09 April 2009

တောင်အာရှ စာပေပွဲတော်




၉ ကြိမ်မြောက် တောင်အာရှနိုင်ငံများ စာပေပွဲတော် (SAARC Festival of Literature)ကို မတ်လ ၁၃ ရက်ကနေ ၁၆ ရက်နေ့ထိ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ကျင်းပခဲ့တဲ့နေရာကတော့ ကမ္ဘာ့အံ့ဖွယ်များထဲက တခုအပါအဝင်ဖြစ်တဲ့ တာ့ခ်ျမဟာ (Taj Mahal)အဆောက်အဦကြီး တည်ရှိရာ အိန္ဒိယပြည် မြောက်ပိုင်း အာဂရာ (Agra)မြို့မှာ ဖြစ်ပါတယ်။

ဒီစာပေပွဲတော်ကို သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်ကတည်းက SAARC လို့ခေါ်တဲ့ တောင်အာရှဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးရဲ့အဓိက အစိတ်အပိုင်းဖြစ်တဲ့ Foundation of SAARC Writers and Literature (FOSWAL)ကနေ ကမကထပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အစပိုင်းမှာတော့ SAARC အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာနဲ့ မားလ်ဒိုက်ဖ်နိုင်ငံတွေသာ ပါဝင်နိုင်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံကိုတော့ နောက်ပိုင်းမှာ ဖိတ်ကြားပါဝင်စေခဲ့ပါတယ်။ ဒါကြောင့် နှစ်စဉ် စာပေပွဲတော်ကို ၈ နိုင်ငံလုံး ပါဝင်တက်ရောက်နိုင်ခဲ့ရာမှာ ခုနှစ် ၂ဝဝ၉ ခုနှစ်မှာတော့ ဗမာပြည်ကိုပါ ဖိတ်ကြားတက်ရောက်စေခဲ့ပါတယ်။

ဗမာပြည်ဟာ SAARC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ဖိတ်ကြားရတဲ့အကြောင်းကတော့ တောင်အာရှရဲ့ယဉ်ကျေးမှုတွေဟာ အာဖဂန်နစ္စတန်ကနေ ဗမာပြည်ထိ ဆက်နွှယ်ပြန့်နှံ့နေတယ်ဆိုတဲ့ စဉ်းစားချက်ကြောင့် ဒီလို စာပေယဉ်ကျေးမှုဖလှယ်ပွဲကို ဖိတ်ကြားရတာဖြစ်တယ်လို့ဆိုပါတယ်။ ဗမာပြည်က အထင်ကရ စာရေးဆရာတွေဖြစ်ကြတဲ့ နေဝင်းမြင့်နဲ့ ဂျူးကို ဖိတ်ကြားခဲ့ပေမယ့် နှစ်ဦးစလုံး မတက်ရောက်နိုင်ခဲ့ကြပါဘူး။ ဆရာနေဝင်းမြင့်ထံမှ အကြောင်းတစုံတရာ ပြန်ကြားတာမရှိခဲ့ပေမယ့် ဆရာမ ဂျူးအနေနဲ့ ဆရာမရဲ့အသက် ၉၈ နှစ်အရွယ် ဖခင်ကြီးကို အနီးကပ်ပြုစုစောင့်ရှောက်နေရလို့ မလာနိုင်တော့တဲ့အကြောင်း ပြန်ကြားလာပါတယ်။ ဒါ့အပြင် ဆရာမက “သက်ကြီးရွယ်အို မိဘများကို ပြုစုစောင့်ရှောက်ခြင်းဟာ (တောင်အာရှ)ဒေသကြီးတခုလုံးက ကျမတို့အားလုံးအတွက် အင်မတန်အရေးကြီးတဲ့ တာဝန်တရပ်ဖြစ်ပါတယ်။”လို့ အကြောင်းပြန်ကြားစာထဲမှာ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။

ဒီနှစ်ပွဲတော်ကိုတော့ အဓိကအားဖြင့် ‘အကြမ်းဖက်မှု’ (Terrorism)အန္တရာယ်အပေါ် အဓိကထား ဆွေးနွေးကြပါတယ်။ တောင်အာရှဒေသတခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒီအန္တရာယ်ကို စာရေးဆရာ၊ ကဗျာဆရာ၊ ပညာတတ်အတန်းအစားများအနေနဲ့ ဘယ်လိုတုန့်ပြန်ကာကွယ်နိုင်မလဲဆိုတဲ့အချက်ကို ဆွေးနွေးကြတာ တွေ့ရပါတယ်။ စာတမ်းဖတ်ချိန်တွေက ကြာပြီး ပြန်လည်ဆွေးနွေးချိန်တွေက နည်းလွန်းတော့ ထမင်းစားချိန်၊ လ္ဘက်ရည်သောက်ချိန်၊ နားနေချိန်တွေမှာ နီးစပ်သလို ဆွေးနွေးရတာများပါတယ်။

အာဂရာမြို့ရဲ့ ဟိတ်ဟန်မကြီးတဲ့ တထပ်တိုက် Grand Hotel ခန်းမမှာ နေ့စဉ် ၄ ရက်ဆက်တိုက် ကဗျာတွေရွတ်ကြ၊ စာတမ်းတွေဖတ်ကြနဲ့ မတူညီတဲ့အတွေ့အကြုံတွေနဲ့ ပြဿနာတွေကို ခံစားနားလည်လာရပါတယ်။ ‘အကြမ်းဖက်မှု’ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြပါတယ်။ အဘိဓါန်ထဲက၊ ဘဝလက်တွေ့ထဲက။ SAARC ရဲ့ ညီလာခံတွေထဲမှာ နိုင်ငံရေးသမားတွေ မပါဘူးဆိုတဲ့ စာပေပွဲတော်၊ ကဗျာပွဲတော်လို့ဆိုပေမယ့် သတင်းတွေထဲမှာ လောလောလတ်လတ် အကြမ်းဖက်မှုကို ရင်ဆိုင်နေရတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖဂန်နစ္စတန်တို့က ကဗျာဆရာတွေရဲ့ ခြောက်ခြားဖွယ်ကဗျာတွေ၊ အေးချမ်းတဲ့ မဲလ်ဒိုက်ဖ်လို နိုင်ငံက ရိုမန်းတစ်ကဗျာတွေ၊ ဘူတန်ဒုက္ခသည်တွေဆီက အိမ်အလွမ်းတွေ၊ နီပေါက တောင်တန်းပြာနဲ့အောင်လံနီ တလွင့်လွင့်ဝေ့သံတွေဟာ သက်ဆိုင်ရာတိုင်းပြည်တို့ရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေတွေကို ရင်ခုန်နေမိကြတာတွေ့ရပါတယ်။

ဗမာပြည်ကိုယ်စား အဖိတ်ကြားခံရတဲ့ ဆရာတို့နှစ်ယောက်အပြင် ပြည်ပရောက် စာနယ်ဇင်းသမားတွေထဲကလည်း ၃ ဦး အဖိတ်ကြားခံရလို့ သွားတက်ခဲ့ကြပါသေးတယ်။ ဒီဗီဘီသတင်းထောက် ကိုခင်မောင်စိုးမင်း၊ မဇ္ဈိမသတင်းထောက် ကိုမျိုးမြင့်အောင်နဲ့ ကျနော်(နေမင်းနီ)တို့ပါ။ ဒေသခံသတင်းထောက်တွေရဲ့မေးမြန်းချက်ကို ဖြေရတော့ ကျနော်တို့ဗမာပြည်မှာ Terrorism လို့ခေါ်တဲ့ အကြမ်းဖက်မှုမျိုးတော့ မရှိကြောင်း၊ သို့သော် ‘နိုင်ငံတော်အကြမ်းဖက်မှု’ (State Terrorism)သဏ္ဍာန်နဲ့တော့ စစ်အစိုးရက ကျင့်ကြံနေကြောင်း ရှင်းပြဖြစ်ခဲ့ပါတယ်။

ဗမာပြည်ကိုယ်စား ကဗျာရွတ်ဆိုခွင့် ၂ ကြိမ်ရရှိခဲ့လို့ ၂ ပုဒ်ရွတ်ဆိုပြခဲ့ပါတယ်။ ဘာသာစကားအရသာ ခံစားနိုင်ဖို့ မူရင်းဗမာလိုရော၊ အင်္ဂလိပ်ဘာသာပြန်ကိုပါ ရွတ်ဆိုခိုင်းတာပါ။ ကျနော့်အနေနဲ့ ကိုယ်လေးစားတဲ့ဆရာကြီးတွေရဲ့မာစတာပိစ် ကဗျာတွေကို ရွတ်ဆိုပြလိုက်ချင်တာပါ။ (ဥပမာ… ဆရာစွမ်းရဲ့ အနီနဲ့အပြာထဲက တပုဒ်ပုဒ်ပေါ့) သို့ပေတဲ့ သူတို့စည်းကမ်းက ပင်ကိုယ်ရေး ကဗျာတွေကိုသာ ရွတ်ဆိုခွင့်ရှိတာမို့ (ကိုယ့်ထက် ဘာသာစကားကျွမ်းကျင်သူတွေကို အင်္ဂလိပ်လို ဘာသာအပြန်ခိုင်းပြီး) ကိုယ့်ကဗျာကို ကိုယ်တိုင်ရွတ်ဆိုပြခဲ့ပါတယ်။

သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ

သူငယ်ချင်းရာ
သစ္စာပန်းပု၊ သွေးနဲ့ထုပြီး
ငါ… အခု စာရေးလိုက်တယ်…။

မင်းရဲ့ငယ်ပေါင်း၊ သံစဉ်ပြောင်းပြီး
ကျောင်းတော်ကိုခွါ၊ ကာရန်မဲညစ်
တော်လှန်ပစ်ဖို့ ကြိုးစားနေတယ်…။

ဒီအချိန်မယ်
လွယ်အိတ်လေး၊ စင်္ကြန်ဘေးမှာ
ချေးညှော်ကပ်လျက်၊ ထားရက်သူကို
စောင့်ကြိုနေတာ မြင်မိမယ်…။

ထိုင်ခုန်အိုရွဲ့ ၊ ပိုးမျှင်ဖွဲ့လို့ 
တိုးသဲ့ရှိုက်သံ
ရံဖန်ရံခါ ကြားမိမယ်…။

ဒို့ကိုချစ်လှ၊ ဆရာမလည်း
တမ်းတပူဆွေး
ဟိုအဝေးက ကျောင်းပြေးလေးကိုလေ…။

ကျောင်းရှေ့ကလမ်း၊ တမာတန်းမှာ
ခြေရာတခု၊ သမိုင်းပြုဖို့ 
သွန်းထုပုံဖော်နေရော့မယ်…။

ကျောင်းဝတ်ဖြူစိမ်း၊ ဒီဇာတ်သိမ်းပြီး
ဖယ်တိမ်းခွဲခွါ၊ နေခဲ့ကြာလည်း
ပညာမုန်း၍ မဟုတ်ပါ…။

ခေါင်းလောင်းချိုမြ၊ အချက်ပြသော်
ခန်းဝမဝင်၊ ဟိုးအပြင်မှာ
ရောက်နေတာလည်း
ပညာမုန်း၍ မဟုတ်ပါ…။

ငါ့နာမည်အုပ်၊ မင်နီသုတ်ပြီး
ကျောင်းထုတ်ခံရ၊ ဒီကိစ္စလည်း
ငါ့စာညံ့၍ မဟုတ်ပါ…။

ပညာရှာရင်း၊ ပြည်သူတွင်းမှာ
သက်ဆင်းမိတော့
ငါသိဉာဏ်စဉ်၊ အသဲပြင်မှာ
စွဲထင်နှိပ်ကပ်
'ငါ့ရပ်တည်ချက်၊ ပြည်သူ့တွက်'လို့
တသက်ဘဝ၊ ပုံခဲ့ရပြီ
ခဏလွမ်းစိတ် ကျောင်းရိပ်ဆီ…။

စစ်အတွင်းမှာ
လူဖြစ်လာရ၊ တို့ဘဝလည်း
ငယ်ကသင်တွေး
ကျေးညီနောင်လို၊ ဟိုဒီကွဲကွာ
ယုံကြည်ရာလည်း
တွယ်ရာကိုင်းပေါ် တည်ကြတယ်…။

ငယ်စဉ်အခါက
ငါတို့အတွက်၊ ရည်မှန်းချက်လေ
'ဆေးတက္ကသိုလ်'တဲ့
ခုလိုချိန်မှ၊ တက်ခဲ့ရပြီ
'ဘဝတက္ကသိုလ်'၊ ငါ့ကုသိုလ်ပေါ့
ဟို့ဟိုအဝေးကို ရောက်ခဲ့ပြီ…။

ဝေးခဲ့ရပြီ
ကျောင်းတော်ဆီကို
တချီအိပ်မက်၊ တချက်တွေးပြင်
လွမ်းမိရင်လည်း
မြင်ဆဲဖန့်ဖန့်၊ ဆွတ်ပျံ့ပျံ့လေ
မိုးနံ့နှင်းနံ့ ကြူနေဆဲ….။

နေလိုထွန်းပပြီး
လလိုရွှန်းမြခဲ့တဲ့ တက္ကသိုလ်
ခုတော့
နေလို လလို
ဝေးခဲ့ရပြီပေါ့ တက္ကသိုလ်…။

သူငယ်ချင်း
မင်းလက်သီးဆုပ်နဲ့
မျက်ရည်သုတ်လိုက်ပါကွာ…။ ။

၊နေမင်းနီ၊

Read More...

07 April 2009

လွမ်းကြပါတော့ ရဲဘော်တို့ရေ (သခင်ဗသိန်းတင် ၁၉၁၄-၉၇) ဝင်းတင့်ထွန်း


၁။
“ရဲဘော်တို့
မိတ်ဆွေတို့
ပြည်သူလူထု အပေါင်းတို့…”
စိမ်းစိမ်းညို့ညို့ တောင်တန်းတွေကို ဖြတ်ကျော်
သံလွင်ပေါ်ကနေ ဧရာဝတီ
ဒုဋ္ဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း
မြစ်ရိုး၊ ချောင်းဖျား
ရှိုကြား၊ လယ်ကွင်း
အိမ်တွင်း၊ တဲတွင်း
ဆားကျင်း၊ သတ္တုတွင်း
မိုင်းတွင်းတွေထဲ
လူထုထဲအနှံ့
ဖြန့်ကျက်လိုက်တဲ့ အသံ
ထားဝယ်သံ ဩဩကြီးနဲ့
ဥက္ကဋ္ဌကြီးရဲ့ အဖွင့်နှုတ်ခွန်း
ပထမဆုံးသော
ပြည်သူတရပ်လုံးသို့မိန့်ခွန်းဟာ


မြယာတောလယ် ကြွေခ
ကြယ်စင်မြများကို အလေးပြုရင်း
အရှင်းလင်းဆုံး ဖော်ပြ
အလယ်ရိုးမရဲ့ ဗဟိုချက်
ရှမ်းကုန်းပြင်မြင့်ဘက်က ဆက်ခံ
တော်လှန်တဲ့ သမိုင်းကြောင်း
သွေးသစ်လောင်း နှိုးဆော်
“ရဲဘော်တို့…
ကြိုးစင်ပေါ်မှာ
ထောင်ထဲမှာ
တရားရုံးမှာ၊ အချုပ်ဂါတ်ထဲမှာ
ဘယ်နေရာမှာဖြစ်ဖြစ်
ဘယ်နေရာရောက်ရောက်
ဘယ်တော့မှ ဒူးမထောက်ရဘူး
ဒူးမထောက်ရဘူး
ဒူးမထောက်ရဘူး…”တဲ့
ရင်ထဲကို စူးဝင်
နားဆင်လိုက်ရ
ဘယ်တော့မှ မမေ့စရာ
ဒါ
ဥက္ကဋ္ဌကြီးရဲ့အသံ
ဒုတိယမ္ပိ ကြားမိဖူးခြင်းပါ…။

ပထမဆုံးအကြိမ်က
ကျနော့်အသက်က ဆယ့်သုံးလေးနှစ်
၁၆၉၇ ခုနှစ်
ဗမာပြည်မှာ ဆန်ပြဿနာ စပေါ်တဲ့နှစ်
တရုတ်-ဗမာ အရေးအခင်း ဖော်တဲ့နှစ်
ပီကင်းအသံ လေလှိုင်းကြားက
ဥက္ကဋ္ဌကြီးရဲ့ စကားပြောသံ
သာမန် အလယ်တန်း ကျောင်းသားလေးအဖြစ်
လှစ်ကနဲ တဝက်တပြက်
လျပ်တပြက် ကြားဖူးတယ်…။

၁၉၈၁
‘မင်းရန်အောင်’ထိုးစစ် ပြီးတဲ့နောက်ပိုင်း
တတိုင်းပြည်လုံးသို့ ရှင်းပြချက်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ခဲ့ရတဲ့ဇာတ်ကြောင်း
ပြည်သူအပေါင်းသို့ တင်ပြချက်
သမိုင်းစာမျက်နှာထက် တင်ထားရမယ့်
ဗမာပြည်မှာ
ပါတီစုံ ဒီမိုကရေစီ ကျင့်သုံးရေး
ပြည်တွင်းစစ် ရပ်စဲရေး
အမျိုးသားသွေးစည်းညီညွတ်ရေး တောင်းဆိုသံ
အမိနိုင်ငံရဲ့ရှေ့ရေး မျှော်တွေးထောက်ရှု
လူထုအကျိုးစီးပွားဘက်က
ထာဝရရပ်တည်ရင်း ရှင်းလင်းမြွက်ဟ
ဥက္ကဋ္ဌကြီးရဲ့ စကားသံ
‘ပြည်သူ့အသံ’ နားထောင်ရင်း
အမှောင်တွင်းကနေ ကြားရ
ဒါ… တတိယမြောက် အကြိမ်ပါ…။

၁၉၈၉
မုတ်သုန်မိုးက သည်းထန်ဆဲ
စစ်ဘီလူးသရဲများရဲ့ ကောင်းမှုနဲ့
၈၈ ခုနှစ် အရေးတော်ပုံကြီးအတွင်း
ကွန်မြူနစ်ပါတီတွင်း ခေါင်းဆောင်ကြီးများရဲ့
လူထုလှုပ်ရှားမှု ဒီရေအပေါ် အကဲဖြတ်ချက်
လေးလေးနက်နက် ဆွေးနွေးနေဟန်
အပြန်အလှန်ပြောဆိုနေကြပုံတွေ
ဗီဒီယိုအခွေကနေတဆင့်
ထုတ်လွှင့်ပြတာ ကြည့်ရရင်း
ကြယ်နီဦးထုပ် တဝင်းဝင်းနဲ့ဥက္ကဋ္ဌ
ခပ်ဖွဖွ ပြုံးပြီးပြော
ကိုယ့်ကိုများ ပြောလိုက်သလားထင်ရ…
“ကျနော်တို့ရဲဘော်တွေက
လက်ဝဲကျလိုက်တာ
မဆလထဲ ဝင်လုပ်ခိုင်း အလုပ်လုပ်ခိုင်းရင်
မလုပ်ချင်ကြဘူး…”တဲ့
ရေရှည်အမြင်နဲ့တော်လှန်ရေး
အလေးပေးဖွင့်ဟ
ဥက္ကဋ္ဌကြီးရဲ့ စကားသံ
စတုထ္ထမ္ပိ ကြားဖူးတယ်…။

ဥက္ကဋ္ဌကြီးကို ကျနော်ဟာ
တခါမှ မတွေ့ဖူးပါ
ဒါပေမယ့် သိနေတယ်…
ဥက္ကဋ္ဌကြီးနဲ့ကျနော်ဟာ
တခါမှ စကားမပြောဖူးပါ
ဒါပေမယ့် ကြားနေတယ်…။

၂။
သခင်ဗသိန်းတင်ဆိုတာ
တို့ဗမာအစည်းအရုံးဝင်
သခင်တယောက်အဖြစ်ကနေ
ဥရောပတစ္ဆေကြီးရဲ့ ဝိဉာဉ်ကို
သခင်အောင်ဆန်း၊ သခင်သန်းထွန်း
သခင်ဗဟိန်းတို့နဲ့အတူတူ
ဂုဏ်ယူစွာ ပူးကပ်
ကြီးမြတ်တဲ့ပါတီ
စတင်တည်ခဲ့တဲ့သူတွေထဲ
မျိုးစေ့ကြဲသူတယောက်အဖြစ် စာရင်းထိုး
မော်ကွန်းထိုးရမယ့် ပုဂ္ဂိုလ်တဦးပါ…
မြေအောက်ပါတီအဖြစ်
အကျစ်လစ်ဆုံး တည်ဆောက်
အပြောင်မြောက်ဆုံး ဖွဲ့စည်း
ဘုံခရီးကို ချီတက်ရင်း
ဆင်းရဲချို့ငဲ့
ပစ္စည်းမဲ့တို့ရဲ့အကျိုး
သယ်ပိုးရှေ့ဆောင်
အမှောင်ထဲက ကြယ်နီ
အမိပြည်ရဲ့ လွတ်လပ်ရေး
နယ်ချဲ့ဆန့်ကျင်ရေးတာဝန်
ကြေကြေပြွန်ပြွန်ထမ်းခဲ့တယ်…။

တကမ္ဘာလုံး
အုံးအုံးကြွက်ကြွက်ဖြစ်ရ
ဖက်ဆစ်ဝါဒ ခေါင်းထောင်
မာန်တစောင်စောင်နဲ့ ပေါ်လာ
ချိန်ဘာလိန်တို့ လေပြေထိုး
အရိုးအရင်းတွေ ချကျွေးပစ်
မြူးနစ်စာချုပ်တွေ ချုပ်နေစဉ်
ဒီမီထရော့ အစီရင်ခံစာ
ဗမာပြည်ကွန်မြူနစ်များ နားလည်
နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ရာက
ဝင်လာတဲ့ ဂျပန်ဖက်ဆစ်
ဘီလူးအသစ်တွေကိုလည်း မောင်းထုတ်ရေး
ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲ
ရဲရဲရင့်ရင့် သမိုင်းကြောင်း
သွေးနဲ့လောင်းပြီး ကမ္ဗည်းဆင်
ကြယ်ဖြူတပွင့် အလံနီကို တင်တဲ့အခါ
သခင်ဗသိန်းတင်ဟာ
တိုင်း ၅ မှာ နိုင်ငံရေးမှူး
တပ်ဦးက ပါခဲ့တဲ့
တကယ့် ခေါင်းဆောင်တဦး ဖြစ်ခဲ့တယ်…။

ဂျပန်ကို မောင်းထုတ်ပြီး
ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးသွား
ဆင်းမလားရောက် မျက်နှာဖြူဟာ
စက္ကူဖြူစီမံကိန်းကို တကိုင်ကိုင်နဲ့
အမိနိုင်ငံတွင်း ပြန်ရောက်
နောက်တခေါက် ကျွန်ပြုရန်
ကုလားဖန် အလီလီထိုး
အမျိုးမျိုးညစ်ပတ်
ကိုလိုနီဇာတ်ကို ဆက်ပြီးက
အမှောင်ညကြီး ရှည်ချိန်မှာ
အမိဗမာပြည်ရဲ့ မိုးသောက်ရေး
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်
တူတံဇဉ်ကို လွှင့်ထူရင်း
အဝင်းပဆုံး ရွှန်းပြက်
လင်းလက်ခဲ့ကြတဲ့ ကြယ်နီတွေထဲ
သခင်ဗသိန်းတင်လည်း ပါခဲ့တယ်…။

၃။
လွတ်လပ်ရေးကြီး
ကြေညာအပြီး
အမျိုးသားသွေးစည်းညီညွတ်ရေး
ဟစ်ကြွေးရမယ့်အချိန်မှာ…
ကျောက်ကြီးပေါက် အရောက်တက်
လက်နက်ကိုင်တော်လှန်ရေး
ဟစ်ကြွေးပြီး ဖော်ခဲ့ရ
ရိုးမကို သက်သေတင်
အာဏာရှင်တွေနဲ့ ပြိုင်ဆိုင်ရင်း
‘ရန်ပုံခွင်း’နဲ့ စခဲ့ရ
‘သမိုင်းဇ’နဲ့ ကြယ်နီ
အစချီကတည်းက ပါဝင်
သခင်ဗသိန်းတင်ဆိုတာ
ရာသက်ပန် တော်လှန်ရေးသမား
မားမားမတ်မတ် ပြခဲ့တယ်…။

နောက်ပိုင်း
ဂန္ဓာလရာဇ်တိုင်းဆီ ခရီးဖေါက်
အဝေးရောက်တာဝန်
ကြေပြွန်အောင် ထမ်းဆောင်ရင်း
ပြတ်သားခြင်းနဲ့ ပျော့ပျောင်းမှု
စံပြုလောက်အောင် ပေါင်းစပ်
မြင့်မြတ်တဲ့ နာယကဂုဏ်
အပြည့်စုံဆုံး ခေါင်းဆောင်ကောင်း
ကွန်မြူနစ်ကောင်းစစ်စစ် ဖြစ်ခဲ့တယ်…။

ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး
အရေးတော်ပုံကြီးတလျှောက်
မှတ်ကျောက်တင် အစမ်းသပ်ခံ
တူတံဇဉ်အလံကို မြဲမြဲဆုပ်
အုပ်စိုးသူအဆက်ဆက်နဲ့ ယှဉ်ပြိုင်
အမိနိုင်ငံအပေါ် ချစ်မြတ်နိုး
ကွေ့ချိုးပေါင်းများကို ကျော်ဖြတ်
ကြီးမြတ်တဲ့ တော်လှန်ရေးသမားပီသစွာ
ဂုဏ်ပြောင်စွာ အားထုတ်ရင်း
အလင်းတေးတွေ သီခဲ့တယ်…။

သက်ရှိထင်ရှား
ရှိနေသား အချိန်မှာပဲ
လက်ထဲက တူတံဇဉ်အလံ
ခေါင်းဆောင်ကိုင်စွဲလာခဲ့တဲ့ တော်လှန်ရေးအလံ
ပါတီရဲ့ အောင်အလံကို
မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း
နည်းလမ်းတကျ အပ်နှံ
ဆက်ခံသူတွေကို အားပေးရင်း
ရင်တွင်းကလာတဲ့ စကားလုံးတွေနဲ့
နှလုံးသွေးတွေပါ စီးမျော
ဟောဒီလို ပြောခဲ့ရှာတယ်…
“ရဲဘော်တို့ … အခုအချိန်ဟာ
ပါတီရဲ့ တော်လှန်ရေးအလံကို
မျိုးဆက်သစ်များထံ
အပ်နှံရမယ့်အချိန် ရောက်ပါပြီ”…။

၎။
နှင်းတွေ…
ကြွေနေဆဲ
မျက်ရည်ဝဲနေတဲ့ ကောင်းကင်
ရှိုက်သံဝင်နေတဲ့ ပန်းပွင့်
ရင်နင့်စဖွယ် မှိုင်းလျ
အေးလွန်းလှတဲ့ ဆောင်းလယ်ရက်
ရော်ရွက်တွေ ချွေနေတုန်း…
မဆုံးနိုင်တဲ့ မြူလှိုင်းတွေ
တရိပ်ရိပ် ဝေနေတုန်း…
နောက်ဆုံး ခွန်းဆက်တရား
မြွက်ဟထားပြီးသားမို့လား မပြောတတ်
နောက်ထပ်
နှုတ်ဆက်စကားလေးတောင် ထပ်မဆို
ရဲဘော်တွေအားလုံးကို ခွဲခွါ
ငြိမ်သက်စွာ အနားယူသွား
သေတမ်းစာလေးပဲ ထားခဲ့တယ်…။

တပြည်လုံးသိတဲ့ ကြယ်နီ
ပါတီတခုလုံးရဲ့ ဥက္ကဋ္ဌ
ရတဲ့ ခွင့်ပြုငွေလေးတောင် ကုန်အောင်မသုံး
အခြိုးခြံဆုံး နေထိုင်
အခိုင်မာဆုံး ရိုးသားမှုနဲ့
စံပြုလောက်အောင် ဖြူစင်
သူတော်စင်တယောက်လို စားသောက်ရင်း
ခေါင်းအုံးအောက်မှာ ချန်ပြီးသား
ငွေသား ယွမ်ငွေလေးက နှစ်ထောင့်ငါးရာ
အသုံးအဆောင် ပစ္စည်းပစ္စယာလေးတွေက ခပ်နဲနဲ
အင်္ကျီဘောင်းဘီလေးတွေပဲ ကျန်ခဲ့တယ်…။

ဥက္ကဋ္ဌကြီးရဲ့ ရုပ်ကလာပ်ပေါ်
ကြီးမြတ်တဲ့ တူတံဇဉ်အလံ
လွှမ်းရံပြီး ဖုံးအုပ်
အရိုးကုပ်ဆုံး ဈာပန
ပကာသန တခုမှမပါ
ပြာချပြီး သင်္ဂြိုလ်ရင်း
အံတင်းဖြေဆည်ခဲ့ရတယ်…။

အရိုးစ ပြာအိုးကို
ရိုကျိုးစွာ ဆောင်သယ်
မြစ်လယ်မှာ အသာမျှော
လှိုက်မောစွာ ရှုငေးရင်း
တင်းထားရတဲ့ ပင့်သက်တွေ
မြောက်ပြန်လေပေါ် သွန်ချ
တစတစ…။

ရေလယ်ကြောမှာ
သင်္ဘောနဲ့ သုံးပါတ်ပါတ်
သုံးထပ်သုံးကြိမ် အလေးပြုရင်း
ဖြေးဖြေးချင်း လှည့်ကာ
အရိုးပြာအိုးငယ်ကို ဦးခိုက်
တိုက်ပွဲထဲက အာဇာနည်
ပြည်သူတွေရဲ့ သူရဲကောင်း
ခေါင်းဆောင်ကောင်းကြီးရဲ့ အရိုးပြာတွေဟာ
ရေစီးမှာ ပျော်ဝင်
မြစ်ပြင်ကနေ ပင်လယ်
ပင်လယ်ကနေ သမုဒ္ဒရာ
တရွေ့ရွေ့ ဖြာဆင်း
အမိဗမာပြည်ရဲ့ အတွင်းဆီ
တနင်္သာရီ၊ ထားဝယ်၊ မြိတ်
ဇာတိရိပ် မွေးမြေအထိ
ရောက်ရှိပျံ့နှံ့နေပါစေ…။

၅။
ဝေချင်ပါလျက်
အဝေခက်ခဲ့ ဖိတ်စာ…
လာချင်ပါစေလျက်
အလာခက်ခဲ့ ရဲဘော်…
ခေါ်ချင်ပေလျက်
အခေါ်ခက်ခဲ့ မိတ်ဆွေ…
ချွေချင်ပေလျက်
အချွေခက်ခဲ့ မိန့်ခွန်း…
သွန်းထုချင်ပေလျက်
အသွန်းခက်ခဲ့ ရုပ်ထု…
ပြုချင်ပေလျက်
အပြုခက်ခဲ့ အလေးနီ…
စီချင်ပါလေလျက်
စီခက်ခဲ့ စာတမ်း…
ကမ်းချင်ပါလေလျက်
အကမ်းခက်ခဲ့ ယပ်တောင်…
ဆောင်ချင်ပါလေလျက်
အဆောင်ခက်တဲ့ ရုပ်ကလာပ်…
စပ်ချင်ပါလေလျက်
အစပ်ခက်ခဲ့ ကဗျာ…
ချပါလေလျက်
အချခက်ခဲ့ လွမ်းပန်းခွေ…
မဝေနိုင်ခဲ့တဲ့ ဈာပန…
ရှောင်သွေခဲ့ရတဲ့ ဈာပန…
ဖြေဆည်ခဲ့ရတဲ့ ဈာပန…
ခုမှ… ခုမှ…
လွမ်းကြပါတော့ ရဲဘော်တို့ရေ
လွမ်းပါရစေတော့ ရဲဘော်တို့ရေ
အမိမြေရဲ့ ဝေးရာမှာ
ကြွေသွားရှာတဲ့ ကြယ်နီ
‘သခင်ဗသိန်းတင်’ဆိုတဲ့ ကြယ်နီကို
ကမ္ဘာတည်သရွေ့ မော်ကွန်းတင်ကြပါ…။ ။

၊ဝင်းတင့်ထွန်း၊
၇၊ ၃၊ ၁၉၉၉

Read More...