
အရက်သမားရယ်လို့လည်း
အတွက်မမှားလိုက်ပါနဲ့
တခွက် တဖလားတောင်မှ
အရှက်တရားနဲ့
ရက်ခြားခြားမျိုသမို့
အို့…နံသလားကွဲ့ရှင်မ
မခံစားချင်လှရင်လည်း
ဉာဏ်ကစားကာ တင်ပြမယ်
နင်ခဏတာ နှလုံးသွင်း…
"နံလိုက်လေခြင်း…နံလိုက်လေခြင်း"လို့
သည်းခံခြင်း ဝိပဿနာအမှုနဲ့
ကြည့်မှတ်ကာ ရှုပေရော့
တခါကပေါ့…
"တော့်ဖာသာပြော
(ဟောရင်းသာ ပျံလွန်တော်မူမည်
ဆံဖြူဖြူတခွက်ကယ်မျှ
ထွက်လိမ့်မည်မထင်)…"
ကြင်နာလှချည်လား ရှင်မရယ်
အရင်ညက ဖရဲသီး
ပွဲပြီးအောင်တောင် မစောင့်
ငါ့မှာဖြင့် စနိုးစနောင့်နဲ့
အောင့်သက်သက်ကြီးကွာ…
တကယ်ပါ ဒီတခါ
ရယ်စရာ နိဂုံးမို့
ပြုံးနေမှာ မင့်မျက်နှာ
သေချာပါတယ်…
ဒီလိုကွယ် တခါက
ဧရာမ ဆင်ကြီးတကောင်
တောင်နှစ်လုံးကြားက
ချောက်ကမ်းပါးတခုကို
အိုမင်းရိရွဲ့
ယိုင်နဲ့နေတဲ့ ကြိုးတံတားနဲ့
ကိုးယိုးကားယား ဖြတ်သွားသတဲ့…
မြင်ရဲ့လား မျက်စိထဲ
ကဲကဲ…ဒီလိုကြည့်…
ဘယ်အိတော့…ညာပြောင်း
ညာစောင်းတော့…ဘယ်ချ
ဘယ်ကျတော့…ညာမြောက်
ညာထောက်တော့…ဘယ်မြင့်
သစ်ရွက်ကြွေ လေမှာလွင့်သလို
ဟိုယိမ်း ဒီနွဲ့နဲ့
ကိုယ်အထိန်းသာ မညီခဲ့ရင်
ရှင်မရယ်…
အောက်မှာကလည်း
နည်းတဲ့ချောက်ကြီးမှမဟုတ်တာ
အသူတရာ မဟူရာမှုန်းသလို
အဖြူအပြာ အငူလွှာအဆုံးကို
လုံးလုံးမမြင်ရဘူးကွဲ့…
ဒါပေမယ့် သူ့ခမျာ
လာလမ်းကိုလည်း မလှည့်နိုင်
ထိုင်နေလို့ကလည်း မဆန့်
ကလန့်ကလား မတန့်မနားဘဲ
အရဲတင်းလျှောက်
ဘယ့်ကလောက် ရင်ခုန်လိုက်မလဲ…
နည်းနည်းချင်းလှမ်း
အရဲအတင်း ကြမ်းလို့ကတော့
လွမ်းစရာလေးပေါ့ ရှင်မရယ်…
ဆင်မယဉ်သာ ဆိုသလို
အညင်တကာ့ အညင်သာလှမ်း
ဒီလိုနဲ့ ဟိုဖက်ကမ်းကို
စမ်းမိတဲ့အခါမှာတော့…
ပေါ့ပါးစွာ သက်ပြင်းအချ
ဘယ်တုန်းက ဘယ်လို
ခိုကပ်ပါလာတယ်မသိ
နားထဲမှာ ယားကျိယားကျိနဲ့
ပိစိကွေး ပုရွက်ဆိတ်
သူ့ကိုလာ မိတ်ဆက်သတဲ့…
"ကျုပ်နဲ့ခင်ဗျား
ဖြတ်လျှောက်သွားလိုက်တာ
ဗျာ… တံတားကြီးကို လှုပ်ရမ်း
တကယ့် စွန့်စားခန်းကြီးပါပဲ"…တဲ့
ကဲ…ဘယ့်နှယ့်လဲရှင်မ
ကျင့်သားရသွားပလား
လင့်တရားဓမ္မတွေနဲ့
အရင့်အခါးဘဝတွေကို
ကစဥ့်ကလျား လွင့်ပါးစေပြီး
မညည်းမငြူ ခရီးအတူဆက်ရှာတဲ့
အမြည်းမဟူ သည်းအူသက်လျာရဲ့
တရက်တခါ ပက်စရာ အရက်မှာ ရေနှင့်ရော
မတတ်သာ စွက်ကာ အမျက်အနာတွေဖြင့်ပေါ့…။ ။
-နေမင်းနီ-
(ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။)
No comments:
Post a Comment