ဘယ်ခွေးရှိတယ်ဆိုတာ
တပ်အပ်ကို သိထားတဲ့
ဘုရားစူး မျက်ကန်းတယောက်
ဒုတ်ကောက်တချောင်းနဲ့
အဟုတ်လျှောက်ညောင်းနေသတဲ့…
အဲ့ဒီမှာတရက်
"ကန်းသက်ရင့်လို့
လမ်းထွက်လင့်ကစား
လမ်းကြားမှာ မီးမရှိလို့
ခင်ဗျားအတွက် ကိစ္စမရှိဘူး
မီးထွန်းမှ မြင်ရမယ့်
လမ်းထဲက လူတွေအတွက်
မီးခွက်လေးတလုံးတော့ ဆောင်ထား
ဒါမှ ခင်ဗျားကို ၀င်မတိုက်မိမှာ…
"လို့
ပညာရှင်တယောက်က အကြံပေးသတဲ့
နှစ်ပြန်တွေးစရာတောင် မလိုတဲ့
ဉာဏ်ပြေးတဲ့အကြံကောင်းမို့
လက်ခံလိုက်ပါသတဲ့…
ဒီလိုနဲ့ နောက်တရက်
ဘယ်လက်က မီးခွက်
ညာလက်က ဒုတ်ကောက်နဲ့
ရွာရိုးကိုးပေါက်
လျှောက်သွားနေတုန်း
ဗြုန်းကနဲဆို
ငနဲတယောက်က ၀င်အတိုက်…
"ဟကောင်ရ
မမြင်ဘူးလားကွ…
ငါ့လို ကန်းထားရင်လည်း
ငါ့လို စမ်းသွားပါလား…
မီးထွန်းထားတာတောင် မမြင်ရအောင်
ဗမာလို မိုက်လို့တိုက်တာလား
ရခိုင်လို မိုက်လို့တိုက်တာလား…"

လမ်းကြားငယ် အမြှောင်လေးမှာ
တောင်ဝှေးနဲ့ ရမ်းရွယ်ရင်း
လှမ်းတွယ်လိုက်တဲ့ သူ့စကားက
ဘုအသွားတွေ အပြည့်ပေါ့…
"ဟောတော့်…
တော့်အကန်းကလည်း
အဟော့ရမ်းသား…"
အေး… အဲဒါကို ကြားသွားတဲ့
ဟိုငနဲသားကလည်း
ပက်ကနဲ ပြန်ပြောလိုက်တာပေါ့…
"ဘယ်မှာလဲ ခင်ဗျားမီး
ငြိမ်းနေတဲ့ မီးခွက်ကြီးကို
အညောင်းခံပြီး ကိုင်လာတာ
အံ့ပါ့ဗျာ…"
တဲ့
ဒါပါပဲ ရှင်မ
မမြင်ရတဲ့ အလွန်ကမ်းကို
ပြင်မရတဲ့ အစွံအကန်းတွေနဲ့
ကျွံမှန်းကြည့်လို့လည်း မရ
အခွံစမ်းကြည့်လို့လည်း မ၀လေတော့
ညွန်လမ်းမှာ နစ်လိုနစ်
ပြွန်နှုတ်ခမ်းမှာ တစ်လိုတစ်
သလွန်နန်းမှာ ယစ်လိုယစ်
ဖြစ်ချင်ရာ ဖြစ်နေကြတဲ့ ဒီလောကကြီးမှာ
ဖြစ်ချင်တာတွေ ဖြစ်မလာဘဲ
မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ
စိတ်ပျက်အားငယ်တယ်ဆိုတာ
အချိန်ဖြုန်းတာပါပဲ…
မဖြစ်ချင်တာတွေတောင်မှ
ဖြစ်လာကြသေးတာပဲကွာ
ဖြစ်ချင်တာတွေဟာ
ဘာကြောင့်ဖြစ်မလာရမှာလဲ…
ကဲကဲ… အိပ်စို့
ဒို့အဖို့ အိပ်မက်တွေကို
ဟောဟိုမြူနှင်းတွေက
ဆောင်ကြဉ်းပေးကြပါလိမ့်မယ် ရှင်မရယ်…။ ။

-နေမင်းနီ-
('ပန်းစကား'မဂ္ဂဇင်း အမှတ် ၂၁ တွင် ဖော်ပြပြီး။)

No comments:

Post a Comment