10 March 2009

ဖက်ဆစ်တော်လှန်ရေး အမှတ်တရ (ဝင်းတင့်ထွန်း)

၊တော်လှန်ရေး မစမီ၊

‘ရဲဘော်သိန်းတန်’…တဲ့
တော်လှန်တဲ့ သူရဲကောင်းဟာ
ခေါင်းတခြား ကိုယ်တခြား
ဖက်ဆစ်များရဲ့ဓါးချက်အောက်
မတွန့်မဖောက် စတေးခံ
အမိနိုင်ငံအပေါ် သစ္စာရှိ
စစ်ကိုင်းတံတားကြီး သိပါတယ်…
ဧရာဝတီ ငိုခဲ့ရတဲ့ အဲဒီနေ့
ဘယ်တော့မှ မမေ့ကြဖို့ မှတ်တမ်းတင်ထားပါ…။


လက်ပံတန်း ဦးဘတင်ကနေ
သခင် သခင်မ
အာရှလူငယ်များ အပါအဝင်
ရဟန်းရှင်လူ အမြောက်အများ
ကင်ပေတိုင်များရဲ့လက်ချက်အောက်
အသက်ပျောက်ခဲ့ရတာတွေလည်း မနည်းလှ
ရင်နာစရာ ကောင်းလှတယ်…။

၊တော်လှန်ရေးနိဒါန်း၊

ပဲခူး စံပြတပ်ရင်းက
တပ်ရင်းမှူး ဗိုလ်ကျော်ဇောရဲ့ကုတင်ပေါ်မှာ
သခင်စိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်း
ရည်မှန်းချက်ရှိရှိ ပြင်ဆင်ကြရာက
‘ဖတပလ’ဆိုတဲ့ သန္ဓေသား
ဖက်ဆစ်လှံစွပ်ကြားမှာ အခြေတည်
ကလလရေကြည် စခဲ့တယ်…။

ကွန်မြူနစ်ပါတီ
ဗမာ့တပ်မတော်
ပြည်သူ့အရေးတော်ပုံပါတီ
ဟန်ချက်ညီညီ ပေါင်းစည်း
‘ဖဆပလ’ကြီး ပေါ်ထွန်းလာခဲ့တယ်…။

၊တော်လှန်ရေးကြီးအတွင်း၊

‘လွတ်လပ်မှ အမျှဝေပါ…’တဲ့
ကြေကွဲစွာ မှာကြားရင်း
အံကိုတင်းပြီး အသက်ပေး
မော်ကွန်းရေးသွားကြတဲ့ အာဇာနည်တွေဟာ
ဟောဒီ…တော်လှန်ရေးကြီးထဲမှာပါ…။

“ငါတို့အရိုးတွေပေါ်မှာ
ခေါင်းပေါင်းစတွေ တထောင်ထောင်နဲ့
နိုင်ငံရေးခေါင်းဆောင်တွေ စည်းစိမ်ခံ
တော်လှန်ရေးအပေါ် သစ္စာဖောက်
လွတ်လပ်ရေးလမ်းကြောင်း ပျောက်ခဲ့ရရင်
ရောက်ရာဘဝကနေ ကမ္ဘာမကြေ
လက်စားချေသွားမယ်ဟေ့…”လို့ ကျိန်စာတိုက်
သေနတ်ကို ပိုက်ပြီး စစ်မြေအတွင်း
ရင်မြေကတုတ်ခင်းပြီး ရှေ့ကိုတက်
အသက်နဲ့လဲပြီး စွန့်ခဲ့ကြ
ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေဟာ
ဟောဒီ…တော်လှန်ရေးကြီးထဲမှာပါ…။

နိုင်ငံရေးသမား
တပ်မတော်သား
အလုပ်သမား - လယ်သမား
ကျောင်းသားနဲ့ ရဟန်း
နိုင်ငံတဝှန်းက မျိုးချစ်တွေ
ကျရာနေရာကနေ ပါဝင်ပြီး
ဟောဒီတော်လှန်ရေးကြီးအတွင်း စွန့်ခဲ့တာ
အမိဗမာပြည်ရဲ့လွတ်မြောက်ရေး
လွတ်လပ်ရေးကြီးအတွက်သာမက
လောကပါလနဲ့ ဗြဟ္မစိုရ်တရား
တရားမျှတမှုနဲ့နိုင်ငံတော်
ပေါက်ဖွားပေါ်ထွန်းလာရေး ဖြစ်ပါတယ်…။

၊တော်လှန်ရေးအပြီး - လွတ်လပ်ရေးကြီးနောက်၊

ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ဂုဏ်အရှိန်နဲ့
အဟုန်တထိန်ထိန် ဆက်ပြီးသွေး
လုံးဝလွတ်လပ်ရေးဆီ ဆက်ပြီးရှု
မျက်မှောက်ပြုနိုင်ကြတော့တဲ့အချိန်မှာ…..

ပထမဆုံးသော လွတ်လပ်ရေးနေ့အထိမ်းအမှတ်
အလံတော်တဖျပ်ဖျပ် စင်မြင့်ထက်
အကျအန တက်ပြီးထိုင်နေကြ
‘လွတ်လပ်သော မြန်မာနိုင်ငံတော်အစိုးရ’…တဲ့
ခေါင်းပေါင်းစ တထောင်ထောင်နဲ့
အဆောင်အယောင်တွေ အပြည့်ဆွဲ
အိနြေ္ဒကြီး တခွဲသားနဲ့လူတွေထဲ
ဖက်ဆစ်တော်လှန်ရေးကြီးထဲတုန်းက ပါဖူးသူ
လူဆယ်ဦး ပြည့်အောင်တောင်မရှိ ဆိုပါကလား…။

လွတ်လပ်ရေး ကြေညာပြီးစ
ဖက်ဆစ်တော်လှန်ရေးနေ့ ညစာစားပွဲကြီး
စားပြီးလို့မှ လက်မခြောက်သေးချင်
ရင်နာစရာ မိုက်ရိုင်း
သမိုင်းတကွေ့အဖြစ်
ပြည်တွင်းစစ်
တရားခံအစစ်တွေဟာ ဘယ်သူလဲ
တရားခံအစစ်တွေဟာ ဘယ်သူလဲ…။

ဖက်ဆစ်တော်လှန်ရေး သူရဲကောင်း
နိုင်ငံ့သားကောင်းတချို့
သူပုန်လို့ အမည်တွင်
သောင်းကျန်းသူလို့ စာရင်းတင်
ကမ္ဗည်းဆင်သွားခဲ့ရ
ရိုင်းလှတဲ့အဖြစ်
တရားခံအစစ်တွေက ဘယ်သူလဲ…။

ခုချိန်ထိလည်း
ကြေကွဲစရာ အဖြစ်ဆိုးနဲ့
ရင်ကျိုးစရာတွေချည်း ကြုံနေရ
ဖက်ဆစ်ဟောင်းကနေ ဖက်ဆစ်လက်သစ်
စစ်အာဏာရှင်စနစ်အလီလီရဲ့လက်အောက်
မိုးမသောက်နိုင်သေးတဲ့ နိုင်ငံတော်
လင်းကြက်ဆော်ဖို့ ဝေးနေဆဲ
ရောင်နီပေါ်ဖို့ ဝေးနေဆဲ…။

ဖက်ဆစ်တော်လှန်ရေး သူရဲကောင်းတို့ရဲ့ကျိန်စာ
မှာတမ်း
ရည်မှန်းချက်
ပျက်ခဲ့ပြီလော…ပြည့်ပြီလော
အတိတ်တောအုပ်ထဲက ပဲ့တင်သံ
တညံညံ ကြားနေရ
မတ်လ ရောက်တိုင်း ပိုကျယ်လာ…။

ဟိုတုန်းက
ဖက်ဆစ်တော်လှန်ရေးရဲ့အောင်ပွဲကို
အရှက်နည်းသူတွေက အချောင်ပိုက်
ကြောင်တောင်နှိုက်တာ ခံခဲ့ရသလို
အခုကျတော့
စစ်ဓါးပြတွေက မောင်ပိုင်စီး
တော်လှန်ရေးနေ့ကြီးရဲ့နေရာ
စစ်တပ်နေ့ကြီးပါလို့ အတင်းထူ
သူခိုးတွေက လူလူဟစ်
ဖက်ဆစ်
လက်သစ်…။

မူလဖက်ဆစ်တော်လှန်ရေးကြီးရဲ့ပဲ့တင်သံ
တကျော့ပြန် ကြားနေရဆဲ…
ဒုတိယ ဖက်ဆစ်တော်လှန်ရေးကြီးအတွက်
ရက်ချိန်း ထပ်မံရွေးကြရဦးမလား
သမိုင်းဒဏ်ရာများနဲ့ အမိပြည်
မျက်ရည်ရှိုက်သံ မဆုံးနိုင်သေးပါတကား…။ ။

၊ဝင်းတင့်ထွန်း၊
၁၈၊ ၁၊ ၂ဝဝ၅
(မှတ်ချက်။ ။၂ဝဝ၅ ခုနှစ်က ဖက်ဆစ်တော်လှန်ရေးနေ့ အနှစ် ၆ဝ ပြည့်အတွက် အမှတ်တရ ရေးခဲ့ ဖော်ပြခဲ့တဲ့ကဗျာ)

Read More...

သိက္ခာနှစ်ထပ်နဲ့လူ (ဝင်းတင့်ထွန်း)

(၁)
ငါဟာ
လေးစားအပ်စရာ ဂုဏ်ဒြပ်နဲ့
သမိုင်းဆိုတဲ့ ဇာတ်ခုံပေါ်မှာ
သိပ်အရေးပါလှတဲ့ကောင်တော့ မဟုတ်ပါဘူး…။

ဒါပေမယ့်
နိုင်ငံရေးအပေါ်ထားတဲ့ ငါ့သစ္စာ
အနုပညာအပေါ်ထားတဲ့ ငါ့သစ္စာ
ရင်ထဲမှာ အစဉ်မပြတ်
“သိက္ခာနှစ်ထပ်နဲ့လူ ဟေ့”
ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု
အမြဲဂရုပြုပြီး ခံယူထားခဲ့တယ်…။


(၂)
‘လူဟာ
နိုင်ငံရေးသတ္တဝါ’…တဲ့
ရိုးသားစွာ လက်ခံ
အဲဒီစံအတိုင်း
နိုင်ငံရေးသမားတပိုင်းဖြစ်တဲ့ငါ
နိုင်ငံရေးလှုပ်ရှားမှုများစွာမှာ ပျော်ဝင်
အမိနိုင်ငံရဲ့သမိုင်းစဉ်မှာ
(သမိုင်းဝင်ပုဂ္ဂိုလ်တယောက် မဟုတ်ပေမယ့်)
ရောက်ရာအရပ်ကနေ ထမ်းသယ်ပိုး
သမိုင်းကွေ့ချိုးတိုင်းမှာ … ငါပါတယ်…။

ယုံကြည်ချက်အတွက်
အသက်နဲ့ လောင်းကြေးထပ်
စိတ်ဓါတ်ကို တံခွန်ထူ
ပြည်သူအပေါ် သစ္စာရှိ
အမိနိုင်ငံကို ငါချစ်ရင်း
နေဝင်းရဲ့မဆလ
ရာဇာပလ္လင်ပေါ်ကနေ ပြုတ်ကျရေး
ဘဝတွေ စတေးပြီး တိုက်ခဲ့ကြ
ပြင်းထန်လှတဲ့ တိုက်ပွဲဒီရေစီးတလျှောက်
ငါတယောက်လည်းပဲ ပါပါတယ်…။

မဆလရဲ့
မလှပတဲ့ ခေတ်တလျှောက်
ဒူးမထောက်တမ်း တိုက်ခဲ့ကြ
ဆန့်ကျင်ခဲ့ကြတဲ့သူတွေထဲ
ငါတယောက်လည်းပဲ ပါပါတယ်…။

မဆလရဲ့
မလှပတဲ့ ခေတ်တလျှောက်
ဒူးမထောက်တမ်း တိုက်ခဲ့ကြ
ဆန့်ကျင်ခဲ့ကြတဲ့သူတွေထဲ
ဘယ်သူတွေပဲ ပါသလဲ
ရဲရဲပြောစမ်းပါ…။

အဲဒီထဲမှာ
ငါတို့ပါတယ်
ငါပါတယ်…။

ငါဟာ
စစ်အာဏာရှင်စနစ်ကို မုန်းခဲ့တယ်
အဲဒီအတွက်
ရက်စက်တဲ့ မဆလ က
အလှပဆုံး ဆီးလ်တံဆိပ်နဲ့
ခပ်နှိပ်ပြီး ဆုချ
ငါ… ဆုတဆု ရခဲ့တယ်…
ရခဲ့တဲ့ ဆုလာဘ်
နှလုံးသားနဲ့ မှတ်တမ်းတင်
ထာဝစဉ် ဂုဏ်ယူစရာပ
ပုဒ်မ ‘၅/ည’… တဲ့
ငါးည မက
ငါးလ မက
လကနေ နှစ်တွေဆောင်း
ရက်ပေါင်း ထောင်ကျော်စွာ
နရသိန်ထဲမှာလည်း စံခဲ့ဖူးပါတယ်…။

တရားရုံးမှာ
ထောင်ထဲမှာ
စစ်ကြောရေးမှာ
ညှဉ်းပန်းရေးစခန်းမှာ
ရောက်လေရာမှာ အရှုံးမပေး
နှလုံးသွေးနဲ့ သက်သေတင်
(နေဝင်း စစ်ခွေးမှန်သမျှ)
ဆန့်ကျင်ခဲ့ပါတယ်…။

၁၉၈၈
ပြည်သူချစ်တဲ့ ကျောင်းသားတွေက
အသက်သွေး မြေကျခံ စတင်လိုက်တဲ့
တိုက်ရဲသူ ပြည်သူတရပ်လုံးရဲ့
အကြီးမြတ်ဆုံးသော မှတ်တိုင်သစ်
ရှစ်လေးလုံး အရေးတော်ပုံကြီး
မြေတုန်ဟီးအောင် ပေါ်ထွန်းလာတဲ့အခါမှာလည်း
ငါ… ဂုဏ်ယူစွာနဲ့ ပါခဲ့တယ်…။

ပြည်သူတွေရဲ့စိတ်ဓါတ်ကို
သေနတ်နဲ့ဖြိုခွင်း
နေဝင်းရဲ့အိမ်တော်ပါ
တောကြောင်တကောင် တက်လာပြီး
ဗမာပြည်ကို အမှောင်ချ
‘နဝတ’တဲ့
မဆလရဲ့မယားပါသား
မတရား မင်းမူ
ပြည်သူအပေါ် ဗိုလ်ကျ
တဖက်က သေနတ်
တဖက်က ပါးစပ်နဲ့
မအပ်မရာတွေ ဟောလိုဟော
မတတ်တာတွေ ပြောလိုပြော
တသောသော တညောင်ညောင်နဲ့
မာရှယ်လောကို အလံထောင်ပြီး
မျက်နှာပြောင်ပြောင်နဲ့ အုပ်စိုးနေချိန်မှာလည်း
ငါဟာ
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်
စစ်ဘုရင်များကို ဖြိုချရေး
ဒီမိုကရေစီအရေးတွေအတွက် ပါခဲ့တယ်…။

ပြည်သူတွေရဲ့ဆန္ဒပန်း
လှပစွာ ပွင့်လန်းရေး
ဘဝပေးပြီး ငါဆောင်ရွက်
ပြည်သူဘက်က ငါရပ်တည်
ငါ့တိုင်းပြည်ကို ငါချစ်တယ်…။

ငါ့တိုင်းပြည် သာစေကြောင်းအတွက်
ပြည်သူ့သံဃာအပေါင်းကို ငါဦးတင်
ခွပ်ဒေါင်းရှင်လေးများကို ငါအားဖြည့်
ဇွဲသတ္တိနဲ့ ငါရွက်ဆောင်
ဒေါင့်စုံအောင်လည်း ထမ်းခဲ့ဖူးပါတယ်…။

အဲဒီတွေအတွက်
လက်နက်နဲ့ နဝတ
မုန်းမာန်ရှ ရန်ငြိုးဆင်
သတင်းစာရှင်းလင်းပွဲတွင် ထည့်ပြီးပြော
တောရော မြို့ပါအနှံ့ လိုက်ဖမ်းပြီး
မဲမဲမြင်ရာ ထင်ရာရမ်းတော့
ငါ… ဝရမ်းပြေးဘဝလည်း ရောက်ခဲ့ရဖူးပါတယ်…။

ဒါပေမယ့်
ဘာတွေနဲ့ပဲ ဖြစ်ခဲ့စေ
ဘယ်ဘဝအခြေရောက်ရောက်
ဘယ်ဒေသတွေပေါက်ပေါက်
မပျောက်နိုင်တဲ့ ငါ့စိတ်ဓါတ်
အပြတ်သားဆုံး ဆက်ပြီးထူ
ငါ့ပြည်သူကို ငါချစ်တယ်…။

ငါ့ပြည်သူအတွက်
ပေးဆပ်နိုင်သမျှ ပေးသွားမယ်…။

ငါ့တိုင်းပြည်အတွက်
ထမ်းရွက်နိုင်သမျှ ထမ်းသွားမယ်…။

ငါဟာ
ဘာကောင်မှတော့ မဟုတ်ပါဘူး
ဒါပေမယ့်
ဒီမိုကရေစီကို ငါလိုတယ်
ငြိမ်းချမ်းရေးကို ငါကြိုမယ်
အမျိုးသားသွေးစည်းညီညွတ်ရေးကို ငါဆိုမယ်…။

(၃)
ဒီမိုကရေစီကို ငါလိုတယ်…
ဒီမိုကရေစီ
ဘာဒီမိုကရစီလဲ
ဘယ်လိုဒီမိုကရေစီလဲ
ခွဲကြည့်ချင် ခွဲကြည့်
တွဲကြည့်ချင် တွဲကြည့်
(ရိချင်ရိ…ကလိချင်ကလိ)
အဖိနှိပ်ခံ ပြည်သူတရပ်လုံးရဲ့
ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး
မွေးရာပါ ရပိုင်ခွင့်
ရှိသင့်ရှိထိုက်တဲ့ လိုအပ်ချက်
အမှန်တရားအတွက် ရှင်သန်ရန်
အာမခံနိုင်မယ့် ဒီမိုကရေစီ
အဲဒီ ဒီမိုကရေစီမျိုး … ငါလိုတယ်…။

ဒီမိုကရေစီဆိုတာ
အင်္ဂါကြီးက ဘယ်နှစ်ရပ်
မှတ်ကျောက်ကြီးက ဘယ်နှစ်ခု
စံပြုရမှာက ဘယ်လိုဟာ
ဘာ ညာ
ဘာကမှ မပြောချင်
စစ်အာဏာရှင် ဖက်ဆစ်အောက်က
ဒို့ပြည်သူတွေ လွတ်မြောက်ရေး
ဒီမိုကရေစီရေးကို တောင်းဆိုတယ်…။

ငြိမ်းချမ်းရေးကို ကြိုဆိုမယ်…
ဘာငြိမ်းချမ်းရေးလဲ
ဘယ်လိုငြိမ်းချမ်းရေးလဲ
ပြည်တွင်းစစ် ရပ်စဲရေး
ပြည်တွင်းငြိမ်းချမ်းရေး
ကမ္ဘာ့ငြိမ်းချမ်းရေးအထိ ဆိုလိုတယ်…။

ဒို့နိုင်ငံမှာ
ပြည်တွင်းစစ်ကြီးဟာ ကြာပါပြီ…။

တိုက်ပွဲနဲ့ ယမ်းနံ့
သွေးနံ့နဲ့ ဗုံးမိုး
အဆိပ်ခိုးနဲ့ စစ်တလင်းပြင်
အမိရင်ပြင်တလျှောက်
သွေးပေါက် သွေးစက်တွေလည်း ထပ်နေပြီ…။

ယမ်းနံ့နဲ့ အဆိပ်ခိုး
ဗုံးမိုးနဲ့ သွေးစက်တွေကြား
မြေဇာပင် ပြည်သူများရဲ့ဘဝ
ဒုက္ခပင်လယ်အတိလွှမ်း
စိတ်ဝမ်းကြေကွဲစရာ
ဒဏ်ရာဗလပွနဲ့ အမိနိုင်ငံ
ကျည်သင့်ခံခဲ့ရတဲ့ အမေ့နှလုံး
ဘယ်တော့မှ ပြုံးနိုင်မှာလဲ
ရင်ထဲမှာ မျှော်လင့်ရင်း
ပြည်တွင်းစစ်ဖြစ်ခဲ့ရတဲ့ အတိတ်ကြောင်း
ပြန်ပြောင်းကြည့်ကြပါ…။

လွတ်လပ်ရေးကြေညာစာတမ်း
ရှင်လူရဟန်းတို့ ဖတ်ကြည့်ဆဲ…
ဖက်ဆစ်တော်လှန်ရေးနေ့ ညစာစားပွဲကြီး
စားပြီးလို့ လက်မသုတ်ရသေးခင်
ဘဝရှင်မင်းတရား
အာဏာရှင်ရူးများရဲ့ပယောဂနဲ့
ပြည်တွင်းစစ်ကြီး စခဲ့ရပါတယ်…။

လွတ်လပ်ရေးကြီးရဲ့ရသကို
ခေါင်းပေါင်းစ တထောင်ထောင်နဲ့
အဆောင်အယောင်တွေ အပြည့်ဆွဲ
ဘယ်သူတွေပဲ ခံစားကြပါသလဲ…။

လွတ်လပ်ရေး
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားလွတ်မြောက်ရေး
အမိနိုင်ငံရဲ့အရေးတွေအတွက်
အသက်ကိုစွန့်လှူ
ပြည်သူအပေါ် သစ္စာရှိ
ကိုယ်ကျိုးမကြည့်တမ်း စွမ်းဆောင်ခဲ့
အမေချစ်တဲ့ အမေ့သားအချို့
‘သူပုန်’လို့ အကြေညာခံရ
သူပုန်ဘဝကို ရောက်ရတယ်
သူပုန်လမ်းကို ရွေးရတယ်…။

ဖိနှိပ်မှုတွေ ရှိတဲ့အခါ
အုံကြွမှုဟာ တရားပဲ…။

လွတ်လပ်ရေးကြေညာစာတမ်းမှာ
တခမ်းတနားဖော်ပြ
‘လောကပါလ’
‘ခွင့်တူညီမျှ’ဆိုတဲ့စကားလုံး
သေဆုံးကြေမွ
လက်တွေ့ဘဝနဲ့ မကိုက်ညီ
ယုံကြည်မှုတွေ ကွဲပြား
ကွာဟမှုတွေ ကြီးမားလာတဲ့အခါ
လက်နက်ကိုင်ထားတဲ့ အုပ်စိုးသူကို
မျက်နှာမူ ရင်ဆိုင်ဖို့
လက်နက်ကိုင်တော်လှန်ရေးမျိုးစုံ ပေါက်ဖွား
ချောက်ကမ်းပါးထဲထိ သေနတ်သံ
တောလုံးညံအောင် အနှံ့ဆက်
ချိုးငှက်ကူသံ ပျောက်ခဲ့ရ
ပြည်တွင်းစစ်မီး တောက်ခဲ့ရပါတယ်…။

အဲဒီတော့
ဒီပြည်တွင်းစစ်မီး
စပြီး ဖန်တီးသူဟာ
ဘယ်သူတွေပါလဲ…။

ဒီပြည်တွင်းစစ်ကြီးကို အရှိန်မြှင့်
ဒဏ်ရာဆင့်အောင် လုပ်ကြတာ
ဘယ်သူတွေပါလဲ…
ဒီပြည်တွင်းစစ်ကြီးကို လက်ညှိုးထိုးပြီး
စစ်တန်ခိုးတွေ ထပ်ပြီးထောင်
စစ်ခေါင်းဆောင်တွေ အာဏာထူ
ပြည်သူကတော့ မွဲပြာကျ
ချမ်းသာသွားကြသူတွေဟာ
ဘယ်သူတွေပါလဲ…ဘယ်သူလဲ…။

ပြည်တွင်းစစ်နဲ့လုပ်စား
ပြည်တွင်းစစ်နဲ့ တန်ခိုးထွား
ကြီးပွားနေကြသူတွေကတော့
ပြည်တွင်းစစ်အား မွေးထားချင်
ငြိမ်းချမ်းရေးဆိုရင် “လက်နက်ချ”တဲ့
တရားမျှတနိုင်မယ့် ငြိမ်းချမ်းရေး
စစ်မာန်သွေးနဲ့ ဖြိုနေတယ်…။

နိုင်ငံရေးကြောင့် ဖြစ်တဲ့ပြဿနာ
နိုင်ငံရေးနဲ့ အဖြေရှာလို့ရပါတယ်…
နိုင်ငံရေးကြောင့်ဖြစ်တဲ့ ပြည်တွင်းစစ်
နိုင်ငံရေးအရင်းအမြစ်ကို အခြေခံ
မှန်မှန်ကန်ကန် အဖြေရှာရင်း
ပြည်တွင်းစစ် ရပ်စဲရေး
ပြည်တွင်းငြိမ်းချမ်းရေးဟာ လိုပါတယ်…။

တရားမျှတ
ပြည်သူ့ဆန္ဒလည်း ကိုက်ညီစွာ
အမိနိုင်ငံ သာစေကြောင်း
သွန်းလောင်းပြီး ပုံဖော်သွေး
စစ်မှန်တဲ့ငြိမ်းချမ်းရေးမျိုးကို ငါကြိုတယ်…။

အမျိုးသားသွေးစည်းညီညွတ်ရေးကို ငါဆိုမယ်
အမျိုးသားသွေးစည်းညီညွတ်ရေးဆိုတာ
နိုင်ငံတိုင်းမှာ အလိုအပ်ဆုံး
အခိုင်မာဆုံး တည်ဆောက်
ထွန်းတောက်ရှင်သန်နေဖို့ လိုပါတယ်…။

သွေးစည်းမှု ပျက်လေတိုင်း
နိုင်ငံ့သမိုင်းဟာ အကျည်းတန်
ဘေးရန်ပေါင်းစုံ သင့်ရတယ်…
သွေးစည်းမှု တက်လေတိုင်း
နိုင်ငံ့သမိုင်းဟာ ခြိမ့်ခြိမ့်ညံ
အောင်ပွဲသံတွေ ဝေခဲ့တယ်…။

တန်းတူမှု
ညီမျှမှု
တရားမျှတမှုအပေါ် အခြေခံ
အမိနိုင်ငံတခုလုံးပေါ် သစ္စာထား
ပြည်သူတရပ်လုံးရဲ့အကျိုးစီးပွားများအတွက်
အမျိုးသားသွေးစည်းညီညွတ်ရေးဟာ လိုအပ်တယ်…။

ခြစားတဲ့ ‘ပြည်တော်သာ’
‘ခေတ်ပြောင်းတော်လှန်ရေး’ဆိုတာနဲ့
‘စပ်ကူးမတ်ကူးကာလ’ဆိုတာတွေကြား
ပြည်သူများရဲ့ဘဝ
နင်းပြားဘဝက ရှေ့မတက်
တိုင်းပြည်ကြီးလည်း ပျက်လုခမန်း ဖြစ်နေပြီ…။

နိုင်ငံတော်သစ် တည်ဖို့ရာ
အမျိုးသားသွေးစည်းညီညွတ်ရေးဟာ
အုတ်မြစ်ဖြစ်ပါတယ်…။

နိုင်ငံတော်ရဲ့အနာဂတ်အတွက်
စစ်အာဏာရှင်စနစ်ဟာ အန္တရာယ်…။

အမျိုးသားသွေးစည်းညီညွတ်ရေး တည်ဖို့ရာ
ပြည်တွင်းစစ်ပြဿနာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြရမယ်…။

ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ရာ
ဒီမိုကရေစီဟာ
အခြေခံလိုအပ်ချက် ဖြစ်ပြန်တယ်…။

ဒီမိုကရေစီသစ် တည်ဖို့ရာ
ပြည်တွင်းငြိမ်းချမ်းရေးဟာ လိုပြန်တယ်…။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး
ဒီမိုကရေစီအရေး
ငြိမ်းချမ်းရေး
အမျိုးသားသွေးစည်းညီညွတ်ရေး
ဘုံအရေးတော်ပုံကြီးဟာ ပူးနွှယ်ဆက်
အမိနိုင်ငံအတွက် မနက်ဖန်
ရင်ခုန်သံနဲ့မျှော်ရည်ရင်း
ခြေလှမ်းပြင်းပြင်း ငါလျှောက်ရဦးမယ်…။

(၄)
ငါဟာ
အနုပညာသမားတယောက် ဖြစ်ပါတယ်…။

အနုပညာကို မြတ်နိုး
အနုပညာမျိုးစေ့ နှလုံးသားနဲ့
ပြည်သူကြားမှာ
ငါ မွေးဖွားလာခဲ့တယ်…။

ငါ့အမိ ငါ့အဖ
ငါ့ဘဝ
ဆင်းရဲလှပါတယ်…။

ငါ့ရပ်…ငါ့မျိုး
ကျေးတောမျိုးမို့
ချို့တဲ့လှစွာ
ဖြတ်သန်းလာရ
ငါ့ဘဝ
နွမ်းပါးလှပါတယ်…။

ဒါပေမယ့်
အနုပညာတော့ မဆင်းရဲ
ဘဝမွဲပေမယ့် ချမ်းသာပါတယ်…။

အနုပညာကို တန်ဖိုးထား
အနုပညာနှလုံးသားနဲ့ရှင်သန်
ဘဝပင်လယ်အတွင်း ငါကူးခတ်
လန်းဆတ်တဲ့ အနုပညာပန်းပွင့်များ
ငါ့ပြည်သူအား နှင်းအပ်ဆက်
အနာဂတ်အတွက် ပန်းတွေပျိုး
အနုပညာမိုးကြီး ရွာလိုက်ချင်
ပန်းပေါင်းတရာ အလှဆင်စေရေး
နှလုံးသွေးနဲ့ လောင်းပါ့မယ်…။

(၅)
နှလုံးသွေးနဲ့ ဖြည့်လောင်းထားတဲ့
ကလောင်တချောင်းရဲ့ထိပ်ဖျားက
စီးကျလာတဲ့ အနုပညာတရပ်ဟာ
ဟောဒီကမ္ဘာတခုလုံးကို ရနံ့ခင်း
ဖြန့်ခင်းပစ်လိုက်နိုင်တယ်လို့ ငါယုံတယ်…။

အနုပညာတရပ်ရဲ့စွမ်းအားဟာ
ဒါးမြှောင်တလက်ရဲ့အစွမ်းထက်လည်း ကြီးပါတယ်…။

အနုပညာတရပ်ရဲ့စွမ်းအားဟာ
တီအန်တီယမ်းအား အသိန်းအသောင်းနဲ့
မီဂါတန်ဗုံး အလုံးပေါင်းများစွာထက်လည်း ပြင်းနိုင်တယ်…။

အနုပညာဆိုတာ နေတစင်း
အနုပညာဆိုတာ လတစင်း
အလင်းပေါင်းများစွာကိုလည်း စေနိုင်တယ်…။

ဒါကြောင့်…ငါဟာ
အနုပညာကို တန်ဖိုးထား
အနုပညာသမားတယောက် ဖြစ်ရတာ
ဝမ်းသာစွာနဲ့ ဂုဏ်ယူတယ်…။

နိုင်ငံရေးသမားတယောက်အနေနဲ့
မျက်မှောက်ခေတ်ရဲ့နိုင်ငံ့သမိုင်းကို
ကျရာအပိုင်းကနေ ကုန်းရုန်းထမ်း
ခရီးကြမ်းကြီး လျှောက်ခဲ့ဖူးသလို…
အနုပညာသမားတယောက်အနေနဲ့လည်း
ရောက်ရာအရပ်ကနေ ကလောင်ထမ်းပြီး
အမိနိုင်ငံအဝှန်းလုံးရဲ့အနာဂတ်ရေး
ငါ့ကလောင်ကို သွေးနဲ့ဖြည့်
အနုပညာအသိနဲ့ ငါဖော်ကျူး
ဦးလည်မသုန် ပါဖူးတယ်…။

၁၇၊ ၈၊ ၈၈
ဒီရေသစ်နဲ့ရှစ်လေးလုံးကို
အလှဆုံးထောက်ခံ
တော်လှန်တဲ့အနုပညာသမားရဲ့ကြေညာချက်
သမိုင်းတကွက် မှတ်တမ်းတင်
အနုပညာရှင်ပေါင်းစုံရဲ့လက်မှတ်တွေကြား
အနုပညာသမားတယောက်ဖြစ်တဲ့ ငါ
ဂုဏ်ပြောင်စွာနဲ့ လက်မှတ်ထိုး
ဒေါင်းအိုးတဝေဝေ တွန်ဖို့ ပါခဲ့တယ်…။

အနုပညာရှင်များရဲ့ချီတက်ပွဲ
ဝက်ဝက်ကွဲအောင် ဆင်တဲ့အခါ
အနုပညာရှင်များ ဆိုင်းဘုတ်အောက်က
အားမာန်ထုတ်ပြီး ငါကြွေးကြော်
အရေးတော်ပုံကြီးရဲ့ဒီရေအတွင်း
အလင်းသစ်အတွက် ငါ ပါခဲ့တယ်…။

ကဗျာဆရာများရဲ့စိမ်ခေါ်သံ
‘တိုက်ပွဲခေါ်သံ ကဗျာများ’
ပြည်သူကြားသို့ ဆက်တဲ့အခါ
ကဗျာနဲ့လည်း ငါ ပါတယ်…။

နဝတဆိုတဲ့ နေဝင်းတပ်
မတရားသတ်ဖြတ်ပြီး အတင်းတက်လာ
ဗမာပြည်ကြီး အမှောင်ကျ
မိုးမှောင်ညကြီး အလွန်ရှည်
ကြယ်ပွင့်လေးတွေက တဖျပ်ဖျပ်
ဝေဒနာအထပ်ထပ် ရင်မှာဆင့်
ရင်နင့်စရာ ဖြစ်ရချိန်မှာလည်း…
ပြည်သူ့သံဃာတော်မြတ်များရဲ့အာဘော်
အရေးတော်ပုံကြီးကို ဆက်ပြီးဆောင်
‘အလင်းရောင်’ နဲ့ ‘ဥတ္တမ’
သံဃာ့သမဂ္ဂီအတွက် ကဗျာများ
အနုပညာအားနဲ့ ငါဖြည့်စွမ်း
ကျရာအခန်းက ပါခဲ့တယ်…။

‘ရိုးမရေစီး’
‘ဒီရေစီး’ နဲ့
‘ဗဟိန်း’ နဲ့ ‘လယ်သမား’
တော်လှန်ရေးစာစောင်များရဲ့စာမျက်နှာ
စာကဗျာများစွာ ငါရေးဖွဲ့
အနုပညာနဲ့လည်း တာဝန်ကျေခဲ့တယ်…။

အရေးတော်ပုံကြီးရဲ့ဂုဏ်ရောင်ကို
ငါ့ကလောင်နဲ့ ရင့်ကျူးဖော်
‘၁၃၅ဝ ပြည့် အရေးတော်ပုံကြီး’ဆိုတဲ့ ကဗျာရှည်ကြီးတအုပ်
အားမာန်ထုတ်ပြီး သီကုံးရင်း
ပြည်သူအတွင်းသို့ အပ်နိုင်ခဲ့
အနုပညာသမားတယောက်ရဲ့ဘဝမှာ
အဲဒီကဗျာအတွက် ငါ ဂုဏ်ယူတယ်…။

နိုင်ငံတခုလုံးသို့ တိုင်တည်
‘မိခင်ဗမာပြည်’ဆိုတဲ့ ကဗျာတအုပ်
ခွပ်ဒေါင်းလေးများက ထုတ်ဝေခဲ့
အဲဒီကဗျာအတွက်လည်း ငါဂုဏ်ယူ
ငါ့ပြည်သူကို ပေးခဲ့တယ်…။

‘နဝတ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှု’
ကမ္ဘာ့ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းကို ငါကိုးကား
အချက်အလက်များစွာနဲ့ ငါပြုစု
လူထုဘက်က စာတမ်းတစောင်
ညအမှောင်ရဲ့လှံစွပ်တွေအကြား
အမှန်တရားအတွက် တင်ပြခဲ့ဖူးတယ်…။

ငါ့ပြည်သူအတွက်
ထက်နိုင်သမျှ ထက်နေအောင်
ငါ့ကလောင်ကို ငါသွေးရင်း
သွေးနဲ့ခင်းတဲ့ လမ်းမပေါ်
ဖြတ်ကျော်ကာ ငါချီတက်
ငါ့လက်နက်ဟာ ငါ့ကလောင်
သည်မိုးမှောင်တုန်း မပုန်းလို…။

(၆)
ငါဟာ
ကလောင်တလက်ကို
သေနတ်တလက်ထက် ချစ်ခဲ့တယ်…။

ကဗျာတပိုဒ်ကို
အသပြာတသိုက်ထက် တန်ဖိုးထား
နှလုံးသားနဲ့ ချစ်ခဲ့တယ်…။

အနုပညာပစ္စည်း တမှုန်တစကို
ရတနာအသီးသီး တပုံတမထက် တန်ဖိုးထား
နှလုံးသားနဲ့ ချစ်ခဲ့တယ်…။

အဲဒီလို နှလုံးသားနဲ့
မွေးဖွားပြီး တည်ဆောက်
လူလားမြောက်လာခဲ့ရတဲ့ ငါ
အာဏာကို မမှန်းဆ
အသပြာကို မတမ်းတ
ဘာကမှ မဖြစ်ချင်
အနုပညာရင်ခွင်ဦးမှာ ငါခိုနား
အနုပညာပန်းခင်းကြားမှာ ငါရှင်သန်
အမိနိုင်ငံကိုပဲ ဂုဏ်တင့်စေချင်တယ်…။

(၇)
‘ဂေါ်ကီ’ဟာ
မဟာအောက်တိုဘာတော်လှန်ရေးကို
နှလုံးသွေးနဲ့ သူဖြည့်လောင်း
ကလောင်တချောင်းနဲ့ တပ်မှူးလုပ်
ရန်သူယုတ်များအပေါ် စစ်ပွဲဆင်ခဲ့တယ်…။

‘ချက်ကော့’ဟာ
နားကြပ်တစုံထက်
ကလောင်တလက်ကို ကိုင်စွဲပြီး
ပြည်သူများထဲက ရင်ခုန်သံ
နရီမှန်အောင် တိုင်းခဲ့တယ်…။

‘လူရွှန်း’ဟာ
ဆေးထိုးအပ်ကို ဘေးဖယ်ရှား
တရုတ်ပြည်သူများရဲ့ဝေဒနာ
ပျောက်စေရာ ပျောက်စေကြောင်း
ကလောင်တချောင်းနဲ့ ဆေးကုသ
ရောဂါအဝဝကို တိုက်ခဲ့တယ်…။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ
ရိုင်းပြတဲ့ နယ်ချဲ့
ရက်စက်တဲ့ ဖက်ဆစ်
ညစ်ပတ်တဲ့ မျိုးဖျက်များအပေါ်
ခေါင်းမဖော်နိုင်အောင် ဒရကြမ်းနှက်
ပြည်သူ့အတွက်တော့ မေတ္တာလောင်း
ကလောင်တချောင်းနဲ့ အလံထူ
အညွန့်တလူလူနဲ့ ဇာတိမာန်
ပဲ့တင်ညံအောင် နှိုးဆော်သွေး
ကမ္ဘာ့ငြိမ်းချမ်းရေးအထိ ဆောင်ခဲ့တယ်…။

အဲဒီ…အဲဒီလို
လူ့ဘောင်ကို ချစ်မြတ်နိုး
ပြည်သူ့အကျိုးကို ထမ်းသယ်ဆောင်
ပြည်သူ့ကလောင်များရဲ့အနန္တအစွမ်း
ပီတိတလျှမ်းလျှမ်းနဲ့ ငါအားကျ
လေးစားလှစွာ ကြည်ညိုတယ်…။

“မိခင် ဂီတ ကဗျာ
အနုပညာကိုမှ မချစ်မြတ်နိုးတတ်တဲ့သူဟာ
တိုင်းပြည်နဲ့လူမျိုးအပေါ်လည်း
ချစ်တတ်လိမ့်မယ်မဟုတ်
ကျွန်ုပ် မယုံပါ…”တဲ့
‘ဆူဘတ်ချန္ဒြာဘို့စ်’ ရဲ့စကား
နှလုံးသားနဲ့ပါ ငါလက်ခံ
ဧဝကန်အဖြစ် ယုံကြည်တယ်…။

(၈)
ငါဟာ
လေးစားအပ်စရာ ဂုဏ်ဒြပ်နဲ့
သမိုင်းဆိုတဲ့ ဇာတ်ခုံပေါ်မှာ
သိပ်အရေးပါလှတဲ့ကောင်တော့ မဟုတ်ပါဘူး…။

ဒါပေမယ့်
နိုင်ငံရေးအပေါ်ထားတဲ့ ငါ့သစ္စာ
အနုပညာအပေါ်ထားတဲ့ ငါ့သစ္စာ
ရင်ထဲမှာ အစဉ်မပြတ်
“သိက္ခာနှစ်ထပ်နဲ့လူ ဟေ့”
ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု
အမြဲဂရုပြုပြီး ခံယူထားပါတယ်…။ ။

-ဝင်းတင့်ထွန်း-
၁၂၊ ၅၊ ၁၉၉၁

Read More...

07 March 2009

ကျွန်ုပ်တို့၏ ဖွင့်ဟဝန်ခံချက် (နေမင်းနီ)

တော်လှန်ရေးသမားဆိုတာ
မိမိကိုယ်ကို ခြွေချ
တတ်နိုင်သမျှ ခြွေချ
အဲဒီက အပိုင်းအစတွေနဲ့
ပြည်သူကို ရွှေချချင်သူတွေပါ...
ပုဂ္ဂလအခွင့်အရေးထက်
ရုပ်ဓမ္မက ဖွင့်ပေးတဲ့
တော်လှန်ရေးကို ယုံကြည်တယ်...
တော်လှန်ရေးသည် ပထမ
တော်လှန်ရေးသည် ဒုတိယ
တော်လှန်ရေးသည် တတိယ
တုနှိုင်းလို့မရတဲ့
လူ့လောကသစ်အတွက်ဆိုရင်
လေးသင်္ချေနဲ့ကမ္ဘာတသိန်းမက
ထာဝရ ပေးဆပ်သွားမယ့်သူတွေပါ...။ ။


(ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း
အထိမ်းအမှတ်စာစောင်ငယ် ၂ဝဝ၁ ခုနှစ်တွင် ဖော်ပြပြီး။)
-နေမင်းနီ-

Read More...

ဦးညွှတ်လိုက်ပါတယ် ရဲဘော် (ဝင်းတင့်ထွန်း)

(၁)
ကွမ်းလေး တမြုံ့မြုံ့နဲ့
ပါးစုန့်ဖောင်းဖောင်း မျက်နှာပေါ်မှာ
မာယာဆိုတာမရှိ
အာဏာဆိုတာ မကြည့်
ပကတိရိုးသားမှုနဲ့
လူထုအကျိုးသာ ဦးထိပ်ရည်
ကိုယ့်တိုင်းပြည်ရဲ့လွတ်မြောက်ရေး
သွေးနဲ့ပေးပြီး သွန်းလောင်းရင်း
သွေးနဲ့ခင်းတဲ့လမ်းပေါ်
ရဲဘော်… အသက်ပေးခဲ့ပြီ…။


(၂)
ဗမာပြည်ရဲ့သမိုင်းမှာ
သမိုင်းဝင်ဝင် မဝင်ဝင်
မော်ကွန်းတင်တင် မတင်တင်
အမြင်ရှင်းပြတ် အသိပြတ်တယ်
စိတ်ဓါတ်ကို သံခဲတင်
ထာဝစဉ်စွန့်လွှတ်မှုနဲ့
လူထုကို အလုပ်အကျွေးပြု
လူထုသားကောင်းအစစ်ဆိုတာ
‘ငါ’ကို မြှုပ်နှံနိုင်တဲ့သူပါ
အဲ့ဒီမှာ
ခင်ဗျားပါတယ်
ရဲဘော်ပါတယ်…။

(၃)
ဦးကင်းစိန်ရေ…
အင်းစိန်အကျဉ်းထောင်ထဲကနေ
သေတဲ့အထိ
အသိတရားကို ဆုပ်ကိုင်
သံတိုင်များကို ခွင်းဖောက်
သော့ခလောက်တွေကို ရိုက်ချိုး
ခွေးဆိုးတွေကို ဆန့်ကျင်
ခင်ဗျားဝိဉာဉ်ဟာ
ဘယ်လောက် လေးစားစရာကောင်းလဲဆိုတာ
ကျနော် သိပါတယ်
ကျနော် ဦးညွှတ်လိုက်ပါတယ်…။ ။

၊ဝင်းတင့်ထွန်း၊

Read More...

ရွှေလီမှာ.... (ဝင်းတင့်ထွန်း)


(၁)

‘ရွှေလီ…’တဲ့
နေခြည်က အနှိုး
ဗျောက်အိုးသံ တဒိုင်းဒိုင်းနဲ့
စိန့်တိုင်းရဲ့နံနက်ခင်း
အလင်းနဲ့အမှောင်
အရောင်တွေ ရောယှက်
စိတ်ပျက်စရာလား
စိတ်တက်စရာလား
အိပ်မက်ပမာအလား
ခပ်ဝါးဝါး မှိုင်းလျ
ဥက္ကဋ္ဌကြီးမော်ရဲ့ပဋိပက္ခကျမ်း
ရယ်သွမ်းနေသယောင်ပါပဲလေ…။


“နီးဟောင်…”တဲ့
ဖီးပြောင်နေတဲ့ မျက်နှာနဲ့
ဂန္ဓာလရာဇ်ရဲ့လောင်ပန်း
ကွမ်းတုံ လောင်ပန်း
စန့်ဟိုင် လောင်ပန်း
ဖူးကျင့် လောင်ပန်း
ရှန်းကန် လောင်ပန်း
ကျောက်တန်းမှာ လမ်းသလား
ဗမာ ကုလား တရုန်းရုန်း
ရှုံးသူရှုံး မြတ်သူမြတ်
ပြုံးတဲ့သူပြုံး ငတ်တဲ့သူငတ်
နယ်စပ်ကုန်သွယ်ရေးရဲ့တံခါးပေါက်မှာ
တံခါးမခေါက်ဘဲ ဝင်လာကြ
ကျောက်သမားများရဲ့စုစည်းရာ
ဒါ… ရွှေလီ… ရွှေလီ…။

ခန္တီး၊ ဖားကန့်၊ တာမခန်
မော်ဟန်၊ မော်လူး၊ ပူတာအို
မှော်အို၊ မှော်ဟောင်း၊ မှော်စစ်
မှော်သစ်တကာက ကျောက်
ရွှေလီရောက်သလို…

ရန်ကုန်၊ မန္တလေး
ကလေး၊ မုံရွာ
ကသာ၊ ဗန်းမော်
အင်းတော်၊ ကောလင်း
မိုးညှင်း၊ မိုးကောင်း
မိုးမိတ်၊ မိုးကုတ်
ပခုက္ကူ၊ ရွှေဘို
အူတာအို၊ မြစ်ကြီးနား
အထက်သား၊ အောက်သား
ပြည်နယ်သား
ဒေသအများအပြားက လူတွေ
ရွှေလီမြေ ရောက်လာကြ
ဘဝတွေက အဖုံဖုံ…

ကုန်သည် ပွဲစား
ကျောက်သမား၊ ကားသမား
မူးယစ်ဆေးဝါး
ရိုက်စား နှိုက်စား
ခါးနဲ့ ပြည့်တန်ဆာ
ဖါခေါင်း၊ ငတို
ဒလျှို ဒလံ
အမှန်အကန်ရော
အကြံအဖန်ရော
ဘဝအမောပေါင်းစုံ
နိဗ္ဗာန်ဘုံ၊ ငရဲခန်း
ဇာတ်လမ်းများစွာတို့ရဲ့ရွှေလီမြေ…။

ရွှေလီမှာ ညား
ရွှေလီ လင်မယား…တဲ့
အငှါးမဟုတ်
တရားမရှုတ်
အတူလုပ် အတူဖွေ
အတူနေ အတူလည်
မူဆယ်ရောက်ရင် ကိုယ့်ဟာကိုယ်
ဘယ်လိုမှ မပတ်သက်ကြေး
အပေးအယူ ရဲရဲ
လစ်ဗင်းတူဂဲသားထက် အဆင့်မြင့်
ခေါင်းဝင့်မပျက် စုံတွဲတွေ
ဘာဥပဒေ ဥပဒက်
စာရွက်စာတမ်းမှလည်း မလိုဘူး…။

နေညိုလို့ မိုးချုပ်ရင်
ညောင်ညိုပင်အုပ်အုပ် အဝိုင်းဘေးမှာ
ဗျိုင်းငေးပြီး ငါးရှာသလို
ဝမ်းစာကို ရမ္မက်နဲ့လှယ်ဖို့
ကြေကွဲဖွယ် မြင်ကွင်း
လိင်နဲ့ရင်းပြီး လိင်ဝန်ဆောင်
သားကောင်က မုဆိုး
မုဆိုးလည်း သားကောင်
အသားအရောင်အမျိုးမျိုး ရုပ်ပုံတွေ
လှုပ်ရှားနေတာ မြင်နိုင်တယ်…။

“အကိုကြီး … ပစ္စည်းကောင်းတယ်လေ”
ရီဝေတဲ့အပြုံး
ပေါင်လုံးဖြူဖြူ ဗလာလှပ်
မီနီစကတ် ခပ်တိုတို
ရှိုက်ဖိုကြီးငယ် ကောက်ကြောင်းကြွနဲ့
ခပ်ဟဟ ဖိတ်ခေါ်
ပျော်လိုသူတွေကို ငံ့လင့်
ခါဖေးတင့်၊ အနှိပ်ခန်း
ကာရာအိုကေခန်းနဲ့ နိုက်ကလပ်
တဖျပ်ဖျပ် မီးအရောင်
မှောင်တလှဲ့ ဝင်းတချီ
ရီတီတီနဲ့ မူးနိုင်တယ်…။

ဘာ…
ဒါ… တရုတ်ပြည်လား
အိန္ဒိယကား မှားဆိုက်ရော့သလား
ကုလားများစွာတွေ့နိုင်
ကွမ်းယာဆိုင် ထမင်းဆိုင်
လ္ဘက်ရည်ဆိုင်ကနေ ကျောက်ဆိုင်အထိ
မိတဲ့နေရာ ခြေကုတ်ပြု
မြက်နုရာ ရှာကြရင်း
သတင်းဆက်သွယ်ရေး မီဒီယာခေတ်မှာ
အသက်မွေးမှု မီဒီယာစနစ်တွေလည်း သိပ်မြန်ဆန်
နိုင်ငံဆိုတဲ့ နယ်နိမိတ်မျဉ်း
တဖြည်းဖြည်း ကျဉ်းပြီးလာ
ဝါးကန့်လန့်တွေ တဖျပ်ဖျပ်…။

ရွှေလီဆိုတာ
တရုတ်ပြည်ရဲ့မြို့တမြို့
ကိုယ့်မြေ ကိုယ့်ရေမဟုတ်
သူ့အုပ်ချုပ်ရေးနဲ့သူ
သူ့မူနဲ့သူ့ဟန်
နိုင်ငံရပ်ခြားတခုပေါ့…။

ဟိုတုန်းကတော့ နိုင်ငံခြားဆိုတာ
သွားရတာကိုက ဂုဏ်တဂုဏ်
ရောက်ဖူးရုံနဲ့ ဘာပြန် ညာပြန်
ဟိတ်ဟန်လုပ်စရာ
လက္ခဏာဆရာနဲ့ တွေ့ရင်တောင်
“ဆရာရယ် … ဖောရိန်းလိုင်းလေးများ
မပါဘူးလား…”
နိုင်ငံခြား ရောက်မရောက်
သင်္ဘောသားလေးလောက်မှ ဖြစ်ရဖြစ်ရ
ခုကျတော့လည်း
တဖွဲဖွဲဝင်လာကြ
သူတောင်းစားကတောင် နိုင်ငံခြားရောက်
ခွေးလည်းရောက်၊ လိပ်လည်းရောက်
ပြည့်တန်ဆာလည်း ရောက်တယ်လေ…။

“ဟင်… နင် မပြန်သေးဘူးလား
ရောက်နေတာ ကြာပြီလား…”
“ကြာတော့ ကြာပြီလေ
အခြေအနေလေးတွေ အသာချောင်း
တကွက်ကောင်းလေး စောင့်နေတာ…”တဲ့
ဟိုတယ်ကောင်းကောင်းမှာ သေချာတည်း
ငါးသုံးလုံး ခဲထားတဲ့ မိန်းမ
ဖွဖွလေး ပြုံးနေတယ်…။

ဟိုတုန်းကတော့ နိုင်ငံရေးသမား
အတွေးအခေါ် ခြစားပြီးတဲ့နောက်
ဖောက်ပြန်သွားလိုက်တာ
မကောင်းတာ အကုန်လုပ်
မဟုတ်တာ အကုန်ဆော်
ပုပ်အဲ့ နံစော်နေသူတွေလည်း တွေ့နိုင်တယ်…။

တရုတ်စကား မတတ်တတတ်နဲ့
တတ်သယောင် ဟန်ဆောင်
“ဟောင်… ဟောင်… ဟောင်”နဲ့
လူပါ ဟောင်စော်နံ
အော့ကြောလန်စရာ ပွဲစား
ဝဲစားတွေလည်း သိပ်စုံတယ်…။

ပွဲညွန့်မကျန် အိမ်မပြန်…တဲ့
ကြံဖန်ပြီး ဈေးတွေခေါင်း
လူပါ ခေါင်းတဲ့ ပွဲစား
ဟဲန်းချိန်းကြီး တကားကားနဲ့
‘ကျုံးတဲ့’သောက်
မျက်စိနောက်စရာတွေလည်း တွေ့ရမယ်…။

ကျောက်ပွဲစား၊ သစ်ပွဲစား
ငါးပွဲစား၊ ကားပွဲစား
ဂဏန်းပွဲစား၊ လိပ်ပွဲစား
ခွေးပွဲစား၊ လူပွဲစား
တခါမှ မကြားဖူးတဲ့ ပွဲစား
ရွှေလီမှာ ကြားရမယ်…
ဝယ်သူနဲ့ ရောင်းသူကြား
ပွဲစားရဲ့အခန်း
အံ့မခန်း ထက်မြတ်
ကုန်သည်ထက် အမြတ်ကျန်
ဟိတ်ဟန်ကောင်းသူတွေ ရှိသလို
နေညိုလို့ တမိုးချုပ်
ထီးစုတ်လို့ ဖိနပ်သာပါး
တပွဲမှ မစားရတဲ့ ပွဲစား
တနပ်ထဲစားပြီး ရေသာသောက်
ဗိုက်ခြောက်နေသူတွေလည်း တွေ့နိုင်တယ်…။

အရင်ကတော့ ကျောက်ကုန်သည်
နောက်တော့ ခွေးကုန်သည်
ခုတော့ ‘…’ကုန်သည်
ဝယ်လိုသမျှ အကုန်ပို့
အိတ်စပို့ရော အင်ပို့ပါ
မြတ်မယ့်ဥစ္စာ အကုန်လုပ်
တရုတ်ငွေဈေး ဘယ်လောက်လဲ
ဗမာငွေဈေး ဘယ်လောက်လဲ
ငွေလဲတန်းမှာ လမ်းသလား
အိတ်ကြီးတကားကားနဲ့ တွေ့နိုင်တယ်…။

ကုတ်အင်္ကျီကြီး တဖားဖား
နက်ကတိုင်ကြီး တလွှားလွှားနဲ့
ဥရောပတိုက်သားဝတ်စုံ သေချာဝတ်
ဘောင်းဘီမချွတ်တော့တဲ့ ကိုငကြွား
ပုဆိုးဝတ်ရင် ကိုယ်တောင် ယားသတဲ့
ဗမာပြည်သားစစ်စစ်ကနေ ဘဝပြောင်း
ဖွတ်ကဖြစ်တဲ့ မိချောင်းတွေ
ရွှေလီရေမှာ ပျော်နေကြ
မြစ်မ ပင်လယ် စိတ်ညစ်ဖွယ်…။

“အား ယားယား…”တဲ့
ကုလားပါးစပ်က တရုတ်စကားထွက်
ဝက်သားမုန်းသူနဲ့
ဝက်သားကြိုက်သူတွေ
ရွှေလီမြေမှာ အတူဆုံ
ကြုံသလို ဆက်ဆံရင်း
ထမင်းလုတ်ကြီးကြီး စားရရေး
ဘာသာရေးကို ခဏထား
လူမျိုးရေးတွေ ခဏထား
ဝက်အူချောင်း လှန်းထားတဲ့အနီးမှာ ၇၈၆ ဆိုင်
ဝက်ခေါက်ကင်ဆိုင်နားက မဆလာနံ့
စည်းရိုးကန့်ပြီး တားမရ
လောကကြီးရဲ့သရော်ချက်
ခါးသက်သက်လေး ပြုံးနိုင်တယ်…။

(၂)

တံခါးဖွင့်လိုက်တဲ့အကျိုး
မြိုးမြိုးမျက်မျက် စားရ
ခဏချင်းနဲ့ ကြီးပွား
ချမ်းသားသူတွေ များလာသလို
တံခါးဖွင့်လိုက်မှ
အရင်က အခွင့်အရေးတွေ ဆုံးရှုံး
လုံးလုံးကြီးခြားနား
လူတန်းစား ကွာဟချက်
ဘဝဂ်နဲ့ အဝီစိပမာ
ချမ်းသာသူတွေ ငေးကြည့်ရင်း
သက်ပြင်းတွေ တွင်တွင်ချ
ကျေးလက်ကနေ မြို့ပေါ်တက်
နယ်စပ်ဖက် ရောက်လာ
ရွှေလီဖက် ရောက်လာ
ကြုံရာကို အကုန်လုပ်
ဇာတ်ရှုတ်တွေလည်း အမျိုးမျိုး
တိုးတက်မှုနဲ့ဆုတ်ယုတ်မှု
နှစ်ခုစလုံးရဲ့ဟန်ချက်
ပြက်ပြက်ထင်ထင် မြင်ရမယ်…။

အလုပ်ပေးမယ့်သူ
အလုပ်ခေါ်မယ့်သူ
ဟိုလူလာ ခေါ်နိုးနိုး
ဒီလူလာ ခေါ်နိုးနိုးနဲ့
အားကိုးတကြီး မျှော်လင့်ရင်း
ဘဝတူအချင်းချင်း စုပြီးထိုင်
ငိုင်တဲ့သူရော မှိုင်တဲ့သူပါ
ကျေးလက်က လာကြ
လယ်ယာလုပ်ငန်း ပါးတဲ့အချိန်
အပိုချိန်လုပ်ငန်း
ကျဘန်းအလုပ်နဲ့ ငွေစုရေး
ဈေးကွက်စီးပွားရေးဆိုတဲ့ ခေတ်ကြီးထဲမှာ
သနားစရာ မျက်နှာထားနဲ့
ရိုးသားတဲ့ တရုတ်မလေးတွေ
ကြိုးစားချင်တဲ့ တရုတ်လူငယ်လေးတွေ
ရွှေလီရဲ့လမ်းဘေး
ကားဂိတ်ကြီးရဲ့မနီးမဝေးမှာ
စိတ်မကောင်းစရာလည်း တွေ့နိုင်တယ်…။

မိုးဦးကျ မှိုတွေပေါက်သလို
ဆောက်လိုက်ကြတဲ့ တိုက်သစ်တွေ
မရေနိုင်လောက်အောင် ဟောတလုံး ဟောတလုံး
မဆုံးနိုင်လောက်အောင် ပေါ်ပေါက်
ဘယ်ဖောက်သည် ဘယ်လိုမျှော်
ဘယ်အပေါ် ဘယ်လိုတွက်
ဘယ်ဈေးကွက် ဘယ်လိုကြံ
တဖက်နိုင်ငံကတော့ ဗမာပြည်
ရွှေလီတဖက်ကမ်းဟာ မူဆယ်လေ…။

ကြယ်ဂေါင်ကနေ ကြည့်လိုက်ရင်
လှမ်းမြင်နေရတဲ့ မူဆယ်ဟာ
လွမ်းမောဖွယ် နွမ်းလျ
မထနိုင်သေးတဲ့ ကလေးငယ်လို
တောင်အိုကြားမှာ အိပ်နေဆဲ
‘၂၁ ရာစု’ထဲမှာဖြင့် နိုးတန်ကောင်း
ဘာမှမပြောင်းလဲသေးတဲ့ ရှမ်းအိမ်တွေ
ကြေကွဲစရာ ဝပ်လျှိုး
မိုးထိုးနေတဲ့ ရွှေလီတိုက်တွေအောက်
ပျောက်သွားတော့မတတ်
နယ်စပ်ရဲ့တဖက်တချက်
ကျောက်တိုင်ကြီးရဲ့တဖက်တချက်
နယ်စပ်မြေချင်း ဆက်နေပါလျက် မြင်ကွင်းချင်းခြား
ဘယ်တော့များမှ တူနိုင်လိမ့်
တသိမ့်သိမ့် ရင်ခုန်သံ
စည်းချက်မြန်စွာ မေးနေတယ်…။

မူဆယ်၊ ဆယ်လန့်၊ နမ့်ခမ်း
ရှမ်းရွာလေးတွေကနေ
ရွှေလီအထိ စက်ဘီးနင်း
မီးသွေးခြင်းကြီးတွေနဲ့ ရှမ်းမတွေ
ထင်းတွေကို ကျောမှာပိုး
ပလိုင်းအမျိုးမျိုးနဲ့ ကချင်မတွေ
တခါတလေ
ခေါင်းပေါင်းကြီးတွေ တလူလူနဲ့
ဘာလူမျိုးရယ် မကွဲပြား
ရှမ်းပြည်ဖက်က တိုင်းရင်းသား
ယူနန်ပြည်က တိုင်းရင်းသား
စားစရာလေးများ လာရောင်းသူ
ဆေးမြစ်ဆေးရွက် လာရောင်းသူ
ပျားရည် အရက် လာရောင်းသူ
လက်မူ လက်ထည် လာရောင်းသူ
လူမျိုးလည်းစုံ အသွေးစုံတယ်
ရောင်စုံအရပ် ရွှေလီမြေ…။

‘ရွှေလီရေ နောက်ကျိကျိ
သောက်မိက မပြန်နိုင်…’တဲ့
ဘာလို့ မပြန်နိုင်သလဲ
အလုပ်အကိုင်တွေ အခြေကျ
နေရထိုင်ရ အဆင်ပြေ
လိုလေသေးမရှိ စီးပွားတက်
တရက်ထက် တရက် ကြီးပွားမြန်
သိပ်ပြီးဟန်လွန်းလို့ပဲ မပြန်နိုင်သလား
ဘိုင်ငျပြီး စီးပွားပျက်
အရှက်ရစရာ တပုံတပင်နဲ့
မယုံချင်စရာ ဘဝရှုံး
လူလုံးတောင် ကောင်းမကျန်
ဘာမှ မဟန်တော့လို့ပဲ မပြန်နိုင်သလား
မပြန်နိုင်သူတွေတော့ အလွန်များ
တနေ့တခြား အလွန်စည်
ရွှေလီရဲ့မနက်ဖြန်ဟာ
ဗမာနိုင်ငံနဲ့လည်း ဆက်စပ်နေပါတယ်…။

ရွှေလီဆိုတာ
ဟိုး… အရင့်အရင်အခါက
ဘာမှမဟုတ်တဲ့ တော်မြို့လေး
လယ်ယာလေး မဖြစ်စလောက်နဲ့
မွဲခြောက်ခြောက်ဘဝကနေ
ဒီရေပမာ တဟုန်တိုးတက်
ဗမာပြည်ဘက်ဆီ လမ်းကြောင်းဖွင့်
အဆင့်ဆင့် အသင့်ပြင်
ကုန်ချောတင်ရာ တံခါးပေါက်
ကုန်ကြမ်းရောက်ရာ မုခ်ဦးဝ
အခုကျ ရွှေလီဆိုတာ
ဧရာမ မြို့ကြီးတမြို့
စာရင်းတို့ထားပြီး အထူးဇုံရဲ့
ကုန်သွယ်ရေး အချက်အချာ
တရုတ်-ဗမာ နယ်စပ်အတွက်
ဆခြအသွက်ဆုံး ဆင်ကြီးတကောင်
အစွယ်တထောင်ထောင်နဲ့ဖြစ်လာတယ်…။

ဝင်လာနေတဲ့ ကားကြီးတွေပေါ်မှာ
ဗမာပြည်ရဲ့ကျွန်းသစ်
သစ်ရိုင်း၊ သစ်ယဉ်၊ သစ်မာ
ပျဉ်းကတိုး၊ အင်ကြင်း၊ ပိတောက်
ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ
စားစရာ ရေထွက်၊ မြေထွက်၊ ခြံထွက်မကျန်
ကောက်ပဲသီးနှံကနေ ဆံပင်အထိ
ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်ကနေ
ဖန်းခါးသီးခြောက်၊ ဆီးသီးခြောက်အထိ
ကုန်ခြောက် ကုန်စိမ်း
အကုန်သိမ်းဝယ်တယ်
သယ်ကြ ချကြ တင်ပို့ကြနဲ့
ရွှေလီကနေ အတွင်းပိုင်း
မဟာတံတိုင်းတောင် ကျော်သွားမယ်…။

ထွက်သွားတဲ့ ကားကြီးတွေပေါ်မှာ
ဘီယာနဲ့အရက်
စီးကရက်နဲ့ဆေးဝါး
ကြွေပန်းကန်ပြား၊ ကြွေပန်းကန်
ပန်ကာ၊ ဓါတ်ဗူး၊ ဓါတ်ခဲ
အဖိုးနည်း အထည်လိပ်
အိပ်ယာခင်းနဲ့ ပေါင်းအိုး
မီးကြိုး၊ မီးချောင်း၊ မီးသီး
စက်ဘီးနဲ့ ပလက်စတစ်
လျှပ်စစ်ပစ္စည်း၊ ဘိလပ်မြေ
ရွှေလီကနေ စီးဆင်းသွား
ဗမာပြည်တလွှား နယ်စုံရောက်
ကျေးလက်ရောက်အောင် ပို့လိမ့်မယ်…။

ရွှေလီဆိုတာ
တရုတ်ဘာသာနဲ့ကျ ‘ရွေ့လိ’
ရွေ့ဆိုတာက ကံကောင်းခြင်း
လိဆိုတာက လှပခြင်း
ကံကောင်းပြီး လှပ
အဓိပ္ပါယ်ရသနဲ့ ရွှေလီမှာ
ငွေစည်ကာ ကံလည်းကောင်း
ဘဝအကြောင်း လှပသူတွေရှိသလို
နေညိုလို့ ဆည်းဆာရုတ်
ဒီလိုနဲ့ တမိုးချုပ်တော့မယ်
လုပ်သမျှ အကုန်ရှုံး
ဘဝပါ လုံးပါးပါး
အမှားပေါင်းစုံ လုံးချာရိုက်
ခေါင်းစိုက်သွားသူတွေလည်း တွေ့ရမယ်…။

ရွှေလီဆိုတာ
စီးပွားရှာလို့ လွယ်သလို
ကိုယ်ကျင့်အဘိဓမ္မာ ခပ်မွဲမွဲ
ကိုယ်ခံအား နည်းခဲ့ရင်
မထင်မှတ်နိုင်အောင် လူဖြစ်ရှုံး
ပျက်သုဉ်းစရာ ဗလပွနဲ့
ဖျက်ဆီးမယ့်အရာတွေကလည်း အများသား
ဖိုးသမားဖြစ်ဖို့ အလွန်လွယ်
ဘိန်းစားဖြစ်ဖို့ အလွန်လွယ်
အရက်သမားဖြစ်ဖို့ အလွန်လွယ်
ဒုစရိုက်သမားဖြစ်ဖို့ အလွန်လွယ်
AIDS သယ်ပို့ယာဉ်တွေကလည်း ပေါလွန်းလှ
နယ်စပ်ဘဝမို့ လိုင်းပေါင်းစုံ
တုန်လှုပ်စရာတွေလည်း မြင်ရမယ်…။

တော်တီ…တော်တီ…နဲ့
မီးနီ မီးဝါ တဖျပ်ဖျပ်
ဥသြသံရှည် တရစပ်နဲ့
အသတ်ခံရမယ့် သေဒဏ်သမားကို
ကားနဲ့ပါတ်ပြီး မြို့ကိုပြ
ကြည့်ကြ…ကြည့်ကြ
မကြာခဏ သေဒဏ်ပေး
ဖိုးနှိမ်နင်းရေးတွေ ဒီလောက်လုပ်
ဒုစရိုက်အရှုတ်တွေကို ဒီလောက်ခွင်း
ရှင်းလင်းပစ်နေတဲ့ကြားက
တားမရအောင် ဖိုးက ထွက်
ရွှေတြိဂံနဲ့ ဆက်နေတဲ့ ဒီနေရာ
တရုတ်-ဗမာနယ်စပ်ရဲ့အဓိကမြို့
ရွှေလီမြို့ဟာ နာမည်ကျော်…။

ရွှေလီမှာ
ရွှေလည်တွဲပြီး
ပျော်ပွဲဝင်နိုင်တဲ့သူတွေ ရှိသလို
ရွှေလီမှာ ကြွေပြီအသဲနဲ့
ငိုပွဲဆင်ရသူတွေလည်း ရှိပါတယ်…။

ရွှေလီဆိုတာ
တရုတ်-ဗမာ နယ်စပ်စခန်းအပြင်
တိုင်ရှမ်းတို့ရဲ့အထူးအုပ်ချုပ်ခွင့်ဒေသ
ဂျန်းဖော ကချင်တို့ရဲ့အထူးအုပ်ချုပ်ခွင့်ဒေသ
ဒါကြောင့် ကြည့်လိုက်စမ်း…
ရှမ်းတို့ရဲ့သင်္ကေတ
လှပတဲ့ ဥဒေါင်းနဲ့
ကချင်အပေါင်းရဲ့မနောတိုင်
ခိုင်ခိုင်မာမာ စိုက်ထူထား
ရည်ညွှန်းထားတာ တွေ့နိုင်တယ်…။

ရွှေလီမှာ
ရှမ်းဗမာတို့ရဲ့သင်္ကြန်ပွဲ
တရုတ်တွေလည်း နွှဲကြသလို
တရုတ်တွေရဲ့နှစ်သစ်ကူးပွဲ
ရှမ်း ကချင်တွေလည်း ကျင်းပ
ရိုးရာသဘာဝနဲ့ယဉ်ကျေးမှု
လူ့အဖွဲ့အစည်းအတွင်း ကူးဆက်
စည်းချက်နဲ့ ရှမ်းအိုးစည်
နရီနဲ့ မနောအက
တရုတ်ဂီတနဲ့ ဗမာသီချင်း
ရွှေလီအတွင်း ပေါင်းဆုံ
ရွှေလီလမ်းဆုံရဲ့ရုပ်ပုံကား
ဆေးသားစုတ်ချက် ထူလွန်းတယ်…။

နမ်းခမ်းက ကချင်နဲ့
ရွှေလီက ကချင်
မူဆယ်က ရှမ်းနဲ့
ရွှေလီက ရှမ်း
ဈေးတန်းထဲမှာ အတူထိုင်
‘ဗမာနိုင်ငံသား’ဆိုတဲ့ မှတ်ပုံတင်ကဒ်
‘တရုတ်နိုင်ငံသား’ဆိုတဲ့ မှတ်ပုံတင်ကဒ်
တံဆိပ်ခတ်ထားတာချင်း မတူပေမယ့်
ကဒ်ပြားလေးတွေ အိတ်ထဲထား
ရှမ်းစကားနဲ့ ရှမ်းလိုပြော
ကချင်စကားနဲ့ ကချင်လိုပြော
တသောသောနဲ့ ရယ်ကြသံ
ဘာသာပြန်ဖို့ မလိုပါဘူးလေ…။

ဗမာပြည်က သရက်နဲ့
တရုတ်ပြည်ထွက် ပန်းသီး
ဗမာဆီးသီးနဲ့ တရုတ်သစ်တော်
တရုတ်လိမ္မော်နဲ့ ဗမာသံပုရာ
အသီးတန်းမှာ အတူဆုံ
ကွမ်းငုံတတ်လာတဲ့ ကိုတရုတ်နဲ့
ခေါက်ဆွဲပြုတ် ကြိုက်လာတဲ့ ကိုဗမာ
ထမီဝတ်လာတဲ့ တရုတ်မနဲ့
စကဒ်တကြွကြွ ဗမာမိန်းကလေး
ရောထွေးလိမ်ယှက်
ကူးစက်စိမ့်ဝင်
ခင်ဗျား ဘယ်လိုထင်သလဲ
ယဉ်ကျေးမှုဆိုတာဟာလည်း
ဆွဲထားလို့မရ
ကုန်သွယ်လှုဆိုတာလည်း
ဆွဲထားလို့မရ
၂၁ ရာစုကတော့ လာနေပြီ
ရွှေလီရဲ့မြင်ကွင်း
ခံစားကြည့်ရင်း ရင်ခုန်တယ်…။

(၅)

အရည်လိုင်း၊ အသားလိုင်း
အထည်လိုင်း၊ ခဲလိုင်း
လက်ကောက်လိုင်း၊ အပွင့်လိုင်း
အစိမ်းလိုင်း၊ အနီအပြာလိုင်း
ကျောက်လိုင်းအမျိုးမျိုးအပြင်
အခွံပြင် ရိုက်စား
ကပ်သား ဖောက်ထည့်
အင်နဲ့ တရေကူ
လည်သူ စားတမ်း
ကျောက်တန်း ကျောက်ဈေး
ကျောက်သွေး ကျောက်ဖြတ်
မပြတ်လှုပ်ရှား
ကျောက်သမားများရဲ့ရွှေလီဟာ
ကျောက်သမားတွေနဲ့ ဝေစည်ကာ
ကျောက်အပေါ်မှာ ဗဟိုပြု
ဝန်ဆောင်မှု လုပ်ငန်းစုံ
အဖုံဖုံသော စီးပွားရေး
ကုန်သွယ်ရေး ဂိတ်ဝကြီးတခု ဖြစ်လာတယ်…။

ကျောက်အရောင်းအဝယ် ပွင့်လန်း
ရောင်းပန်း ဝယ်ပန်း လှတဲ့အခါ
ဟိုတည်တကာ လူတွေပြည့်
စားသောက်ဆိုင်ဟူသရွေ့စည်ကား
ဈေးတန်းတလွှား အရောင်းအဝယ်လိုက်
ကုန်တိုက်တွေလည်း အရောင်းအဝယ်တိုး
အစိုးရလည်း အခွန်ဝင်
ပျော်ရွှင်စရာတွေလည်း ဝင်ငွေကောင်း
သူတောင်းစားတောင် အူစိုတယ်…။

ကျောက်အရောင်းအဝယ်ဈေးကွက်
အေးစက်သွေ့ခြောက်
ကျောက်ဈေးတွေ ထိုးကျ
မလှမပတဲ့အခါ
တည်းခိုခန်းတွေမှာ လူကြဲကြဲ
စားပွဲဟောင်းလောင်း စားသောက်ဆိုင်
ဈေးဆိုင်တွေလည်း အရောင်းထိုင်း
နေရာတိုင်းရဲ့အဆင်မပြေမှု
တခုတခု ဂယက်ရိုက်
မီးအမြိုက်ခံလိုက်ရတဲ့ ပန်းပင်တပင်လို
အိုစာသွားတဲ့ ရွှေလီကို
မျက်နှာညိုညိုနဲ့ မြင်ရမယ်…။

“ဟေ့… ကျောက်သမားတွေ
မင်းတို့ပြောနေတာက သိန်းစကား သောင်းစကား
မင်းတို့စားရတဲ့ ငါ့ကွမ်းကြွေး
ပြန်လည်း ပေးကြဦးကွာ…”တဲ့
ကွမ်းယာသည် ကုလားကြီးရဲ့
ရှုံ့မဲ့ပြီးတော့ အကြွေးတောင်းသံ
တခါတရံ ကြားနိုင်တယ်…။

ရွှေလီရဲ့နံနက်ခင်းမှာ
ဈေးခြင်းကြီးနဲ့ လုံမပျို
လုံချည်တိုတိုနဲ့ ကချင်မလေး
အသားဖွေးဖွေးနဲ့ တရုတ်မတွေကြား
ဗမာ ကုလား လူမျိုးစုံ
ရောင်းကုန် ဝယ်ကုန်တွေကို ဖလှယ်ကြ
စားကြ သောက်ကြ သွားလာကြ
ကားတွေကလည်း တဝီဝီ
ထော်လာဂျီတွေလည်း တဝုန်းဝုန်း
တရုန်းရုန်းနဲ့ စက်ဘီးများ
တရုတ်ဆိုက္ကားကြီးတွေလည်း ဥဒဟို
ပျားအုံကြီးကို တုတ်နဲ့ထိုးထားသလို
အလိုလိုလှုပ်ရှား
တဝမ်းတခါးအတွက် ရှာသူရော
တခမ်းတနားအတွက် လာသူရော
လူကောင်းရော လူဆိုးပါ
ဖြူနီညိုဝါ ကြောင်ကြောင်ကျားနဲ့
အသားအရောင်များက စုံသလို
ဘာသာစကားအမျိုးစုံကိုလည်း ကြားရမယ်…။

ရွှေလီရဲ့နေ့လည်ခင်းမှာ
ဘီယာသောက်နိုင်သူက ဘီယာသောက်
မာကျောက်ကစားသူက မာကျောက်ကစား
လ္ဘက်ရည်သမားက လ္ဘက်ရည်ဆိုင်ထိုင်
ကျူတံကိုင်ပြီး ဘိလိယက်ကစားသူက ဘိလိယက်ကစား
တီဗီဂိမ်းရုံများကလည်း နေရာတိုင်း
လောင်းကစားဝိုင်းအဖြစ် ဖွင့်လှစ်ထား
ဗမာ ကုလားတွေ ဝင်ထိုးကြ
ရောင်းထားသမျှ ကုန်သူကုန်
မယုံနိုင်အောင် စွဲသူစွဲ
မွဲကြသူတွေက တပုံတပင်
ရုံရှင် တရုတ်ကြီးကတော့ ခပ်ပြုံးပြုံး
ဗမာစာလုံးကြီးကြီးနဲ့ ရေးဆွဲချိတ်
“ဗမာမိတ်ဆွေများကို ကြိုဆိုပါတယ်”…တဲ့
တနေရာဝယ်… ၃၆ ကောင်ဒိုင်
ဆိုင်ဆိုင် မဆိုင်ဆိုင် အတိတ်စိမ်းပေး
တရုတ်လို ရှမ်းလို ရေးရုံမက
ဗမာလိုပါ ရေးထားတာက
“ဘာသာခြားနဲ့ ညားမှာစိုး
လာခိုးလှည့်ပါ အစ်ကိုရယ်”…တဲ့
အဓိပ္ပါယ်အမျိုးမျိုးနဲ့ အနက်လှန်
နက်ဖန် အတိတ်စိမ်းတမျိုး တွေ့မယ်…။

ရွှေလီမြို့ရဲ့ညနေခင်း
လမ်းလျှောက်ရင်း စည်းဝါးရိုက်
ပွတြိုက်ဖို့ ချိန်းသူချိန်း
ကျောက်ဗန်းသိမ်းပြီး အိမ်အပြန်
ဟင်းရံဟင်းရွက် ဝယ်သူဝယ်
ဈေးတန်းလှည့်လည် ပတ်သူပတ်
ရပ်ထားတဲ့ ကားတွေပေါ်က
ခရီးသည်ခေါ်တဲ့ ကားသမားတွေအသံ
သံပုရာရည်သည် တရုတ်မလေးတွေရဲ့
ငေးငေးရီရီ မျက်လုံးနဲ့
သောက်ပါဦးလား… ဖိတ်ခေါ်နေဟန်
ဟင်းပန်းကန် တပုံကြီးနဲ့ ထမင်းဝိုင်း
ခါးလေးကိုင်းပြီး ကြိုနေတဲ့ ဧည့်ကြို
ပိုက်ဆံတွေကို ရေနေတဲ့ ငွေလဲမိန်းမ
ဝသူရော ပိန်သူရော
ထောသူရော မောသူရော
သောသူရော ငိုင်သူပါ
မျက်နှာတွေ အန်ကျ
ဘဝထိုထိုတို့နဲ့ ရွှေလီလေ…။

သမာအာဇီဝ ထမင်းတလုတ်အတွက်
တရုတ်တရုတ်ချင်းသာမက
ဗမာက ခိုင်းခိုင်း
ကုလားက ခိုင်းခိုင်း
ခိုင်းသူက ခုံပေါ်ထိုင်
စတိုင်ကျကျ ခြေထိုးပေး
ဟန်ရေးတခွဲသားနဲ့ ထိုင်နေစဉ်
ယဉ်ယဉ်ကျေးကျေး ခေါင်းလေးငုံ့
ဖုံမှုန့်မှန်သမျှ သေချာခါ
အောက်ကထိုင်ကာ ချွေးတပြိုက်ပြိုက်
ဖိနပ်တိုက်ပေးနေတဲ့ တရုတ်မလေး
ရိုးသားသူလေးတွေကို မြင်ရ
တွေ့ရတဲ့အခါ
ဝေဒနာတမျိုး ရင်မှာထင်
နာကျင်ဆို့နင့်လာမိတယ်…။

ရွှေလီမြို့ရဲ့ညယံခင်းမှာ
ပျင်းလို့အဖော်ရှာမလား
ခဏမယား၊ တညမယား
တလမယား
အပြမယားတောင် ဈေးညှိနိုင်သတဲ့
အသားကင်ဆိုင်လေးတွေက အလျှိုလျှို
ညောင်ညိုပင် ဒေါင်းရုပ်ရှေ့မှာ
မမေ့စရာ မှတ်တမ်းတင်
ကင်မရာ မီးရောင်တွေ တဖျပ်ဖျပ်
ပလက်ဖောင်းကွက်လပ်တိုင်းမှာက ကာရာအိုကေ
ခုံလေးတွေ ရှေ့မှာချ
ဘာဆိုကြမလဲ အဆင်သင့်
လည်တိုင်တဝင့်ဝင့် တေးဆိုသူ
သွားရည်စာစားသူတွေကလည်း အများသား
ဗီဒီယိုသွားသူ၊ ရုပ်ရှင်သွားသူ
အငွေ့တလူလူနဲ့ ခေါက်ဆွဲဆိုင်
အရက်ဆိုင်လေးတွေက မှိုလိုပေါက်
အပူသောက်မလား အအေးသောက်မလား
အမှောင်ကြားမှာ ခေါင်းချင်းရိုက်
(တခါတခါ) ဖိုးရှိုက်နေသူတွေလည်း တွေ့နိုင်တယ်…။

ရွှေလီရောက်ရင်
ငါးခြောက်တောင် အမြီးလှုပ်သတဲ့
ဟုတ်မဟုတ်တော့ မပြောတတ်
နိုက်ကလပ်ထဲက သက်ကြားအို
သမီးပျိုအရွယ်လေးတွေနဲ့ တွဲက
ညည့်နက်မှ ပြတဲ့ ရုပ်ရှင်ကား
‘ကြို့ဘား’နဲ့ တွဲဆက်
အရက်မူးသူရော
ရမ္မက်မူးသူရော
တကြောတည်း မြင်နိုင်
အသားကင်ဆိုင်က အညှော်နံ့
မိတ်ကပ်နံ့တွေ စွန်းပေ
“အစ်ကိုကြီးရေ … ဈေးဦးပေါက်”…တဲ့
ကြောက် ကြောက်စရာပဲ
တည်းခိုခန်းကြီးတွေအားလုံး
မီးလုံးရောင်စုံ အမျိုးမျိုးဆွဲ
ညထဲက ဖိတ်ခေါ်သံ
သံစဉ်မျိုးစုံ လွှင့်နေတယ်…။

ဆိုက္ကားကို ဂိတ်မှာရပ်
စာဖတ်နေတဲ့ ဆိုက္ကားသမား
ရိုးရိုးသားသား ဈေးရောင်းရင်း
မပျင်းမရိ အင်္ကျီထိုး
ဇာပန်းထိုးနေတဲ့ တရုတ်မ
ကျောပေါ်က ကလေးငယ်ကို ပိုး
ထမ်းပိုး တဖက်တချက်က သစ်သီးတောင်းနဲ့
ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်
ချွေးဖြိုင်ဖြိုင်နဲ့ မောရှမ်းမ
ဘဝအနေ သန့်စင်လွန်း
ချီးမွမ်းစရာတွေလည်း တွေ့နိုင်တယ်…။

တောင်ခြေက မနောကွင်း
နှစ်စဉ်ကျင်းပ မနောပွဲ
ကချင်အားလုံး နွှဲပျော်ကြ
အကပေါင်းစုံ မြင်နိုင်သလို
ဒေသခံ မောရှမ်းတို့ရဲ့
ပန်းကပ်ပွဲနဲ့ တာသင်္ကြန်
ရိုးရာဟန် အစဉ်မပြတ်
ရွှေလီရပ်မှာ အတူဆုံ
ဗမာကုန်သည်တို့ရဲ့ကထိန်သဘင်
ပဒေသာပင်တွေနဲ့ လာတဲ့အခါ
ရှမ်းရွာလေးတွေက ထမင်းကျွေး
သွေးချင်းတွေလို ဧည့်ဝတ်ခံ
အပြန်အလှန် စိတ်ရွှင်လန်း
ဟန်းဆာကျောင်း၊ မြို့ဟောင်းကျောင်း
မန်တုံကျောင်း
ဗုဒ္ဓဘာသာအပေါင်းရဲ့ကြည်ညိုရာ
ပီတိဖြစ်စရာတွေလည်း ရှိပါတယ်…။

ဗမာစကား မတတ်တတ်နဲ့
အထပ်ထပ် ကော်ဆဲ
နယ်စပ်ရုံးထဲက ပုလိပ်
မနိပ်လှသူတွေလည်း ရှိသလို
လိုအပ်သမျှ ရေးဖြည့်ပေး
လ္ဘက်ရည်ဖိုး ပေးတာတောင် မယူ
ကူညီတတ်သူတွေလည်း ရှိပါတယ်…။

“လောင်မြဲင်း…လောင်မြဲင်း”…နဲ့
နားကြားပျင်းကပ်စရာ တွင်တွင်ခေါ်
ဗမာအပေါ် အထင်သေး
မျက်နှာပေးကိုက သောက်မြင်ကတ်စရာ
ဒို့ဖက်မှာကျ
ခေါ်လိုက်ရတဲ့ ပေါက်ဖော်ကြီး
လက်သီးနဲ့ စွတ်ထိုးချင်
လူမြင် အံချင်စရာတွေလည်း ကြုံနိုင်တယ်…။

တရုတ်ပြည်မှာ
ဘာမှ ဈေးကောင်းတာမဟုတ်ဘူး
တရုတ်နဲ့ ပစ္စည်းကောင်း
ရောင်းလို့တန်တာမဟုတ်ဘူး
ကိုယ်ဦးရင် ကိုယ်ကဆော်…တဲ့
မတော်တရော် တရားထောင်
ခပ်ပြောင်ပြောင် စကားသံနဲ့
ကိုယ်အကျင့်တန်တာ အသာဖုံး
ဟိတ်လုံးကြီးကြီးနဲ့ ရိုက်စားတွေ
ရွှေလီမြေကို ခြေကုတ်ပြု
ထုသွားကြတာလည်း ကြားရမယ်…။

တရုတ်က ဆော်လိုက်တော့
ခါးကော့အောင် ခံရရင်း
ရင်းခဲ့သမျှ အကုန်ပြုတ်
စာချုပ်ဆိုတာကလည်း မရှိ
ကတိဆိုတာကလည်း မမှန်
ပြန်စရာတောင် စရိတ်ကုန်
ကုန်သည်ကနေ ပွဲစားဖြစ်
ပွဲစားကနေ ကူလီဖြစ်
ညစ်ပတ်မှုတွေလည်း ကြားရမယ်…။

ကျောက်ကုန်သည်ရဲ့‘အရင်း’ဆိုတာ
အမြတ်ပါ ပါပြီးတဲ့
အပြတ်လှီး အပြတ်ခွါ
ပွဲစားအဘိဓမ္မာတွေကလည်း ရှိသလို
“အကိုရယ်…တကယ်ပါ
ဒီတခါ မကိုက်ဘူး
မထူးတော့လို့သာ ရောင်းတာပါ…” နဲ့
မူယာမာယာနဲ့ ပွဲခလျှော့
ဘယ်တော့မှ မြတ်တယ်မပြောတဲ့ ကုန်သည်
ပြီးတော့မှ မြေဝယ်ပြန်ပြီကြားရ
မကြာမီ တိုက်တည်ပြန်ပြီကြားရ
ကားက ဘယ်နှစ်စင်း
ခြံဝင်းက ဘယ်နှစ်ခုမြောက်
ကျောက်လောကရဲ့ပုံပြင်တွေ
ဟောဒီမြေမှာ ကြားနိုင်တယ်…။

ဒီလိုနဲ့ ရွှေလီဟာ
ပုံပြင်များစွာ ကြားနာရင်း
ဇာတ်လမ်းများစွာ ဖွားသစ်
အချစ်နဲ့ တွေ့သူတွေ့
အသစ်နဲ့ မွေ့သူမွေ့
ဒူးပွေ့ပြီး ဖက်သူဖက်
မူးမေ့ပြီး ပျက်သူပျက်
ယုံကြည်ချက်နဲ့နေသူရော
မုန်ရည်ကွက်နဲ့ ပွေသူရော
မောစရာတွေလည်း ရင်မ
သောစရာတွေလည်း မြင်ရ
ဘဝထိုထိုတို့ရဲ့ရုပ်ပုံများ
ကောင်းစားပြီး တိုးတက်သူ
ခေါင်းပါးပြီး ကျိုးပျက်သူ
လောင်းကစားပြီး ဖိုးမက်သူ
ရောင်းစားပြီး ချိုးဖျက်သူ
ကြိုးစားသူ နိုးကြားသူ
ပိုးစားသူ သိုးသွားသူ
……..သူ
…….သူ
လူပေါင်းများစွာတို့ကို မြင်နေရ
နံနက် နေ့ညတွေနဲ့ တရားရှု
ဖြစ်မှုပျက်မှုအားလုံး သိနေတယ်…။

ဒီလိုနဲ့ ရွှေလီဟာ
လာသမျှကို လက်သင့်ခံ
ဟန်သူရော မဟန်သူရော
တန်သူရော မတန်သူရော
ထောသူရော မောသူရော
ကြောသူရော သောသူရော
ပြောချင်သလို ပြောကြပါစေ
သူ့သဘာဝနဲ့သူ ကြီးပြင်း
ရာစုသစ်အတွင်းဆီ ရှေ့ရှု
လူ့သက်တမ်းတခုဆိုတာ…
လူ့ဘဝရဲ့အောင်မြင်မှုတခုဆိုတာ
ဘာမှကြာလိုက်တာမဟုတ်ဘူး
ဒါပေမယ့် ‘ရွှေလီ’ဆိုတဲ့
မြို့တခုရဲ့နာမည်ဟာ
နေရာတခုရဲ့သက်တမ်းဟာ
(တော်လ်စတွိုင်း ပြောသလိုပါပဲ…)
ကာလများစွာ ရှင်သန်ရင်း
စီးဆင်းရွေ့လျားနေမှာ သေချာတယ်…။

ဘာပဲဖြစ်ဖြစ် ရွှေလီဟာ
လာသမျှကို လက်သင့်ခံ
ပြန်ချင်သူတွေကိုလည်း မတား
တရားရထားပြီး သူတော်စင်လို
ရင်ခွင်ကို ကျယ်ကျယ်ဖွင့်
သင့်တင့်အောင် နှလုံးသွင်း
အတက်အဆင်းများတဲ့ ခရီးကြမ်းမှာ
ဝရမ်းပြေး ကဗျာဆရာကို
ကြိုဆိုကာ နေခွင့်ပေး
နွေးနွေးထွေးထွေး ပွေ့ဖက်
ကဗျာဆရာအတွက်တော့ ကျေးဇူးရှင်
ကျေးဇူးတင်ပါတယ် ရွှေလီရေ…
ကျေးဇူးတင်ပါတယ် ရွှေလီရေ…။ ။

၊ဝင်းတင့်ထွန်း၊

-စကားလုံး ရှင်းလင်းချက်-

နီးဟောင် = ‘မင်္ဂလာပါ’ တရုတ်စကား နှုတ်ခွန်းဆက်
စန့်ဟိုင် = ရှန်ဟိုင် တရုတ်စကား
လောင်ပန်း = သူဌေး (ဗမာစကားနဲ့ ‘လောပန်း’ဟု ပြောနေကြ)
ခါဖေးတင့် = ကော်ဖီဆိုင်
ကြို့ဘား = အရက်ဆိုင်
လောင်မြဲင်း = ဗမာ (ယဉ်ကျေးမှုရေချိန်နိမ့်သောသူများက ဗမာလူမျိုးကိုခေါ်သောစကား)
ဟောင် = ဟုတ်ကဲ့၊ အင်း၊ ကောင်းတယ်
ကျုံးတဲ့ = တရုတ်ပြည်ရဲ့နာမည်ကြီး ဘီယာတမျိုး

Read More...