23 June 2009

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ (မောင်စွမ်းရည်)


နိုင်ငံရေးသမားလို အများအကျိုးကို ထမ်းဆောင်ရသူတဦးဟာ စာပေအနုပညာများကို မြတ်နိုးသူမဟုတ်ရင် နည်းနည်းစိုးရိမ်ရပါတယ်။ စာပေအနုပညာများကို မမြတ်နိုးသူဟာ “ရုပ်ကြမ်းသမား” တွေ ဖြစ်တတ်ပါတယ်။ ရုပ်ကြမ်းသမားဆိုတာ စိတ်နှလုံးမနူးညံ့တဲ့၊ စာနာထောက်ထားမှုမရှိတဲ့၊ ခံစားမှုမဲ့တဲ့လူမျိုးကို ဆိုလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စာပေအနုပညာများကို မြတ်နိုးတဲ့ နိုင်ငံရေး သမားတဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ အကြမ်းနည်းနဲ့ ပြဿနာဖြေရှင်းတာကို မနှစ်သက်သူဖြစ်နေတာလို့ ယုံကြည်ပါတယ်။ သာမန်အားဖြင့်လည်း ပညာတတ်လူယဉ်ကျေးဆိုတာမျိုးဟာ စာပေအနုပညာများကို လေးစားရ၊ မြတ်နိုးရ၊ တန်ဖိုးထားရမြဲမဟုတ်ပါလား။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ခဏတဖြုတ်လောက်ပဲ အချိန်အားရရင်ပဲ သူ့အနီးအပါးမှာ ဆရာဒဂုန်တာရာ ရှိလို့ကတော့ စန္ဒယားတီးခိုင်းတော့တာပါပဲ။ တခါတရံ မဆိုတတ်ဆိုတတ်နဲ့ သီချင်းဝင်ဆိုတတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုယ်တိုင် စန္ဒယားတီးပြီး ဂီတနဲ့ မွေ့လျော်လေ့ရှိသူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် စတင်တွေ့ဆုံဖူးတာက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ ဖြစ်ပါတယ်။ နောင်လည်း စာကြည့်တိုက်မှာပဲ ဆုံရတာ များပါတယ်။ အချိန်ရှိသရွေ့ စာပေမှာ မွေ့လျော်သူတဦးဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ ကျနော်က ကဗျာဆရာတဦးဖြစ်လို့ ကဗျာဆရာတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲဆိုတာ နည်းနည်းတင်ပြချင်ပါတယ်။ ဒေါ်စုဘက်ကလည်း ကဗျာဆရာများအပေါ်မှာ ဘယ်လိုမြင်တယ်ဆိုတာကိုလည်း ကျနော်တို့ ဖြတ်သွားဖြတ်လာ တွေ့ဆုံရင်းနဲ့ အကဲခတ်သိရှိရသမျှကို တင်ပြချင်ပါတယ်။

ထူးခြားချက်တခုကတော့ ဒေါ်စုအနေနဲ့ ဗမာပြည်မှာ လူထုလှုပ်ရှားမှုထဲကို ပါဝင်လာပြီးတာနဲ့ သိပ်မကြာဘူး။ မြန်မာ စာပေလောကထဲက ကဗျာဆရာတွေ အားလုံးလောက်နဲ့ သိကျွမ်းရင်းနှီးပြီး ဖြစ်နေခဲ့ပြီဆိုတာပါပဲ။ ဗမာပြည်မှာ ဒီမိုကရေစီအရေးအခင်းကြီး ဖြစ်ပေါ်လာခဲ့တဲ့အခါ ပြည်သူအားလုံးနဲ့အတူ ကဗျာဆရာတွေ အားလုံးလည်း ထောက်ခံ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြလက်မှတ်ကောက်ခံတဲ့အခါမှာ အသက်အကြီးဆုံး စာဆိုကြီး နှစ်ဦးဖြစ်တဲ့ ခေတ်စမ်း စာဆိုကြီးနှစ်ဦးက အဦးဆုံး လက်မှတ်ထိုးပေးခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံ ဖြစ်စမှာပဲ ကဗျာဆရာကြီး ဇော်ဂျီက ကျန်းမာရေးချို့တဲ့လာခဲ့ပါတယ်။ အိမ်ထဲမှာပဲ တွန်းလှည်းပေါ်မှာ နေထိုင်ရွေ့လျားခဲ့ရပါတယ်။ မကြာခင် အိပ်ရာပေါ်မှာပဲ နေရတဲ့ အခြေအနေကို ရောက်ပြီး ကွယ်လွန်သွား ခဲ့ပါတယ်။

ဆရာကြီး မင်းသုဝဏ်ကတော့ ကမာရွတ်အ၀ိုင်းမှာ နေ့ရော ညပါ လေထဲမိုးထဲ အစာငတ်ခံဆန္ဒပြကြတဲ့ ကျောင်းသား လူငယ်တွေကို မျက်ရည်စက်လက်နဲ့ ထွက်ပြီး အားပေးနိုင်ခဲ့ပါသေးတယ်။ “ငါ့မျက်ရည် မထိန်းနိုင်လို့” ဆိုပြီး အိမ်ပြန်သွားပါတယ်။ အိမ်မှာ ကဗျာတပုဒ်ရေးဖွဲ့ ကျနော့်လက်ထဲကို ထည့်လိုက်ပါတယ်။ လူငယ် သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ကဗျာပါ။ ကျနော်ကိုပဲ ဖတ်ပြပေးပါလို့ တာဝန်ပေးလို့ ပရိသတ်ရှေ့ကို သွားရောက်ဖတ်ပြရတဲ့အခါ ပရိသတ်က အကြိမ်ကြိမ်ထပ်ပြီးဖတ်ခိုင်းပါတယ်။ အလွန်အားတက် ဂုဏ်ယူကြ ပါတယ်။ (ပရိသတ်ထဲမှာ ကဗျာဆရာ ပုတီးကုန်း မောင်စိန်ဝင်းနဲ့ ပျဉ်းမနား မောင်နီသင်းလည်း ပါပါတယ်။) အဲဒီကဗျာကိုတော့ အမေလူထု ဒေါ်အမာက လှမ်းတောင်းလို့ တယ်လီဖုန်းပေါ်မှာ နှုတ်နဲ့ပဲ ရွတ်ဆိုပြီး ပို့ပေးလိုက်ရပါတယ်။ ပြီးတော့ မန္တလေးကထုတ်တဲ့ ရှစ်လေးလုံးဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ဆရာကြီးမင်းသုဝဏ်ဟာ တရားရိပ်သာတခုကို ၀င်ဖို့ ပြင်ဆင်နေဆဲပါ။ ဒါပေမယ့် “ငါ့သူငယ်ချင်းရဲ့ သမီးကို ငါမျက်နှာလွှဲနေလို့ ဘယ်ဖြစ်မလဲ” လို့ဆိုပြီး ဒေါ်စုကို ထောက်ခံအားပေးခဲ့ပါတယ်။ ၁၉၃၆ က ကိုအောင်ဆန်းတို့ သပိတ်မှောက်တော့ ဆရာမင်းသုဝဏ်က တက္ကသိုလ်မှာ ဆရာဖြစ်နေပါတယ်။ ကိုအောင်ဆန်းတို့ရဲ့ ဆရာပါ။ ဒါပေမယ့် ဆရာက သူငယ်ချင်းလို့ပဲ ပြောခဲ့ပါတယ်။ ခေတ်စမ်းစာဆိုကြီးနှစ်ဦးဟာ ဖခင်လက်ထက်မှာရော၊ သမီးလက်ထက်မှာပါ အုပ်စိုးသူများကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်အန်တုပြီး အမှန်တရားဘက်က ထောက်ခံရပ်တည်ခဲ့ကြ ပါတယ်။

ခေတ်စမ်းစာဆိုတဦးဖြစ်ခဲ့ပြီး ကိုအောင်ဆန်းနဲ့လည်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်ခဲ့သူ ကဗျာဆရာ ဒဂုန်တာရာဟာ စစ်ပြီးခေတ်မှာ ပြည်သူ့စာပေခေတ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ စာဆိုတာရာကလည်း သူ့သူငယ်ချင်းရဲ့သမီးကို အားပေးထောက်ခံပါတယ်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖွဲ့ခြင်း ဖြစ်တယ်” ဆိုတဲ့ ဂန္ဓီ၊ မင်ဒဲလား လမ်းစဉ်ကို စွဲကိုင်ကြေညာရင်း ဒေါ်စုဘက်က ရပ်တည်ခဲ့ပါတယ်။

ရှင်လေးလုံးအရေးတော်ပုံကာလမှာ မန္တလေးက ဆင်းလာခဲ့ကြတဲ့ ကျနော်တို့ စာပေသမား သူငယ်ချင်းတစုဟာ အားလုံး ဒေါ်စုကို ၀န်းရံခဲ့ကြပါတယ်။ မုံရွာတင်ရွှေ၊ ပေါ်ဦး၊ ၀င်းဖေ၊ တင်မိုး၊ မောင်မိုးသူ၊ မောင်သာနိုး၊ မောင်စွမ်းရည်တို့တတွေ “တတ်သိအဖွဲ့” ဖွဲ့တော့ စုဝေးပါဝင်ကြပါတယ်။ အဲဒီတုန်းက အခမ်းအနားသဘာပတိ လုပ်သူဟာ ကဗျာဆရာတင်မိုးပါ။ ကဗျာဆရာတဦးက ဦးဆောင်ဖွဲ့စည်းလှုပ်ရှားခဲ့တာကို သမိုင်းတင်ထားရ ပါလိမ့်မယ်။

ကဗျာဆရာတင်မိုးကိုတော့ “ဒီမိုကရေစီအရေးတော်ပုံစာဆို” လို့ ဆိုချင်ပါတယ်။ အရေးတော်ပုံကာလ တလျှောက်လုံး ကဗျာတွေ ရေးဖွဲ့၊ ရွတ်ဆိုဟောပြောခဲ့ပါတယ်။ အဖွဲ့ချုပ်က ထုတ်သမျှ လက်ကမ်းစာစောင်တွေ မှာလည်း ကဗျာနဲ့ ပါဝင်ရေးဖွဲ့အားပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြောင်းကို ဖွဲ့ဆိုဂုဏ်ပြုကဗျာတွေ အများဆုံးရေးဖွဲ့ခဲ့သူဟာလည်း တင်မိုးပဲဖြစ်ပါတယ်။ ကဗျာဆရာတင်မိုးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးအရ အရင်းနှီးဆုံး ကဗျာဆရာလည်း ဖြစ်ပါတယ်။ အရေးတော်ပုံကာလ အရေးအကြီးဆုံးအချိန်တွေမှာ မုံရွာတင်ရွှေ၊ ဦးဝင်းတင်၊ ဗိုလ်သော်က၊ မောင်မိုးသူ စတဲ့ စာပေးသမားများနဲ့အတူ တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ်နဲ့ ရှိနေခဲ့ပါတယ်။

ကဗျာဆရာတင်မိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အရေးတော်ပုံမတိုင်မီကာလကတည်းက သိကျွမ်းရင်းနှီးခဲ့ ပါတယ်။ တင်မိုးက ဒေါ်စုကို ရန်ကုန်မြို့ထဲက လမ်ဘေးစာအုပ်အဟောင်းဆိုင်တွေကို တနေကုန် ဘာမှ မကျွေးဘဲ ခေါ်သွားခဲ့ဖူးတာဟာ အမှတ်တရပြောစရာဖြစ်ခဲ့ပါတယ်။ ဒေါ်စုက “ဆရာမိုးရေ ကျမတော့ ဆာပြီ” ဆိုမှ သတိရပြီး လမ်းဘေးခေါက်ဆွဲသုပ်ဆိုင်တဆိုင်ကို ခေါ်သွားသတဲ့။ ဒေါ်စုကလည်း လမ်းဘေး အသုပ်ဆိုင်မှာပဲ မြိန်ရေရှက်ရေ စားရှာပါသတဲ့။ ဒီလိုနဲ့ စာအုပ်ရှာတာ တနေကုန်သွားခဲ့ပါတယ်။

ကဗျာဆရာကြည်အောင်နဲ့ ကိုလေး (အင်းဝဂုဏ်ရည်) တို့နှစ်ဦးကတော့ အညာမှာပဲ နေကြတာဖြစ်လို့ အရေးတော်ပုံကာလမှာ ကျနော်တို့နဲ့ မဆုံနိုင်ခဲ့ကြပါဘူး။ ရန်ကုန်မှာ ဒေါ်စုကို အနီးကပ် မ၀န်းရံနိုင်ဘဲ အဝေးကပဲ ၀န်းရံခဲ့ရပါတယ်။ ဒါပေမယ့် အမျိုးသားနေ့လို အခါကြီးရက်ကြီးတွေမှာ ကြည်အောင်နဲ့ကိုလေးတို့ နှစ်ဦးကို ရန်ကုန်ရုံးချုပ်မှ ဖိတ်ခေါ်ပြီး ဟောပြောစေပါတယ်။ ဒီကဗျာဆရာနှစ်ဦး သူများနဲ့မတူတာက မန္တလေးတက္ကသိုလ် ကျောင်းထွက်တွေ ဖြစ်ကြတဲ့အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးလိုဟာမျိုးကအစ ရတု၊ ရကန်၊ အဲ၊ အန် တွေကို စနစ်တကျ ရွတ်ဆိုတတ်သူတွေဖြစ်ပါတယ်။ သူတို့ ရွတ်ဆိုဟောပြောတာတွေကို ဒေါ်စုကအစ အဖွဲ့ချုပ်က ရဲဘော်ရဲဘက်တွေက အထူးသဘောကျကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးကိုပဲ နှစ်စဉ်ဖိတ်ကြားလေ့ရှိပါတယ်။ ဒေါ်စုက သူတို့ကို နိုင်ငံခြားက စာအုပ်တွေမှာပြီး လက်ဆောင်ပေးပါတယ်။ ကဗျာဆရာအောင်ဝေးကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ပေးချက်အရ မြစ်ဝကျွန်းပေါ်ဒေသ စည်းရုံးရေးကိစ္စတွေကို ဆောင်ရွက်ရသူဖြစ်ပါတယ်။ “ကိုအောင်ဝေးရေ ဒေါ်စုနဲ့ ကဗျာအကြောင်း စာအကြောင်း လေးများ ဆွေးနွေးဖြစ်တာရှိရင် ဒို့များလည်း မှတ်သားရအောင် ဖောက်သည်ချပါဦး” လို့ ပြောဖူးပါတယ်။ “ဆရာရေ- ဆုံဖြစ်ကြတာတွေက အဖွဲ့ချုပ်ကိစ္စတွေနဲ့ချည်းဆိုတော့ ကဗျာအကြောင်း စာအကြောင်း မပြောဖြစ်ပါ ဘူး” လို့ ပြန်ဖြေပါတယ်။ ကျနော်ကပဲ ကျနော်တို့နဲ့ ပြောဖူးတာလေးတွေကို ဖောက်သည်ချရပါတယ်။

အရေးတော်ပုံကာလမှာ တင်မိုးက အစိုးရအလုပ်က အငြိမ်းစားယူပြီးပါပြီ။ ကျနော်ကတော့ အရေးအခင်းအပြီးမှာ ရုံးကို ပြန်တက်နေပါတယ်။ ပြီးမှစောပြီး အငြိမ်းစားယူလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရုံး၊ သူ့ခြံထဲမှာ အလုပ်ရှုပ်နေလို့ ကဗျာဆရာတွေနဲ့ အလ္လာပသလ္လာပပြောဖို့ အချိန်မရရှာပါဘူး။ လမ်းဘေးဟောပြောပွဲတွေ လုပ်တာကိုတော့ ကျနော်တို့ မပြတ်သွားနားထောင်ပါတယ်။ ဒေါ်စု သာရေးနာရေးတွေကို ထွက်လာတဲ့အခါ မှာလည်း ဆုံဖြစ်ပါတယ်။ ဆရာကြီး မင်းသုဝဏ်တို့၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့ ထမနဲပွဲတွေမှာ အမြဲလာပါတယ်။ အဲလိုအခါတွေမှာ ကဗျာဆရာကြီး ဒဂုန်တာရာနဲ့ရော၊ ကျနော်တို့နဲ့ရော ဆုံခွင့်ကြုံရပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ လေထီးဦးအုန်းမောင်၊ ဗိသုကာ ဦးကျော်မင်း၊ တိုင်းစည်းရုံးရေးမှူး ဦးသိန်းတင်၊ မုံရွာ ဦးတင်ရွှေ၊ ဟာဂျီဦးမြသန်း၊ စာရေးဆရာ မြသန်းတင့် စတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ကွယ်လွန်နှစ်ပတ်လည်ပွဲတွေ မှာလည်း မပျက်မကွက် လာလေ့ရှိပါတယ်။ အဲလိုလာတဲ့အခါ ဒေါ်စုနဲ့အတူ ဦးတင်ဦး၊ ဦးကြည်မောင်၊ သခင်အုန်းမြင့်တို့ သုံးဦးကတော့ အမြဲပါလေ့ရှိပါတယ်။

မုံရွာတင်ရွှေက ကျနော်တို့ရဲ့ ရဲဘော် သူငယ်ချင်းပါ။ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဟောင်းပါ။ ဒါကြောင့် တင်မိုး၊ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ခေါ် ခရစ်ယာန် သာသနာပိုင်ချုပ် အင်ဒရူး မြဟန် စတဲ့ ငယ်ပေါင်းရဲဘော်များက မပျက်မကွက် စုံစုံညီညီသွားလေ့ရှိပါတယ်။ တခါတော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က မုံရွာ ဦးတင်ရွှေရဲ့အိမ် (အင်းစိန်၊ နံ့သာကုန်း)ရဲ့ အပေါ်ထပ်မှာ အစောကြီး ရောက်နှင့်နေတယ်။ ကျနော်တို့အဖွဲ့က နောက်ကျရောက်ပြီး အောက်ထပ်မှာပဲ စကားဝိုင်းဖွဲ့နေကြပါ တယ်။ ခဏနေတော့ ရဲဘော်တယောက် ရောက်လာပြီး ကျနော်တို့ကို “အပေါ်ကြွပါ” လို့ ဖိတ်ခေါ်ပါတယ်။ အပေါ်တက်သွားတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ စားပွဲဝိုင်းက သခင်အုန်းမြင့်က လှမ်းပြီး လက်ယက် ခေါ်ပါတယ်။ သူနဲ့အဖွဲ့ဝင်လူကြီးတချို့က ထပေးပြီး ကျနော်တို့တဖွဲ့လုံးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောကြဖို့ ဆုံပေးပါတယ်။ ဒီလို စကားဝိုင်းဖွဲ့ခွင့်မျိုးကို သခင်အုန်းမြင့်က မကြာခဏ လုပ်ပေးလေ့ရှိပါတယ်။

ကျနော်တို့တတွေ ဒေါ်စုနဲ့ ဆုံမိကြတဲ့အခါ တခါမှ နိုင်ငံရေးစကား မပြောဖြစ်ကြပါဘူး။ နိုင်ငံရေးအကြောင်းအရာ အနေနဲ့ ထူးပြီးပြောစရာလည်း မရှိပါဘူး။ နိုင်ငံရေးအသိအမြင်ကလည်း ခြားနားတာရှိကြတာမှ မဟုတ်ဘဲကိုး။ ဒါကြောင့် စာကြောင်းပေကြောင်းလောက်ပဲ ပြောဖြစ်ပါတယ်။ မုံရွာ ဦးတင်ရွှေရဲ့ အဲဒီနှစ်လည်ပွဲမှာ ထူးထူးခြားခြား ပြောမိကြတာကို ခေါင်းစဉ်တပ်ရရင် “ကဗျာဆရာများနဲ့ နိုင်ငံရေး” လို့ တပ်ရပါလိမ့်မယ်။ ဒေါ်စုက ကျနော်တို့ ကဗျာဆရာတွေကို ကြည့်ပြီး “နိုင်ငံမှာ အရေးရယ်လို့ ကြုံလာရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့ကရောက်လာပြီး ပါဝင်ဆင်နွှဲကြလေ့ရှိပါတယ်။ အဲဒါဟာ ကဗျာဆရာတွေရဲ့ ထူးခြားချက်လို့ ကျမတော့ ထင်မိတယ်။ ဆရာတို့ ဘယ်လိုသဘောရသလဲတဲ့။ ဒီပွဲမှာ ကျနော့်ထက် အသက်လည်းကြီး၊ ၀ါလည်းကြီးတဲ့ ကဗျာဆရာ သုံးဦးပါဝင်နေပါတယ်။ တင်မိုး၊ မောင်ပေါက်စည်(မန်းတက္ကသိုလ်) နဲ့ မောင်သာနိုးတို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အဖြေကို စောင့်နေရပါတယ်။ အတန်ကြာငြိမ်နေတော့ တင်မိုးက “ခင်ဗျားပြောလိုက်ပါ” လို့ ကျနော့်ကို လှည့်ပြီး ပြောလိုက်ပါတယ်။

ကျနော့်အနေနဲ့ကလည်း အဖြေကို သိပ်စဉ်းစားချိန်မရပါဘူး။ ကိုယ်ဘာဖြေရဖို့လည်း အသင့်ပြင်မထားပါဘူး။ ခုလို တင်မိုးက မေးထိုးပြီး ခိုင်းလိုက်တော့ ပြောလိုက်ရပါတယ်။ “ကျနော်တို့ ခေတ်သစ် ဗမာစာပေလောကမှာ ရှေ့ဆုံးက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရှိပါတယ်။ ဆရာကြီးက နိုင်ငံမှာ အရေးကြုံတိုင်း ရှေ့ဆုံးက ပါခဲ့ပါတယ်။ “အရေးကြီးရင်၊ သွေးနီးရာပါစမြဲ” လို့ ကြွေးကြော် ၀င်ရောက်လာလေ့ရှိပြီး လေးချိုးကဗျာကြီးတွေနဲ့ ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။ ဒီအစဉ်အလာအရ ကဗျာဆရာဆိုတာ နိုင်ငံရေးမှာ ပါရမယ်လို့ စွဲမြဲ ယုံကြည်ထားကြပါတယ်။ ဒါဟာ ဆရာကြီး ချမှတ်စိုက်ထူခဲ့တဲ့ အစဉ်အလာပါ” လို့ ဖြေကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာပေါ်မှာ ဘ၀င်ကျသွားတဲ့ လက္ခဏာ မပေါ်လာပါဘူး။ “ဆရာ၊ အဲဒါလည်း မှန်ပါ တယ်။ ဒါက ဗမာပြည်ရဲ့ အစဉ်အလာဖြစ်မှာပါ။ ဒါပေမယ့် ကျမက နိုင်ငံတကာရဲ့ အစဉ်အလာကို ပြောလိုတာပါ။ နိုင်ငံတိုင်းမှာလိုလိုပဲ ကျမ သတိပြုမိတာက အရေးကြုံရင် ကဗျာဆရာတွေ ရှေ့ဆုံးက ပါဝင်လာကြတာပဲ။ အဲဒါ ထူးခြားတယ်လို့ ကျမထင်လို့ပါ။ အဲဒါကို ဆရာတို့ ဘယ်လိုသဘောရပါသလဲ” တဲ့ ထပ်ပြီး ဆွေးနွေးလိုက်ပါတယ်။

ကျနော့်ဦးနှောက်ထဲမှာ ယိတ်(ခ်)၊ အော်ဒင်၊ မာယာကော့ဖ်စကီး၊ လူရွှင့်၊ တဂိုး စတဲ့ ကဗျာဆရာကြီးတွေရဲ့ နာမည်တွေနဲ့ သူတို့ကဗျာတွေ ပဲ့တင်ထပ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကဗျာဆရာတွေထဲက ဘယ်သူမှ ရုတ်တရက် ၀င်မဖြေဖြစ်ကြပါဘူး။ ဒီမှာတင် မမျှော်လင့်တဲ့ ပုဂ္ဂိုလ်တဦးက ၀င်ပြီး “ကျနော်က ကဗျာဆရာမဟုတ်ပေမယ့် အဖြေတခု ပြောကြည့်ချင်ပါတယ်” လို့ ခွင့်တောင်းလာပါတယ်။ ကျနော်တို့အားလုံးကလည်း ၀မ်းပန်းတသာနဲ့ ဖိတ်ခေါ်ပါတယ်။

“ဒီလိုပါ။ ကဗျာဆရာ စတဲ့ အနုပညာရှင်တွေဟာ အမှန်တရားကို ရှာဖွေသူတွေ၊ အမှန်တရား သစ္စာတရားကို ယုံကြည်ကိုးကွယ်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတနိုင်ငံမှာ အရေးအခင်းတခု ကြုံရရင် အမှားဘက်၊ အမှန်ဘက် ဆိုတာ ရှိစမြဲပါပဲ။ ဒီအခါမှာ အမှန်တရားဘက်ကနေပြီး ကဗျာဆရာတွေက ရှေ့ဆုံးက ၀င်ပါလာကြတယ်လို့ ကျနော်ထင်ပါတယ်” တဲ့။ ကျနော်တို့အားလုံးက ၀မ်းပန်းတသာနဲ့ ဒီအဖြေကို သဘောတူလိုက်ကြပါတယ်။ ဖြေဆိုသူက ဗိုလ်ချုပ်တင်ဦး။ စစ်သားကြီး တင်ဦးပါ။ သူလည်း အမှန်တရားကို ကိုးကွယ်သူပါ။

နိုင်ငံမှာ အရေးကြုံရင် ကဗျာဆရာများရော၊ စစ်ဗိုလ်စစ်သားများပါ အမှန်တရားဘက်က ၀ိုင်းရံလေ့ရှိကြပါတယ်။ အမှန်တရားကို မြတ်နိုးသူတိုင်း ဒေါ်စုကို ဆက်လက်ဝန်းရံကြပါစို့။ ဒေါ်စု ကျန်းမာပါစေ၊ အန္တရာယ်လည်း ကင်းပါစေ လို့ ကဗျာဆရာများက ဆုတောင်းလိုက်ပါကြောင်း။ ။

၊မောင်စွမ်းရည်၊
၂၂၊ ၆၊ ၂၀၀၉

Read More...

လှိုင်းဆိုသည်မှာ (နောင်)


မြပြင်ရေသား
ထလှုပ်ရှားမှ
သူကား လှိုင်းဟု ခေါ်သတည်း…။ ။

နောင်
(‘မုန်တိုင်းနီ’ကဗျာစာအုပ် ၁၉၆၃ မှ)

Read More...

18 June 2009

၁၉၇၅ ဇွန် ၆ ကျောင်းသားသပိတ်ကြီး (ဝင်းတင့်ထွန်း)


၁၉၇၄ ခုနှစ်၊ ဇွန် ၆ အလုပ်သမားသပိတ်ကြီးရဲ့ နှစ်ပတ်လည်အဖြစ် ၁၉၇၅ ခု၊ ဇွန် ၆ ကျောင်းသားသပိတ်ကြီးကို ကျောင်းသားတစုက စတင်ဖော်ထုတ်ဆင်နွှဲလိုက်ကြတာဖြစ်ပါတယ်။ တဖက်မှာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ စားဝတ် နေရေးအကြပ်အတည်းတွေ တနေ့တခြား ကြီးမားနက်ရှိုင်းလာနေတုန်း၊ တဖက်မှာ စစ်အစိုးရရဲ့ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အလုပ်သမား သွေးမြေကျရမှုတွေ၊ ကျောင်းသား သွေးမြေကျရမှုတွေ ဆက်တိုက်ကြီး လိုလို ကြုံတွေ့ခဲ့ရပြီး နာကျည်းခါးသီးဖွယ်ရာတွေ လတ်လတ်ဆတ်ဆတ်ကြီး ခံစားနေရတုန်းမှာ စစ်အစိုးရရဲ့ ဖောက်ပြန်ရက်စက်တဲ့ အုပ်စိုးမှုကို လက်မခံနိုင်ကြောင်း ဖော်ပြလိုက်ကြတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲ လမ်းကြောင်းကို ထပ်လောင်းတွန်းတင်နိုင်ဖို့ အားထုတ်လိုက်ကြတဲ့ ကျောင်းသားထုရဲ့ အံတုစိန်ခေါ်ပွဲကြီးဖြစ်ပါတယ်။ ၇၄ ဇွန် ၆ အလုပ်သမားသပိတ်ကြီးနဲ့ ၇၄ ဒီဇင်္ဘာ ဦးသန့်အရေးအခင်းကြီးဟာလည်း ၆ လပဲ ကွာခြားသလို ဦးသန့်အရေးအခင်းနဲ့ ၇၅ ဇွန် ၆ ကျောင်းသားသပိတ်ကြီးဟာလည်း ၆ လခန့်ပဲ ကွာခြားခဲ့ပါတယ်။

၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မနက် တက္ကသိုလ်နယ်မြေထဲမှာ ကျောင်းသားတွေ စုစည်းကြပြီး ကျောင်းဝင်းထဲကနေ ကျောင်းပြင်အထိထွက်ပြီး စီတန်းလှည့်လည်ဆန္ဒပြပွဲကြီးနဲ့ စတင်ဖော်ထုတ်လိုက်ကြပါတယ်။ ပညာရေးတက္ကသိုလ်ဝင်း အပေါက်ကနေ ထွက်လာပြီး ပြည်လမ်းမကြီးအတိုင်း ရန်ကုန်မြို့ထဲဆီ ဦးတည်ကြွေးကြော် ချီတက်ခဲ့ကြပါတယ်။ အသံ လွှင့်ရုံရှေ့ကနေ ဖြတ်လာခဲ့ပြီး ကြံတောဘက် ချိုးကွေ့တဲ့လမ်းအတိုင်း ဝင်ခဲ့ကြပါတယ်။ ကြံတောရှေ့က အသုဘခေါင်း ရောင်းတဲ့ဆိုင်တခုထဲ အခေါင်း ၂ ခုကို ရယူခဲ့ပြီး တခေါင်းကို ‘နေဝင်း’လို့ ကမ္ဗည်းထိုး၊ တခေါင်းကို ‘စန်းယု’လို့ နာမည်တပ်ကာ ကြိုးနဲ့ဆွဲခဲ့ကြပါတယ်။ အောက်ဖက်လမ်းအတိုင်း ဆက်လက်ချီတက်ကြကာ အဲဒီကမှ မြို့လည် ဗန္ဓုလ ပန်းခြံရှေ့ဆီ ချီတက်ခဲ့ကြခြင်းဖြစ်ပါတယ်။ လမ်းတလျှောက် “နေဝင်း-စန်းယု စစ်အစိုးရ - အလိုမရှိ”၊ “ဖမ်းဆီး အလုပ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာတော်များ ပြန်လွှတ်ရေး - ဒို့အရေး”ဆိုတဲ့ ကြွေးကြော်သံတွေ တခဲနက် ကြွေးကြော်ခဲ့ကြပါတယ်။ ဗန္ဓုလပန်းခြံရှေ့မှာ နေဝင်းနဲ့စန်းယုကို အမိန့်တော်ပြန်ပြီး အခေါင်းနှစ်လုံးကို မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။

နောက်တနေ့မှာ RIT (စက်မှုတက္ကသိုလ်)ဝင်းထဲ လူစုပြီး စက်မှုတက္ကသိုလ်ကနေ အင်းစိန်ထောင်ကြီးဆီ သွားရောက် ခဲ့ကြပြီး ထောင်ကြီးရဲ့ နံရံတလျှောက် လှည့်လည်ချီတက်ဝိုင်းရံကာ ဆန္ဒပြကြွေးကြော်သံတွေ ပဲ့တင်ထပ်စေခဲ့ပါတယ်။ “အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို - ထပ်ချဲ့လိုက် ထပ်ချဲ့လိုက်”ဆိုတဲ့ကြွေးကြော်သံတွေ သောသောညံခဲ့ပါတယ်။

ပထမမှာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်းမှာပဲ သပိတ်စခန်းပြုကာ စစ်အစိုးရဆန့်ကျင်ရေးတရားပွဲတွေ ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာ ရွှေတိဂုံကုန်းတော်ပေါ် စခန်းပြောင်းပြီး သပိတ်ကြီးကို ဆက်လက်ဆင်နွှဲခဲ့ကြပါတယ်။

စစ်အစိုးရက ‘ကျောင်းသားဆိုးများရဲ့ လှုပ်ရှားမှု၊ ဗကပလိုလားသူ ကျောင်းသားတစုရဲ့ လှုံ့ဆော်ဖန်တီးမှု’ စသဖြင့် စသဖြင့် သတင်းစာ၊ ရေဒီယိုတို့ကနေ ပြစ်တင်ရှုတ်ချ သရုပ်ဖျက်ခဲ့ပါတယ်။ သောင်းနဲ့ချီတဲ့ စီတန်းလှည့်လည် ဆန္ဒပြပွဲ ကြီးတွေအတွင်းမှာ ကျောင်းသားတွေသာမက၊ အလုပ်သမား၊ ဝန်ထမ်းနဲ့ မြို့နေဆင်းရဲသားတွေပါ ပါဝင်ပူးပေါင်းခဲ့ကြပြီး စစ်အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

ဒီ ၇၅ ခုနှစ်၊ ဇွန် ၆ ကျောင်းသားသပိတ်ကြီးကိုလည်း စစ်အစိုးရဟာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်များရဲ့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံကုန်းတော်ပေါ်ကို စစ်ဖိနပ်တွေနဲ့ ဒရမန်းကြမ်း တက်ဝိုင်းခဲ့ပြီး နှိမ်နင်းရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ အကုန်လုံး မိသမျှကို အင်းစိန်ထောင် ပို့ခဲ့ပြီး ပြစ်ဒဏ်ပေး ထောင်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်ထဲမှာပဲ ပဲခူးရိုးမ အခြေခံဒေသနဲ့ မြစ်ဝကျွန်းပေါ်ဒေသတခွင်ရှိ ဗကပနဲ့ မဒညတ အင်အားစုတွေအပေါ် ထိုးစစ်ဆင်ပြီး စစ်အစိုးရက အသာစီးရသွားပေမယ့် နိုင်ငံရေးအရ၊ စီးပွားရေးအရတော့ စစ်အစိုးရအဖို့ အကြပ်အတည်း ကြီးသထက် ကြီးလာခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။ ၇၄ ခုနှစ်ကတည်းက အလုပ်သမားသပိတ်နဲ့ ဦးသန့်အရေးအခင်းကို စစ် တပ်နဲ့ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် နိုင်ငံရေးသိက္ခာ ကျခဲ့ရတဲ့ စစ်အစိုးရဟာ ၁၉၇၅ ခုနှစ်၊ ဇွန် ၆ ကျောင်းသား သပိတ်ကြီးနဲ့ ဆက်လက်ကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးသိက္ခာ ထပ်မံကျဆင်းခဲ့ရပြန်ပါတယ်။ ၇၄-၇၅ စီးပွားရေးစီမံကိန်း ဟာလည်း လျာထားချက်အတိုင်း ဖြစ်မလာခဲ့ပါ။ ကုန်ဈေးနှုန်းတက်မှုတွေနဲ့ ငွေကြေးဖောင်းပွဲမှုတွေကို ဘယ်လိုမှ ကာကွယ်နိုင်ခြင်းမရှိခဲ့ပါ။ ဗကပ က ဖြုတ်ထုတ်သတ်လမ်းစဉ် မှားတယ်လို့ သုံးသပ်ပြီး တရားဝင် ရပ်ဆိုင်းသွားပေမယ့် မဆလဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့ ဖြုတ်ထုတ်လမ်းစဉ်ကတော့ ဆက်လက်သက်ဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီတခါ ဖယ်ရှားခံ လိုက်ရတဲ့သူကတော့ ဝန်ကြီးချုပ် ဦးစိန်ဝင်း (ဗိုလ်မှူးချုပ်စိန်ဝင်း)ဖြစ်ပါတယ်။ ဖိအားပေးပြီး နုတ်ထွက်ခိုင်းခဲ့ပါတယ်။

ဗကပ ရိုးမဗဟိုဟာ ဥက္ကဋ္ဌ သခင်ဇင်၊ အတွင်းရေးမှူး သခင်ချစ်တို့ ကျဆုံးရပြီးနောက် ပြိုပျက်သွားခဲ့ရပေမယ့် အရှေ့မြောက် ဗကပ ဗဟိုဟာ အုံနဲ့ကျင်းနဲ့ ဆက်လက်ထွက်ပေါ်လာခဲ့ပါတယ်။

KNU ဟာလည်း ၇၅ ခုနှစ်ထဲမှာ ရိုးမနဲ့ မြစ်ဝကျွန်းပေါ် အခြေခံဒေသတွေ လက်လွှတ်ဆုံးရှုံးလိုက်ရပြီး အင်မတန် ကြီးမားတဲ့ နစ်နာမှုကြီးတွေ ကြုံတွေ့ခဲ့ရပေမယ့် ဥက္ကဋ္ဌ မန်းဘဇံအပါ၊ ဗိုလ်ချုပ်မြမောင်အပါ KNU ပါတီဝင်တွေဟာ ဗိုလ်ချုပ်မြနဲ့ တလုံးတည်း တစည်းတည်း ပူးပေါင်းလိုက်နိုင်ကြပြီး မာနယ်ပလောကနေ ဒေါနတောင်ကြောတလျှောက်၊ ကရင်ပြည်နယ်တလျှောက်၊ ထိုင်းနိုင်ငံ နယ်စပ်တလျှောက် တော်လှန်ရေးအခြေခံဒေသတွေ ထူထောင်ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ တခုတည်းသော KNU အဖြစ် အုံနဲ့ကျင်းနဲ့ ဆက်လက်လှုပ်ရှားနိုင်ခဲ့ပါတယ်။ ပြည်နယ်ပေါင်းစုံ ပြည်ထောင်စု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (ပမဒတ)ကို ဖွဲ့စည်းလိုက်နိုင်ပြီး ဘုံရန်သူ စစ်အစိုးရ ဦးတည်တိုက်ခိုက်ရေး လမ်းကြောင်းကို ဆက်လက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မာနယ်ပလောမှာ လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပပြီး ပမဒတ ဟာ ဒီနှီးနှောဖလှယ်ပွဲရဲ့ ရလဒ်အဖြစ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ၇၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ပမဒတ မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကတော့ KNU ပါတီ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကလည်း စစ်အစိုးရဆန့်ကျင်ရေးတိုက်ပွဲတွေကို ဆက်လက် အကောင် အထည် ဖော်နေကြဆဲ၊ အလုပ်သမားထု ကျောင်းသားထုတိုက်ပွဲတွေကလည်း တခုပြီးတခု ပေါ်နေဆဲမှာ မဆလ စစ်အစိုးရကတော့ အာဏာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားနိုင်ရေးအတွက် နယ်ပယ်ပေါင်းစုံကို ဟာကွက် မရှိအောင် တဆင့်တိုး ကြိုးပမ်းအားထုတ် ဖိနှိပ်ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စာပေအနုပညာနယ်ပယ် ကိုလည်း တဆင့်တိုး ကန့်သတ်လာပါတယ်။

၁၉၇၅ ခုနှစ်၊ ဇူလိုင်လမှာ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်ရှိတဲ့ ပုံနှိပ်သူနှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်အဖွဲ့ရုံးကနေ ‘စာပေနှင့်စာနယ်ဇင်းများ လိုက်နာကြရမယ့် စာပေမူဝါဒ’ဆိုတာကို ချမှတ်ပေးပြန်ပါတယ်။ (၁) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မထိခိုက်ရေး၊ (၂) နိုင်ငံတော်၏ အယူအဆ လုပ်ငန်းစဉ်မူများကို မထိခိုက်ရ၊ (၃) ဆိုရှယ်လစ်စီးပွားရေးစနစ်ကို မထိခိုက်ရ၊ (၄) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မထိခိုက်ရ၊ (၅) နိုင်ငံတော် လုံခြုံရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေးဘဝကို အန္တရာယ်မဖြစ်စေရ၊ (၆) အချိန်ကာလနှင့် မဆီလျော်သော အတွေးအခေါ်အယူအဆများ မဖော်ပြရ၊ (၇) အချက်အလက်အားဖြင့် မှန်သော်လည်း အခြေအနေနှင့် မဆီလျော်သော ရေးသားချက်များ မဖော်ပြရ၊ (၈) ညစ်ညမ်းအရေးအသားများ မဖော်ပြရ၊ (၉) ရက်စက်ကြမ်းကြုတ်မှု၊ သွေးထွက်သံယိုမှု ပြစ်မှုများကို လှုံ့ဆော်စေသော အရေးအသားများ မဖော်ပြရ၊ (၁၀) အစိုးရဌာနများရဲ့ လုပ်ရပ်များကို အပြုသဘောမဆောင်သော ဝေဖန်ချက်များ မဖော်ပြရ၊ (၁၁) ပုဂ္ဂလိက တဦးတယောက်ကို တိုက်ခိုက်သောစာများ မဖော်ပြရ လို့ ဆိုပါတယ်။ တခွန်းထဲနဲ့ ချုပ်ပြီးပြောရရင်တော့ စစ်အစိုးရနဲ့ပတ်သက်ပြီး၊ မဆလနဲ့ ပတ်သက်ပြီး ဘာမှ မရေးကြနဲ့ဆိုတာ ဖြစ်ပါတယ်။

(ဦးနေဝင်းက ဒေါ်ခင်မေသန်း သေပြီး ဒေါ်နီနီမြင့်ကို ယူ၊ ဒေါ်နီနီမြင့်နဲ့ ကွဲနေစဉ်အတွင်း ရတနာနတ်မယ်ဆိုတာကြီးကို ထပ်ပြီးယူထားတုန်းမှာ၊ ဗိုလ်ချုပ်ကြီးစန်းယုကလည်း ဟိုမိန့်ခွန်းပြောလိုက်၊ ဒီမိန့်ခွန်း ခြွေလိုက်နဲ့ လုပ်ပြနေတုန်းမှာ၊ ဆန်ပြဿနာတွေ ပေါ်ပြီးနောက် စပါးစိုက်ရေး၊ ဆန်တိုးတက်ထုတ်လုပ်ရေးတွေကိုပဲ ပြောတဲ့သူက ပြောနေတုန်းမှာ စာရေးဆရာ ‘မောင်ဖေငယ်’က ‘ဖောင်းကားစား’ဆိုတဲ့ ရာဇဝင်နောက်ခံ စာအုပ်တအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီ ဖောင်းကားစား စာအုပ်ထဲမှာ “မယားပြီး မယား၊ စကားပြီး စကား၊ စပါးပြီး စပါး”ဆိုတာ ထည့်ရေးတဲ့အတွက် မောင်ဖေငယ်ကို တသက်တကျွန်း ထောင်ဒဏ်ချမှတ်တာတောင် လုပ်ပါတယ်။)

၁၉၇၅ ခုနှစ်၊ စက်တင်္ဘာ ၂၈ ရက်နေ့မှာ ရန်ကုန်တိုင်း သတင်းထောက်များ နှီးနှောဖလှယ်ပွဲမှာ ပါတီစာနယ်ဇင်း ဌာနမှူးဖြစ်တဲ့ ဦးစောဦးက မဆလပါတီကိုယ်စား “ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဆန့်ကျင်သူတွေအတွက် လွတ်လပ်စွာ ရေးသားခွင့် မပေးနိုင်ပါဘူး၊ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ ကျနော်တို့ရဲ့ပါတီကို ဆန့်ကျင်နေသူတွေကိုလည်း လွတ်လပ် စွာရေးသားခွင့် မပေးနိုင်ပါဘူး” လို့ ပြောင်ပြောင်တင်းတင်းပဲ ပြောဆိုခဲ့ပါတယ်။

စာပေအနုပညာ နယ်ပယ် တခုလုံးကို လှုပ်မရအောင် စာပေစီစစ်ရေးဌာနဆိုတာနဲ့လည်း ချုပ်ကိုင်ထားခဲ့ပါတယ်။ ဆန့်ကျင်တော်လှန်တဲ့ စာအုပ်၊ စာတမ်း၊ စာစောင်တွေ ထွက်ပေါ်မလာရအောင်၊ စာအုပ်အဆင့်ဆိုတာအထိကို ရောက်မလာရအောင် စာမူတွေကို ကြိုတင်တင်ပြ ခွင့်ပြုချက်ရယူပြီးမှ ရိုက်နှိပ်တဲ့အဆင့်ကို လုပ်ကိုင်စေပါတယ်။ ရိုက် နှိပ်ပြီး ထပ်မံတင်ပြရမယ်၊ ထပ်မံတိုက်ဆိုင်စစ်ဆေးပြီးမှ စာအုပ်ဖြန့်ချိခွင့်ကို ပေးပါတော့တယ်။ အဲဒါကြောင့် တရားဝင် ထုတ်ဝေဖြန့်ချိခွင့် အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ စစ်အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ စာပေအနုပညာတွေကို ရေး သားဖန်တီးလိုသူတွေဟာ တရားမဝင်နည်းနဲ့ပဲ ရိုက်နှိပ်ဖြန့်ချိရပါတော့တယ်။ ဒါကြောင့် စာကူးစက်၊ လက်လှည့်စက် ကလေးတွေနဲ့ပဲ လျို့ဝှက်စွာ ရိုက်နှိပ်ဖြန့်ချိထုတ်ဝေလာကြတဲ့ စာစောင်လေးတွေ ၇၀ ပြည့်နှစ်လွန် နှစ်ဦးပိုင်းတဝိုက် ပလူပျံခဲ့ပါတယ်။

အထူးသဖြင့် ကဗျာစာအုပ်လေးတွေ များပါတယ်။ ဒါတောင် ဖမ်းဆီးခြင်းခံရရင် ထောင်ဒဏ်ချမှတ်ခြင်း ခံရပါတယ်။ ဗမာပြည်က တိုးတက်တဲ့ စာရေးဆရာ၊ ကဗျာဆရာများဟာ အမေရိကန်နယ်ချဲ့တို့ရဲ့ ဗီယက်နမ်ကျူးကျော်စစ်အပေါ် ရှုတ်ချကန့်ကွက်ကြတဲ့ စာကဗျာတွေ၊ ဗီယက်နမ်ပြည်သူများဘက်က ရပ်တည်တဲ့ စာကဗျာတွေ ရေးသားဖန်တီးခဲ့ကြ ပြီး တရားဝင် စာစောင်မဂ္ဂဇင်းများကနေ ဖော်ပြဖြန့်ချိခဲ့ကြတာတွေရှိသလို စာကူးစက်၊ လက်လှည့်စက်လေးများနဲ့ ရိုက်နှိပ်ပြီး တရားမဝင်ဖြန့်ချိရတဲ့ စာစောင် စာအုပ်ငယ်လေးများကနေပြီးလည်း ဖြန့်ချိထုတ်ဝေဖော်ပြတာတွေ ရှိခဲ့ပါ တယ်။ စာပေလွတ်လပ်ခွင့် မရှိတဲ့ကြားက နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်အစိုးရဆန့်ကျင်ရေးတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ ပါတယ်။

စစ်အစိုးရက အကြမ်းဖက်ဖိနှိပ်နေတဲ့ကြားက၊ နည်းအမျိုးမျိုးနဲ့ ကွပ်ညှပ်ပြီး ပိတ်ပင်တားမြစ် ယုတ်မာနေတဲ့ကြားထဲက စစ်အစိုးရဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတရပ် ထပ်မံထွက်ပေါ်လာပြန်ပါတယ်။ ၇၅ ဇွန် ၆ ကျောင်းသားသပိတ်ကြီး အပြီး ၉ လကျော်အကြာမှာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ‘မှိုင်းရာပြည့်’လှုပ်ရှားမှုကြီးပဲ ဖြစ်ပါတယ်။ ။

၊ဝင်းတင့်ထွန်း၊
‘အမှောင်ကြားက ဗမာပြည်’
အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း (၁၉၄၈-၂၀၀၀)မှ ကောက်နုတ်ဖော်ပြပါသည်။

Read More...

17 June 2009

မီးလျံရဲရဲ မီးခဲနီနီ


ထိုတော
ပြောရုံသာ တော
ဘာပေါသလဲဆိုရင်
ဆူးချဉ်နဲ့ သျှားစောင်းလက်ပတ်
ကြက်ဆူနဲ့ အမည်မမှတ်တဲ့
ပူပူစပ်စပ် လူသူပြတ်သနဲ့ 
ထူထပ်တဲ့ ဆူးခက်
မြက်ရိုင်းနဲ့ ကိုင်းကြမ်း
'ခွေးသေးပန်း'ပင်တွေပါပဲ…။

တောမဟုတ်ပေမယ့်
သမုတ်တော့ တော…

တောမမှတ်ပေမယ့်
ပညတ်တော့ တော…

ဒီတောလေဗျာ
နွေတရက်မှာ
ကိုင်းခက်တွေ ခြောက်သွေ့ 
မြေငွေ့ တွေ ခြောက်ခမ်း
ရွက်ကြမ်းတွေ ခြောက်ကပ်
ဖြောက်ဖျပ်…ဖြောက်ဖျပ်နဲ့ 
လေအခတ်မှာ
ထိုးသတ်လို့  ကျိုးပြတ်ကုန်ကြ
ခဏကြာတော့
လောင်စာလည်း မတို့ 
ရှို့ သူလည်း မရှိ
ငြှိသူလည်း မပါ
ဆူးကြားမှာ ကြယ်တပွင့်
နှစ်ပွင့် … သုံးပွင့်
တပွင့်ပြီးတပွင့်ပွား
တဖွားပြီးတဖွားထ
အဲဒီကစပြီး
မီးတောက်တွေ ကူးယှက်
မီးလက်တွေ သွယ်ထိုး
မီးခိုးတွေ အူအူထလို့ 
ပြာကျသွားခဲ့ပါသတဲ့…။

မီးညွန့် ငွေ့ ငွေ့ 
မသေ့တသေ၊ မီးလောင်မြေမှာ
သူ့ အနာဂတ်၊ ဆုံးဖြတ်ပေးဖို့ 
ကျနော်တို့ ဟာ
ဘာကိုရွေးချယ်ကြမလဲ…
ကဲကဲ… မြေကိုတူးဆွ
အငုတ်အစတွေ ကော်ထုတ်
တောအုပ်တခုပျိုး
ခင်ဗျားကို အားကိုးပါတယ်…။ ။


(ဇွန် ၆ အလုပ်သမားသပိတ်ကြီးအား ဂုဏ်ပြုလျက်)
-နေမင်းနီ-
(၆၊ ၆၊ ၂၀၀၀)

Read More...

16 June 2009

၈၈ ဂျွန် ကျောင်းသားတိုက်ပွဲများမှသည် (သံဒုတ်)


(သမိုင်းတခုထဲက ဖြစ်စဉ်တခု၏ ဆွဲအင်အားနှင့် ရောင်ပြန်ဟပ်ခြင်းမှတဆင့် ကျစ်လစ်သိပ်သည်းသော ခံစားချက်များ နှင့်အတူ တောက်ပသော ဘုံအနာဂတ်နှင့် ကြီးမြတ်သော မျှော်လင့်ချက်တွေအတွက်…)

ဖုန်းမော်အရေးအခင်းနဲ့စပ်လျဉ်းပြီး ပေါ်ပေါက်လာတဲ့ မတ်လ ကျောင်းသားလှုပ်ရှားမှုကို မဆလ စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲပစ်လိုက်တယ်။ လူမဆန်စွာ နှိပ်ကွပ်မှုကြောင့် RIT ကျောင်းဝင်းအတွင်းမှာ ဖုန်းမော်၊ စိုးနိုင်တို့နဲ့အတူ ကျဆုံးသွားခဲ့ကြသူတွေ၊ မတ်လ ၁၆ ရက်နေ့ အင်းလျားကန်ပေါင်ပေါ်မှာ ကျဆုံးသွားခဲ့ရသူတွေ၊ အချုပ်ကားထဲမှာ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ရသူတွေ၊ အင်းစိန်ထောင်ထဲမှာ ညှဉ်းပမ်းနှိပ်စက်မှုကြောင့် ကျဆုံးသွားခဲ့ရသူတွေ၊ မုဒိန်းကျင့်ခံလိုက်ရတဲ့ ကျောင်းသူတွေဟာ စာရင်းမရှိ၊ မရေတွက်နိုင်အောင်ပဲ မတ်လကျောင်းသားတိုက်ပွဲဟာ ယ္ခင့်ယ္ခင် နေဝင်းစစ်အစိုးရဆန့်ကျင်ရေး ကျောင်းသားတိုက်ပွဲတွေလိုပဲ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်။ နောက်ပြီး ထောင်ထဲမှာ ဘယ်နှစ်ယောက် အဖမ်းခံနေရလဲ၊ ကျောင်းသားဘယ်နှစ်ယောက် ကျောင်းထုတ်ခံလိုက် ရသလဲ ဆိုတာလည်း မဆလအစိုးရကလွဲပြီး ဘယ်သူမှ အတိအကျမခန့်မှန်းနိုင်ခဲ့ဘူး။ သေဆုံးသွားကြတဲ့ ကျောင်း သားတွေရဲ့ မိဘတချို့ထံလောက်ပဲ “သင်၏သားသမီး ကောင်းစွာသဂြိုလ်ပြီးပါကြောင်း” စာတိုကလေးနဲ့ အကြောင်း ကြားခဲ့တယ်။ အမှန်ကတော့ စစ်အစိုးရက အသိပေး အကြောင်းကြားချင်လို့တော့ မဟုတ်ပါဘူး။ အကြောင်း မကြားခဲ့ဘူးဆိုရင် မိဘတွေအနေနဲ့ မေးမြန်းစုံစမ်းမှုတွေ လုပ်လာရင် အစိုးရအနေနဲ့ အလုပ်ရှုတ်မခံချင်တာကြောင့် တခါတည်း ဇာတ်လမ်းပြတ်သွားအောင် လုပ်လိုက်တာပဲဖြစ်တယ်။

ကျောင်းသားအရေးအခင်းကို ခပ်ကြမ်းကြမ်း ကိုယ်တွယ်လိုက်တယ်ဆိုရင် ကျောင်းသားလှုပ်ရှားမှုတွေ ချုပ်ငြိမ်းသွား လိမ့်မယ်၊ ခေါင်းမထောင်ရဲတော့ဘူး၊ ထိတ်လန့်ကြောက်ရွံ့သွားလိမ့်မယ်လို့ စစ်အစိုးရက အထင်ရှိပုံရတယ်။ မတ်လ ကျောင်းသားအရေးကို နှိပ်ကွပ်ပြီး နွေရာသီ ကျောင်းပိတ်ရက်အရောက် တက္ကသိုလ်နဲ့ကောလိပ်တွေအားလုံးကို ပိတ်ပစ်၊ နောက် ဂျွန်မှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့တယ်။ ကျောင်းသားတွေရဲ့ ဖောက်ပြန်သော အုပ်ချုပ်သူအစိုးရအား ဆန့်ကျင်တော်လှန်တတ်သော မာန်ကြီးခေါင်းမာတတ်တဲ့ ဗီဇအခံ ခေတ်အဆက်ဆက် ကျောင်းသားသမိုင်း အစဉ် အလာကို ထိန်းသိမ်းတတ်ခြင်းနဲ့ လူထုဘက်မှ အစဉ်ရပ်တည်တိုက်ပွဲဝင်တဲ့သမိုင်းကို မေ့နေပြီး တိုင်းပြည်ကို ပိုင်နိုင်စွာ အုပ်ချုပ်နိုင်တယ်လို့ စစ်အစိုးရက အလွန်အကျွံ တွက်ထားပုံရတယ်။

ဂျွန် ၁၂ ရက်မှာ တက္ကသိုလ်နဲ့ကောလိပ်တွေကို ပြန်ဖွင့်လိုက်တယ်ဆိုရင်ပဲ ကျောင်းသားအားလုံးဟာ သွေးအေး နောက်ဆုတ်မသွားကြဘဲ အဖြေက ချက်ချင်းပေါ်လာခဲ့ပါတော့တယ်။ နယ်ချဲ့ဆန့်ကျင်ရေးမှသည် ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတို့၏အခြေတည်ရာ၊ တက္ကသိုလ်အားလုံးတို့၏မိခင် ရန်ကုန်တက္ကသိုလ်သို့ နယ်စုံ ဒေသစုံမှ ကျောင်းသားအစုံ ရောက်လာခဲ့ကြတယ်။ မတ်လ ကျောင်းသားအရေးအခင်းကို စတင်ပြီးဖြစ်ပေါ်စေခဲ့တဲ့ စက်မှု တက္ကသိုလ်ကတော့ စုစုပေါင်း ရှိလှမှ ကျောင်းသားဦးရေဟာ ၄၀၀၀ ကျော်လောက်သာရှိနေတော့ သေဆုံးသွားတဲ့၊ ထောင်ထဲရောက်နေတဲ့၊ ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေကို နုတ်လိုက်ရင် လူအင်အားဟာ ပိုနည်းသွားပြီး ခြောက်ကပ်ကပ်ကြီးဖြစ်သွားခဲ့တယ်။ မတ်လ ၁၃ ရက်နေ့ညမှာ ဖုန်းမော်အတွက် ဂုဏ်ပြုအမှတ်တရ ဆောက်လုပ် ထားခဲ့ကြတဲ့ သြဘာလမ်းထိပ်က ခြောက်မြှောင့်ကြယ်ဟာလည်း စစ်တပ်က ဖြိုဖျက်လိုက်လို့ မရှိတော့ဘူး။

ကျောင်းသားအားလုံးရဲ့ရင်ထဲမှာ မိမိနဲ့သက်ဆိုင်ရာ ကျောင်းဝင်းထဲကို ဝင်လိုက်မိတာနဲ့ ကိုယ်ကမှန်ရက်သားနဲ့ ဖြေရှင်းခွင့်မရ၊ အနိုင်ကျင့်ခံလိုက်ရတဲ့သူတွေလို မခံမရပ်နိုင်တဲ့ ဒေါသစိတ်၊ ခံပြင်းဝမ်းနည်းစိတ်တွေဟာ ထုထည် ကြီးမားလာခဲ့ကြတယ်။ မတ်လက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အသစ်ဖြစ်လာကြတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ဂျွန်လ မိုးကျဖြစ်ပေမယ့် သွေ့ခြောက်ပြီး တခုခုလစ်ဟာနေသလို ဖြစ်နေတယ်။ ကျောင်းသားအားလုံးရဲ့ မျက်နှာတွေ မှာလည်း ဖြစ်ရိုးဖြစ်စဉ် နွေကျောင်းပိတ်ပြီး ပြန်ဖွင့်တာနဲ့မတူဘဲ ရွှင်လန်းတက်ကြွမှုတွေ လျော့ပါးနေကြတယ်။ တချို့ကလည်း မကြာမီကမှ ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်ဆိုးကြီးတခုကို စိုးရွံ့ခါးသီးနေပုံရတယ်။ မတ်လ အရေး အခင်းမှာ ဘယ်နှစ်ယောက် သေခဲ့လဲ၊ ထောင်ထဲမှာ ဘယ်နှစ်ယောက် ညှဉ်းပမ်းနှိပ်စက်ခံနေရလဲ၊ ဘယ်သူတွေ ကျောင်းထုတ်ခံရလဲ အားလုံးဟာ ဘယ်သူမှ အတိအကျမပြောနိုင်ဘဲ ဒီမေးခွန်း ၃ ခုဟာ လုံးထွေးရောယှက်နေခဲ့ ကြတယ်။

ကျောင်းသားများရင်ထဲမှာ မတ်လရဲ့ မမေ့နိုင်သော ဖြစ်ရပ်ဆိုးပုံရိပ်များဖြင့် မွန်းကြပ်နေကြတာကြောင့် လမ်းသွားရင်း မှာ၊ လ္ဘက်ရည်ဆိုင်တွေမှာ၊ စာသင်ခန်းတွေထဲမှာ၊ အဆောင်တွေရဲ့ အခန်းတွေထဲမှာ၊ ထမင်းစားဆောင်တွေထဲမှာ မတ်လ တိုက်ပွဲရဲ့ အတွေ့အကြုံတွေကို တီးတိုးတမျိုး၊ ကျယ်ကျယ်လောင်လောင်တမျိုး ပြောဆိုနေကြတယ်။ ဟိုနေရာ စုရုံးစုရုံး၊ ဒီနေရာ စုရုံးစုရုံး ဖြစ်လာတယ်။ အဆောင်တွေမှာလည်း ညမှာ မီးတွေပိတ်ပြီး အော်ဟစ်ကြတယ်။ ဓါတ်တိုင်တွေ၊ ကျောင်းနံရံတွေ၊ စာသင်ခန်းတွေနဲ့ အိမ်သာတွေထဲမှာ မတ်လက လုံထိန်းရဲ့ အကြမ်းဖက်တဲ့ ပုံသဏ္ဍာန်တွေ၊ ကျောင်းသားအရေး တောင်းဆိုချက်တွေ၊ မဆလ စစ်အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုတွေရေးထားတဲ့ စာစောင်တွေ၊ စာရွက်တွေဟာ နေရာတိုင်းမှာ ကျောင်းဖွင့်ပြီး တရက်နှစ်ရက်အတွင်းမှာပင် ပေါ်ပေါက်လာခဲ့တယ်။ ကျောင်းသားများ အရေး တောင်းဆိုမှုတွေကတော့…
(၁) ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးရေး၊
(၂) ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရရေး၊
(၃) ကျဆုံးသွားတဲ့ ကျောင်းသားတွေအတွက် အမှတ်တရကျောက်တိုင် စိုက်ထူရေး၊
(၄) သေဆုံးသွားတဲ့ ကျောင်းသားတွေနဲ့စပ်လျဉ်းပြီး တာဝန်ရှိသူတွေကို အစိုးရက အရေးယူရေး၊
(၅) သေဆုံးသွားတဲ့ ကျောင်းသားဦးရေအမှန်ကို ဖော်ထုတ်ရေး၊
(၆) ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊
(၇) မဆလအစိုးရမှ မတ်လအရေးအခင်းကကဲ့သို့ အကြမ်းဖက်မှုများ မပြုလုပ်ရေးနှင့် မတ်လအရေးအခင်းနှင့် ပတ်သက်ပြီး မှားယွင်းကြောင်း ဝန်ခံရေး… စတဲ့ တောင်းဆိုချက်အမျိုးမျိုး တောင်းဆိုကြပါတယ်။

မျက်နှာမှာ လက်ကိုင်ပုဝါ စည်းထားတဲ့ တချို့ကျောင်းသားတွေဟာ သပိတ်ဖြစ်ပေါ်ရေးအတွက် စာသင်ခန်းတွေထဲ၊ လ္ဘက်ရည်ဆိုင်တွေအတွင်းမှာ ဝင်ရောက်ပြီး လှုံ့ဆော်တရားဟောနေကြပါပြီ။ စာသင်ခန်းတွေမှာ ကျောင်းသားတွေ မရှိကြတော့တဲ့အပြင် သပိတ်စတင်ရန် စည်းရုံးလှုပ်ရှားမှုများနဲ့အတူ မျက်နှာတွေဟာ ရွှင်လန်းလာခဲ့ကြပါတယ်။ အားလုံးရဲ့ရင်ထဲမှာ မတ်လက ခံစားချက်အကြိတ်အခဲတွေဟာ ဘယ်တော့မှ မမေ့မပျောက်နိုင်ခဲ့ပေမယ့် သပိတ် လှုပ်ရှားမှုတွေကြောင့် အနည်းငယ် သက်တောင့်သက်သာရှိခဲ့ကြမှာထင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲက လှုပ်ရှားမှု တွေဟာ အဆောင်တွေ၊ တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ အလယ်တန်း အထက်တန်းကျောင်းသားတွေသာမက တပြည်လုံးကိုပါ ပျံ့နှံ့သွားပြီး ရန်ကုန်တက္ကသိုလ်ဟာ ဂျွန်ကျောင်းသားအရေးအခင်း၏ ဗဟိုဖြစ်လာခဲ့တယ်။

ကျောင်းဖွင့်ပြီးလို့မှမကြာမီ ဂျွန် ၁၅-၁၆ လောက်မှစတင်၍ ကျောင်းသားသပိတ်ဟာ သပိတ်ပီပီသသဖြစ်လာကာ လူစည်ကားပြီး နောက်ဆုံး ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာရှေ့ အဓိပတိလမ်းပေါ်မှာ ကျောင်းထိုင်ခုံတွေနဲ့ တရားဟောစင်ထိုးပြီး အစိုးရဆန့်ကျင်ရေးတရားတွေကို ဟောတဲ့အဆင့်ထိ ရောက်လာခဲ့ပါတယ်။ စာသင်ခန်းတွေဟာ လည်း ကျောင်းတက်သူ မရှိတော့ဘဲ အလိုအလျောက် ပိတ်သွားပြီး ကျောင်းသားတွေဟာ တရားဟောတာကို နားထောင်ကြဖို့ ကံ့ကော်ပင်တွေရဲ့အောက်၊ အဓိပတိလမ်းမကြီးတလျှောက်မှာ ရောက်ရှိနေကြပါတယ်။ တရားဟောစင် ပေါ်ကို တယောက်ပြီးတယောက် တက်ကာ မတ်လအရေးအခင်းအတွင်းက တွေ့ကြုံခဲ့ရတဲ့ အင်းလျားကန်ပေါင်ပေါ်မှာ လုံထိန်းတွေက ဘယ်လိုရက်ရက်စက်စက် အကြမ်းဖက်ပြီး ရိုက်တဲ့အကြောင်း၊ ဖုန်းမော် ကျဆုံးခဲ့တဲ့နေ့က RIT ဝင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ၊ RIT နဲ့ ရန်ကုန်တက္ကသိုလ်ထဲကို စစ်တပ်က ဘယ်လိုစီးနင်း ဝင်ရောက်ခဲ့တဲ့အကြောင်းတွေကို ရှင်းပြပြောပြကြတဲ့သူတွေကပြော၊ ကျောင်းသားတွေရဲ့တာဝန်နဲ့ ရှေ့ဆက်ရန် မဆလ အစိုးရကို ဖြုတ်ရမည်လို့ ဟောတဲ့သူကဟော၊ ကြားသိဖူးသမျှ ၇ ဇူလိုင်နဲ့ ဦးသန့်အရေးအခင်းကာလက နောင်တော် တွေရဲ့ သတ္တိပြောင်မြောက်သော စစ်အစိုးရကိုထိပ်တိုက်ရင်ဆိုင်မှုအကြောင်းနဲ့ စစ်အစိုးရက ဘယ်လိုနှိပ်ကွပ်ခဲ့တဲ့ အကြောင်းတွေကို ရှင်းပြတဲ့သူကရှင်းပြ၊ မဆလ ဗဟိုကော်မတီတွေအတွက် သီးသန့်ဖွင့်ထားတဲ့ ပဒုံမာပြခန်းမှနေပြီး ဗဟိုကော်မတီတွေဟာ အထူးအခွင့်အရေးတွေ ယူနေတဲ့အကြောင်းကို ရှင်းပြတဲ့သူကရှင်းပြ၊ နှမချင်း စာနာစိတ် ကင်းမဲ့စွာ ကျောင်းသူတွေကို လုံထိန်းတွေက အကြမ်းဖက်တဲ့အကြောင်းတွေကို ပြန်ပြောပြတဲ့သူတွေကပြောနဲ့ စုံလင်လှစွာ အားလုံးဟာ ထောက်ခံကြ၊ အားပေးကြ၊ တက်ကြွနေပြီး ရန်ကုန်တက္ကသိုလ်ကြီးတခုလုံးဟာလည်း လက်ခုပ်သြဘာသံတွေ၊ တောင်းဆိုချက်တွေ၊ ကြွေးကြော်သံတွေ လွှမ်းမိုးညံစီထွက်နေပါတော့တယ်။

တရက်နဲ့တရက် မတူအောင်ဘဲ ရန်ကုန်တက္ကသိုလ်ထဲကို သပိတ်မှောက်ရန်အတွက် ဆေးတက္ကသိုလ်(၁)၊ ဆေး တက္ကသိုလ်(၂)၊ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ လှိုင်ကောလိပ်နဲ့ RIT ကျောင်းသားများအပြင် အလယ်တန်း၊ အထက်တန်းမှ ကျောင်းသားများလည်း လာရောက်ပူးပေါင်းကြပါတယ်။ တနိုင်ငံလုံးမှာလည်း ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားတွေ သပိတ်မှောက်နေကြပြီ၊ တရားဟောစင်မြင့်တွေထိုးပြီး တရားဟောနေကြပြီဆိုတဲ့သတင်းဟာလည်း နှံ့နေပါပြီ။ နောက်ပြီး နံရံကပ် ပိုစတာတွေမှာလည်း ကဗျာတွေ၊ ကာတွန်းတွေ၊ ဆောင်းပါးတွေ၊ တောင်းဆို ချက်တွေလည်း ပါသေးတယ်။ ရန်ကုန်မှာ ဂျွန်လဆန်း မိုးဦးကျဖြစ်ပေမယ့် နေ့စဉ်ရက်ဆက် မိုးမရွာသေးဘဲ ကြိုးကြား ကြိုးကြားလောက်သာ မိုးရွာတတ်တာကြောင့် ရာသီဥတုကလည်း တော်တော်ကောင်းမွန်နေတဲ့အချိန်လို့ ပြောရမှာပါပဲ။ သပိတ်တိုက်ပွဲဟာ အသံချဲ့စက်ပါ တပ်ဆင်၍ ကျယ်ပြန့်လာပြီး ကျောင်းရဲ့ဂိတ်ဝတွေမှာ လုံခြုံရေးတာဝန်ယူတဲ့သူက ယူ၊ တရားဟောစင်မြင့်ပေါ်တက်ပြီး တရားဟောမယ့်သူတွေကို စီစဉ်တဲ့သူတွေကစီစဉ်၊ စားသောက်ရေးအတွက် ထောက်ပံ့ရေးတာဝန်ယူတဲ့သူကယူ၊ တရားဟောသူကဟော၊ နားထောင်မယ့်သူက နားထောင်၊ နံရံကပ် ပိုစတာ ဖတ်တဲ့သူကဖတ်နဲ့ အားလုံးဟာ မအားလပ်အောင်ဘဲ တက်တက်ကြွကြွနဲ့ အလုပ်များနေကြပါတယ်။

ကျနော်မမေ့နိုင်တဲ့ ပိုစတာကတော့ အားကစားရုံရဲ့အမိုးဖက်ခြမ်းမှာ စာလုံးကြီးကြီးနဲ့ရေးပြီး ကပ်ထားတဲ့ “နေဝင်း၏ နေဝင်ချိန်“နဲ့ တရားဟောစင်မြင့် ရှေ့တည့်တည့်မှာ အင်္ဂလိပ်လိုရေးထားတဲ့ “Freedom to Democracy“ဆိုတဲ့ စာတန်းပဲဖြစ်ပါတယ်။ အနှစ်သာရအရှိဆုံးနဲ့ သပိတ်တိုက်ပွဲ၏ နိုင်ငံရေးဦးတည်ချက်ကို အပြတ်သားဆုံး ထုတ်ဖော် ထားခြင်းပဲ။

နေ့လည်မှာ အလှူကောက်ခံရရှိတဲ့ ငှက်ပျောသီး၊ ပေါင်မုန့်၊ ဆေးလိပ်တွေကို တောင်းကြီးတွေနဲ့ လိုက်ဝေပါတယ်။ ကျောင်းသားတွေကလည်း သပိတ်လိုအပ်တာသုံးဖို့ အလှူငွေ ထည့်ဝင်ကြတဲ့အပြင် ပြင်ပမှအလှူငွေများလည်း ထည့်ဝင်နေကြပါပြီ။

ကျောင်းဝင်းထဲမှာ ရှိနေကြတဲ့ ကျောင်းသားတွေအားလုံးဟာ တကယ်လို့များ မတ်လအရေးအခင်းကလို မဆလ စစ်တပ်က ကျောင်းဝင်းထဲဝင်ပြီး အကြမ်းဖက်ဖြိုခွဲမယ်ဆိုရင်လည်း ရင်ဆိုင်အံတုဖို့ အသင့်ရှိနေကြသည့်အလား မိန်းကလေးတွေကအစ ဆုံးဖြတ်ထားကြပုံရပါတယ်။ ညီညီညွတ်ညွတ်ဖြင့် ဆန္ဒတူ၊ သဘောတူရှိနေတဲ့မြင်ကွင်းဟာ အားရတက်ကြွဖွယ်၊ အတော်ကြည်နူးရာကောင်းလှပါတယ်။ “ဆေးတက္ကသိုလ်(၂)ကတော့ဖြင့် ချီတက်လာပြီ၊ ဘယ် ကောလိပ်ကတော့ဖြင့် ချီတက်လာပြီ“လို့ တရားဟောစင်မှာ ကြေညာလိုက်တဲ့အခါဆိုရင် တရားဟောစင်ရှေ့မှာ ထိုင် နေကြတဲ့ ကျောင်းသားတွေဟာ အားရဝမ်းမြောက်စွာ လက်ခုပ်တီးကြ၊ ဂိတ်ဝကိုလည်း လှမ်းမျှော်ကြည့်ကြ၊ တချို့က လည်း မတ်တပ်ရပ်ပြီး ကြိုဆိုကြနဲ့ မမောနိုင်အောင်ပဲ ရှိပါတော့တယ်။

ထူးခြားမှုတခုက သပိတ်တိုက်ပွဲရဲ့အခြေအနေ တရက်ထက်တရက် အရှိန်ကောင်းလာသည်နှင့်အညီ မတ်လ အရေး အခင်းကာလက အဖြစ်အပျက်တွေအပေါ် အခြေခံပြီး မဆလ စစ်အစိုးရဆန့်ကျင်ရေးနှင့် ကျောင်းသားအရေး တောင်းဆိုတိုက်ပွဲဝင်မှုမှနေ၍ မဆလ တပါတီအာဏာရှင်စနစ်ကို အန်တုဖြုတ်ချရေး နိုင်ငံရေးတိုက်ပွဲအဖြစ်ကို အလို အလျောက် ကူးပြောင်းနေခြင်းပင်ဖြစ်ပါတယ်။ တရားဟောကြတဲ့သူတွေကလည်း မဆလခေတ် ပြည်သူတွေ ကြုံတွေ့ နေရတဲ့ ဘဝခံစားမှုအခြေအနေတွေ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဆုတ်ယုတ်လာတဲ့ အခြေ အနေတွေ၊ မဆလ ဗဟိုကော်မတီရဲ့ ဖောက်ပြန်တဲ့လုပ်ရပ်တွေ၊ မဆလအစိုးရကို အပြင်းထန်ဆုံး ဝေဖန်ပြစ်တင် ရှုတ်ချလာခြင်းဖြင့် နိုင်ငံရေးကို အလေးပေးပြီး ဖော်ထုတ်တိုက်ပွဲဝင်လာခြင်းပဲဖြစ်ပါတယ်။

ညနေ ၄ နာရီလောက် သပိတ်ရပ်နားတော့မယ့်အခါမှာတော့ မနက်ဖြန်လည်း ဆက်လက်ပြီး သပိတ်မှောက်သွားမှာ ဖြစ်တဲ့အကြောင်း ကြေညာပြီး ကမ္ဘာမကြေသီချင်းကို သံပြိုင်ဆိုပြီး တနေ့တာသပိတ်ကို ရပ်နားလိုက်ပါတယ်။

ဒီလိုနဲ့ ဂျွန်လ ကျောင်းသားအရေးအခင်းကာလမှာ မဆလ စစ်အစိုးရမှ ပထမဆုံး ရန်ကုန်တက္ကသိုလ်ကို ပစ်ခတ်လိုက် တာကြောင့် နောက်ဆုံးရက်ဖြစ်တဲ့ ဂျွန်လ ၂၀ ရက်နေ့ကို ရောက်လာခဲ့ပါတယ်။ မနက်ပိုင်း သပိတ်စဖို့အတွက် ကျောင်း သားတွေအားလုံးဟာ ကံ့ကော်ပင်အောက်မှာ၊ အဓိပတိလမ်းမကြီးတလျှောက် ဘေးဝဲယာမှာ အပြည့်နေရာယူ ထားကြပြီး သပိတ်ကို အနည်းငယ်ကြာမှ စနိုင်ပါတယ်။ အဓိကမှာ လှည်းတန်းမှာ အသံချဲ့စက် ငှါးလို့မရတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ သို့သော်လည်း ၉ နာရီခွဲ၊ ၁၀ နာရီလောက်မှာ ဘယ်ကရှာလာသည်မသိ main ဂိတ်ဝကြီးမှ အသံချဲ့စက် ငှါးလို့ရရှိပြီဆိုပြီး ကျောင်းသား ၃ ယောက်လောက် အသံချဲ့စက်ကိုမြှောက်ပြီး ဝင်လာခဲ့ကြတယ်။ အားလုံး အတော်လေးဝမ်းမြောက်သွားကြပြီး လက်ခုပ်သြဘာမစဲ တီးလိုက်ကြပြီး ပြင်ဆင်ပြီး တရားပွဲကို စကြပါတယ်။

ဂျွန်ကျောင်းသားသပိတ်တိုက်ပွဲရဲ့ နိုင်ငံရေးဦးတည်ချက်လမ်းကြောင်းဟာ ကျောင်းသားအရေး နစ်နာမှုတွေအတွက်သာ တောင်းဆိုတိုက်ပွဲဝင်မှာလား၊ ဒါမှမဟုတ် အဖိနှိပ်ခံနေရတဲ့ လူထုဖက်မှ ရပ်တည်ပြီး မဆလ တပါတီ အာဏာရှင် စစ်အစိုးရကို ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်မှာလားဆိုတာကို ဦးဆောင်နေသူတွေရော ကျောင်းသားတွေ အားလုံးရော ရှင်းရှင်းလင်းလင်း မဖော်ထုတ်ကြသေးပါဘူး။ သို့သော်လည်း သပိတ်မှာပါဝင်ကြတဲ့ ကျောင်းသားတွေ အားလုံးဟာ ကျောင်းသားအရေးဆိုတာထက် တိုင်းပြည်နိုင်ငံရေးအခြေအနေကို သုံးသပ်ဝေဖန်မှုတွေသာ များလာတာကြောင့် နိုင်ငံရေးတိုက်ပွဲအဆင့်ကို ကူးပြောင်းနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။

အဲဒီလိုရှိနေတဲ့ အခြေအနေကနေပြီး တရားဟောစင်မြင့်ဆီ ကျောင်းသားထုရဲ့ သဘောထားဆန္ဒဖြင့် ဆုံးဖြတ်ဖို့ အဆိုနှစ်ခု ရောက်လာပါတယ်။ ပထမဆုံး ‘ကျောင်းသားအရေးကိုသာ တောင်းဆိုတိုက်ပွဲဝင်မှာဖြစ်တယ်’ ဆိုတဲ့အဆိုကို ကိုလတ်ဆိုတဲ့သူက ဦးဆောင်ပြီး တင်သွင်းပါတယ်။ ဒုတိယအနေနဲ့ ‘ကျောင်းသားတွေဟာ ကျောင်းသားအရေး သာမက နိုင်ငံရေးလုပ်ရမယ်’ ဆိုတဲ့အဆိုကို ကိုမိုးသီးဇွန်ဆိုသူက ဦးဆောင်ပြီး တင်သွင်းပါတယ်။ ကျောင်းသားအရေး ကိုသာ တောင်းဆိုတိုက်ပွဲဝင်သင့်တယ်ဆိုတဲ့အဆိုကို ထောက်ခံတဲ့သူဟာ မရှိသလောက် အလွန်နည်းနေပြီးတော့ ကျောင်းသားထုထဲမှာ မကျေနပ်မှုတွေ၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ခေတ္တခဏ ရုတ်ရုတ် သဲသဲဖြစ်သွားပြီး မကြာမီမှာ ပြန်လည်တည်ငြိမ်သွားပြီး ကျောင်းသားထုအားလုံးက ‘နိုင်ငံရေး တောင်းဆိုမှုတွေဖြင့် နိုင်ငံရေးလုပ်မည်’ဟု ပြတ်သားစွာပဲ ဆုံးဖြတ်ပေးလိုက်ကြပါတယ်။

အဲဒီအချိန်မှာ RIT မှနေပြီး လာရောက်ပူးပေါင်းတဲ့ ကျနော်တို့သူငယ်ချင်းတစုလည်း (စန္ဒာဝင်း လ္ဘက်ရည်ဆိုင်မှာ ပထမဆုံး အရိုက်ခံလိုက်ရတဲ့ နွားထိုးကြီးမှ ဝင်းမြင့်အပါအဝင်) တရားဟောစင်မြင့်၏ ညာဖက်အခြမ်းမှာ ရောက်နေကြ ပါတယ်။ အဆိုတွေကို ဦးဆောင်ပြီးတင်သွင်းကြတဲ့သူတွေဟာ ဘယ်အတန်းက၊ ဘယ်ဘာသာရပ်က၊ ဘယ်သူတွေ ဆိုတာ လုံးဝမသိပါဘူး။ ဒါပေမယ့် ကျောင်းသားသပိတ်ဟာ အရေးကြီးတဲ့ နိုင်ငံရေးအလှည့်အပြောင်းတခုကို ရောက် နေပြီး ကျောင်းသားအရေးတခုထဲကိုသာ ဦးတည်ပြီး မဆလကို တိုက်လို့မရဘူး။ မဆလ ဆန့်ကျင်ရေး နိုင်ငံရေး တိုက်ပွဲတွေကို ဖော်ထုတ်ဖို့ဟာ တိုင်းပြည်၏ အရေးတကြီးလိုအပ်နေတဲ့ အနေအထားလို့ ကျနော်တို့ သူငယ်ချင်း တစုလည်း နားလည်ထားပါတယ်။ ဒါကြောင့် ကိုမိုးသီးဇွန် တင်သွင်းတဲ့အဆို ထောက်ခံဆွေးနွေးကြဖို့ ကျနော်တို့ သူငယ်ချင်းတစု ဆုံးဖြတ်လိုက်ကြတယ်။ ဘယ်သူတက်ရောက်ဆွေးနွေးမလဲဆိုတာ တိုင်ပင်ကြတဲ့အခါမှာ ကျနော့်ကို တက်ရောက်ဆွေးနွေးရန် ပြောကြသဖြင့် တရားဟောစင်မြင့်ပေါ်တက်ပြီး တက်ရောက်ဆွေးနွေးလိုကြောင်း တာဝန် ရှိတဲ့ ကျောင်းသားတွေကို ပြောပြပါတယ်။ အဲဒီအချိန်မှာ တရားဟောစင်ကို ထိုင်ခုံတွေနဲ့ ကာထားပြီး အလွယ်တကူ ဝင်ရောက်ခွင့်မပြုပါဘူး။ စင်ရဲ့နောက်ဖက် စီစစ်တဲ့ကျောင်းသားတွေထံ ကျောင်းသားကဒ်ပြ၊ ဆွေးနွေးလိုတဲ့ အကြောင်းအရာ အကျဉ်းချုပ်တင်ပြပြီးတော့မှ စင်ပေါ်တက်ရောက်ဆွေးနွေးရပါတယ်။ ကျနော့်အနေနဲ့… တိုင်းပြည်က ချမ်းသာသလောက် ပြည်သူတွေကြုံတွေ့ခံစားနေရတဲ့ ဒုက္ခ၊ ဆင်းရဲနေရတဲ့ ဘဝအခြေအနေတွေနဲ့ ဒီနေ့ မိမိတို့ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေတွေ၊ အဖြစ်ဆိုးတွေကို မကြုံတွေ့စေဖို့၊ အနာဂတ်ကြီးမှာ ကြီးပြင်းလာမယ့် မျိုးဆက်သစ်တွေအတွက် မဆလ အစိုးရကို ဖြုတ်ချရမယ်၊ ဒါကြောင့် နိုင်ငံရေးလုပ်ရမယ်လို့ ခဏမျှလောက်သာ ဆွေးနွေးတင်ပြလိုက်ပါတယ်။

ကျနော်တို့ရဲ့နောက်မှာတော့ ဆေးတက္ကသိုလ်(၂)မှ ဂျူတီကုတ်အဖြူကိုဝတ်ပြီး နားကြပ်ကို သိုင်းထားတဲ့ ကိုဇော်ထွန်း ဆိုသူဟာ နေဝင်းအစိုးရကို အပြီးအပိုင် ဖြုတ်ချရမယ်ဆိုကာ လက်သီးလက်မောင်းတန်းရင်း အတက်ကြွဆုံး တရား ဟောလိုက်ပါတယ်။ သူ့ရဲ့ တရားဟောစတိုင်နှင့် အသွင်သဏ္ဍာန်ကိုတော့ဖြင့် ယနေ့တိုင် အမှတ်ရနေဆဲပါ။ (သို့သော် လည်း အခုအခါ ကိုဇော်ထွန်းဟာ ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ပြီလို့ သိရှိရပါတယ်။) ဒီနောက်မှာတော့ဖြင့် အလယ်တန်းကျောင်းမှ ကျောင်းသူလေးတယောက်နှင့် သံဃာတော်တပါး အပါအဝင် ကျောင်းသားများဟာ မဆလ ဆန့်ကျင်ရေး နိုင်ငံရေးတိုက်ပွဲကို ဖော်ထုတ်ဖို့ အသီးသီးပြောကြပါတယ်။

ကျောင်းသားအရေး လုပ်မလား၊ နိုင်ငံရေး လုပ်မလားဆိုတဲ့ အဆိုနှစ်ခုမှာ ကျောင်းသားထု၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံရေး လုပ်မယ်ဆိုတဲ့အဆိုကို အားလုံးဆန္ဒဖြင့် သဘောတူညီစွာ ဆုံးဖြတ်လိုက်တာကြောင့် ဂျွန်ကျောင်းသားသပိတ်၏ နိုင်ငံရေးဦးတည်ချက်ဟာလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပေါ်လာခဲ့ပါတော့တယ်။

ဂျွန် ၂၁ ရက်နေ့ဟာ ဦးနေဝင်း ဦးဆောင်တဲ့ မဆလ အစိုးရကို ကျောင်းသားအားလုံးက ဗြောင်စစ်ကြေညာပြီး နိုင်ငံရေးနည်းဖြင့် ခံစစ်မျဉ်းကိုကျော် လှံစွပ်ထိုးတိုက်ပွဲ စတင်လိုက်တာပဲဖြစ်ပါတယ်။ သပိတ်ဟာ ငြိမ်းချမ်းစွာ ပြီးဆုံး သွားပေမယ့်လည်း ညမှာတော့ဖြင့် မဆလ စစ်အစိုးရက ရန်ကုန်တက္ကသိုလ်ကို ပိတ်ပစ်လိုက်ပြီဆိုတဲ့အကြောင်း ကြေညာလိုက်ပါတော့တယ်။

ဂျွန် ၂၁ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကို ပိတ်လိုက်တာကြောင့် ကျောင်းသားသပိတ်နှင့် တရားပွဲတွေဟာ မပိတ်ဘဲ ကျန်ရှိနေတဲ့ RIT နှင့် ဆေးတက္ကသိုလ်(၁)ဖက်ကို ရောက်ရှိသွားပါတယ်။ ကျနော့်အနေနဲ့ RIT ဖက်မှာ ရောက်နေလို့ ဆေး(၁)ဖက်က အခြေအနေကိုတော့ ပြည့်ပြည့်စုံစုံ မသိရှိနိုင်ခဲ့ပါဘူး။ မနက် ၈ နာရီလောက်က RIT ဝင်းထဲကို ရန်ကုန်တက္ကသိုလ်ဖက်မှ ကျောင်းသားအချို့ ရောက်လာပြီး RIT ကျောင်းသားတချို့နှင့် ပူးပေါင်းပြီး သပိတ် မှောက်ရန် ပြင်ဆင်နေကြပါပြီ။ ပထမမှာ ကျောင်းသားဦးရေဟာ ၇၀ ကျော်လောက်ပဲ ရှိမယ်ထင်ပါတယ်။ သပိတ် မှောက်ဖို့ လှုံ့ဆော်စည်းရုံးမှုတွေ ပြီးတဲ့နောက်မှာ Canteen မှာရော၊ စာသင်ဆောင်တွေဘက်မှာရှိကြတဲ့ ကျောင်း သားတွေရော RIT ကျောင်းရဲ့ မျက်နှာစာ ဆင်ဝင်အောက်မှာ လာရောက်စုရုံးကြပါတယ်။ ကျောင်းသားတွေကို စုဝေးထိုင်ခိုင်းပြီး ရန်ကုန်တက္ကသိုလ်ဘက်မှ ကျောင်းသားတချို့ရော၊ RIT ဘက်မှ ကျောင်းသားတချို့က ဘာကြောင့် ဆန္ဒပြရတဲ့အကြောင်းနဲ့ ဂျွန်ကျောင်းသားသပိတ်ကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း တလှည့်စီ ရှင်းပြကြပြီး သပိတ်ကို စတင်လိုက်ပါတယ်။ သတိထားမိတာက ဆရာ၊ ဆရာမတွေရော (အဲဒီအချိန်က RIT လမ်းစဉ်လူငယ် ဥက္ကဋ္ဌလည်းဖြစ်၊ Mental ဌာနမှ ပါမောက္ခလည်းဖြစ်၊ နဝတ ခေတ်မှာလည်း RIT ၏ ပါမောက္ခချုပ်အဖြစ်လည်း လုပ်သွားတဲ့) ဦးခင်မောင်သန်းကိုယ်တိုင် ဘာတွေပြောသွားတယ်ဆိုတာကို လာပြီးနားထောင်ပါတယ်။

စပြီး တက်တက်ကြွကြွတရားဟောတဲ့အထဲမှာတော့ RIT မှ မခင်ဥမ္မာဆိုတဲ့ ကျောင်းသူတယောက်အပါအဝင် ကို စည်သူ၊ ကိုသောင်းတန်တို့လည်း ပါဝင်ကြပါတယ်။ (ကိုစည်သူကိုတော့ ၁၉၈၉ မတ်လဆန်းလောက်က အိန္ဒိယ နယ်စပ် မှာ နောက်ဆုံးတွေ့လိုက်ရပြီး ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်လို့ ကြားသိရပါတယ်။) တဖြည်းဖြည်းနှင့် RIT ကျောင်းမျက်နှာစာ သုံးခုလုံးဟာ လာရောက်ပူးပေါင်းကြ၊ နားထောင်ကြသူတွေနဲ့ ပြည့်လျှံသွား ပါတော့တယ်။ ၁၀ နာရီခွဲလောက်မှာတော့ ရန်ကုန်တက္ကသိုလ်ဘက်မှာရော၊ ဆေးတက္ကသိုလ်(၂)ဘက်မှာရော မနေ့က နိုင်ငံရေးအဆိုကို တင်သွင်းခဲ့တဲ့ ကိုမိုးသီးဇွန်တို့လည်း RIT မှာ လာရောက်ပူးပေါင်းကြပါတယ်။

စာရေးသူက ရေး၊ စာကပ်တဲ့သူက ကပ်၊ တရားဟောတဲ့သူက ဟောနဲ့ အားလုံးဟာ လက်မလည်အောင်ဘဲ အလုပ် များနေကြပါတယ်။ BPI ဆေးဝါးလုပ်ငန်းမှ စက်ရုံအလုပ်သမားရော၊ အင်းစိန်မီးရထားစက်ခေါင်းရုံမှ အလုပ်သမားများပါ လာရောက်အားပေးနေတဲ့အတွက် သပိတ်ဟာ အတော်အင်အားကောင်းသွားပြီး အားတက်စရာလည်းကောင်းပါတယ်။ လူအုပ်ကလည်း များသထက်များလာ၊ တယောက်တလှည့် ဟောရပြောရတာလည်း မမောနိုင်အောင်ဘဲ ရှိပါတော့ တယ်။

နယ်ကနေပြီး ကျောင်းတက်လာတဲ့ ကျနော်တို့လို ကျောင်းသားတွေ မဆလ အစိုးရထိပ်ပိုင်း ဗဟိုကော်မီတီဝင်တွေ အတွက် သီးသန့်ထားရှိတဲ့ ပဒုမ္မာပြခန်းလိုဆိုင်တွေမှ ဘယ်လိုအခွင့်အရေးတွေ ခံစားရရှိနေတဲ့အကြောင်းတွေကို ရန်ကုန်မှကျောင်းသားတွေမှ ထုတ်ဖော်ပြောထားတွေကြားရတော့ မယုံနိုင်စရာ အံ့သြခဲ့ကြရတာကတော့ အမှန်ပါပဲ။ နားထောင်ကြတဲ့ ပြည်သူတွေထဲမှ အင်းစိန်မီးရထားစက်ခေါင်းရုံမှာ အလုပ်လုပ်တဲ့ ကိုမျိုးချစ်ဆိုတဲ့သူဟာ မဆလ အစိုးရကို အချက်ကျကျ ထိထိမိမိ ထောက်ပြနိုင်ခဲ့တဲ့သူတွေထဲမှာ တယောက်အပါအဝင်ပါပဲ။

နေ့လည်မှာ ပဲခူးကောလိပ်မှ ကျောင်းသားကိုယ်စားလှယ်တယောက် သပိတ်ကို ထောက်ခံတဲ့သဝဏ်လွှာနှင့်အတူ ရောက်ရှိလာသလို ပြည်၊ မကွေးကောလိပ်များမှလည်း သပိတ်ကိုထောက်ခံကြကြောင်း သဝဏ်လွှာများ ပေးပို့ကြ ပါတယ်။

နေ့လည်မှာတော့ RIT ခန်းမရှေ့ မှာ ကိုစည်သူ၊ မိုးသီးဇွန်အပါအဝင် ရန်ကုန်တက္ကသိုလ်မှာရော၊ RIT မှရော သပိတ်ကို ဦးဆောင်နေတဲ့ စုစုပေါင်းရှစ်ယောက်ဟာ အပြန်အလှန်မိတ်ဆက်ကြပြီး အစည်းအဝေးပြုလုပ်ကြပါတယ်။

အဓိကတော့ မနက်ဖြန်လည်း ကျောင်းသားသပိတ်ကို ဆက်လက်လုပ်ဆောင်ဖို့ရယ်၊ ပြည်သူတွေထံကို… သပိတ် မှောက်တာဟာ ကျောင်းသားအရေးအတွက်သာ တောင်းဆိုတိုက်ပွဲဝင်တော့မှာ မဟုတ်တဲ့အကြောင်းနဲ့ ပြည်သူတွေက လည်း ကျောင်းသားတွေနဲ့ပူးပေါင်းပြီး မဆလ အစိုးရကို ဆန့်ကျင်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ညနေ ၃ နာရီခွဲလောက်မှာတော့ဖြင့် မြေနီကုန်းမှာ ကလေးတွေကို လုံထိန်းက ကားနဲ့တိုက်သတ်ကြတဲ့အကြောင်း သတင်းရောက်ရှိလာပါတယ်။ သတင်းကို အတိအကျစုံစမ်းဖို့ ဒုတိယနှစ်မှာတက်နေတဲ့ မြောင်းမြမှ ဗိုလ်ဗိုလ်ကျော်ကို စေလွှတ်လိုက်ကြပါသေးတယ်။ နောက်ကျမှ မြေနီကုန်းအရေးအခင်းဟာ ပြင်းထန်ကြောင်း သိရပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာတော့ဖြင့် သပိတ်ကို နားဖို့တိုင်ပင်ကြပြီး ကျောင်းထဲမှာ ဆက်လက်နေရင် မလုံခြုံတဲ့အတွက် ပဉ္စမနှစ် လျှပ်စစ်မှ ကိုဖုန်းမြင့်(ယ္ခု Australia ရောက်)ရယ်၊ ကိုမိုးသီးဇွန်ရယ်၊ အခြားကျောင်းသားနှစ်ယောက်ရယ် ဘတ်စကား တွေလည်း လုံးဝမရှိတော့တာကြောင့် အရှေ့ကြို့ကုန်းကို ဖြတ်ပြီး နေထိုင်မယ့် တောင်ဥက္ကလာဘက်ကို ခြေလျင် ထွက်လာခဲ့ကြပါတော့တယ်။ တောင်ဥက္ကလာရောက်မှ လူစုခွဲလိုက်ကြပါတော့တယ်။

ကျနော်တို့ RIT ဝင်းထဲမှ ထွက်သွားပြီးနောက်ပိုင်းမှာ လှည်းတန်းမှာရဲက ပစ်လိုက်လို့ သေဆုံးသွားတဲ့ ကျောင်းသား တယောက်ရဲ့အလောင်း RIT ထဲ ရောက်ရှိလာပြီး သပိတ်ဟာ ဆက်လက်ဖြစ်ပေါ်ခဲ့တယ်လို့သိရှိရပါတယ်။ ဒါပေမယ့် စစ်တပ်က ဝင်စီးလိုက်ပြီး ဖမ်းမိတဲ့သူတွေကို လက်ပြန်ကြိုးတုပ် ကျောင်းရှေ့မျက်နှာစာ မြက်ခင်းမှာ မှောက်လျက် ထားခဲ့တယ်။ ထောက်လှမ်းရေးတွေကလည်း အဆောင်တွေထဲဝင် ဓါတ်ပုံရိုက်ပြီး အချို့ကို အင်းစိန်ထောင်သို့ ပို့ လိုက်ပါတယ်။ ဒီနေရာမှာပဲ ကိုမျိုးချစ်လည်း အဖမ်းခံလိုက်ရတယ်လို့ သိရတယ်။

ညမှာတော့ ရေဒီယိုမှ မာရှယ်လောအမိန့်ကို ကြေညာလိုက်ပြီး RIT ကိုတော့ တရားဝင်ပိတ်လိုက်တယ်လို့ မကြေ ညာတော့ဘဲ ညနေကတည်းက စစ်တပ် ဝင်ရောက်စီးနင်းနေရာယူပြီးနေပါပြီ။ တက္ကသိုလ်ကောလိပ်တွေ ပိတ်လိုက် ပေမယ့် အုပ်စုလိုက် ကျောင်းသားသပိတ်တိုက်ပွဲတွေဟာ ရှစ်လေးလုံးကာလအထိကို ဆက်လက်ပြီး ဖြစ်ပေါ် နေခဲ့ပါတယ်။

မတ်လတိုက်ပွဲများမှသည် ဂျွန်လတိုက်ပွဲများသို့၊ ဂျွန်လတိုက်ပွဲများမှသည် ယနေ့တိုင် တချို့လည်း ရှစ်လေးလုံး လူထု
တိုက်ပွဲတွေမှာ၊ လက်နက်ကိုင်တိုက်ပွဲတွေမှာ မွန်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီးပါပြီ။ တချို့ကတော့ အဖွဲ့အစည်း များမှာ နဝတ စစ်အစိုးရ အပြီးအပိုင်ချုပ်ငြိမ်းသည်အထိ နည်းလမ်းမျိုးစုံနဲ့  တိုက်ပွဲဝင်နေကြပါတယ်။ ။

၊သံဒုတ်၊
ပန်းစကားမဂ္ဂဇင်း အမှတ် ၁၆
၁၉၉၆ မှ

Read More...

15 June 2009

REVOLUTION (Maung Swan Yi)


The smooth, long bamboos
When split with the knife
Are all destroyed.
The rough, long split bamboos,
When whittled with the knife
And woven, a beautiful
basket is made.

The basket is of value more
Then the bamboo –
Regret not of the bamboo’s loss.

-Maung Swan Yi-
From collection of ‘Red and Blue’
Translated by Maung Tha Noe
29.11.1961

Read More...

12 June 2009

တော်လှန်ရေး (မောင်စွမ်းရည်)


ချောမွေ့ရှည်လျား၊ ဝါးလုံးများကို
ဓါးဖြင့်စိတ်ဖြာ၊ ခွဲလိုက်ရာတွင်
ဝါးမှာ ပျက်စီးခဲ့လေပြီ…။

ကြမ်းတမ်းရှည်လျား၊ ဝါးခြမ်းများကို
ဓါးဖြင့်ဖြတ်သတ်၊ ယက်ပါလတ်မူ
သပ်ရပ်လှစွာ၊ တောင်းဖြစ်လာလိမ့်
တောင်းမှာ ဝါးထက်၊ တန်ဖိုးတက်၏
ဝါးတွက် နှမျောမရှိနှင့်…။ ။

မောင်စွမ်းရည်
၂၉၊ ၁၁၊ ၆၁
'အနီနှင့်အပြာ'ကဗျာစာအုပ်မှ

Read More...

၈၈ ဇွန် ၂၁ မြေနီကုန်းအရေးအခင်း (ဝင်းတင့်ထွန်း)


မတ်လလှုပ်ရှားမှုရဲ့ အဆက် ဇွန်လလှုပ်ရှားမှုဟာ တစတစ ပိုပြီးအားကောင်းလာခဲ့ပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် သွေးမြေကျခဲ့ရတာကနေ၊ တနည်းအားဖြင့် ကျောင်းသားသွေး မြေကျခဲ့မှုကနေ စတင်ပေါ်ပေါက်လာခဲ့ရတဲ့ ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်တဲ့အတွက် ဦးဆောင်သူဟာ ကျောင်းသားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား တွေရဲ့ တောင်းဆိုချက်တွေကလည်း (၁) မတ်လ အရေးအခင်း၌ အကြမ်းဖက် ရိုက်နှက် သတ်ဖြတ် မုဒိမ်းကျင့်ခဲ့သူများအားလုံးကို ဖော်ထုတ်အရေးယူပေးရန်၊ (၂) သပိတ်တိုက်ပွဲများ၌ ငြိမ်းချမ်းစွာ ဆန္ဒပြကြသော ကျောင်းသားကျောင်းသူများကို အနှောင့်အယှက်မပြုရန်၊ (၃) အဖမ်းအဆီး ခံထားရတဲ့ ကျောင်းသားကျောင်းသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ (၄) ကျောင်းသား အရေးအခင်းနှင့် ပတ်သက်ပြီး မည်သူတဦးတယောက်ကိုမျှ ကျောင်းမထုတ်ရန်၊ (၅) ကျောင်းသား သမဂ္ဂများကို တရားဝင်ဖွဲ့စည်းခွင့်ပြုရန်၊ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝ ပြန်လည် ပေးအပ်ရန် ဆိုတာတွေပဲ ဖြစ်ပါတယ်။ ကျောင်းသားအရေးကို ဗဟိုပြုထားတဲ့ တရားမျှတ မှန်ကန်ရိုးရှင်းလွန်းလှတဲ့ တောင်းဆိုချက်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက စစ်အာဏာရှင် စနစ် ကျင့်သုံးနေသူများပီပီ ဘာတခုကိုမှ လိုက်လျောဖို့ ဆန္ဒမရှိခဲ့ကြပါ။ အကြမ်းဖက်ဖြိုခွဲပစ်ဖို့နဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ နှိမ်နင်းပစ်ဖို့ကိုပဲ ဦးတည်လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါကြောင့် ဇွန်လ ၂၁ ရက်နေ့မှာ ‘မြေနီကုန်းအရေးအခင်း’ ဆိုတာတခု ထပ်ပေါ်လာပါတယ်။ စီတန်းလမ်းလျှောက်လှည့်လည်လာတဲ့ ကျောင်းသားကျောင်းသူငယ်လေးတွေကို ဖြိုခွဲပစ်ရေးအကြံ နဲ့ လုံထိန်းရဲကားတွေက အတင်းဒရကြမ်း မောင်းနှင်ဝင်ရောက်လာပြီး တိုက်ခိုက် ဖြိုခွင်းတာကြောင့် မရှုရက်စရာမြင်ကွင်း အဖြစ်အပျက်ကြီး ဖြစ်ပေါ်ခဲ့ရပါတယ်။ အခုလို လုံထိန်းကားတွေက ကျောင်းသူ ကျောင်းသားငယ်လေးတွေအပေါ် ကားနဲ့ ဝင်ရောက် တိုက်သတ်တာကို မခံမရပ်နိုင်တဲ့ ပြည်သူ လူထုကြီးက အနီးအနားမှာ ရှိနေကြတဲ့ မြေနီကုန်း လူထုကြီိးက ကျောင်းသားထုနဲ့ပေါင်းပြီး လုံထိန်း ရဲတွေကို ပြန်လည်တိုက်ခိုက်ကြပါတယ်။ ရရာလက်နက်တွေစွဲကိုင်ပြီး နာနာကျည်းကျည်း ပြန်လည်တုန့်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ လုံထိန်းရဲ ၆ ယောက် သေဆုံးခဲ့ရတဲ့အထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရပါတယ်။ ရက်ရက်စက်စက် အနှိပ်ကွပ်ခံနေရတဲ့ ကျောင်းသားထုနဲ့ စစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် မုန်းတီး နာကျည်းနေတဲ့ ပြည်သူလူထုဟာ ဇွန်လ အရေးအခင်းတွေအတွင်းမှာ ပေါင်းစပ်မိသွားပြီ ဖြစ်ပါတယ်။ ကွေ့ချိုးကြီးတခုဆီ ဦးတည်မိကြပြီဖြစ်ပါတယ်။ ရန်ကုန် မန္တလေး တက္ကသိုလ်တွေ ပိတ်လိုက်ရပြီးနောက် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ တောမီးပမာ ပျံ့နှံ့သွားရပါ တော့တယ်။ ကြေညာချက်တွေ၊ ထုတ်ပြန်စာတမ်းတွေ၊ ဝေငှကြတာတွေ နေရာအနှံ့ ဖြစ်ပေါ်လာခဲ့ပြီး မန္တလေး၊ မြင်းခြံ၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ မိတ္ထိလာ အထကတွေမှာလည်း ပိုစတာတိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဇွန်လလှုပ်ရှားမှုတွေအတွင်း ကျောင်းသားတိုက်ပွဲတွေ ကြားကနေ ပေါ်ထွက်လာတဲ့ ကျောင်းသားခေါင်းဆောင်နှစ်ဦးရဲ့ နာမည်တွေကတော့ ‘မင်းကိုနိုင်’ ဆိုတာနဲ့ ‘မိုးသီးဇွန်’ ဆိုတာ ဖြစ်ပါတယ်။

ဇွန် ၂၃ ရက်မှာ ပဲခူးမှာလည်း လူထုအုံကြွမှုကြီးပေါ်ပေါက်လာပါတယ်။ စစ်အစိုးရက နေဝင် မီးငြိမ်း အမိန့်ထုတ်ပြန်ပြီး ဟန့်တားနှိပ်ကွပ်ခဲ့ပါတယ်။ ဒါပေမယ့် လူထုတိုက်ပွဲတွေက တောမီးပမာ ဖြစ်လာစပြုပြီးဖြစ်ပါတယ်။ ဇွန်လအဆက် ဇူလိုင်လတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ရန်ကုန်ကျောင်းသားထုက နေရာအနှံ့လှုပ်ရှားလာပြီး ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာလည်း တရားပွဲတွေ၊ ဟောပြောမှုတွေ၊ စာရွက်စာတမ်းဖြန့်ဝေမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာ ပါတယ်။ ‘ဗကသ’ အဆောက်အဦကြီးရဲ့ ဓါတ်ပုံနဲ့ ၇ ရက် ဇူလိုင်ကြီးရဲ့ အရိုးတွန်သံတွေကလည်း ကျယ်ကျယ်လောင်လောင် ပဲ့တင်ညံလာခဲ့ပါတယ်။ စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲတဲ့နည်း၊ ကျောင်းသားလှုပ်ရှားမှုကို သေးသိမ်အောင် ပုတ်ခတ်ပြောဆို အသရေဖျက်တဲ့ အောက်လမ်းနည်း၊ ဒလျှိုဒလံတွေလွှတ်ပြီး သပ်လျှိုဖြိုခွဲတဲ့နည်း၊ ညစ်နည်းပဒေသာ ကျင့်သုံးပြီး ဟန့်တားနှိပ်ကွပ်ခဲ့ ပါတယ်။ အဖမ်းအဆီးတွေ မရေမတွက်နိုင်အောင် ပိုမိုများပြားလာခဲ့ပါတယ်။ ဇူလိုင်လထဲမှာ တောင်ကြီးနဲ့ ပြည်မှာလည်း ဘာသာရေးအဓိကရုဏ်းတွေ ပေါ်ပေါက်ပါတယ်။ (စစ်အစိုးရက ဘာသာရေး အဓိကရုဏ်းတွေနဲ့ အာရုံပြောင်းကြည့်ဖို့ကြိုးစားတာလို့ ယူဆကြတာတွေရှိသလို ‘တောင်ကြီးပြိုလို့ ပြည်ပျက်ပြီးပြီ’ ဆိုတဲ့သဘောနဲ့ ဗေဒင်ကွက်နဲ့ ယတြာချေတာလို့လည်း ထင်ကြေးပေးကြတဲ့ အဓိကရုဏ်းကြီးတွေ ဖြစ်ပါတယ်။) ပေါ်ပေါက်လာသမျှသော အရေးအခင်း တွေဟာ ဘယ်လိုပုံသဏ္ဍာန်နဲ့ပဲ ပေါ်ပေါက်လာလာ၊ ဘာကြောင့်ပေါ်ပေါက်လာလာ၊ နောက်ဆုံး မှာတော့ မဆလ ဆန့်ကျင်ရေး စစ်အာဏာရှင် ဆန့်ကျင်ရေးဆီကိုသာ ရောက်ရှိသွားပါတယ်။ ကျောင်းသားများ က စတင်ပေါက်ကွဲဆင်နွှဲလိုက်တဲ့ တိုက်ပွဲကြီးဆိုတာ အားလုံးက အလေးထား အသိပြုကြ သလို၊ လူထုကြီးကပါ ပူးပေါင်းပါဝင် အားဖြည့်လာတဲ့အခါကျမှ ပိုမိုကျယ်ပြန့်ကြီးမား နက်ရှိုင်းလာခဲ့တယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ လူထုကြီးကပါ နေရာအနှံ့ ပါဝင်ပူးပေါင်း အားပေးထောက်ခံလာတာဟာလည်း ကျောင်းသားထုရဲ့ တရားမျှတတဲ့ လှုပ်ရှားမှုတွေကို ထောက်ခံအားပေး ကူညီဝန်းရံချင်လွန်းတဲ့ စိတ်ဆန္ဒကြောင့်ချည်း မကပါ။ အရင်းခံက လူထုကြီးကိုယ်တိုင် နှစ်ရှည်လများခံစားနေကြရတဲ့ စစ်အစိုးရရဲ့ ဖောက်ပြန်တဲ့ ပေါ်လစီအရပ်ရပ်အောက်ကနေ ဖြစ်ပေါ်လာရတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ကြပ်တည်းမှုတွေ ကြောင့်လည်း ဖြစ်ပါတယ်။ တတိုင်းပြည်လုံး လှုပ်လှုပ်ရှားရှား ဖြစ်လာရပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့မှာ တခုတည်းသော ဦးဆောင်ပါတီကြီး မဆလရဲ့ အရေးပေါ် ပါတီ ညီလာခံကြီး ခေါ်ဆိုကျင်းပပါတယ်။

ပါတီဥက္ကဌကြီး ဦးနေဝင်းက မလွှဲမရှောင်သာ နုတ်ထွက် အနားယူရေးကိစ္စကို ပြောဆိုလာရပါ တယ်။ သူတင်မက ဦးစန်းယု၊ ဦးအေးကို၊ ဦးကျော်ထင်တို့ပါ အနားယူကြမယ့်အကြောင်း ပြောဆို လာပါတယ်။ ပြောပုံ ဆိုပုံကတော့….

“မတ်လနဲ့ ဇွန်လများအတွင်းက စိတ်မချမ်းမြေ့စရာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် သွယ်ဝိုက် သောနည်းနဲ့ တာဝန်မကင်းသူဟု ယူဆတာကတကြောင်း၊ အသက်အရွယ်အားဖြင့် ထောက်လာတာက တကြောင်းတို့ကြောင့် ပါတီဥက္ကဋ္ဌနဲ့ ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့် ပေးကြပါလို့…”

ပြောဆိုပြီး နှုတ်ထွက်စာကို ကိုယ်တိုင်တောင် ဆက်ဖက်နိုင်စွမ်းမရှိတော့တဲ့အတွက် ဦးထွေးဟန် လက်ထဲစာကို ထိုးထည့်ပေးပါတယ်။ ဦးထွေးဟန်က ဦးနေဝင်းအစား ဖတ်ပြရပါတယ်။ အဲဒီ ညီလာခံမှာပဲ ဦးနေဝင်းဟာ (သမဂ္ဂကြီးရဲ့ အရိုးတွန်သံကို ကြားလာရပြီဖြစ်တဲ့ အတွက်) ၇ ရက် ဇူလိုင်ကိစ္စ၊ ကျောင်းသားသမဂ္ဂကြီးဖြိုချခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ်လွတ်ရုန်းဖို့ ကြိုးပမ်း ပြောဆိုတာတွေ လုပ်ပါတယ်။ အချုပ်ကတော့ ဦးအောင်ကြီးအပေါ် ပုံချနိုင်ဖို့ လုပ်ခဲ့ပါတယ်။ အဲဒီလို နုတ်ထွက်တော့မယ့်ကိစ္စ၊ ကိုယ်လွတ်ရုန်းတဲ့ကိစ္စတွေ ပြောဆိုပြီးတဲ့အခါမှတော့ သူရဲ့ ထုံးစံအတိုင်း စစ်အာဏာရှင်ပီပီ စစ်အာဏာရှင်စိတ်ဓာတ်ကို ဖော်ပြတဲ့ ပြည်သူလူထုတရပ်လုံးကို ခြိမ်းခြောက်ပြီး စစ်တပ်ကို မြှောက်ပင့် မီးစိမ်းပြပေးလိုက်တဲ့ အမိုက်အရိုင်းဆုံးစကားကြီးကို ပြောဆိုသွားပါတော့တယ်။ အဲ့ဒီစကားကတော့…

“နောင်ကို လူစုလုဝေးနဲ့ ဆူဆူပူပူလုပ်ခဲ့လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်ပြီး ဖောက်တာမပါဘူး။ အဲဒါ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ အဲဒီလို ဆူတဲ့လူတွေ မသက်သာဘူးမှတ်ပေတော့”…လို့ ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ခြိမ်းခြောက်ကြိမ်းမောင်း ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ တဖက်ကလည်း သူ ပြောဆိုကြိမ်းမောင်း သွားတဲ့အတိုင်း အကြမ်းနည်းနဲ့ ကိုင်တွယ် အကောင်အထည်ဖော်ဖို့အတွက် လူရွေးထားပြီးပြီ ဖြစ်ပါတယ်။ အဲဒါကတော့ ရက်စက်တဲ့နေရာမှာ နာမည်ကြီးတဲ့၊ (ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီးကို သတ်ရာမှာ၊ ၇ ရက်ဇူလိုင်ကို သွေးချောင်းစီးအောင် သတ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့) ‘သားသတ်သမား’ဘွဲ့ရ ဦးစိန်လွင်ကို သူ့ရဲ့ ဆက်ခံသူအဖြစ် ထိုးတင်ရွေးချယ် အပ်နှင်းလိုက်တာပဲဖြစ်ပါတယ်။

-ဝင်းတင့်ထွန်း-
‘အမှောင်ကြားက ဗမာပြည်’
(အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း -၁၉၄၈-၂၀၀၀)မှ ကောက်နုတ်ဖော်ပြပါသည်။

Read More...

11 June 2009

၁၉၇၄ ဇွန် ၆ အလုပ်သမားသပိတ်ကြီး (ဝင်းတင့်ထွန်း)


ဇွန်လ ၆ ရက်၊ မနက်မိုးလင်းတာနဲ့၊ စက်ရုံအလုပ်ရုံတွေ စတင်လည်ပတ်တာနဲ့တပြိုင်နက် “သပိတ် သပိတ် … မှောက် မှောက်”ဆိုတဲ့အသံတွေ တနေရာပြီးတနေရာ ရန်ကုန်တမြို့လုံးအနှံ့ ပေါ်ထွန်းလာပါတယ်။ အင်းစိန် မီးရထား စက်ခေါင်းရုံ၊ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံ၊ အုတ်ကျင်း ဂုန်နီစက်ရုံ၊ ဆင်မလိုက် သင်္ဘောကျင်းတို့ကနေ ရန်ကုန် မြို့ရဲ့ စက်ရုံအလုပ်ရုံတွေ ထူထပ်ရာ အင်းစိန်လမ်းမကြီးတလျှောက် အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်မြို့နယ် တွေတလျှောက်၊ စက်ရုံအလုပ်ရုံတွေရဲ့ သပိတ်ကြီးတွေ တလုံးပြီးတလုံး ပေါ်ပေါက်လာပါတယ်။

‘ဆန် လုံလောက်စွာရရှိရေး … ဒို့အရေး’
‘အလုပ်သမားကောင်စီ … ဖျက်သိမ်းပေး’ ဆိုတဲ့ ကြွေးကြော်သံတွေ ပဲ့တင်ထပ်ခဲ့ပါတယ်။ ဆန်မရှိလို့ ဆန် လုံလောက်စွာပေးဖို့ တောင်းဆိုကြသလို အလုပ်သမားတွေအကျိုးအတွက် ဘာတခုမှ ဆောင်ရွက်ပေးတာမဟုတ်ဘဲ အလုပ်သမားမင်းသားတွေက ဦးစီးပြီး အလုပ်သမားတွေအပေါ် မတော်မတရားပြုနေတဲ့ အလုပ်သမားကောင်စီတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုကြ၊ ဆန္ဒပြကြပါတယ်။

မဆလ အစိုးရက အလုပ်သမားသပိတ်ကြီးကို ဖြိုခွဲဖို့ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်း ကောင်စီဥက္ကဋ္ဌ သိန်းအောင် လက်မှတ်နဲ့ရော၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီးခင်အုန်း လက်မှတ်နဲ့ပါ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ပြီး ငြိမ်ဝပ်ပိပြားရေး အရေးယူဆောင်ရွက်ချက်တွေကို ဆက်တိုက် လုပ်ကိုင်ပါတယ်။

ဝန်ကြီးချုပ် ဦးစိန်ဝင်းက ဆန်တွေ အလုံအလောက်ရှိပါတယ်လို့ ရေဒီယိုကနေ မိန့်ခွန်းခြွေပါတယ်။ အရေးကြီး စက်ရုံတွေရှေ့မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ခင်အုန်းအမိန့်နဲ့ စစ်တပ်က နေရာယူပါတယ်။ အင်းစိန်လမ်းမကြီး ပေါ်မှာရှိတဲ့ စက်မှုတက္ကသိုလ်၊ တိမွေးကု တက္ကသိုလ်နဲ့ သမိုင်းကောလိပ် ကျောင်းဆောင်တွေကြားမှာ တည်ရှိနေတဲ့ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံများရှေ့မှာ စစ်ကာေးတွ၊ စစ်သားတွေ တန်းစီနေရာယူထားပြီး သပိတ်ကြီးကို ဖြိုခွဲဖို့ပြင်ပါတယ်။ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံက သပိတ်မှောက် အလုပ်သမားခေါင်းဆောင်များရဲ့ ဘာ့ကြောင့် သပိတ်မှောက်ရတယ်ဆိုတာကို ရှင်းလင်းဟောပြောနေသံကို နားဆင်ရင်း သပိတ်ကြီးကို ထောက်ခံအားပေး ဝန်းရံနေ ကြတဲ့ လူထုကြီးနဲ့ သပိတ်ကို ဖြိုခွဲဖို့ ချထားတဲ့ စစ်တပ်အကြား ထိပ်တိုက်ကြီးလိုဖြစ်နေချိန်မှာ အနီးရှိ လှိုင်ရဲစခန်း ထဲကနေ အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းတွေ ထွက်လာပြီး လူအုပ်ကြီးကို နံပါတ်တုတ်တွေနဲ့ရိုက်နှက်ပြီး လူစုခွဲပါ တယ်။ ရုန်းရင်းဆန်ခတ် ဖြစ်သွားရချိန်မှာ စစ်တပ်က ပထမ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဆက်တိုက်မှာပဲ သေနတ်နဲ့ စတင်ပစ်ခတ်ပါတယ်။ ပထမ လမ်းမတလျှောက် ပစ်ခတ်နေရာကနေ လမ်းဘေးဝဲယာတွေကိုပါ အနှံ့ပစ်တဲ့ အတွက် ဇွန်လ ၆ ရက် နေ့လည်မှာပဲ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံရှေ့ သွေးမြေကျရမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်က သပိတ်မှောက်နေကြတဲ့ စက်ရုံတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ကိုင်ခဲ့ပါတယ်။

အလုပ်သမားတွေ သွေးမြေကျရမှုကြီး ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့ရပြီး ၆ ရက်၊ ၇ ရက်တွေမှာပဲ ဆင်မလိုက် သင်္ဘောကျင်း၊ အုတ်ကျင်း ဂုန်နီစက်ရုံ၊ အင်းစိန် မီးရထားစက်ခေါင်းရုံတို့ကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့တဲ့အတွက် သွေးမြေကျရမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အထူးသဖြင့် ဆင်မလိုက် သင်္ဘောကျင်းမှာ အသေ အပျောက် များခဲ့တယ်လို့သိရပါတယ်။

ဇွန် ၆ အလုပ်သမားသပိတ်ကြီးဟာ မဆလ စစ်အစိုးရရဲ့ တပါတီအာဏာရှင်စနစ်ကို အလုပ်သမားထုက ဆန့်ကျင် အန်တုလိုက်တဲ့ ပထမဆုံး ဆန္ဒပြပွဲဖြစ်သလို၊ ဆန်တောင်းတဲ့ အလုပ်သမားတွေကို ကျည်ဆံပဲ ပေးလိုက်တဲ့ စစ် အာဏာရှင်ဇာတိရုပ်ကို အစွယ်ထုတ်ပြီး ပြသလိုက်တဲ့ နှိပ်ကွပ်သတ်ဖြတ်ပွဲကြီးလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခြင်းခံထားရတဲ့ အလုပ်သမားသပိတ်မှာ ပါဝင်ခေါင်းဆောင်ခဲ့သူတွေကို စစ်အစိုးရက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။

စစ်အစိုးရဟာ စစ်တပ်အားကိုး၊ စစ်မာန်တက်နေသူပီပီ သောင်းကျန်းသူနှိပ်နင်းရေးနဲ့ ဗကပ ရိုးမဗဟို ပြိုပျက်ရေး၊ ရိုးမတကျော မဒညတ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ ချုပ်ငြိမ်းရေးအတွက် တဆင့်တိုး ဆောင်ရွက် ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မြို့ပေါ် လူထုတိုက်ပွဲတွေ ပေါင်းစပ်မသွားမိစေရေးအတွက် စစ်အင်အားကို တိုးပြီးအသုံးပြုပါတယ်။

၁၉၇၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ဖြတ်လေးဖြတ် ဆိုတာကို တရားဝင်ကြွေးကြော်ပြီး ချမှတ်အကောင်အထည်ဖော် ပါတယ်။ အရင်ကလည်း ဖြတ်လေးဖြတ်ဗျူဟာကို ချမှတ်ကျင့်သုံးခဲ့ပေမယ့် ဇွန်လ ၁၈ ရက်ကစပြီး တိတိလင်းလင်း ကြွေးကြော်ကာ အကျယ်ပြန့်ဆုံး စတင်အကောင်အထည်ဖော်တဲ့သဘော ဖြစ်ပါတယ်။ ဖြတ်လေးဖြတ် ဆိုတာကတော့ (က) သောင်းကျန်းသူကို ရိက္ခာဖြတ်၊ (ခ) သောင်းကျန်းသူကို ဆက်ကြေးဖြတ်၊ (ဂ) ပြည်သူလူထုတရပ်လုံးက သောင်း ကျန်းသူကို အဆက်ဖြတ်၊ (ဃ) ပြည်သူလူထုကိုယ်တိုင်က သောင်းကျန်းသေူတွကို ခုခံချေမှုန်းသတ်ဖြတ်ဆိုတဲ့စနစ် ဖြစ်ပါတယ်။

တောင်ပေါ်ရွာတွေကို နေရာရွှေ့ပြောင်းချထားတာ၊ တချို့ရွာတွေကို ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်စစ်တပ် လုပ်သလို စုစည်းရွာတွေအဖြစ် အတင်းအကြပ်ဖန်တီးတာ၊ ဆန်တောင် အိမ်မှာ အပိုအလျှံမထားရအောင် အတင်းအကြပ် အပ်နှံ ခိုင်းတာ၊ တောထဲသွားရင် ထမင်းထုပ်တောင် ယူဆောင်သွားလာခွင့်မပြုတာ၊ တိုက်ပွဲတွေအတွင်း လူထုပါ မပါပါအောင် ထည့်သွင်းစီမံပြီး အသုံးချ စေခိုင်းတာတွေ ရက်ရက်စက်စက်လုပ်ခဲ့ပါတယ်။ ဒါကို ပြည်သူ့စစ် နည်းဗျူဟာလို့ ကင်ပွန်းတပ်မင်္ဂလာယူပါတယ်။

ပဲခူးရိုးမအတွင်း အဲဒီလို ပြင်းပြင်းထန်ထန် စစ်ရေးအရ နှိပ်ကွပ်မှုတွေ လုပ်နေတုန်းမှာ မြို့ပေါ်တွေမှာလည်း အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ထပ်ပြီးပေါ်မလာရအောင် ထောက်လှမ်းရေးတွေကို တိုးပြီး စီမံနေရာချထား လှုပ်ရှားစေ ခဲ့ပါတယ်။ ဦးနေဝင်းဟာ ထောက်လှမ်းရေးအဖွဲ့ကို အားထားသူပီပီ ထောက်လှမ်းရေးအဖွဲ့ကို စိတ်ကြိုက်ကိုင်တွယ် ဖွဲ့စည်းထားပါတယ်။ ဦးနေဝင်းဟာ သူ့ရဲ့ အာဏာတည်မြဲရေးအတွက် သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေ၊ လူထုလှုပ်ရှားမှု တွေကို ဖြိုခွင်းနိုင်ဖို့အတွက်ပါ ထောက်လှမ်းရေးကို အထူးဦးစားပေး မွေးမြူကိုင်တွယ်ထားပါတယ်။ ထောက်လှမ်းရေး အဖွဲ့ကြီးကလည်း ဦးနေဝင်းစိတ်ကြိုက် ဦးနေဝင်းရဲ့ အတွင်းအပြင် နိုင်ငံရေး၇န်သူမှန်သမျှကို ရက်ရက်စက်စက် နှိပ်ကွပ် ပြခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ဟာ တနေ့တခြား တန်ခိုးထွားလာပါတယ်။ ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်လာသူကတော့ ဗိုလ်မှူးချုပ်တင်ဦး ဖြစ်ပါတယ်။ စစ်တပ်အတွင်းမှာ တခြားတင်ဦးတွေလည်း ရှိတဲ့အတွက် ထောက်လှမ်းရေးတင်ဦးကို လန်ဘားတင်ဦး၊ မျက်မှန်တင်ဦးလို့လည်း ခေါ်ကြပါတယ်။ ၆၂ ခုနှစ်၊ စစ်တပ်အာဏာ သိမ်းစက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ညာလက်ရုံး ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီးမောင်လွင် (ခေါ်) နှုတ်ခမ်းမွှေမောင်လွင် နာမည်ကြီးခဲ့သလို ဗိုလ်မှူးချုပ်တင်ဦး (ခေါ်) မျက်မှန်တင်ဦးဟာလည်း နာမည်ကျော်ခဲ့ပါတယ်။ (နှုတ်ခမ်းမွှေးမောင်လွင်ရော၊ မျက်မှန်တင်ဦးပါ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အထူးရွေးချယ်မှုနဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ဆိုက်ပန်ကျွန်းမှာ အမေရိကန် စီအိုင်အေ(CIA)က ပေးခဲ့တဲ့ ထောက်လှမ်းရေးသင်တန်းကို တက်ရောက်ခဲ့ကြဖူးသူ တွေဖြစ်ပါတယ်။) ဗိုလ်မှူးချုပ်တင်ဦး (ခေါ်) မျက်မှန်တင်ဦးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို မပေါ်ပေါက်ရအောင် ထောက်လှမ်းရေးနည်းနာမျိုးစုံကို အသုံးပြုတတ်သူဖြစ်ပါတယ်။

ဒီကြားထဲကပဲ မဆလ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ထပ်မံပေါ်ထွက်လာတာကတော့ ဦးသန့်ဈာပန အရေးအခင်း ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်၊ ဒီဇင်္ဘာလမှ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဇွန် ၆ အလုပ်သမားသပိတ်ကြီး ပေါ်ထွက်အပြီး ၆ လအတွင်းမှာ ဆက်တိုက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

၊ဝင်းတင့်ထွန်း၊
‘အမှောင်ကြားက ဗမာပြည်’
(အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း-၁၉၄၈-၂၀၀၀)စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

Read More...

မကျေနပ်သော ကဗျာဆရာ (သိန်းသန်းထွန်း)


ရေးချင်တိုင်းသာ
ရေးရပါမူ
မင်ပြာထည့်ထား
ကလောင်ဖျားတွင်
မီးများဟုန်းဟုန်း တောက်လိမ့်မည်…။ ။

သိန်းသန်းထွန်း
(‘မုန်တိုင်းနီ’ကဗျာစာအုပ် ၁၉၆၃ မှ)

Read More...

09 June 2009

နအဖ စစ်အစိုးရရဲ့ငပွကြီးနိုင်ငံခြားရေးဝါဒ (ရဲဘော်ဖိုးသံချောင်း)

ဒီတလော နအဖ စစ်ဗိုလ်ချုပ်တွေ ပြည်ပကို ထွက်တယ်ဆိုတိုင်း… ခွေးရူး လမ်းထွက်တဲ့အခါ တွေ့တဲ့လူတိုင်းက ခဲနဲ့ပစ်၊ တုတ်နဲ့ရိုက်တာ ခံရသလို ဝိုင်းဝန်းပြစ်တင်၊ ဆုံးမ၊ တောင်းဆိုတာ တွေနဲ့ချည်း ကြုံတွေ့နေရပါတယ်။ ဒါတွေနဲ့အတူ သူတို့ရဲ့ တာဝန်ရှိသူတွေက ရှက်ရမ်းရမ်းတာ၊ မျက်စိစုံမှိတ်ငြင်းတာ၊ သူခိုးက ‘လူ လူ’ဟစ်တာ၊ အပြန်အလှန် လက်ညှိုးထိုးတာ စတာတွေ ကိုလည်း မကြာခဏ တွေ့နေရပါတယ်။ ဒီအထဲမှာ ရုပ်အပျက်ဆုံးတခုလို့ ဆိုရမှာကတော့ ပြီးခဲ့တဲ့ အာစမ် (ASEM)ခေါ် အာရှ ဥရောပ တွေ့ဆုံဆွေးနွေးပွဲမှာ ဖြစ်ပျက်ခဲ့တာပါပဲ။ အဲဒီမှာ သူတို့ကို ချောင်ပိတ်ဝေဖန်တာ ခံနေရသလိုဖြစ်တော့ နအဖစစ်ဗိုလ် ဒုနိုင်ငံခြားရေးဝန်ကြီး မောင်မြင့်က ‘ကုလားမနိုင် ရခိုင်မဲ’ ဆိုသလို တခြားနိုင်ငံကြီးတွေကို ပြန်မပြောရဲတာနဲ့ ထိုင်းကို ကတ်ကတ်လန် ရန်တွေ့ခဲ့တာ မှတ်မိကြပါလိမ့်မယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက ကမ္ဗောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ နှာခေါင်း ကျည်ပွေ့တွေ့ခဲ့တဲ့ ဒီ နအဖ ဒုနိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံအတွင်း တလောက ဖြစ်ပေါ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း တာ့ခ်ဆင် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြားက ပဋိပက္ခကို ထောက်ပြပြီး သူ့ရဲ့ ရှက်ဒေါသတွေ ပေါက်ကွဲပြခဲ့ပါတယ်။ ဒုဝန်ကြီးရဲ့ စကားက… ထိုင်းနိုင်ငံသာပဲ သူတို့နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတာတွေအတွက် ရင်ကြားစေ့ရေးတွေ လုပ်သင့်တယ်ဆိုတာပါပဲ။ ဦးမောင်မြင့်ဟာ သံတမန်ဂုဏ်သိက္ခာတွေ ရှေ့တန်းထားနေရတဲ့ အစည်းအဝေးမှာ စကားနိုင် လုသလို ပြောနိုင်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေမှာ ဒါမျိုးကိစ္စတွေကို အခြေအတင်ပြောနေကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗမာပြည် ပြည်သူလူထုကတော့ သူ့စကားရဲ့ အမှားများနဲ့ စောဒကတက်စရာတွေကို မပြောဘဲနေလို့မဖြစ်ပါဘူး။

နအဖ ဒုဝန်ကြီးက ထိုင်းကို ပြန်အပြစ်တင်ရာမှာ… ဗမာပြည်တွင်းက အခြေအနေဟာ ထိုင်းက ‘အင်္ကျီနီ’ – ‘အင်္ကျီဝါ’ ပဋိပက္ခလို မဆိုးဘူး၊ သွေးထွက်သံယိုမှု မရှိဘူးလို့ မာမာတင်းတင်း ပြောခဲ့ပါတယ်။ သူပြောတဲ့အဓိပ္ပါယ်က… သူတို့ကြောင့်မို့ ဗမာပြည်အတွင်းမှာ ဘယ်လောက်တောင် ‘ငြိမ်-ဝပ်-ပိ-ပြား’နေတယ်လို့ ဆိုချင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကား ဘယ်လောက်မှန်တယ် ဆိုတာကို ဒီပဲယင်းအရေးအခင်း၊ စက်တင်္ဘာ သံဃာ့အရေးအခင်း စတာတွေကို တွေ့ကြုံဖူးနေတဲ့ ဗမာပြည်သားတွေက ကောင်းကောင်းသိကြပါတယ်။

တကယ်ကျတော့ အခုတလော ကြားနေရတဲ့ ဗမာပြည်နဲ့ပတ်သက်တဲ့သတင်းတွေမှာ မငြိမ်သက်မှု တွေဟာ ထိပ်ဆုံးက ရောက်နေတာပါ။ နအဖရဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတာဝန်ခံ ဗိုလ်ရဲမြင့် တယောက် ရဟတ်ယာဉ်ကို အိမ်လုပ်ပြီး ပြည်နယ်တကာမှာ လနဲ့ချီပြီး သွားလာနေရတာဟာ ‘ငြိမ်-ဝပ်-ပိ-ပြား’နေလို့လား။ ‘ငြိမ်း’တွေ မငြိမ်တော့လို့ပဲ မဟုတ်ပါလား။ ရန်ကုန်မှာ ကြံ့ဖွတ်တွေ ဒါးသွေး၊ လောက်လေးခွ ပြင်နေကြတာကရော ‘ငြိမ်-ဝပ်-ပိ-ပြား’နေလို့ပါလား။ အင်းစိန်ထောင်ဗူးဝတွေမှာ လူတွေစု၊ စာရွက်တွေ နေရာတကာမှာ ကြဲချနေလို့ပဲဖြစ်ပါတယ်။ ဗမာပြည်ရဲ့ အခြေအနေဟာ ‘ငါ့စကော - ငါ့စကော’လို့ ဟစ်ရာကနေ စစ်ဖြစ်သွားတယ်ဆိုတဲ့အနေအထားမျိုး အချိန်မရွေး ရောက်သွားနိုင်ပါတယ်။

တဖက်မှာလည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖမ်း၊ ထောင်ချဖို့လုပ်လာတော့ ပြည်သူတွေအဖို့ မိမိတို့ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်တော့မယ်ဆိုတာ ပိုသတိပြုမိလာပါတယ်။ နအဖရဲ့ လမ်းပြမြေပုံကြီးကို တိုးလုပ်လေ၊ ဖမ်းဆီးထောင်ချမှုတွေနဲ့ သွေးထွက်သံယိုမှုတွေ ပိုများလေ ဖြစ်တော့မယ်ဆိုတာကို ထင်ထင်ရှားရှားတွေ့လာနေရပါတယ်။ မေတ္တာပို့နေတဲ့ သံဃာတော်တွေကို သတ်ဖြတ်တဲ့၊ ဒီပဲယင်းလမ်းမမှာ လူအုပ်နဲ့ အနိုင်ကျင့်သတ်ဖြတ်တဲ့ ‘စည်းကမ်းရှိတဲ့ဒီမိုကရေစီ’ ကြီး ရောက်လာတော့မယ်ဆိုတော့ လူတိုင်း ဘာလုပ်ကြမလဲလို့ စဉ်းစားကြတော့တာပါပဲ။

ပြည်သူတွေအနေနဲ့ အကြမ်းမဖက်ရေးလမ်းက ပိတ်နေရင် ဖောက်ထွက်ကြတော့မှာ ဖြစ်ပါတယ်။ လမ်းပေါင်းစုံ ရှာကြတော့မှာပါ။ ဒါကလည်း နေရာမှာတင် တန့်နေလို့ကတော့ ကြံ့ဖွတ်တွေ ရိုက်တာနဲ့ပဲ သေကုန်ကြရမယ်ဆိုတာ ရှင်းနေလို့ဖြစ်ပါတယ်။

ဒီလိုပြည်တွင်းအခြေအနေတွေဟာ နအဖရဲ့ နိုင်ငံခြားရေးဝါဒအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်။ တဖက်က ပြန်ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းက အခုလို နအဖ အစိုးရကို သွားလေရာ ငြိနေတဲ့ ဆူးလှည်းကြီးအဖြစ် ကြည့်မြင်နေကြတာဟာလည်း ဒီ ပြည်တွင်းအခြေ အနေတွေကြောင့် ဖြစ်ပါတယ်။ ဘယ်တိုင်းပြည်မဆို ကိုယ့်နိုင်ငံရဲ့ ဓနအင်အား၊ နိုင်ငံရေးအင်အား၊ စစ်ရေးအင်အား စတာတွေအပေါ် အခြေခံပြီး နိုင်ငံခြားရေးဝါဒကို ချမှတ်ကြတာချည်းပါပဲ။ နိုင်ငံရေး အင်အားဆိုတာမှာ ပြည်တွင်းသွေးစည်းညီညွတ်မှု၊ ကိုယ့်ပြည်သူလူထုရဲ့ ထောက်ခံမှု၊ နိုင်ငံ တည်ငြိမ်မှု စတာတွေ ပါဝင်ပါတယ်။ နအဖ စစ်အစိုးရလည်း ဒီတရားတွေကို မလွန်ဆန်နိုင်ပါဘူး။ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ သူတို့ရဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အားတို့အပေါ်မှာ အဓိကမူတည်ပြီး ချမှတ်လုပ်ဆောင်နေတာဖြစ်ပါတယ်။ နအဖအဖို့ တခြားအချက်တွေထက် ပြည်တွင်းမတည်ငြိမ်မှု၊ အမျိုးသားသွေးစည်းညီညွတ်ရေး ပျက်ပြားမှု၊ လူထုကြီးရဲ့ ဆန့်ကျင်မှုကို တလျှောက်လုံး ရင်ဆိုင်နေရမှုဆိုတာကိုပဲ ထိပ်တိုက်ရင်ဆိုင်နေရတော့ သူတို့ရဲ့ နိုင်ငံခြားရေး ဝါဒဟာ အခုလို ‘ငပွကြီး’ နိုင်ငံခြားရေးဝါဒ ဖြစ်လာတော့တာပါပဲ။

ဒါနဲ့တဆက်ထဲမှာ သူတို့တတွေ အကြပ်အတည်းတွေ့ရလေ၊ တခြားနိုင်ငံတွေကို ကော်ဆဲလေ ဖြစ်လာနေတာကိုလည်း တွေ့နေကြရပါတယ်။ ကြာလေ အထီးကျန်ဖြစ်လိုက်လာနေတဲ့ နအဖ စစ်ဗိုလ်တွေ နောင်ဆိုရင် ပြည်ပကိုတောင် ထွက်ရဲပါဦးမလား စဉ်းစားစရာ ဖြစ်နေပါတယ်။ အခုကိုပဲ ဗိုလ်သန်းရွှေတယောက် ဘယ်ကိုမှ သိပ်မထွက်ဝံ့တဲ့အခြေအနေ ရောက်နေပါပြီ။

လက်တွေ့ကျကျ ပြောရရင် ဒီနေ့ နအဖစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝါဒအကြပ်အတည်းဟာ ရှစ်လေးလုံးကာလနောက်ပိုင်းမှာ အဆိုးရွားဆုံးအကြပ်အတည်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီ အကြပ်အတည်းမျိုးကို ဗိုလ်နေဝင်းလည်း မကြံဖဲ့ဖူးပါဘူး။ စစ်အေးကာလတုန်းက အရှေ့နဲ့ အနောက်အကြားပဋိပက္ခကို အသုံးချပြီး ဗိုလ်နေဝင်း အနေချောင်ခဲ့သလို နအဖစစ်အုပ်စုကလည်း တရုတ်နဲ့အမေရိကန်အကြား ခလောက်ဆန်ကစားပြီး ပြည်တွင်းမှာ သူတို့လုပ်ချင်ရာ လုပ်မယ်လို့ စဉ်းစားခဲ့ကြပါတယ်။ ဒါပေမယ့် ခေတ်က မတူတော့ပါဘူး။ တရုတ်နဲ့အမေရိကန်ဟာ ရုရှားနဲ့ အမေရိကန်တုန်းကလို သူဖြူရင် ငါမဲမှလို့ လုပ်နေကြတာမဟုတ်ပါဘူး။ ကမ္ဘာ့အခင်းအကျင်း အပြောင်းအလဲကို သူတို့က ကောင်းကောင်းသတိထားမိပါတယ်။ ဒါကြောင့်မို့ တချို့ကိစ္စတွေမှာ သူတို့ချင်း အပြန်အလှန်ပြောဆိုတိုက်ခိုက်တာတွေရှိသလို၊ တချို့ကိစ္စတွေမှာ ကျတော့လည်း သူတို့ချင်း အမြင်တူ၊ တသံထဲလို ထွက်တတ်ကြပါတယ်။ အခု ဗမာပြည်ကိစ္စမှာ သူတို့ နှစ်နိုင်ငံအကြား တူညီတဲ့လေသံတွေ တွေ့လာနေရပြီမဟုတ်ပါလား။

အခုအခါမှာ စီးပွားရေးအကြပ်အတည်းကြီးကို ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံတိုင်းဟာ ဗမာပြည် ပြဿနာကို နိုင်ငံတကာ စားပွဲဝိုင်းတွေပေါ်ကနေ ဖယ်ရှားပစ်ချင်နေကြတယ်ဆိုတာ နအဖ ဗိုလ်ချုပ်တွေ သတိထားမိရဲ့လားမသိဘူး။ ဗမာပြည်ပြဿနာ တက်လာတိုင်း သခွတ်ပင်က မီးတကျည်ကျည်လို့ပဲ ယူဆကြတော့မှာပါ။ ဒါပေမယ့် တာဝန်သိတဲ့ နိုင်ငံ့ခေါင်းဆောင်တိုတာ မီးတကျည်ကျည်မို့ ပေယျာလကံပြုထားလိုက်တော့မယ်လို့ ဆုံးဖြတ်မှာမဟုတ်ပါဘူး။ မြန်မြန် ဆန်ဆန် ပြီးပြတ်သွားအောင် တခုခုဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဒီလို ဘေးကြပ်နံကြပ် ကြုံတွေ့နေရတဲ့အခါမှာ နအဖ ဒုနိုင်ငံခြားရေးဝန်ကြီးက အခုလို ဝါးလုံးရှည်နဲ့ သိမ်းရမ်းလို့ကော သူတို့အဖို့ အန္တရာယ်တွေက လွတ်ကရောတဲ့လား။ နောင်မှာလည်း နိုင်ငံတကာ အစည်းအဝေးတွေ ပေါ်လာတိုင်း နအဖ ခေါင်းဆောင်တွေအဖို့ ဒီလိုချောင်ပိတ်ခံရတဲ့အဖြစ်မျိုးတွေ ကြုံနေရဦးမှာပဲဖြစ်ပါတယ်။ သူတို့အဖို့တော့ စောစောတုန်းက သူများတွေက ‘မောင်မောင်’လို့ ခေါ်နေတုန်း ‘ဗျာ’မထူးခဲ့တာ အမှားကြီး မှားသွားတာပါပဲ။ ။

-ရဲဘော်ဖိုးသံချောင်း-

Read More...

08 June 2009

သစ္စာမုယော (မောင်လှဝင်း-မြင်းခြံ)

အခွန်မဆက်၊ စွပ်စွဲချက်နဲ့
ကျေးလက်ဇနပုဒ်မှ
လယ်သူမအား
နန်းရင်ပြင်ထက် ဆွဲခေါ်လာ…။

ရှင်ဘုရင်။ ။ အခွန်မဆက်၊ ‘သစ္စာပျက်’
ပြည့်ဝန်မရွက်၊ အာဏာဖျက်
ဘယ်တွက်ဖီဆန်
တော်လှန်အစိုးရ လယ်သူမ…။

လယ်သူမ။ ။ တို့ပြည်တခွင်၊ လယ်တောခွင်မှာ
မေတ္တာဖောက်ဖျက်၊ သစ္စာပျက်
မြေယာကွဲအက်၊ မုယောမထွက်
‘သစ္စာ’တည်ရာ၊ ‘မုယော’ပါပဲ
တရားစွဲချင်စွဲ
ဓါးဝဲချင်ဝဲ
မုယောဆင်းရဲ၊ ငါဆင်းရဲ
မိုးကားမသဲ၊ အာဏာသဲ
ခေတ်ကြီးမှောင်နေဆဲ…။ ။

-မောင်လှဝင်း(မြင်းခြံ)-
၁၉၉၉

Read More...

01 June 2009

ဗိုလ်ချုပ်တစုနဲ့ ဒီအမှု (ဗသြ)

နအဖဟာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဒီပဲယင်း လူသတ်ပွဲကြီးကို လုပ်ကြံခဲ့ရာမှာ ဘာမှ အမှုမဖွင့်၊ ဘယ်သူ့ကိုမှ
မစစ်ဆေး အရေးမယူတဲ့အပြင် မသေကောင်း မပျောက်ကောင်း ရှင်ကျန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဦးတင်ဦးတို့ကို ချုပ် နှောင်ခဲ့ပါတယ်။
တရားလိုကို တရားခံလုပ်ပစ်တဲ့ ဖြစ်ရပ်ပါ။ အခုလည်းပဲ အိမ် ဖောက်ထွင်းတဲ့ကိစ္စမှာ လုံခြုံရေးတာဝန်ရှိသူတွေကိုတော့ ဘာမှအရေးမယူဘဲ ဖောက်ထွင်းခံရတဲ့အိမ်ရှင်ကို အရေးယူအပြစ်ပေးဖို့ စီစဉ်နေတာဟာ ဒီနေ့ခေတ် ဗမာပြည်နိုင်င့ရေးရဲ့ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်တခုလို့ဆိုရင် မမှားပါဘူး။


ဒီအမှုအပေါ် လူအားလုံးက သံသယဖြစ်ရတဲ့ အကြောင်းရင်းပေါင်းများစွာထဲမှာ အချက်တချက်ကတော့ အမှုကို ထူးထူးခြားခြား တက်သုတ်ရိုက် စစ်ဆေးနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမှုကို ဒီလိုစိတ်ဝင်တစား စောင့်ကြည့်နေတုန်းမှာပဲ အားလုံးကို အံ့သြသွားစေတဲ့ကိစ္စရပ်တရပ် ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ နှစ်ဖက်သက်သေတွေကို စစ်ပြီးတယ်ဆိုတာနဲ့ နအဖရဲ့ အစီအစဉ်တခုလုံး တန့်သွားတာပါပဲ။ စီရင်ချက်ချမယ့်ရက်ကို နောက်ရွှေ့လိုက်တာဟာ သာမန်ကိစ္စ မဟုတ်မှန်း လူတိုင်း သတိထားမိပါတယ်။ နအဖရဲ့တရားရုံးဟာ အကြောင်းပြချက် မခိုင်လုံဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြတဲ့ သက်သေတွေထဲက တယောက်ထဲကိုသာ အစစ်ခံခွင့်ပေးတယ်ဆိုတာလည်း အားလုံးအသိပါ။ ဒါတောင် မှပဲ နအဖရဲ့တရားရုံးဟာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအပါ နှစ်ဖက် သက်သေများရဲ့ ထွက်ချက်ဟာ သူတို့ကို ကြိုတင်ချမှတ်ခိုင်းထားတဲ့ အပြစ်ဒဏ်နဲ့ ပဋိပက္ခဖြစ်နေလို့ နောက်တလှမ်းဆုတ်သွားခဲ့ပါတယ်။ သူတို့ချင်း ပြန်ပြီး လက်ဝါး ရိုက်ကြဦးမယ့်သဘောပါပဲ။ နောက်တနည်း ပြန်စဉ်းစားကြည့်လိုက်တော့ လက်ရှိ ထွက်ချက်တွေနဲ့ဆိုရင် သူ့တပ်ထဲကလူတွေ၊ သူတို့ထိပ်ပိုင်းက လူတွေတောင် လက်ခံမှာမဟုတ်ဘူးလို့ သဘောပေါက်လာကြလို့လား၊ ဒါမှမဟုတ် လက်တွေ့ကိုပဲ တပ်ထဲနဲ့ခေါင်းဆောင်အပိုင်းထဲမှာ ဆန့်ကျင်ပြောဆိုမှုတွေ ရှိနေလို့လားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

အခုတော့ ဒီအမှုတခုလုံးကိုက ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ တိုက်ဆိုင်တာပဲ ဆိုဆို၊ နှိုင်းယှဉ်တာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီတခါ အမှုဆင်ပုံ ဟာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတုန်းက အင်္ဂလိပ်အစိုးရက လုပ်ပုံ တွေနဲ့ တူနေတဲ့အချက်တွေဟာ စဉ်းစားစရာတွေရှိနေပါတယ်။

ဒေါက်တာတင်မျိုးဝင်းကို တရားရုံးအရိပ်နားတောင် မသီနိုင်အောင် နအဖ က ဘယ်လိုပဲ ဖိနှိပ်ထား၊ ခြိမ်းခြောက်ထားပေမယ့် ဂျွန်ယက်တောကို နအဖ က တမင် သွင်းလွှတ်လိုက်တယ်ဆိုတဲ့အချက်ဟာ ထင်ရှားသထက် ထင်ရှားလာပါတယ်။ ဒီအမေရိကန်လူမျိုး ဂျွန်ယက်တောကို ဒုတိယအကြိမ် ဝင်ခွင့်ပြုလိုက်တာဟာ ၁၉၄၇ ခုနှစ်တုန်းက ဗြိတိသျှ ကိုလိုနီအစိုးရက ဂဠုန်ဦးစောကို ဘရင်းဂန်း အလက် ၂၀၀ နဲ့ တခြားလက်နက်ကျည်ဆံတွေ ထုတ်ပေးလိုက်တာကို သတိရစေပါတယ်။ အဲဒီတုန်းက ဦးစောလိုလူရဲ့လက်ထဲကို ဒီလို လက်နက်တွေ အမြောက်အများ ရောက်သွားရင် ဘာဖြစ်မယ်ဆိုတာ နိုင်ငံရေးပါး နည်းနည်းလေး ဝသူတောင် သိပါတယ်။ အဲဒီခေတ် အဲဒီအခါက အနေအထားနဲ့ဆိုရင် ပြည်တွင်းစစ်တောင် ထဖြစ်နိုင်တဲ့ လက်နက်အမျိုးအစားနဲ့ အရေအတွက်ပါ။ ဒါကို ကိုလိုနီပါး အင်မတန် ဝတဲ့ အင်္ဂလိပ်အစိုးရက အသိဆုံးဖြစ်ပါတယ်။ (ဆရာစံတို့ဟာ ဓါး၊ လှံ၊ အလွန်ဆုံး တူမီးလောက်နဲ့ ပုန်ကန်ခြားနားခဲ့ကြတာပါ။) အခုလည်းပဲ အင်္ဂလိပ်တွေလုပ်ခဲ့သလို ဂျွန်ယက်တောနဲ့ ဘိန်းပစ်ဖမ်းတယ်ဆိုတာ ပိုပိုထင်ရှားလာနေပါတယ်။ နအဖ က ဒီအမှုကို စဖော်တုန်းကတော့ ဂျွန်ယက်တောဟာ ရေကူးလာတယ်ဆိုပြီး ရေသန့်ဗူး ခွံတွေ၊ ဘဲခြေထောက်တွေကို ဓါတ်ပုံရိုက်ပြပြီး ကမ္ဘာကို ဝါဒဖြန့်ခဲ့ပါတယ်။ အခု တော့ ဂျွန်ယက်တောဟာ နအဖရဲ့ အစောင့်တွေနဲ့တောင် စကားစမြည်ပြောပြီး သဲဖြူခင်း ရာဇမတ်ကာလို့ မပြောရုံတမယ် လမ်းပေါ်က မားမားလျှောက်လာတာ ဖြစ်နေပါတယ်။

အင်္ဂလိပ်တွေဟာ ဘယ်လောက်တောင် နိုင်ငံရေးပါးဝလိုက်သလဲဆိုတော့ ဗိုလ်ချုပ် အောင်ဆန်းကို လုပ်ကြံပြီးတဲ့နောက် ဗမာပြည်တွင်းမှာ သူတို့ဆက်လုပ်ပုံကို ကြည့်ရင် ထင်ရှားပါတယ်။ အဲဒီတုန်းက ကွန်မြူနစ်ပါတီက အာဇာနည်တွေကို သတ်တာဟာ ဗြိတိသျှအစိုးရဖြစ်တယ်လို့ ကြေညာထားပါတယ်။ ပြည်သူလူထု ထဲမှာလည်း တအုံနွေးနွေးနဲ့ ပေါက်ကွဲလုလု ဖြစ်နေပါတယ်။ ဝမ်းနည်းမှုကနေ ဒေါသပေါက်ကွဲတော့မယ့်အခြေအနေဖြစ်ပါတယ်။ ဒီတော့ ဘုရင်ခံဟာ သခင်နုကို ခေါ်ပြီး ဝန်ကြီးချုပ် ခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ အဲဒီအကြပ်အတည်း ကြီးကို ကျော်လွှားသွားနိုင်ပါတယ်။ အခု ဒီ နအဖ အစိုးရဟာ ဗြိတိသျှတွေလို ပါးနပ်လိမ္မာမလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ် ချမှတ်တာရဲ့ အကျိုးဆက်တွေကို သူတို့ မစဉ်းစား မပြင်ဆင်လို့ မဖြစ်ပါဘူး။

ဒီအခြေအနေတွေကနေ ဆက်ပြီးဖြစ်လာတာကတော့ ဗမာ့နိုင်ငံရေးမှာ တွေ့ဆုံ ဆွေးနွေးရေးတံခါးကို နအဖ က အပြီးအပိုင် ပိတ်ပစ်လိုက်ပြီဆိုတဲ့ကိစ္စပါပဲ။

အာဏာနိုင်ငံရေးသာသိတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ တွေ့ဆုံဆွေးနွေးပွဲ တံခါးကို တင်းတင်းပိတ်ထားရင် သူတို့အတွက် လုံခြုံမယ်လို့ ယူဆနေကြပါတယ်။ တနည်း - အာဏာမြဲမယ်လို့ ယူဆနေကြတယ်။ နားပိတ်ထား၊ မျက်စိပိတ်ထားလို့ မကြားရ၊ မမြင်ရရင် ဘာမှမဖြစ်ဘူးလို့ စဉ်းစားတာမျိုး စဉ်းစားနေကြပါတယ်။ တကယ်က ဗမာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ဖက် တွေ့ဆုံဆွေးနွေးပါလို့ ပြော နေတာဟာ ပြည်တွင်းရေးကို စွက်ဖက်ချင်တဲ့ တခြားနိုင်ငံတွေက ပြောနေတာ မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းထဲက အလိုလိုထွက်လာတာ လည်း မဟုတ်ပါဘူး။ ဒါဟာ ဗမာပြည် ပြည်သူတွေရဲ့ လိုလားချက် ဖြစ်ပါတယ်။ အဲဒီလိုလားချက်ကို သူတို့က ထင်ဟပ်ကြတာပါ။

ဗိုလ်သန်းရွှေလိုပဲ အာဏာဂုဏ်နဲ့ မောက်မာလှတဲ့ ဗိုလ်နေဝင်းဟာ ၁၉၆၃ ခုနှစ်မှာ တွေ့ဆုံဆွေးနွေးရေး မျက်လှည့်ပြပြီးတဲ့နောက် ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ အပြတ်ပဲ ချတော့မယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒါပေမယ့် ၁၉၆၀-၇၀ ကနေ ၁၉၇၆ ခုနှစ်အထိ လူထုဆန္ဒပြပွဲတွေ အမျိုးမျိုးဆက်ဖြစ်လာတော့ ဗိုလ်နေဝင်း ပိုင်လှပါ တယ်ဆိုတဲ့ တပ်ထဲမှာ သူ့ကိုမကျေနပ်တာတွေ ပေါ်လာတယ်။ ဗိုလ်ကြီး အုန်း ကျော်မြင့်တို့ကိစ္စလို သူ့ကိုသတ်မယ့်ကိစ္စတောင် ပေါ်လာတာပဲမဟုတ်လား။ နောက်တော့ ၁၉၈၀ ခုနှစ်မှာ ဗကပ၊ ကေအိုင်အေတို့နဲ့ ဆွေးနွေးတာတွေ လုပ်ခဲ့ ရပါတယ်။ အဲဒီကနေ ဆက်ပြီး ရှစ်လေးလုံးလှုပ်ရှားမှုကြီး ပေါက်ကွဲထွက်လာတာ၊ ဗိုလ်နေဝင်း မျက်ရည်ကျရတာ၊ နန်းပေါ်က ဆင်းပေးရတာ၊ မဆလ ပါတီကို ဖျက်သိမ်းပေးရတာ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လုပ်ပေးရတာ စတာတွေဟာ တံခါးဖွင့်ပေးရရုံ ကလို့လား။

အခုလည်း တွေ့ဆုံဆွေးနွေးပွဲကို တံခါး ဘယ်နှစ်ထပ်ပဲ ပိတ်ထား ပိတ်ထား၊ လူထုက ဖွင့်ရင် မုချ ပွင့်လာမှာပါ။ တွန်းဖွင့်လို့မရရင် ဆောင့်ဖွင့်တန် ဖွင့်ရပါမယ်။ ဆောင့်ဖွင့်လို့မရရင် ဖောက်ခွဲဖွင့်ရပါမယ်။ လူထုဟာ အခြေအနေတွေကို အကဲခတ် စောင့်ကြည့်နေတာဖြစ်ပါတယ်။

တနေ့ကပဲ လူတယောက်က ဦးဝင်းတင်ကို… နအဖ က အလျှော့ပေးမှာ မဟုတ် တော့ဘူး၊ အံတုမနေနဲ့တော့၊ ရင်မဆိုင်နဲ့တော့၊ ရွေးကောက်ပွဲသာ ဝင်ပေတော့ ဆိုတဲ့အဓိပ္ပါယ်မျိုးပြောတာ ကြားလိုက်ရပါတယ်။ ဒါဟာ နအဖ က တံခါးကြီးကို ဖွင့်မပေးဘဲ တင်းခံထားတဲ့အတွက် သူဖွင့်ပေးထားတဲ့ ခွေးတိုးပေါက်က ဝင်ရမယ် လို့ ပြောနေတာဖြစ်ပါတယ်။ ခြင်္သေ့ဟာ မြက်မစားဘူးဆိုတာ အဲဒီလူ မသိလို့ပါ။

တချို့လူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေရဲ့ ခေါင်းထဲမှာ ဘာရှိသလဲ၊ ဘာတွေပြင်ဆင်ထားသလဲဆိုတာ သိရအောင် တမင်ပဲ ဆွနေသလား ဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဒါမျိုးတွေကို “စကားဝိုင်း”တွေမှာ မကြာခဏ မြင်တွေ့ရပါတယ်။ တကယ်ကျတော့ အဲဒီလို ဆွတဲ့လူတွေဟာ နအဖ အလိုကျ လုပ်တာ မဟုတ်ဘူးဆိုရင် နိုင်ငံရေးအပါးမဝသေးတာကို ဖော်ပြနေတာပဲ ဖြစ်ပါ တယ်။ ဒါဟာ စစ်အုပ်စုရဲ့ ဖက်ဆစ်လုပ်ဟန်ကြောင့် ဗမာပြည်နိုင်ငံရေး၊ နောက်ပြီး စာပေအနုပညာလောကမှာ ခေတ်စားလာနေတဲ့ လုပ်ဟန်တခု ဖြစ်ပါတယ်။ အဲဒါ က သခင်အားကိုးနဲ့ သဘောထားမတူသူတွေကို ဆွတာ၊ ရန်တိုက်တာတွေ လုပ် တာပဲဖြစ်တယ်။ သတ္တိကောင်းလှသူတွေလို့ ဆိုနိုင်သပေါ့။

ဒါပေမယ့် ပြန်စဉ်းစားသင့်တာကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက် လာတဲ့အခါကျတော့ သန်းဂဏန်း စာရင်းပြထားတဲ့ မဆလ ပါတီဝင်တွေ ဘာဖြစ် သွားတယ်ဆိုတာပါပဲ။ ။
၊ဗသြ၊

Read More...