26 March 2010

ကဗျာသဘောတရား (မာ့က်စ်ဝါဒနှင့်ကဗျာ)


စကားနဲ့မှော်အတတ် (စာ ၂၄ မှ ၃၁)

အောက်ပါကတော့ နယူးဟီပရိုက်ဒိစ်က တေးတပုဒ်ဖြစ်ပြီး ကျောက်ဆောင်ထဲမှာ နေတယ်ဆိုတဲ့ မိန်းမနှစ်ဦးဆီ ရည်ညွှန်းသီဆိုဟန် ရေးဖွဲ့ထားတယ်။


"တေးသီဆိုနေတယ်။ တေးသံ အော်မြည်နေတယ်။
သင်း ငါ့ဇနီးဖြစ်စေလို့ တေးသံက အော်နေတယ်။
ဟိုမှာရှိတဲ့မိန်းမ၊ မြင့်မြတ်တဲ့ကျောက်ဆောင်ထဲမှာ ရှိနေတဲ့
အထဲမှာ ထိုင်နေတဲ့၊ ကျောက်တုံးထဲမှာနေတဲ့ မိန်းမနှစ်ယောက်တို့
တေးသံက နှစ်ယောက်လုံးကို ထွက်ခဲ့ကြလို့ အော်နေတယ်…။"
(ကိုးကားချက်အညွှန်း ၉။ ။ဂျေ လေးယဒ် "မာလေကူလာက ကျောက်ခေတ်လူသားများ" ၁၉၄၂၊ စာ ၁၄၂)

ဒီကဗျာမှာ တကယ့်ဖြစ်ရပ်နဲ့ စိတ်ကူးယဉ်မှု ရောထွေးနေတာမျိုး မဟုတ်တော့ဘဲ အမိန့်ပေးနေတာကို တွေ့ရမယ်။ ဒါပေမယ့် အမိန့်ပေးပုံက တိုက်ဆိုင်သူများကို တိုက်ရိုက်ပေးနေတဲ့သဘောမျိုးမဟုတ်ဘူး။ တေးသံရဲ့ခိုင်းစေတတ်တဲ့ မှော်အစွမ်းနဲ့ ပေးနေခြင်းဖြစ်တယ်။ တေးသံကို သဘာဝထက်လွန်တဲ့ တန်ခိုးတော်တခုအဖြစ် သဏ္ဍာန်ပြုထားလေရဲ့။

နောက်ဥပမာတခုက ဂျာမန် သစ်ခုတ်သမား တေးသံတပုဒ်ဖြစ်ပါတယ်။

Klinge du, klinge du, Waldung,
Schalle du, schalle du, Halde,
Halle wider, halle wider, Hainlein,
Tone wider, grosser Laubwald,
Wider meine gute Stimme,
Wider meine golden kehle,
Wider meine Leid, des lieblichstel!

Wo die Stimme zu verstehen ist,
Werden bald die Busche brechen,
Schichten sich von selbst die Stamme,
Stapeln sich von selbst die Klafter,
Haufen sich zum Hof die Schober,
Ohne junger Manner Zutun,
Ohne die gescharften Aexte.
(ကိုးကားချက်အညွှန်း ၁၀။ ။ ဗြူခါ၊ စာ ၄၇၃)

သစ်ခုတ်သမားတွေက သစ်ပင်တွေကို သူတို့ရဲ့တေးသံကို နာခံတဲ့အနေနဲ့ မြေကြီးပေါ်လဲကြ၊ သစ်တုံးများအဖြစ် ပြတ်ကြ၊ တောထဲက လိမ့်ထွက်သွားကြ၊ ပြီး သစ်ဝိုင်းထဲမှာ ဖာသာစုပုံနေကြဖို့ စေခိုင်းကြခြင်းပဲဖြစ်ပါတယ်။ ဒါတွေအားလုံး ဖြစ်ပျက်ကြလိမ့်မယ်မဟုတ်ဘူးဆိုတာကို သူတို့သိတယ်။ ဒါပေမယ့် ဖြစ်တော့မှာလို စိတ်ကူးယဉ်ကြည့်ချင်ကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့လုပ်ငန်းမှာ အထောက်အကူလည်း ရတယ်။ ကဗျာဟာ မှော်အတတ်က ပေါက်ဖွားလာခဲ့ရတာပါပဲ။

နောက် ဥပမာတခုကတော့ ရှေးဟောင်း အိုင်းရစ် နိမိတ်ဟော ကဗျာတပုဒ်ဖြစ်ပါတယ်။

"သတင်းကောင်းပါးပိမ့်၊ ပင်လယ်ပြင်အကျိုးများစိမ့်၊
ကမ်းခြေလှိုင်းတွေခကာ၊ တောတွေပြုံးကြကာ၊
စုန်းတစ္ဆေလွင့်ရှားကာ၊ ဥယျာဉ်ပန်းမန် ဝေဆာစွ၊
စပါးပင်တွေ ရွှမ်းမှည့်စွ၊ ပျားပိတုန်းတို့ ပျံဝဲကာ၊
ကမ္ဘာကြီး ရွှင်လန်းစွ၊ ငြိမ်းချမ်းစွ၊ ဝပြောစွ၊ တပေါင်းနွေသာစွ။"
(ကိုးကားချက်အညွှန်း ၁၁။ ။ Revue celtique တွဲ ၂၆၊ စာ ၃၂)

ဒီကဗျာကို သာယာတဲ့ ရတုရာသီ လာပါစေကြောင်း သိုက်တပေါင်တရပ်အနေနဲ့ ပရောဟိတ်ဆရာတဦးက ရွတ်ဆိုရတယ်။ အလိုရှိတဲ့ဖြစ်ရပ်ကို တကယ်ဖြစ်နေတော့သလို သရုပ်ဖော်ထားတာပါပဲ။

ဒီလိုနဲ့ မသိမသာလို့ဆိုရမလောက် အဆင့်အလေးတွေနဲ့ ကျနော်တိုပအားလုံး သိကျွမ်းနေကြတဲ့ ကဗျာအမျိုးအစားဆီကိုတိုင် ရောက်လာခဲ့တယ်။

"နွေရောက်လို့လာပေါ့လေ
ဥသြတွန်ကြော်စေ၊
သစ်စေ့တွေပေါက်ပွား၊ အသီးအနှံဖွံ့ထွား။
တောသစ်ရွက် ပေါ်ထွန်းကာ၊ ဥသြတွန်ကြော်ငြာ။"

ဒီကဗျာမှာ တင်ပြထားတာတွေကတော့ ဖြစ်ရပ်အမှန်ကို တင်ပြထားတာပါပဲ။ ဒါပေမယ့် ဒီမှာကိုပဲ အိန့်ပေးသံလေး ပါနေသေးတယ်။ ဥရောပ တောသူတောင်သားတွေရဲ့ဘဝမှာ အမြစ်တွယ်ပြီး ပေါ်ပေါက်ခဲ့ရတဲ့ ဒီရာသီဖွဲ့တေးသံလေးတွေဟာ တောသူတောင်သားတွေရဲ့ဆနတဒတွေ အကောင်အထည်ပေါ်လာစေရေး ရည်စူးပြီး စပ်ဆိုခဲ့ကြခြင်းဖြစ်တယ်။ ဒါပေမယ့် ဒီဖွဲ့နွဲ့မှုကလေးတွေမှာကိုပဲ မန္တရားသံကလေးတွေ ပဲ့တင်ထပ်ပြီးနေတယ်။ ကဗျာဟာ မှော်အတတ်က ပေါက်ဖွားလာခဲ့ရတာပါပဲ။

"တောက်ပတဲ့ ကြယ်ကလေး၊ ငါ မင်းလို တည်တံ့ခိုင်မြဲလိုလှတယ်"

ကဗျာဆရာတွေဟာ ဘာကြောင့် မဖြစ်နိုင်တာတွေကို တောင့်တကြရတာလဲ။ အဖြေကတော့ ဒါဟာ မှော်အတတ်က ဆင်းသက်လာခဲ့ရတဲ့ ကဗျာရဲ့အဓိကအင်္ဂါရပ်ဖြစ်နေလို့ပါပဲ။ သဏ္ဍာန်တုအကရဲ့အရူးအမူး တက်ကြွမှုအရှိန်အတွင်းမှာ ငတ်မွတ်ကြောက်လန့်နေတဲ့ အရိုင်းအစိုင်းတွေဟာ သဘာဝနဲ့ရင်ဆိုင်ကြရာမှာ မိမိတို့ရဲ့အားနွဲ့မှုကို စိတ်အားပြင်းပြင်းပြပြ အရူးအမူးလှုပ်ရှားခြင်းဖြင့် ဖော်ပြကြတယ်။ တကယ်ရှိနေတဲ့ကမ္ဘာ၊ ဗဟိဒ္ဓကမ္ဘာကြီးကို မေ့ပျောက်ပြီး မသိတဲ့ကမ္ဘာ၊ စိတ်ကူးယဉ်မှုဆိုတဲ့ အဇ္ဈတ္တကမ္ဘာ၊ ကိုယ်ဖြစ်စေလိုတဲ့ကမ္ဘာထဲကို နစ်မြုပ်ပစ်လိုက်ကြတယ်။ ပြင်းပြတဲ့စိတ်ဆန္ဒအားထုတ်မှုနဲ့ တကယ့်ဖြစ်ရပ်ပေါ်မှာ ဟန်ဆောင်သရုပ်ကို ဖော်ထုတ်ဖို့ကြိုးစားကြည့်ကြတယ်။ အဲဒီလို ရည်စူးရာမှာ မအောင်မြင်ကြဘူး။ ဒါပေမယ့် ကြိုးစားမှုကတော့ အချည်းအနှံမဟုတ်ဘူး။ အဲဒီလိုကြိုးစားမှုကြောင့် သူတို့နဲ့သူတို့ဝန်းကျင်အကြား စိတ်ပိုင်းပဋိပက္ခဟာ ပြေပျောက်သွားတယ်။ ပိုနေမြဲ ကျားနေမြဲ ပြန်လှည်ရရှိသွားတယ်။ ဒီလိုနဲ့ တကယ့်ဘဝဆီ ပြန်လှည့်ခဲ့ရတဲ့အခါ ဒီဘဝနဲပဖက်ပြိုင်ရုန်းကန်ဖို့ အရင်ကထက် တကယ်ပဲ ပိုမိုအစွမ်းရှိလာကြတော့တယ်။

"တောက်ပတဲ့ ကြယ်ကလေး၊ ငါ မင်းလို တည်တံ့ခိုင်မြဲလိုလှတယ်"

အဲဒီတုန်းက ဝန်းကျင်အခြေအနေကို ဆင်ခြင်ကြည့်ပါ။ ကိတ်စ်ဟာ အသက် ၂၄ နှစ်အရွယ်မှာဖြစ်ပြီး ကျန်းမာရေးပြန်လည်ကောင်းလာဖို့ နောက်ဆုံးကြိုးပမ်းတဲ့အနေနဲ့ အီတလီကို အသွားမှာပေါ့။ သူဟာ ဖင်နီဘရောင်းကို နောက်ဆုံးအကြိမ် တွေ့ခဲ့ရတယ်။ အင်္ဂလိပ် ရေလက်ကြားထဲမှာ သူစီးလာတဲ့သင်္ဘောဟာ မိုးလေကြောင့် လားလ်ဝါသ်ကိုဗ်ဆီ လွင့်ပါသွားပြီး သူ ကမ်းပေါ်တက်ခဲ့ရတယ်။ အင်္ဂလန်မြေပေါ်ကို သူ နောက်ဆုံးခြေချသွားခြင်းပါပဲ။ ညနေမှာ သင်္ဘောဆီကို ပြန်ခဲ့ရင်း ဒီကဗျာတိုလေးကို စပ်လိုက်ပြီး ရှိတ်စပီးယား ကဗျာပေါင်းချုပ်စာအုပ်ထဲမှာ ရေးသွားရှာခြင်းဖြစ်တယ်။ လေးလကြာတော့ သူ့ခမျာ အီတလီမှာ အားအင်ကုန်ခန်း နွမ်းလျတဲ့ရောဂါနဲ့ သေဆုံးခဲ့ရတယ်။

"တောက်ပတဲ့ ကြယ်ကလေး၊ ငါ မင်းလို
တည်တံ့ခိုင်မြဲလိုလှတယ်။"

ဒါဟာဖြင့် အသိနဲ့ယှဉ်တဲ့ ဆန္ဒပြုမှုကလေး၊ သေတော့မယ့်ဆဲဆဲ လူသားတယောက်ရဲ့ တောင့်တသံလေးပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီမှာ သတိရမိတဲ့ကဗျာလေးတွေ ရောယှက်နေပါတယ်။

"သို့သော်လည်း ငါသည် တည်တံ့ခိုင်မြဲမှုအရာတွင်
ကောင်းကင်တခွင်လုံး၌ ပြိုင်ဖက်ကင်းသော ဓူဝံကြယ်ပမာ
မြဲမြံသည်သာတည်း။"

ဒီမှာ သူ့ကိုယ်ပိုင်စိတ်ကူးယဉ်မှုဟာ တောင်ကျစမ်းတခုကို လွှတ်ပေးလိုက်သလို လှုပ်ရှားပြီးလာတယ်။ သူ့စိတ်ကူးယဉ်မှုဟာ တဟုန်ထိုးမြင့်တက်လာတယ်။ သူ့ကိုယ်သူ ကြယ်ရယ်လို့၊ အဲဒီနောက် ဖိုးလမင်းရယ်လို့ မြင်လာတယ်။ လူသားရာဇဝင် အစဦးကစပြီး လမင်းဟာ အမြဲထာဝရတည်တံ့မှုရဲ့သင်္ကေတအဖြစ် ရိုကျိုးကိုးကွယ်ရာဖြစ်ခဲ့တယ်။ လမင်းကနေတခါ ကိုဗ့်ဖက်ဆီ ပြေးလွှားစီးဆင်းနေတဲ့ ဒီရေထဲမှာ ညင်သာသာ လူးလွန့်နေတဲ့ သင်္ဘောရဲ့အဖြစ်ကို စိတ်အာရုံမှာ ဝိုးတဝါးထင်မြင်ရင်း သူဟာ ဒီကမ္ဘာမြေ အနိမ့်အမြင့်တွေကြား ဟိုကဒီ စီးဝင်နေတဲ့ ဒီရေတွေရဲ့လှုပ်ရှားမှုကို ငုံ့ကြည့်လိုက်မိတယ်။

"ညဥ့်အမှောင်ထုထက်ဝယ် တကိုယ်တော်အဆင်းအဝါဖြင့် နေရသည်မျိုးကား မလိုချင်။
ထာဝရမျက်ခွံတို့ကို လှစ်ကာ၊
သဘာဝတရား၏ ဇွဲကောင်းသော၊ အအိပ်မဲ့သော
တောပျော်ရှင်ရသေ့အလား၊ လူသားတို့၏ကမ်းပါးတို့ကို
သန့်စင်အောင် ဆေးကြောသုတ်သင်ရခြင်းတည်းဟူသော
ရသေ့ရဟန်းအလုပ်လုပ်ရင်း
လှုပ်ရွနေသော ရေတို့ကိုကြည့်ကာ၊
တောင်တန်းကြီးများ လွင်ပြင်ကြီးများပေါ်မှ
တကယ်နူးညံ့သော အသစ်ကျလသော ဆီးနှင်း
မျက်နှာဖုံးကို ငေးမောကာသာ ကြည့်နေရသည်မျိုးကား မလိုချင်။"

အဲဒီနောက် အနန္တကမ္ဘာထဲကို ပြေးရောက်သွားရာက သင်္ဘောရဲ့အိပ်မွေ့ချသလို ယိမ်းခါမှုများကို ထင်ဟပ်ရင်း ထာဝရတည်မြဲတဲ့ဘဝနဲ့ သူဟာ မြေကြီးဆီကို ပြန်လာခဲ့တယ်။

"တည်တံ့ကား တည်တံ့လျက်ပင်၊ မပြောင်းမလဲလျက်ပင်၊
ငါ၏ လှပသောချစ်သူ၏ မှည့်ရွှမ်းသော ရင်အုံဝယ် အုံးမှီလျက်၊
နူးညံ့ညင်သာ ကြွချည်ကျချည် ဖြစ်နေသည်ကို ထာဝရတွေ့သိခံစားရင်း၊
ချိုမြသော ဂဏှာမငြိမ်မှုဖြင့် ထာဝရနိုးကြားလျက်၊
သူမ၏ ညင်သာသော အသက်ရှူသံကို နားထောင်လျက်လျှင်
သို့ဖြင့်သာ ထာဝရတည်မြဲလိုဘိ။"

ဒါပေမယ့် ဒါဟာ မဖြစ်နိုင်ဘူး။ သေခြင်းကင်းပြီး အချစ်မရှိနိုင်ဘူး။

"သို့ဖြင့်သာ ထာဝရ တည်မြဲလိုဘိ။ သို့မဟုတ်လျှင်
သေခြင်းဖြင့် မူးမေ့ပါရစေတော့။"

သူ နိုးလာတယ်။ အိပ်မက်မက်နေတာကို သင်္ဘောရဲ့လှုပ်ရှားမှုက လှုပ်ခါပစ်လိုက်တာနဲ့ တူလှတယ်။ ဒါပေမယ့် အိပ်မက်ကြောင့် သူဟာ သူ့စိတ်ကို နှိပ်စက်နေတာတွေကို လှုပ်ခါပစ်ခဲ့နိုင်တယ်။ စိတ်ရဲ့ငြိမ်းချမ်းမှုကို ပြန်လည်ရရှိခဲ့တယ်။ ကမ္ဘာကြီးဟာ ရုပ်ပိုင်းအားဖြင့်တော့ သည်တိုင်းသည်တိုင်းပါပဲ။

"ငယ်ရွယ်မှုသည် ဖျော့တော့လာသော၊
တစ္ဆေနှယ် ပိန်ပါးလာသော ထို့နောက်
သေလွန်သွားသော…။"

ကမ္ဘာကြီးပါပဲ။ ဒါပေမယ့် ကမ္ဘာကြီးအပေါ် သူ့ရဲ့စိတ်ပိုင်းသဘောထားကတော့ ပြောင်းလဲလာခဲ့တယ်။ ဒီလိုနဲ့ သူ့အဖို့ စောစောက ကမ္ဘာမျိုး မဟုတ်တော့ဘူး။ ဒါဟာ ကဗျာရဲ့ အနုပဋိလောမတရားပါပဲ။ မှော်အတတ်ရဲ့ အနုပဋိလောမတရားအတိုင်းပါပဲ။

(ဆက်လက်ဖော်ပြပါမယ်)

Read More...

24 March 2010

မတ်လဘွဲ့


ရဲဘော်သိန်းတန်ဟာ
လက်ပံတပွင့်လို ကြွေကျ
ရဲရဲမြမြ
မတ်လရဲ့ဗမာပြည်ဟာ
အနီရောင်ဖြစ်ခဲ့တယ်…


ဖက်ဆစ်တော်လှန်ရေး
ဗျူရိုကရက် အရင်းရှင် တော်လှန်ရေး
စစ်အာဏာရှင်ဆန့်ကျင်ရေး
အရေးတော်ပုံ အဖုံဖုံဟာ
မတ်လမှာ အတောင်အလက် စုံခဲ့တယ်…
၂၇ - ၂၈ လက်နက်ကိုင် တော်လှန်စစ်တွေနဲ့
ဘုန်းမော်တို့ရဲ့ အာဏာရှင် အာခံရေး
အာရ်အိုင်တီ အရေးဟာလည်း
ပြည်ရေးပြည်ရာနဲ့
တခါတည်း ဆက်သွားတယ်…။
နေမင်းနီ (၂၃.၃.၂၀၁၀)

Read More...

ကဗျာသဘောတရား (မာ့က်စ်ဝါဒနှင့်ကဗျာ)


စကားနဲ့မှော်အတတ် (စာ ၁၈ မှ ၂၃)

ဒီအချက်သာ မှန်ခဲ့ရင် ကဗျာစကားဟာ အခြေခံအားဖြင့် သာမန်စကားထက် ပိုမိုရှေးကျတယ်လို့ ဆိုလိုရာရောက်တယ်။ ဘာလို့လဲဆိုတော့ အဲဒီလို စကားမျိုးမှာ တွေ့ရမြဲဖြစ်တဲ့ နိမ့်မြင့်သံစဉ် ညီညာမှု၊ ဂီတသံပါမှု၊ စိတ်ကူးယဉ်ဆန်မှုတို့ကို ပိုမိုအဆင့်မြင်မြင့် ထိန်းထားလို့ပါပဲ။ ဒီတင်ပြချက်ဟာ ကြံဆချက်တခုသာဖြစ်တယ်။ ဒါပေမယ့် ကမ္ဘာဦး ဘာသာစကားတွေကို လေ့လာသိရှိရတာတွေက ထောက်ခံပြီးနေကြပါတယ်။ ဒီဘာသာစကားတွေမှာ ကဗျာနဲ့သာမန်စကား ကွဲပြားခြားနားချက်ဟာ အနှိုင်းအဆအားဖြင့် မပြည့်စုံဘဲရှိနေသေးတယ်။


အရိုင်းအစိုင်းတွေ စကားပြောကြတဲ့အခါ သိသိသာသာကို နိမ့်မြင့်သံစဉ်ညီညာမှုနဲ့ လက်ဟန်ခြေဟန်တွေ ဂီတနွှယ်တဲ့လေတွေ ပါနေတယ်။ အချို့ဘာသာစကားတွေမှာ အသံအနိမ့်အမြင့်ဟာ အင်မတန်မှ ဂီတသဘော ပါလွန်း၊ အဓိပ္ပါယ်အတွက် အရေးကြီးလွန်းတဲ့အတွက် သီချင်းတပုဒ် ရေးစပ်သီဆိုရင် တေးသွားကို ပြောနေကျ စကားလုံးတွေရဲ့ပင်ကိုယ်ဂီတသံက အဓိကအားဖြင့် ပြဋ္ဌာန်းထားတယ်။ စကားပြောနေသူဟာလည်း ဟို အိုင်းရစ်တောသူမကြီးလို ကဗျာဆန်ဆန် စိတ်ကူးယဉ်သွားတတ်မှုမျိုးဆီ မကြာမကြာ ရောက်သွားတတ်တယ်။ ဒီသဘောလက္ခဏာတွေအနက် ပထမနှစ်ခုကို ဒီနေရာမှာ ဥပမာ ထုတ်ပြလို့မဖြစ်နိုင်ဘူး။ နောက်ဆုံးတခုကိုတော့ ပြနိုင်တယ်။

တခါတော့ ဆွစ်သာသနာပြု ဘုန်းကြီးတပါးဟာ အမ်ဘိုဆီ မီးရထားလမ်းနဲ့ကပ်ပြီး ဇူလူးလဲင်းမှာ စခန်းချနေတယ်။ တိုင်းရင်းသားတွေအဖို့တော့ အမ်ဘိုဆီ မီးရထားလမ်းဆိုတာ ဒါဘင်၊ လေဒီစမစ်၊ ဂျွန်ဟန်နက်စဘတ်တို့ဆီကို သွားတဲ့ခရီးလမ်း၊ နှစ်စဉ်နှစ်တိုင်း ဒေသန္တရအခွန်တော် စည်းကြပ်မှုကြောင့် လူငယ်ကလေးတွေ ကိုယ့်အိုး ကိုယ့်အိမ်ကို စွန့်ပစ်ပြီး ကျောက်မီးသွေးတွင်းတွေမှာ မိမိတို့ရဲ့ငယ်ရွယ်တဲ့ဘဝကို ဆုံးပါးစေရတဲ့ ခရီးလမ်း၊ မိန်းကလေးတွေအဖို့မှာလည်း နောက်ဖေးလမ်းကြား ပြည့်တန်ဆာအိမ်တွေမှာ ပိုလို့ပဲ ဆိုးသေးတဲ့ကံကြမ္မာကို ကြုံဆုံစေရတဲ့ ခရီးလမ်းရယ်လို့ အဓိပ္ပါယ်ဆောင်နေတယ်။ အစေခံတယောက်ဟာ စခန်းမှာ အိုးတွေ ဆေးကြောရင်းက အောက်ပါစကားလုံးတွေကို ရေရွတ်နေတာကို ကြားရသတဲ့။

ခပ်ဝေးဝေးက ဟိန်းဟောက်နေတဲ့ ဟိုလူ
လူငယ်လေးတွေကို ဖျက်ဆီးချေမှုန်းနေတဲ့ ဟိုလူ
ငါတို့ဇနီးသည်တွေကို အကျင့်ပျက်စေတဲ့ ဟိုလူ…။
သူတို့ ငါတို့ကို စွန့်ပစ်ပြေးကြ
မြို့ကိုသွားပြီး ဘဝဆိုးတွေ ခံယူကြတယ်…
ဟယ် အဖျက်သမား၊
ငါတို့တော့ ကိုယ်ချည့် ကျန်လေပေါ့…။
(ကိုးကားချက်အညွှန်း ၄။ ။ အိပ်ခ်ျ အေ ဂျူးနော့ "တောင်အာဖရိက လူမျိုးစုတခုရဲ့ဘဝ" ဒုအကြိမ်၊ ၁၉၂၇၊ တွဲ ၂၊ စာ ၁၉၆-၉၇)

ဒါဟာဖြင့် အနုပညာမပါတဲ့ တကိုယ်တော် ညည်းချင်းကလေးတပုဒ်ပါပဲ။ အစေခံအိုကြီးတယောက် သူ့ဖာသူ ညည်းနေခြင်းမျှဖြစ်တယ်။ ဒါပေမယ့် ကဗျာပါပဲ။ မီးရထားက သူ့အာရုံကို ဆွဲယူလိုက်တယ်။ အိုးတွေကို သူမေ့သွားတယ်။ မီးရထားမဟုတ်တော့ဘဲ သူချစ်ခင်မြတ်နိုးတဲ့ဟာတွေကို ဖျက်ဆီးပစ်နေတဲ့ အင်အားအတွက် သင်္ကေတတခုဖြစ်သွားတယ်။ သူ့ရဲ့မသိစိတ်ထဲမှာ အသံမြုံပြီးနေခဲ့တဲ့ ဒေါမနဿဟာ အသံမြည်လာတယ်။ အဲဒီနောက် မီးရထားရဲ့ တဂျုံးဂျုံးအသံ ပျောက်ကွယ်သွားပြီး သူလည်း သူ့အိုးတွေဆီကို ပြန်လည်ရောက်ရှိသွားပြန်ပါရော။

ဒီလိုနဲ့ ဒီအရိုင်းအစိုင်းတွေရဲ့သာမန်စကားဟာ ကျနော်တို့က ကဗျာနဲ့သာ ဆက်စပ်ပြီး နားလည်ထားတဲ့အဆင့်တဆင့်အထိ နိမ့်မြင့်သံ ညီညာနေတယ်။ ဂီတသံ နွှယ်နေတယ်။ စိတ်ကူးယဉ်ဆန်နေတယ်။ သူတို့ရဲ့သာမန်စကားဟာ ကဗျာဆန်တယ်ဆိုရင် သူတို့ရဲ့ကဗျာဟာ မှော်ဆန်လို့နေတယ်။ သူတို့သိတဲ့ တခုတည်းသော ကဗျာဟာ တေးသီချင်းဖြစ်တယ်။ သူတို့တေးဆိုရင်လည်း အမြဲတမ်းလိုလို ကိုယ်လက်လှုပ်ရှားမှုတမျိုး အတူပါမြဲဖြစ်တယ်။ ဒါရဲ့လုပ်ငန်းပိုင်းဟာ မှော်သဘောဖြစ်တယ်။ အတုယူပြုလုပ်ခြင်းဖြင့် ပြင်ပကမ္ဘာမှာ ပြောင်းလဲမှုတခုဖြစ်စေဖို့ တကယ့်ဘဝပေါ်မှာ လှည့်စားမှုပြုလုပ်ဖို့ ရည်ရွယ်ရင်းပါပဲ။

မောင်ရီလူမျိုးတွေမှာ အာလူသီးအကရယ်လို့ ရှိတယ်။ အာလူးသီးနုနုဟာ အရှေ့လေတွေရဲ့တိုက်ဖျက်ခြင်းခံရလေ့ရှိတော့ မိန်းကလေးတွေဟာ လယ်ကွင်းထဲဆင်းကြပြီး မိမိတို့ခန္ဓာကိုယ်တွေနဲ့ လေတွေမိုးတွေ ချဉ်းနင်းလာဟန်၊ အာလူးသီး ကြီးထွားဝေဆာလာဟန် ကကြတယ်။ ကရင်း အာလူးသီးကို သူတို့ရဲ့နမူနာအတိုင်း လိုက်ဖို့ တိုက်တွန်းပြီး တေးဆိုကြတယ်။ (ကိုးကားချက်အညွှန်း ၅။ ။ ဗြူခါ Bucher စာ ၄၀၉-၁၀) သူတို့ဟာ အလိုရှိတဲ့ဖြစ်ရပ် အကောက်အထည်ပေါ်လာမှုကို စိတ်ကူးယဉ်နဲ့ ဇာတ်ခင်းကျင်းကြခြင်းပဲဖြစ်ပါတယ်။ ဒါဟာ မှော်ပါပဲ။ တကယ့်နည်းလမ်းအစား ကျင့်သုံးတဲ့ လှည့်စားမှုနည်းလမ်းပါပဲ။ ဒါပေမယ့် လှည့်စားမှုမျှသာဖြစ်ပေမယ့် အချည်းအနှီးတော့ မဟုတ်ဘူး။ ကလိုက်တဲ့အတွက် အာလူးသီးတွေအပေါ်မှာ တစုံတရာ တိုက်ရိုက်အကျိုးသက်ရောက်မှုတော့ မရှိနိုင်ဘူး။ ဒါပေမယ့် မိန်းကလေးတွေအပေါ်မှာတော့ သဘောကျလောက်စရာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။ ရှိလည်းရှိတယ်။ အာလူးသီးကို ကယ်တင်ပေလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အကမှာ စိတ်တက်ကြွပြီဖြစ်လေတော့ ပိုမိုကြီးမားတဲ့ယုံကြည်ချက်၊ ဒါနဲ့အညီ အရင်ကထက် ပိုမိုကြီးမားတဲ့ခွန်အားနဲ့ အသီးငယ်လေးတွေကို ထိန်းသိမ်းပြုစုကြတော့တာပေါ့။ ဒါနဲ့ နောက်ဆုံးမှာတော့ အာလူးသီးအပေါ်မှာ အကျိုးသက်ရောက်မှုရှိတော့တာပေါ့။ သူတို့ရဲ့စိတ်စောမှုသဘောထားကို တကယ်လက်တွေ့အဖြစ် ပြောင်းလဲလာစေတာနဲ့အမျှ သွယ်ဝိုက်တဲ့နည်းအားဖြင့် တကယ့်ဖြစ်ရပ်ကို ပြောင်းလဲစေခဲ့ကြပါတယ်။

မောင်ရီလူမျိုးတွေဟာ ပိုလီနီရှင်အနွယ်တွေဖြစ်တယ်။ နယူးဟိဗရိုက်ဒိစ် ကျွန်းသားတွေမှာလည်း အဲဒီလိုပါပဲ။ ဒီကျွန်းသားတွေမှာ နိမ့်မြင့်သံ အမျိုးမျိုးနဲ့ တလှည့်စီဆိုရတဲ့ အပိုဒ်နှစ်ပိုဒ်ပါဝင်တဲ့ ရှေးရိုးစဉ်လာ တေးချင်းပုံစံတခုရှိတယ်။ ပထမပိုဒ်ကို 'အရွက်'လို့ခေါ်ပြီး ဒုတိယအပိုဒ်ကို 'အသီး'လို့ခေါ်တယ်။ (ကိုးကားချက်အညွှန်း ၆။ ။ ဂျေ လေးယဒ် "မာလေကူလာက ကျောက်ခေတ်လူသားများ" ၁၉၄၂၊ စာ ၃၁၅) အခြား ပိုလီနီရှင်ကျွန်းတကျွန်းဖြစ်တဲ့ တိကိုပိရမှာလည်း အပိုဒ်သုံးပိုဒ်ပါ တေးချင်းပုံစံတခုရှိတယ်။ ပထမအပိုဒ်အတွက် အမည်က 'ပင်စည်အရင်း'လို့ အဓိပ္ပါယ်ရတယ်။ ဒုတိယအပိုဒ်က 'ကြားစကား'၊ တတိယအပိုဒ်က 'သစ်သီးခိုင်'လို့ ခေါ်တယ်။ (ကိုးကားချက်အညွှန်း ၇။ ။အာရ် ဖာ့သ် "ကျုပ်တို့ တိကိုပိယလူမျိုး" ၁၉၃၆၊ စာ ၂၈၅) ဒီအခေါ်အဝေါ်တွေကို ထောက်ရင် ဒီတေးချင်းပုံစံတွေဟာ မောင်ရီလုံမငယ်တွေရဲ့အကလိုပဲ သဏ္ဍာန်အတုအကတွေက ပေါ်ပေါက်လာခဲ့ကြတယ်လို့ သိနိုင်တယ်။ ကဗျာဟာ မှော်အတတ်က ပေါက်ဖွားလာခဲ့ရတာပါပဲ။

ဆက်လက်ပြီး ဆွေးနွေးကြဦးစို့။ အောက်ပါဟာ တရော်ဘရီယန် ကျွန်းများမှာ မာလီနော့စကီး စုဆောင်းခဲ့တဲ့ မန္တာန်တွေထဲက တခုဖြစ်တယ်။

ပျောက်ပြီ ပျောက်ပြီ
ပေါင်ရိုးက ကျိုးအက်တဲ့အနာ ပျောက်ပြီ
အရေပြားပေါ် ပြီတည်နေတဲ့အနာ ပျောက်ပြီ
ဗိုက်ထဲက မဲမဲအနာကြီး ပျောက်ပြီ
ပျောက်ပြီ ပျောက်ပြီ…။ (ကိုးကားချက်အညွှန်း ၈။ ။မာလီနော့စကီး "သန္တာဥယျာဉ်များ" တွဲ ၂၊ စာ ၂၃၆-၃၇၊ ရှု ၃၁၂)

ဒီကဗျာရဲ့အကြောင်းအရာကတော့ ကဗျာဆန်တယ်လို့ခေါ်ရမယ့် အကြောင်းအရာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပုံသဏ္ဍာန်က ဟုတ်နေတယ်။ မာလီနော့စကီး မှတ်ချက်ချသလို ဒီမန္တာန်တွေဟာ "အသံထွက်ပိုင်း၊ စည်းဝါးပိုင်း၊ အလင်္ကာပိုင်း၊ ဂုဏ်ပိုင်းဆိုင်ရာများ ကြွယ်ဝမှု၊ အဆန်းတကျယ် ကာရံနဘေများနဲ့ ထပ်ဆိုမှုများဖြင့်" ထူးခြားနေတယ်။ မိမိတကယ်ဖြစ်စေလိုတဲ့ တကယ့်ဖြစ်ရပ်ကို နှုတ်က ရွတ်ဆိုခြင်းဖြင့် တကယ်ဖြစ်လာအောင် ပြုတယ်။ ရွတ်ဆိုရာမှာလည်း သဏ္ဍာန်တုအကမှ တည်ငြိမ်တဲ့ဂီတသံလာပြီး ပဲ့တင်ထပ်တဲ့ဘာသာစကား အသုံးအနှုန်းနဲ့ ဖွဲ့ဆိုထားတယ်။ သဏ္ဍာန်တုအကဆိုတာ ဖြစ်လိုတဲ့ဖြစ်ရပ် ဖြစ်မြောက်လာတာကို စိတ်ကူးမှာ ဇာတ်ခင်းကြည့်ခြင်းပါပဲ။

(ဆက်လက်ဖော်ပြပါမယ်)

Read More...

23 March 2010

ကဗျာသဘောတရား (မာ့က်စ်ဝါဒနဲ့ကဗျာ)


စကားနဲ့မှော်အတတ် (စာ ၁၂ မှ ၁၈)

ကမ္ဘာဦးခေတ် ကဗျာကို စာနဲ့ရေးသားထားတဲ့ ရှေးခေတ်စာပေတွေထဲမှာ လေ့လာလို့ရမယ်မဟုတ်ဘူး။ သူ့သဘာဝကိုယ်၌က စာနဲ့ရေးထားတာမဟုတ်ဘူး။ စာပေမတိုင်မီခေတ်က ဖြစ်ပေတယ်။ ချွင်းချက်ထားရမယ့် အချို့နေရာတွေမှာသာ စာနဲ့ချပြီးရေးထားခြင်းဖြစ်တယ်။ ကနေ့ခေတ်ရှိ လူရိုင်းတွေရဲ့နှုတ်ဖျားပေါ်မှာ တွေ့ရှိနေတဲ့အတိုင်းပဲ လေ့လာရမှာဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ လူ့အဖွဲ့အစည်းအကြောင်း ဘာတခုမှမသိဘဲနဲ့လည်း ဒီလူတွေရဲ့ကဗျာကို နားလည်နိုင်မယ်မဟုတ်ဘူး။ နောက်ပြီး ကဗျာဆိုတာ ထူးခြားတဲ့စကားတမျိုးဖြစ်ပေတယ်။ ကဗျာရဲ့ ရင်းမြစ်မူလကို လေ့လာမယ်ဆိုရင် စကားရဲ့ရင်းမြစ်မူလကို လေ့လာရလိမ့်မယ်၊ ဒါဟာလည်း လူသားကိုယ်တိုင်ရဲ့ ရင်းမြစ်မူလကိုပဲ လေ့လာရလိမ့်မယ်လို့ ဆိုလိုတယ်။ ဘာလို့လဲဆိုတော့ စကားဆိုတာ လူ့ရဲ့ထူးခြားတဲ့ဝိသေသ လက္ခဏာတွေထဲက တခုဖြစ်နေတာကိုး။ အစဆီကိုပဲ ပြန်ပြီးကောက်ကြရပေလိမ့်မယ်။


လူ ဘယ်လိုပေါ်လာတယ်ဆိုတာကို ပြည့်ပြည့်ဝဝ နားလည်ဖို့ ကျနော်တို့ အလှမ်းဝေးလျက်ပဲ ရှိကြသေးတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေ သဘောတူညီထားတဲ့ အခြေခံအချက်တချက်ဖြင့် ရှိရဲ့။ လူဟာ အဓိကသဘောလက္ခဏာကြီး နှစ်ရပ်အားဖြင့် တိရိစ္ဆာန်တွေနဲ့ ကွဲပြားခြားနားနေတယ်။ လက်နက်ကိရိယာနဲ့ ဘာသာစကားပါပဲ။ (ကိုးကားချက်အညွှန်း ၁။ ။ ဂျီ အဲလိယော့ စမစ် "လူအဆင့်ဆင့် ဖြစ်ပေါ်လာပုံ" ၁၉၂၄။ ဖရက်စရစ် အိန်ဂဲလ် "သဘာဝရဲ့အနုပဋိလောမ" ၁၉၄၀။ ကေ ဗြူခါ "Arbeit and Rhythmus" ၁၈၉၆။ အာရ် အေ အက်စ်ပေးဂျက် "လူ့စကား" ၁၉၃၀)

ပရိုင်းမိတ် (မျောက် စတဲ့ မူလသတ္တဝါ)တွေက အနိမ့်စား ကျောရိုးပါတဲ့ သတ္တဝါတွေနဲ့ ခြားနားနေတဲ့အချက်ကတော့ မတ်မတ်ရပ်နိုင်ခြင်းနဲ့ ရှေ့ခြေတွေကို လက်အဖြစ် အသုံးပြုတတ်ခြင်းပဲဖြစ်တယ်။ ဒီဖြစ်ပေါ်တိုးတက်မှုဟာ ဦးနှောက်ထဲက ဆုံလည်အင်္ဂါအစိတ်အပိုင်းများရဲ့ တဆင့်ဆင့် တိုးတက်ကောင်းမွန်လာမှု ပါဝင်ပြီး သူတို့ရဲ့ပတ်ဝန်းကျင်က ထူးခြားတဲ့အခြေအနေများကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်တယ်။ သူတို့တတွေဟာ တောတွင်းတိရိစ္ဆာန်များဖြစ်လေတော့ သစ်ပင်ပေါ်နေရတယ်ဆိုရင် ဖျပ်လပ်ဖို့၊ အမြင်နဲ့အထိအတွေ့ ကျကျနနပူးတွဲလုပ်ဆောင်ဖို့၊ မျက်စေ့နှစ်လုံးနဲ့ တပြိုင်နက် ကြည့်မြင်တတ်ဖို့၊ ကြွက်သားနဲ့ အသေးစိတ်ချုပ်ကိုင်တတ်ဖို့ လိုလာတယ်။ လက်တွေ ဖြစ်ပေါ်တိုးတက်လာတာနဲ့တပြိုင်နက် ဦးနှောက်ကို ပြဿနာအသစ်တွေ၊ အလားအလာအသစ်တွေနဲ့ ရင်ဆိုင်စေရတယ်။ ဒီလိုနဲ့ စကတည်းကပဲ လက်နဲ့ဦးနှောက် အဓိကဆက်သွယ်မှု ရှိခဲ့တယ်။

လူဟာ ပရိုင်းမိတ်တွေမှာ ဒုတိယအမြင့်မားဆုံးဖြစ်တဲ့ လူမျောက်တွေနဲ့ခြားနားတဲ့အချက်ကတော့ လမ်းလျှောက်တတ်ခြင်းနဲ့ မတ်တတ်ရပ်နိုင်ခြင်းပဲဖြစ်တယ်။ လမ်းလျှောက်တတ်တာဟာ သစ်တောထဲက ထွက်လာတော့ မြေကြီးပေါ်ကို ဆင်းခဲ့ရလို့ လို့ အချို့က ယူဆတယ်။ ဘယ်လိုကြောင့်ပဲဖြစ်စေ အဓိကအချက်ကတော့ လူမှာ လက်နဲ့ခြေ လုပ်ငန်းပိုင်းခြားမှု ပြီးပြတ်လို့သွားခြင်းပါပဲ။ လူ့ရဲ့ ခြေချောင်းလေးတွေဟာ ကိုင်ဖမ်းနိုင်စွမ်း ကင်းမဲ့လို့သွားတယ်။ လူ့ရဲ့လက်ချောင်းလေးတွေဟာ မျောက်တွေမှာမရှိတဲ့ အသေးစိတ် ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်စွမ်း ရှိလာတယ်။ မျောက်တွေဟာ တုတ်တို့ ခဲတို့ကို ကိုင်တွယ်နိုင်ပါရဲ့။ ဒါပေမယ့် လူ့ရဲ့လက်ကသာ ဒါတွေကို လက်နက်ကိရိယာတွေဖြစ်အောင် ပုံဖော်နိုင်စွမ်းရှိလေတယ်။

ဒီအဆင့်ဟာ ဆုံးဖြတ်ချက်ပေးမယ့်အဆင့်ဖြစ်တယ်။ နေထိုင်မှု နည်းလမ်းအသစ်တခုကို ဒါက လမ်းဖွင့်ပေးခဲ့တယ်။ လက်နက်ကိရိယာတွေ ကိုင်ဆောင်ပြီး သူဟာ ကိုယ့်အစားအစာကို ယူစားရုံမဟုတ်တော့ဘဲ ထုတ်လုပ်လို့လာတယ်။ သဘာဝက ပေးကမ်းထားတာကို ဆွဲယူရုံမဟုတ်တော့ဘဲ မြေကိုတူး၊ အပင်စိုက်၊ ရေလောင်း၊ အသီးအနှံရိတ်၊ အစေ့တွေကိုကြိတ်၊ မုန့်ဖုတ်လို့လာတယ်။ သူဟာ သဘာဝကို ထိန်းချုပ်ဖို့ လက်နက်ကိရိယာတွေကို သုံးလာတယ်။ သဘာဝကို ထိန်းချုပ်ဖို့ကြိုးစားရင်း သဘာဝဆိုတာ သူ့ဆန္ဒနဲ့ သီးခြားကင်းလွတ်ပြီး ကိုယ်ပိုင်နိယာမတရားတွေနဲ့ပါလားလို့ သဘောပေါက်လာတယ်။ သင်္ခါရတရားတို့ ဖြစ်ကြ ပျက်ကြပုံကို သိမြင်လာတာနဲ့အမျှ ဒါတွေဖြစ်ပျက်အောင် ဘယ်လိုလုပ်ရမယ်ကိုပါ သိနားလည်လာတယ်။ သဘာဝရဲ့နိယာမတရားတွေရဲ့ ရုပ်ဘဝလိုအပ်ချက်ကို အသိအမှတ်ပြုလာတာနဲ့အမျှ မိမိအလိုကိစ္စပြည့်ဝရေးအတွက် သူတို့ကို အသုံးချနိုင်တဲ့ အစွမ်းသတ္တိကိုပါ ရရှိလို့လာတယ်။ သူတို့ရဲ့ကျေးကျွန်မဟုတ်တော့ဘဲ သခင်ဖြစ်လာပြီးဖြစ်တယ်။

အခြားတဖက်ကလည်း နိယာမတရားတွေရဲ့ရုပ်ပိုင်းလိုအပ်ချက်ကို အသိအမှတ်ပြုဖို့ မစွမ်းနိုင်ဘဲရှိတာနဲ့အမျှ မိမိပတ်ဝန်းကျင်က ကမ္ဘာကြီးကို စိတ်ဆန္ဒစေစားမှုနဲ့ ပြောင်းလဲလို့ရနိုင်တော့မှာလို့ ရှုမြင်လာတယ်။ ဒါဟာ မှော်အတတ်ရဲ့အခြေခံပါပဲ။ မှော်အတတ်ဆိုတာဟာ တကယ့်အတတ်ရဲ့ချွတ်ယွင်းချက်တွေကို အစားထိုးစရာ လှည့်စားတဲ့အတတ်လို့ ဖော်ပြရလိမ့်မယ်။ ဒါမှမဟုတ် ဒိထက် တိတိကျကျဆိုရရင် တကယ့်အတတ်ကို စိတ်ပိုင်းအမြင်နဲ့ကျင့်သုံးခြင်းပါပဲ။ မှော်အတတ်နဲ့ စီရင်တယ်ဆိုရာမှာ အရိုင်းအစိုင်းလူတွေဟာ သူတို့ဖြစ်စေလိုတဲ့သဘာဝဖြစ်ရပ်ကို အတုခိုးပြုလုပ်ခြင်းအားဖြင့် မိမိတို့ရဲ့ပတ်ဝန်းကျင်မှာ မိမိတို့ရဲ့ဆန္ဒကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားကြည့်ကြခြင်းပဲဖြစ်တယ်။ မိုးကို လိုချင်ရင် တိမ်တွေစုရုံးနေကြဟန်၊ မိုးချုံးဟန်၊ မိုးတဖွဲဖွဲရွာကျဟန် အတုခိုးပြီး ပြုလုပ်တဲ့အကကို ကကြတယ်။ ဒီတိုင်းပြည်မှာတောင်မှ တချို့တောကျတဲ့နယ်တွေမှာ ရန်သူရဲ့ရုပ်ပုံကို ဖယောင်းနဲ့ပြုလုပ်ပြီး အပ်ကလေးတွေ ထိုးသွင်းတာတို့၊ မီးပေါ်မှာ အရည်ပျော်စေတာတို့ စသဖြင့် ပြုလုပ်တဲ့လူတွေအကြောင်း ရံဖန်ရံခါ ကြားကြရတယ်။ ဒါဟာ မှော်အတတ်ပါပဲ။ ကိုယ်လိုချင်တဲ့အဖြစ် (မုန်းနေတဲ့သူ သေခြင်း)ကို အတုပြုလုပ်ခြင်းပါပဲ။ (ကိုးကားချက်အညွှန်း ၂။ ။ဂျေ ဘီ ဟယ်ရီဆန် "ရှေးခေတ် အနုပညာနဲ့ကျင့်ထုံး" ၁၉၁၃)

အစပိုင်းမှာ ကုန်ထုတ်လုပ်ရေးအလုပ်ဟာ စုပေါင်းအလုပ်ဖြစ်တယ်။ လက်တွေအများကြီး အတူစုပေါင်းလုပ်ကိုင်ကြတာပဲ။ အဲဒီလိုအခြေအနေတွေမှာ လက်နက်ကိရိယာတွေ သုံးပြုလာတာကြောင့် ဆက်သွယ်ရေးနည်းလမ်းအသစ်တခု ဖြစ်ပေါ်လာစေတယ်။ တိရိစ္ဆာန်တွေရဲ့အော်သံတွေဟာ အင်မတန်ဘောင်ကျဉ်းတယ်။ လူမှာကျတော့ အသံပီမြည်ပြီးလာတယ်။ အလုပ်လုပ်နေတဲ့လူစုရဲ့လှုပ်ရှားမှုတွေကို ထိန်းကိုင်ပေးတဲ့ နည်းလမ်းတရပ်အဖြစ် အသုံးချပြီး စနစ်တကျ ဖြစ်စေခဲ့ကြတယ်။ ဒီလိုနဲ့ လက်နက်ကိရိယာတွေ တီထွင်ရင်း လူဟာ စကားကိုပါ တီထွင်ခဲ့တယ်။ ဒါမှာလည်း လက်နဲ့ဦးနှောက် အဆက်အသွယ်ကို ကျနော်တို့ တွေ့ကြရပြန်တယ်။

ကလေးငယ်လေးတဦး ကစားစရာ တူတချောင်းကို ကိုင်တွယ်ဖို့ ပထမဆုံးအကြိမ် ကြိုးပမ်းနေပုံကိုကြည့်ရင် ကမ္ဘာဦးဆီက လက်နက်ကိရိယာတွေ ကိုင်တွယ်ဖို့ကြိုးပမ်းကြရာမှာ ဘယ့်ကလောက် စိတ်ဓါတ်အင်အား အသုံးပြုရှာကြရမယ်ဆိုတာကို ခန်ပမှန်းလို့ကြည့်နိုင်တယ်။ သူငယ်တန်း ဂီတအဖွဲ့တခုက ကလေးငယ်တွေလို လူစုဟာ အတူလုပ်ကိုင်ကြရာမှာ ခြေလက်တွေ လှုပ်ရှားတိုင်း၊ တုတ်တွေ ကျောက်ခဲတွေကို ထောင်းထုတိုင်း အားလုံး တညီတညာ ရွတ်ဆိုကြတဲ့ မပီတပီအော်သံနဲ့ စည်းဝါးကိုက်ပေးကြပေလိမ့်မယ်။ အဲဒီလို ပါးစပ်က လိုက်ပေးမှုမပါဘဲ အလုပ်လုပ်လို့ ရမယ်မဟုတ်ဘူး။ ဒီလိုနဲ့ စကားဟာ ကုန်ထုတ်လုပ်ရေးလက်တွေ့နည်းလမ်းအဖြစ် ထွက်ပေါ်ခဲ့ရတာပါပဲ။ (ကိုးကားချက်အညွှန်း ၃။ ။ဘီ မာလီနော့စတီး "သန္တာဥယျာဉ်များနဲ့ သူတို့ရဲ့မှော်စွမ်း" ၁၉၃၅ တွဲ ၂၊ စာ ၂၃၂။ စီ ဂျေ အော့ဂ်ဒင်နဲ့ အိုင် အေ ရစ်ချဒ်တို့ရဲ့ "အဓိပ္ပါယ်ရဲ့အဓိပ္ပါယ်" ၁၉၂၇ မှ 'ကမ္ဘာဦးခေတ် ဘာသာစကားများမှ အဓိပ္ပါယ်ပြဿနာ')

လူသားရဲ့ကျွမ်းကျင်မှု တိုးတက်လာတာနဲ့အမျှ ပါးစပ်နဲ့လိုက်ပေးရတာလည်း လက်တွေ့လိုအပ်ချက်အဖြစ်က ရပ်စဲသွားတယ်။ အလုပ်သမားတွေဟာ တဦးချင်း လုပ်ကိုင်နိုင်လာကြတယ်။ ဒါပေမယ့် စုပေါင်းလုပ်ဆောင်မှုကိရိယာကတော့ ပျောက်ပျက်မသွားဘူး။ တကယ့်အလုပ်ကို မစတင်ခင် ကကြတဲ့ ဇာတ်တိုက်မှုတခုအနေနဲ့ ကျန်ရစ်ခဲ့တယ်။ အရင်က လုပ်ငန်းနဲ့ခွဲခွါလို့ မရစကောင်းတဲ့ စုပေါင်းချိန်ကိုက်ယူရတဲ့ လှုပ်ရှားမှုတွေကို ပြန်လည်ကပြကြတဲ့ အကတမျိုးပါပဲ။ ဒါဟာဖြင့် ကနေ့အထိ အရိုင်းအစိုင်းတွေ ကပြလို့နေကြသေးတဲ့ သဏ္ဍာန်တု ကကွက်ပဲပေါ့။

တချိန်ထဲမှာ စကားဟာ တိုးတက်ဖြစ်ထွန်းလာတယ်။ လက်နက်ကိရိယာတွေ ကိုယ်တွယ်ရေးမှာ လိုက်ဖက်လုပ်ရတဲ့ လမ်းညွှန်တခုအဖြစ်နဲ့ စတင်ခဲ့ရာက ကျနော်တို့နားလည်နေတဲ့ ဘာသာစကားမျိုး ဖြစ်လာပါတယ်။ လုံးဝ ပီပီမြည်မြည်ရွတ်ဆိုရတဲ့၊ လုံးဝ အသိနှဲ့ယှဉ်တဲ့ တဦးနဲ့တဦး ဆက်သွယ်ရေးနည်းလမ်း ဖြစ်လာတယ်။ သဏ္ဍာန်တုအကမှာတော့ ရွတ်ဆိုရတဲ့အပိုင်းအဖြစ် ဆက်လက်တည်ရှိနေပြီး မှော်အတတ်ဆိုင်ရာကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားသေးတယ်။ ဒီလိုနဲ့ ဘာသာစကားအားလုံးမှာ ပြောပုံပြောနည်း နှစ်နည်း တွေ့ကြရတယ်။ အချင်းချင်း နေ့စဉ် သာမန်ဆက်သွယ်ရေးနည်းလမ်းဖြစ်တဲ့ ရိုးရိုးစကားရယ်၊ ပိုမိုလေးနက်ပြီး စုပေါင်းရွတ်ဆိုရတာနဲ့ ပိုမိုသင့်မြတ်တဲ့၊ စိတ်ကူးယဉ်ဆန်တဲ့၊ နိမ့်မြင့်သံ ညီညွတ်တဲ့၊ မှော်သဘောပါတဲ့ အသုံးအနှုန်းတခုဖြစ်တဲ့ ကဗျာစကားရယ်လို့ ဖြစ်ပါတယ်။

(ဆက်လက် ဖော်ပြပါမယ်)

Read More...

23 November 2009

၁။ စကားနဲ့ မှော်အတတ် (ကဗျာသဘောတရား)


၁။ စကားနှင့် မှော်အတတ် (စာ ၅ မှ ၁၂)

ဒီစာတမ်းရဲ့အကြောင်းအရာက ကဗျာရဲ့ရင်းမြစ်မူလနဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်တယ်။ ဒါဟာ လူမှုသိပ္ပံ၊ စိတ်ပညာနဲ့ ဘာသာသိပ္ပံဆိုင်ရာ ပြဿနာဖြစ်တယ်။ ဒီလိုဖြစ်တဲ့အတိုင်းလည်း ဆွေးနွေးသွားပါမယ်။ ကဗျာကို ကဗျာသက်သက်အတွက်သာ အရသာခံရုံနဲ့ ရောင့်ရဲကြေနပ်ကြသူတွေအဖို့တော့ ဒီအစီအစဉ်ဟာ စိတ်ဝင်စားစရာမကောင်းသလိုလို ရှိကောင်းရှိနေပေလိမ့်မယ်။ ဒါပေမယ့် ကျနော့်ရဲ့အတွေ့အကြုံအရ ကဗျာဟာ သိပ္ပံနည်းကျကျ လေ့လာလိုက်ရင် ရော့ဖို့ဝေးစွ ပိုလို့ပဲ အရသာခံလို့ ကောင်းလာပါသေးတော့တယ်။ ကဗျာကို ပြည့်ပြည့်ဝဝ အရသာခံနိုင်ဖို့အတွက် ကဗျာဆိုတာ ဘာလဲဆိုတာကို နားလည်ရပေလိမ့်မယ်။ ကဗျာ ဘာလဲလို့ နားလည်ဖို့ ကဗျာ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ကြီးထွားလာတယ်ဆိုတာတွေကို စေ့ငုလေ့လာရပေလိမ့်မယ်။ ပြီးတော့တခါ ကမ္ဘာဦးခေတ်ကဗျာကို လေ့လာခြင်းကြောင့် ကျနော်တို့ခေတ်ကဗျာရဲ့ အနာဂတ်နဲ့ပတ်သက်လို့ အသုံးဝင်ဖွယ် သင်ခန်းစာတွေကို ရနိုင်ပေလိမ့်မယ်လို့လည်း ကျနော်ယုံကြည်တယ်။ ဒီအဆိုပြုချက်တွေ ဘယ်၍ဘယ်မျှအထိ မှန်တယ်ဆိုတာကို စာဖတ်သူဟာ ကိုယ်တိုင်ဆုံးဖြတ်ပါလိမ့်မယ်။ လောလောဆယ်မှာတော့ ကျနော့်အနေနဲ့ ဘာ့ကြောင့် ဒီသဘောထားမျိုး ရှိရတယ်ဆိုတာ ရှင်းလင်းတင်ပြပြီးတဲ့နောက် ဒုံရင်းအကြောင်းအရာကို ဆက်လက်ဆွေးနွေးသွားမယ်ဖြစ်ပါတယ်။

ကျနော် အကောင်းဆုံးသိတဲ့ကဗျာကတော့ အင်္ဂလိပ်၊ ဂရိနဲ့ အိုင်းရစ်ကဗျာဖြစ်တယ်။ ဒီသုံးခုကိုမှ တွဲပြီးသိရတာကတော့ မတော်တဆ ကြုံဆုံရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်ရပုံက ဂရိနဲ့အင်္ဂလိပ်ကဗျာတို့ဟာ ယဉ်ကျေးမှုခေတ်ကဗျာပိုင်းမှာ ရှေးဟောင်းရော ခေတ်သစ်အတွက်ပါ အကောင်းဆုံး စံနမူနာတွေဖြစ်ကြပြီး အိုင်းရစ်ကဗျာဟာ ဂရိကဗျာလောက် ရှေးပိုင်းမကျပေမယ်လို့ တနည်းတဖုံအားဖြင့် ကမ္ဘာဦးခေတ်ပိုင်းဆံနေတယ်။ ဒါကြောင့် ဒီသုံးခုက ကျနော့်ကို ရှည်လျားတဲ့ ရာဇဝင်ကြောင်းအမြင် ရရှိစေပါတယ်။

ဂရိနှင့်အင်္ဂလိပ်ကဗျာမှာ ကြီးကြီးမားမား ခြားနားချက်ကြီးတွေ ရှိကြတဲ့အနက် တခုကတော့ ရှေးခေတ်ဂရိတွေမှာ ကဗျာဆိုရင် ဂီတနဲ့ ရောဖက်နေခြင်းပဲဖြစ်တယ်။ အတီးသက်သက်ဂီတ၊ စကားလုံးမပါတဲ့ဂီတရယ်လို့ မရှိဘူး။ ကောင်းပေ့ဆိုတဲ့ ကဗျာအများစုဟာ ဂီတနဲ့တီးမှုတ်ဖို့ စပ်ဆိုခဲ့ကြခြင်းဖြစ်တယ်။ အိုင်းရစ်ကဗျာမှာလည်း ကဗျာနဲ့ဂီတ ပူးပူးကပ်ကပ် ရောထွေးယှက်တင်ရှိနေတယ်။ ဒါဟာ သာမန်ကျိုးကြောင်းဆက်စပ် တွေးခေါ်ပြောဆိုခြင်းမျှမဟုတ်ဘူး။ ဒီနေ့ထက်ထိ တကယ်မြင်တွေ့နေရတဲ့ကိစ္စပဲဖြစ်တယ်။ ပုံနှိပ်စာလုံးနဲ့ ကျနော်တွေ့ဖူးတာကြာပြီဖြစ်တဲ့ အိုင်းရစ်ကဗျာတချို့ကို လယ်သမားအဆိုကျော်တယောက်က ရှေးရိုးအစဉ်အလာ ဟန်ပန်အတိုင်း သီဆိုနေတာကို ပထမဆုံးအကြိမ် ကြားဖူးလိုက်ရတာကို ကျနော် မေ့နိုင်တော့မယ်မဟုတ်ပါဘူး။ ကျနော့်အဖို့ လုံးဝသစ်ဆန်းတဲ့ အတွေ့အကြုံတရပ်ဖြစ်နေပေတယ်။ ဒါမျိုးကို ကဗျာမှာရော ဂီတမှာရော တခါဖူးမျှ ကျနော်မကြားဖူးဘူး။

အိုင်းရစ်ကဗျာမှာ အခြားဝိသေသ လက္ခဏာတခု ရှိသေးတယ်။ ဒါဟာလည်း ကျနော့်အဖို့ အသစ်အဆန်းပဲဖြစ်တယ်။ စိတ်ထဲမှာ လေးလေးနက်နက် စွဲထင်ပြီးနေခဲ့ပါတယ်။ အင်္ဂလိပ်လူမျိုး အများအပြားအဖို့ရာမှာ ကဗျာဆိုတာ ပိတ်ထားတဲ့ စာအုပ်တအုပ်ပဲဖြစ်တယ်။ ကဗျာကို သိလည်းမသိကြ ဂရုလည်း မစိုက်ကြဘူး။ ကဗျာမှာ စိတ်ဝင်စားမှုရှိပါတယ်ဆိုတဲ့သူ အနည်းငယ်မှာပဲ ကဗျာဟာ သူတို့ရဲ့နေ့စဉ်ဘဝထဲကို များများစားစား ဝင်ရောက်နေတယ်လို့ပြောနိုင်သူ များများမရှိလှဘူး။ အိုင်းရစ်လယ်သမားတွေထဲမှာတော့ လုံးဝ ဒီလိုမဟုတ်ဘူး။ သူတို့အဖို့မှာတော့ ကဗျာဆိုတာ စာအုပ်တွေနဲ့ ဘာမှမဆိုင်ဘူး။ သူတို့အများစုဟာ စာမတတ်ကြဘူး။ ကဗျာဟာ သူတို့နှုတ်ဖျားပေါ်မှာ အသက်ရှင်နေတယ်။ ကဗျာဟာ ဘုံပစ္စည်းဖြစ်တယ်။ လူတိုင်း ကဗျာကို သိတယ်။ လူတိုင်း ကဗျာကို ချစ်တယ်။ နိစ္စဓူဝ စကားစမြည်ပြောဆိုကြရာမှာ ကဗျာဟာ အမြဲတစေ ပလုံထိုးပြီး ထွက်ပေါ်နေတယ်။ ဒါပေမယ့်ဖန်တီးမှုသဘောလည်း ပါသေးတာပဲ။ ထူးထူးခြားခြားဖြစ်ရပ်တခုကြုံလာတိုင်း အဲဒီဖြစ်ရပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သီချင်းတပုဒ် စပ်လိုက်ကြတယ်။ စပ်လိုက်ကြတယ်လို့ ဆိုလိုက်ရပေမယ့် ဒီစကားလုံးဟာ သင့်လျော်လှတာတော့မဟုတ်ဘူး။ ဒီသီချင်းတွေကို စပ်ကြရာမှာ ကျနော်တို့နားလည်တဲ့ စပ်နည်းမျိုး မဟုတ်ဘူး။ လက်တန်း ဆိုလိုက်ကြခြင်းသာဖြစ်တယ်။ အိုင်းရစ်ကျေးရွာအများအပြားမှာ မကြာလှမီကအထိ ရှေးရိုးစဉ်လာအတိုင်း သင်ကြားတတ်မြောက်ထားတဲ့ ကဗျာဆရာတဦး ရှိသေးတယ်။ သူဟာ ကျနော်တို့ခေတ်သစ် အင်္ဂလိပ်ကဗျာထက်တောင် နည်းစနစ်များသေးတဲ့ ကဗျာပုံစံတွေနဲ့ကိုပဲ ဈာန်ဝင်လာတာနဲ့ ရုတ်တရက် လက်တန်းထ,ပြီး ကဗျာတွေထုတ်လုပ်နိုငတဲ့ ပါရမီစွမ်းရှိတယ်။ ကျနော်အသိကျွမ်းဆုံး ကျေးရွာတရွာမှာ နာမည်ကျော်ကဗျာဆရာတဦးရှိတယ်။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က သေသွားရှာပါပြီ။ သူ့ကဗျာတွေဟာ လက်တန်းစပ်တွေချည်း၊ အခါအခွင့်ကြုံလို့ စပ်ဆိုလိုက်တာချည်း များတယ်။ သူသေတဲ့ညကဆိုရင် ခေါင်းကို တံတောင်နဲ့ထောက်ပြီး အိပ်ယာထဲမှာ လဲလျောင်းရင်း အစဉ်မပြတ် ကဗျာတွေ တသီတတန်းကြီး ရွတ်ဆိုသွားတယ်လို့ အိမ်သားတွေက ပြောပြလိုက်တာကို မှတ်မိပါသေးတယ်။

ဒီအတွေ့အကြုံတွေ တွေ့ကြုံရပြီးတဲ့နောက် ဂရိကဗျာဘက်ကို ဦးလှည့်ခဲ့တဲ့အခါမှာ ကျနော်ဟာ အေးခီးလုလို၊ ပင်ဒါလို ရှေးဂရိကဗျာဆရာတွေဟာ ကျနော်တို့လို ဖောင်တိန်နဲ့ စာရွက်နဲ့ တမင်ဖျစ်ညှစ်ထုတ်ပြီးတော့တာပဲ ကဗျာကို စပ်ဆိုခဲ့ကြတာလား၊ စာမတတ်ရှာတဲ့ အိုင်းရစ်ကဗျာဆရာကြီးလို ဈာန်ဝင်စားခိုက် စပ်ဆိုသွားကြတာလားဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို မမေးဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။

ဒီပုဂ္ဂိုလ်ဟာ ခြွင်းချက်ထားရလောက်အောင် ပါရမီထူးတဲ့ပုဂ္ဂိုလ်တော့မှန်တယ်။ သူဟာ သူ့အရင် လူသားဆက်က ကဗျာဆရာတဦးဦးထံမှာ မိမိရဲ့အတတ်ပညာကို လေ့လာသင်ယူခဲ့တဲ့ ကြေးစားကဗျာဆရာမှန်တယ်။ ဒါပေမယ့် ကြေးစားကဗျာဆရာနဲ့ တခြားပြည်သူတွေကြားမှာ တိကျတဲ့ နယ်ခြားမျဉ်းကြောင်း ဆွဲလို့မရတာကို မကြာမီ ကျနော်သိလာရတယ်။ အဆင့်အတန်း ကွာခြားမှုသာရှိတယ်။ တစုံတခုသော အတိုင်းအတာအထိတော့ သူတို့အားလုံး ကဗျာဆရာတွေချည်းပဲဖြစ်ကြတယ်။ သူတို့ပြောကြဆိုကြလေရာမှာ အမြဲတစေ ကဗျာအဖြစ် ရုတ်တရက် ပေါက်ကွဲသွားလေ့ရှိတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ လူသိတာထက် ကဗျာကို ပိုမိုသိရှိကြတာနဲ့အမျှ သာမန်လူဟာ ကဗျာဆရာဖြစ်နေတယ်။ ဥပမာတခု ပေးပါရစေ။ အများကြီးထဲက တခုပါပဲ။

တညနေသား အတ္တလန်တိတ် သမုဒ္ဒရာကြီးပေါ်မှာ မိုးပြီးတည်ရှိနေတဲ့ အဲဒီကျေးရွာထဲက ဖြတ်ပြီး လမ်းလျှောက်လာခဲ့တော့ ကျနော်ဟာ ကျေးရွာရေတွင်းကို ရောက်လာခဲ့တယ်။ အဲဒီမှာ ကျနော့်မိတ်ဆွေတဦးဖြစ်တဲ့ တောသူမကြီးကို တွေ့ရတယ်။ သူဟာ ရေပုံးတွေကို ရေဖြည့်ပြီးကာစပဲရှိပြီး ပင်လယ်ပြင်ပေါ် ငေးလို့ကြည့်နေတယ်။ သူ့ယောက်ျား သေရှာပြီ။ သူ့သား ၇ ယောက်က မက်ဆာခြူးဆက်နယ် စပရင်းဖီးလ်မှာ သူ့စကားအတိုင်း ပြောရရင် ‘လွင့်’နေကြတယ်။ လွန်ခဲ့တဲ့ လေးငါးရက်က သားတယောက်ဆီက စာရောက်လာတယ်။ သူ့ကို သူတို့ဆီ လိုက်ခဲ့ပါ၊ ဒါမှ စိတ်လက်ချမ်းချမ်းသာသာနဲ့ မသေခင် နေသွားရမယ်၊ လာဖို့သဘာတူရင် ခရီးစရိတ် ပို့လိုက်မယ် စသဖြင့် စာထဲမှာ တိုက်တွန်းထားတယ်။ ဒါတွေအကုန်လုံးကို ကျနော့်ကို အသေးစိတ်ပြောပြနေတယ်။ သူ့ဘဝကိုလည်း တောင်ကုန်းတွေဆီကနေ မြက်ခင်းတွေဆီ ဝေးဝေးလံလံသွားရပုံ၊ ကြက်တွေ ဆုံးရှုံးရပုံ၊ မဲမှောင် မီးခိုးထူလှတဲ့ တဲကလေး စသဖြင့် ခြယ်မှုန်းပြနေတယ်။ အဲဒီနောက် သူစိတ်ကူးယဉ်လို့ရတဲ့အတိုင်း အမေရိကန်ပြည်အကြောင်း ပြောပြနေပြန်တယ်။ လမ်းတွေပေါ်မှာ ရွှေကို ကောက်လို့ရနိုင်တဲ့ ရွှေတိုင်းပြည်တပြည်လို စိတ်ကူးပြတယ်။ ကော့ကို မီးရထားခရီး သွားရပုံ၊ အတ္တလန်တိတ် သမုဒ္ဒရာကြီးကိုဖြတ်ပြီး သဘောင်္ာစီးသွားရပုံ၊ အိုင်းရစ်မြေမှာပဲ ခေါင်းချသွားဖို့ တောင့်တမိပုံတွေကို တလွမ်းတဆွေး ပြောပြပါတယ်။ ပြောရင်းပြောရင်း သူဟာ စိတ်လှုပ်ရှားတက်ကြွလို့လာတယ်။ သူ့စကားအသုံးအနှုန်းဟာ ပိုလို့သွက်လာတယ်။ ပိုလို့ခမ်းခမ်းနားနားဖြစ်လာတယ်။ နိမ့်မြင့်သံညီ ဂီတသံပါပါဖြစ်လို့လာတယ်။ သူ့တကိုယ်လုံးဟာ အိပ်မက်မက်နေသူလို ဧယဉ်ကျူးနေသူလို ယိမ်းထိုးလို့လာတယ်။ အဲဒီနောက် ရယ်ရယ်မောမောနဲ့ ရေပုံးတွေကိုမ,ပြီ ကျနော့်ကိုနှုတ်ဆက် အိမ်ပြန်သွားပါရော။

ဘယ်လိုအနုပညာဟိတ်ဟန်မှ မထုတ်ရှာတဲ့ အမယ်အိုကြီးတဦးဆီက ကြိုတင်တွေးခေါ်ထားခြင်းမရှိဘဲ အခုလို ပေါက်ကွဲထွက်လာရာမှာ ကဗျာရဲ့လက္ခဏာအားလုံး ပါနေတယ်။ ဈာန်ဝင်စားခြင်းပေါ့။ ကဗျာဆရာတယောက် ဈာန်ဝင်စားတယ်ဆိုရာမှာ ဘာကိုဆိုလိုတာလဲ။

ဒီမေးခွန်းတွေ ကျနော့်စိတ်ထဲ အကောင်အထည်ပေါ်လာရာမှာ ကျနော်ဟာဖြင့် ကဗျာရဲ့ရင်းမြစ်မူလ ပြဿနာတရပ်လုံးမှာ အကျုံးဝင်လို့လာနေတာကို သဘောပေါက်လိုက်မိပါတယ်။ ဒါနဲ့ လုပ်ရမယ့်တခုသောအလုပ်ဟာဖြင့် စနစ်တကျလေ့လာဖို့ပဲဖြစ်တော့တယ်လို့ ကျနော် ဆုံးဖြတ်လိုက်မိတော့တယ်။ ဒီစာတမ်းမှာ တင်ပြမယ့်အချက်တွေဟာ ကျနော်ပြုလုပ်ပြီးသလောက် အဲဒီလေ့လာမှုတွေရဲ့အကျိုးတရားတွေပါပဲ။

(ဆက်လက်ဖော်ပြပါ့မယ်)

Read More...

20 November 2009

စကားချီး (ကဗျာသဘောတရား)


စကားချီး
ပါမောက္ခ ဘင်ဂျမင် ဖယ်ရင်တန်

ဒီစာစဉ်လေးတွေကတော့ မာ့က်စ် ကွယ်လွန်ခြင်း အနှစ် ၆၀ ပြည့်မြောက်တဲ့ ၁၉၄၃ ခုနှစ်မှာ ဗြိတိသျှ မာ့က်စ်ဝါဒသမားတွေက သူ့ကို သတိတရ ဂုဏ်ပြုတဲ့အနေနဲ့ စတင်ထုတ်ဝေခဲ့ကြတဲ့ စာစဉ်လေးများ ဖြစ်ပါတယ်။ ဒီစာစဉ်ရဲ့ရည်ရွယ်ချက်က မာ့က်စ်ဝါဒ ဂန္ထဝင်စာပေတွေကို ဋီကာဖွင့်ပြဖို့ထက် ပစ္စက္ခပြဿနာအရပ်တွေအပေါ်မှာ မာ့က်စ်ဝါဒအမြင်နဲ့ ဝေဖန်သုံးသပ်ချက်တရပ် တင်ပြဖို့ပဲဖြစ်ပါတယ်။

ကမ္ဘာကြီးပြန်လည်ထူထောင်ရေးမှာ မာ့က်စ်ဝါဒက ပါဝင်ရွက်ဆောင်စရာ ရှိနေပါတယ်။ ကမ္ဘာကြီးကို ဒီမိုကရေစီအခြေခံပေါ်ကလွဲလို့ ပြန်လည်တည်ဆောက်လို့မဖြစ်နိုင်ဘူး။ ဒီမိုကရေစီဆိုရာမှာ မရှိနွမ်းပါးမှုက လွတ်လပ်ရေး၊ အနာရောဂါက လွတ်လပ်ရေး၊ ကြောက်ရွံ့ထိတ်လန့်ခြင်းက လွတ်လပ်ရေးကိုသာ ဆိုလိုတာမဟုတ်ဘူး။ အတွေးအခေါ်လွတ်လပ်ရေးကို ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်စေရေးလည်းဖြစ်တယ်။ ဒီမိုကရေစီဆိုရာမှာ လူတိုင်းလူတိုင်းက အများကောင်းကျိုးအတွက် လုပ်ကိုင်ဖို့ အခွင့်အရေးနဲ့တာဝန်ကိုသာ လိုအပ်တာမဟုတ်ဘူး။ အများကောင်းကျိုးအတွက် တွေးခေါ်ဖို့ အခွင့်အရေးနဲ့တာဝန်လည်း လိုတယ်။ ဒီရည်ရွယ်ချက် အောင်မြင်ဖို့အတွက် မာ့က်စ်ဝါဒဟာ အင်အားကောင်းလှတဲ့ အင်ဂျင်စက်ကြီးတခုပဲ။ မာ့က်စ်ဝါဒမှာလို သိပ္ပံပညာကို ယုံကြည်တာ၊ အသိပညာကို ယုံကြည်တာ၊ ဆင်ခြင်တုံတရားကို ယုံကြည်တာ၊ အဲဒါတွေရဲ့သြဇာကို တိုးချဲ့ဖို့ ခုံခုံမင်မင်ကြိုးပမ်းတာမျိုးကို ကမ္ဘာ့ဘယ်နေရာမှာ ရှာလို့တွေ့နိုင်မှာလဲ။ မာ့က်စ်ဝါဒသမားတွေ ရေးသားလိုက်တဲ့ ဒီစာတမ်းလေးတွေဟာဖြင့် ကိုယ့်ကြမ္မာကို ကိုယ်သာချုပ်ကိုင်နိုင်တဲ့ အစွမ်းသတ္တိကို ယုံကြည်တဲ့စိတ်ဓါတ်မျိုး လူသားတွေထဲမှာ ဖြစ်ပေါ်လာဖို့ဖန်တီးရာမှာ တတပ်တအား ပါဝင်နေကြရဲ့။ စာတမ်းရေးကြသူတွေဟာ အခက်ခဲဆုံးဘာသာရပ်တွေကို ဘန်းစကားမပါ၊ ဟိတ်ဟန်ဝေဝုစ်မပါ ဖော်ပြနိုင်စွမ်းရှိတဲ့၊ ရှည်လျားပြီး ဂုဏ်ရောင်ပြောင်တဲ့ အစဉ်အလာရှိတဲ့ ဘာသာစကားတရပ်ကို အသုံးပြုနိုင်တဲ့အတွက် ကံကောင်းတယ်လို့ဆိုရပေမယ်။ သူတို့ဟာ ဒီအစဉ်အလာနဲ့ ထိုက်တန်ဖို့ ကြိုးစားထားကြပေတယ်။ ဒီဘာသာစကားကြောင့် အမေရိကန်ပြည်ထောင်စုက ညီနောင်တွေနဲ့ တိုက်ရိုက်ပြောဆိုဆက်ဆံနိုင်ခွင့် ရရှိလို့လည်း ကံကောင်းတယ်လို့ပဲ ဆိုရပေဦးမယ်။

ဂျော့သွမ်ဆန်က သူအကောင်းဆုံးသိတဲ့ကဗျာဟာ အင်္ဂလိပ်၊ ဂရိနဲ့ အိုင်းရစ်ကဗျာလို့ ဆိုတယ်။ သူ့ကို ရှေးဟောင်းစာပေသုတေသီတဦးအဖြစ်နဲ့သာ သိထားသူတွေအဖို့ အိုင်းရစ်ကဗျာကို သူသိပါတယ်ဆိုတော့ အံ့အားသင့်ကောင်း သင့်ကြမယ်။ ဒါကြောင့် ဖော်ပြချင်တာက သူဟာ ဘာမင်ဂမ်မှာ အင်္ဂလိပ်စကားကိုသုံးနှုန်းပြီး ဂရိစာပေ သင်ကြားပို့ချခြင်းမပြုမီက ဂါလ်ဝေမှာ အိုင်းရစ်လိုပြောပြီး ဂရိစာပေ သင်ကြားပို့ချခဲ့တယ်ဆိုတဲ့အကြောင်းပါပဲ။ နောက်ပြီး ဒီစာတမ်းမှာ တစိတ်တဒေသ တွေ့ရမှာဖြစ်တဲ့အတိုင်း ရှေးဟောင်းရော ခေတ်သစ်ပါ အခြားဘာသာစကား အများအပြားက ကဗျာတွေကိုလည်း သူကျွမ်းဝင်ရင်းနှီးခြင်းရှိပေမယ်။ သူ့ရဲ့စာတမ်း အောင်မြင်ဖို့အတွက် အရေးကြီးတဲ့ အဓိပ္ပါယ်ကို ဆောင်တာမို့လို့ ဒီအချက်ကို အလေးအနက်ဖော်ပြဖို့ အယ်ဒီတာလုပ်သူမှာ တာဝန်ရှိပေမယ်။ မာ့က်စ်ဝါဒဟာ ထူးထူးခြားခြား စွမ်းအားထက်မြတ်လှတဲ့ သုံးသပ်ဝေဖန်ရေးလက်နက်တရပ်ဖြစ်တယ်။ ဒါပေမယ့် ဒီလိုဖြစ်တဲ့အတွက် သူ့ကိုအသုံးချတဲ့ပစ္စည်းဟာ ကြွယ်ကြွယ်ဝဝနဲ့ အမျိုးစုံဖို့ ပိုလို့ပဲ လိုအပ်လာတယ်။ ရှင်းလင်းတိကျတဲ့ဟန်နဲ့ ရေးသားထားတဲ့ ဒီစာတမ်းမှာ ဘက်ပေါင်းစုံမှာ နှစ်ရှည်လများ အပတ်တကုတ် သုတေသနပြုလို့ ရရှိခဲ့တဲ့ ကောက်ချက်တွေကို သန့်ပြီးတင်ပြထားတယ်။ ဒီစာတမ်းကို အခြေပြုထားတဲ့အကြောင်းအချက်တွေရဲ့ ကြွယ်ဝမှု၊ ပြဿနာကို ကိုယ်တွယ်ရာမှာ ထက်မြတ်လှမှုတို့ကြောင့် ခေတ်ပေါ်ဝေဖန်ရေးနယ်မှာ ဒီစာတမ်းဟာ အမြင့်မားဆုံးအဆင့်က ပါဝင်နေပါတယ်။ လေးလေးနက်နက်ခံယူထားတာနဲ့အမျှ ရဲရဲဝံ့ဝံ့တင်ပြဆွေးနွေးထားတယ်။ ကျနော်တို့ရဲ့ကဗျာမှာ အစစချောမွေ့ခြင်းမရှိ ဖြစ်နေပါတယ်။ ဂျော့သွမ်ဆန်ကတော့ ဒီ နာနေတဲ့ပင်စည်ကို အကိုင်းအခက်လေးတွေ သ,ပေးရုံနဲ့ ပြန်လည်ကျန်းမာသန်စွမ်းလာမယ်လို့ ယုံကြည်သူတွေထဲမှာ မပါဘူး။ သူက အမြစ်ဖျားဆီအထိ စေ့ငုသူပါပဲ။ ။

Read More...

16 November 2009

ဘာသာပြန်သူ့အမှာ (ကဗျာသဘောတရား)


မာ့က်စ်ဝါဒနဲ့ကဗျာ (ကဗျာသဘောတရား)
မောင်သာနိုး (ဘာသာပြန်)
Marxism and Poetry by George Thomson

ဘာသာပြန်သူ့အမှာ

ကဗျာကို ဘာသာပြန်ရတာ ခက်ခဲတယ်လို့ဆိုရင် ကဗျာအကြောင်း ရေးထားတဲ့စာကို ဘာသာပြန်ရတာလည်း မလွယ်ပေဘူးဆိုတာ အလွယ်နဲ့ ရိပ်စားမိနိုင်ပါလိမ့်မယ်။ အကြောင်းနှစ်ကြောင်း ရှိပါတယ်။ တစ် - နမူနာအဖြစ် ထုတ်ပြထားတဲ့ကဗျာတွေ ပါနေတယ်။ ဒါတွေကို ဒုတိယဘာသာစကားဆီ တိတိကျကျ သယ်ယူပေးဖို့ မဖြစ်နိုင်ဘူး။ နှစ် - မူရင်းစာတမ်းက ဥရောပကဗျာကို အခြေခံထားပြီး ဆွေးနွေးထားတာဖြစ်ပါတယ်။ ဥရောပကဗျာနဲ့ ကျနော်တို့ဗမာကဗျာဟာ အခြေခံပုံစံမှာ လုံးဝ ကွဲပြားခြားနားနေပါတယ်။ သူတို့က အသံအနိမ့်အမြင့်ကို အဓိကထားတယ်။ ကျနော်တို့က ကာရန်ကို အဓိကထားတယ်။

ဒါဖြင့် သူတို့ဥရောပကဗျာအကြောင်းကို ကျနော်တို့ မလေ့လာထိုက်တော့ဘူးလား?

အင်္ဂလိပ်တွေမှာ အဆိုတခုရှိတယ်…
What do they know of English
Who only English know? တဲ့။
(အင်္ဂလိပ်စာ တခုထဲ သိတဲ့လူတွေရယ်
အင်္ဂလိပ်စာအကြောင်း ဘာသိကြမှာလဲကွယ်။)

ဒီသဘောပဲ။ ကျနော်တို့ကလည်း ဗမာစာအကြောင်း တကယ့်အဆင့်အတန်းမီမီ လေ့လာသုံးသပ်ကြ၊ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေကြတဲ့အခါမှာ ဗမာစာတခုထဲ အခန်းတံခါးပိတ် လုပ်နေလို့မဖြစ်ဘူး။ လက်ရှိ (ရှေးရော ခေတ်သစ်ပါ)ဗမာစာစုကို သုံးသပ်အကဲဖြတ်တဲ့နေရာမှာလည်း ဗမာနည်းတနည်းထဲနဲ့မဟုတ်ဘဲ ကမ္ဘာပေါ်မှာ အများတကာတွေ လုပ်ကြကိုင်ကြတာကို ဆည်းပူးနည်းယူရမယ်။ ရှေ့ကို ဆက်လက်ပြုစုကြရာမှာလည်း သူများတွေ ဘယ်လိုလုပ်နေကြလို့ ဘယ်အဆင့် ရောက်နေကြတယ်ဆိုတာ နားလည်သိရှိပြီး သူများနဲ့ရင်ဘောင်တန်းရုံမက သာလွန်အောင်ကို အားထုတ်နိုင်ကြရမယ်။ ဒါကို အမေကျော် ဒွေးတော်လွမ်းတယ်လို့ မတွင်ကျယ်တဲ့အပြောမျိုးနဲ့ လူလယ်လုပ်ပြောလို့လည်း မဖြစ်ဘူး။ နွားခြေရာခွက်ထဲက နောက်ချေးပိုးစိတ်မျိုးကို ကျနော်တို့ စွန့်လွှတ်ကြဖို့ကောင်းပြီ။

ဒီအမြင်နဲ့ ဒီစာအုပ်ကို ဘာသာပြန်ထုတ်ဝေပါတယ်။

ဥရောပကဗျာနဲ့ဗမာကဗျာ ပုံစံမှာ မတူပေတယ်လို့ တူတာတွေလည်း အများအပြားတွေရတာကို ဒီစာတ်းမှာ အထိုက်အလျောက် တွေ့ရပါလိမ့်မယ်။ ကဗျာဖြစ်ပေါ်လာပုံ ရင်းမြစ်မူလဟာ အတူတူဖြစ်စရာရှိပါတယ်။ အကြောင်းအရာနဲ့ပတ်သက်လို့လည်း တူတာတွေ ရှိပါလိမ့်မယ်။ ရှေ့ကိုမှန်းရာမှာလည်း တူကြရမှာပဲ။

ကဗျာအစ မှော်ကလို့ စာတမ်းရှင်က ဆိုပါတယ်။ ဒါကိုတော့ ကျနော်တို့ ဗမာကဗျာတွေက အများဝကီးထောက်ခံကြလိမ့်မယ်ထင်တယ်။ ကျနော်တို့ကဗျာမှာ လွမ်းတာ၊ တမ်းတာ၊ တောင့်တတာတွေ အင်မတန် ခေတ်ထတယ်မဟုတ်လား။ ဒါတွေဟာ မှော်ပဲပေါ့။ အထူးသဖြင့် ဒီနေရာမှာ လူထုကဗျာကို အဓိကထားရလိမ့်မယ်။ ကျနော်တို့လူထုကဗျာမှာ အတိုင်အဖောက်ဆိုရတာတွေ (ဥပမာ… ကောက်စိုက်တေးသံ)၊ ဒွေးချိုးပုံစံ အများစုတွေ့တာတွေ ကျနော်တို့စဉ်းစားကြဖို့ကောင်းတယ်။ ကဗျာအငွေ့ ကျောက်စာတွေ့ဆိုပြီး ကျောက်စာတခုထဲနဲ့တင် ပြီးလို့လည်း မဟန်သေးဘူး။ ကျောက်စာမှာ ကဗျာကို မှတ်တမ်းမတင်ကြပေဘူး။ နို့ပြီး ကဗျာရဲ့အစဟာ သီချင်းဖြစ်တယ်ဆိုတာမျိုးဟာ ကျနော်တို့ကဗျာအဖို့ အများကြီးမှန်တာပေါ့။ ခုထိပဲ ကျနော်တို့ကဗျာတွေကို တေးဆိုလို့ရနေတာပဲမဟုတ်လား။

ဂျော့သွမ်ဆန်က ကဗျာဟာ လုပ်အား ညာသံတွေက စတင်ပေါ်ပေါက်လာတန်ရာတယ်လို့ တွက်ပြထားပါတယ်။ ဒါကြောင့် ဘာသာစကားထက်ကိုပဲ အရင်ကျပေဦးမယ်လို့ဆိုတယ်။ ဒါ သူ့တယောက်ထဲအမြင်တော့ မဟုတ်ဘူး။ သူ့အရင် ဘာသာသိပ္ပံဆရာအများကလည်း ဒီအတိုင်းမြင်ကြတာပါပဲ။ ကျနော်တို့ဗမာတွေမှာလည်း “ရောကြိတ်လိုက် ဘသားကြိတ်လိုက်”စတဲ့ ညာသံတွေ၊ လက်တန်းစပ် စာသားတွေနဲ့ ညာသံပေးလေ့ရှိတာတွေ အလုပ်ခွင်တွေမှာ အပုံပဲရှိပါတယ်။ ဒါတွေကို နှိုင်းယှဉ်ထည့်ပြနေရင် ဘာသာပြန်တဲ့ဘောင်ကို ကျော်လွန်သွားမှာမို့ စာဖတ်သူကိုယ်တိုင်ပဲ အမျှင်တန်း တွေးဆသွားဖို့ ချန်ထားခဲ့ပါတယ်။ တကယ်ကတော့ ဒီစာတမ်းမှာ တင်ပြဆွေးနွေးထားတာတွေကိုအခြေခံပြီး ဗမာကဗျာရဲ့ရာဇဝင်ကြောင်းကို ပြန်ကောက်ပြကြရရင် ကောင်းမယ်။

သူ့စာတမ်းထဲမှာ ကာရန်အကြောင်း ထည့်ဆွေးနွေးမထားဘူး။ ဥရောပကဗျာမှာလည်း ကာရန်ကတော့ ရှိတာပါပဲ။ အဓိကမကျတာတခုပဲရှိတယ်။ (တချို့ ပါတောင် မပါဘူး။) ကျနော်တို့ကျတော့ ကာရန်ဟာ ကဗျာရဲ့အသက် ဆိုရမလောက်ဖြစ်နေတယ်။ ကာရန် ဘယ်လိုလုပ်ပေါ်လာသလဲ။ ဒါကို ကျနော်တို့က ဆက်လက်စူးစမ်းကြဖို့ကောင်းတယ်။ အကြမ်းမျဉ်း မှန်းဆရရင်တော့ ကာရန်ဟာ အများကြီးနောက်ကျပါလိမ့်မယ်။ ဗမာကဗျာ ပေါ်စက ကာရန်မပါဘူး။ ကျနော်တို့ လုပ်အားညာသံတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ (“တုတ်တုတ်ကြီးဟေ့ ဝဝကြီး၊ အားနဲ့စိုက်ရင် ခံနိုင်ရိုးလား”) ဒီလေ့လာရချက်ပေါ် အခြေခံပြီး ကျနော်တို့ကဗျာကို ပိုမိုလွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် စပ်ဆိုနိုင်အောင် ဘယ်လိုလုပ်ရရင် ကောင်းမလဲ။ ဗမာမှာ အသံနိမ့်မြင့်ဆိုတာ ရှိသင့်သလောက် ရှိတာပဲ။ ဒါကို ဘယ်လိုလုပ် စနစ်ချပြောကြမလဲ။ လေ့လာစရာတွေ ဖြစ်နေပါတယ်။

ဥရောပ “အက်ပစ်”နဲ့ပြိုင်ပြီး ဗမာမှာ မော်ကွန်းတို့၊ ဧချင်းတို့ ရှိနေပါတယ်။ ဒါတွေအကုန် “ရွှေနားတော်သွင်း”ရတာချည့်ပါပဲ။ ဒါပေမယ့် အက်ပစ်လို လက်တမ်းစပ် မဟုတ်ဘူး။ သားစဉ်မြေးဆက် ညွန့်သထက် ညွန့်အောင် မွမ်းမံရင်း သယ်ဆောင်လာကြတာလည်း မဟုတ်ဘူး။ ပြဇာတ်နဲ့ပတ်သက်လို့ကတော့ ဒေါက်တာထင်အောင်ရဲ့ “ဗမာပြဇာတ်”မှာ လေ့လာတင်ပြချက်တွေဟာ အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူက ဗမာအဆိုနဲ့အကကတော့ သူများတိုင်းပြည်တွေမှာလို ရှေးကမ္ဘာဦး လူထုအကတွေ၊ နတ်ကိုးကွယ်မှုတွေက ဆင်းသက်လာတာဖြစ်သော်လည်း ပြဇာတ်ကတော့ မဟုတ်ဘူး။ ဗမာပြဇာတ်ဟာ နတ်ကိုးကွယ်မှုက စခဲ့တာမဟုတ်ဘူး။ နိပါတ်ခင်းက စခဲ့တယ် စသဖြင့် ဆာဝီလျံရစ်ဂျဝေးကို ချေပရင်း ဆွေးနွေးထားပါတယ်။ ကျနော်တို့လူငယ်တွေ ဆက်လေ့လာစရာ လမ်းခင်းပေးခဲ့တာပါပဲ။

တချို့အခေါ်အဝေါ်တွေကို ဗမာလိုပြန်ယူတဲ့နေရာမှာ ဗမာတွေ အများအားဖြင့် နားလည်ပြီးရှိကြတာကို အခြေခံပြီး ပြန်ယူလိုက်ပါတယ်။ ဥပမာ… Inspiration ‘စိတ်တက်ကြွမှု’၊ ‘ဥဒါန်း’စသဖြင့် သုံးကြတာ တွေ့ဖူးပါရဲ့။ ‘စိတ်တက်ကြွ’တာတွေကလည်း များလွန်းနေပြီ။ ဟိုဟာလည်း စိတ်တက်ကြွ၊ ဒီဟာလည်း စိတ်တက်ကြွ ဖြစ်နေပြီ။ ‘ဥဒါန်း’ဆိုတာကလည်း မြတ်စွာဘုရား ကျူးရင့်တော်မူတာလို့ပဲ လမ်းပေါ်ကလူက နားလည်နေတော့တယ်။ အဲဒီတော့ အတော်များများ သုံးနှုန်းနေကြပြီဖြစ်တဲ့ ‘ဈာန်ဝင်’တာကိုပဲ ယူသုံးလိုက်ပါတယ်။ ‘ဈာန်ဝင်’တယ်ဆိုတာကလည်း စိတ်တက်ကြွနေတာပါပဲ။ Inspire ဖြစ်တယ်ဆိုတာ မူရင်းက နတ်ဝင်တာပါပဲ။ ဂရိတွေက ကဗျာနတ် ဝင်လာမှ ကဗျာစပ်နိုင်တယ်ဆိုတယ်။ ခေတ်သစ် စိတ္တပရိစ္ဆေဒဆရာတို့ကတော့ ငုပ်အောင်းနေတဲ့ စိတ်စေတနာတွေ လူးလွန့်အံထွက်လာရာ မသိစိတ်မှာ အခြေခံတယ်လို့ဆိုတယ်။ သဘောကတော့ ကဗျာစပ်ချင်စိတ် ပေါက်လာတာပါပဲ။ ကဗျာဆရာရဲ့စိတ်ကူးကို ‘ဈာန်’နဲ့ တင်စားလိုက်ပြီး ဈာန်ဝင်စားတယ်ပေါ့။ တချို့ ဗမာမှာမရှိတဲ့ စကားလုံးတွေကိုတော့ ဒီတိုင်းပဲ အသံဖလှယ်ယူလိုက်ပါတယ်။ ဥပမာ… ဘောလဒ်၊ အက်ပစ်၊ ထရက်ဂျီဒီ။

စာဖတ်သူကို အထူးတောင်းပန်ထားချင်တာကတော့ နမူနာကဗျာတွေပါပဲ။ စောစောက ပြောခဲ့သလို ဘာသာတခုက ကဗျာကို ဘာသာတခုမှာ အပြည့်အဝ ပြန်ဖော်ပြဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နမူနာပြထားတဲ့ ကဗျာတွေကလည်း သိပ်ခက်ခဲလေးနက်ပါတယ်။ မူရင်းအာဘော်မိအောင် ကျနော် ဗမာကဗျာလို မပြန်နိုင်စွမ်းပါဘူး။ ဒါကြောင့် အဓိပ္ပါယ်ပဲ စကားပြေနဲ့ ပြန်ပေးလိုက်ပါတယ်။ အဲဒီစကားပြေတောင် ဗမာလို ပြေပြစ်လိမ့်မယ်မဟုတ်ဘူးဆိုတာ ကျနော်သိပါတယ်။ ကျနော့်ရည်ရွယ်ရင်းကတော့ မူရင်းစာသား အဓိပ္ပါယ်ကို တိကျနိုင်သမျှ တိတိကျကျ သယ်ဆောင်ပေးရေးပါပဲ။ စာမချောတာကိုတော့ ခွင့်လွှတ်ကြပါ။ အသံနိမ့်မြင့်ကိုပြတဲ့နေရာမှာတော့ ဘာသာပြန်လို့မရဘဲ မူရင်းကို ထည့်ပေးလိုက်ပါတယ်။

နောက်ဆုံးတခု ပန်ကြားချင်တာကတော့ ဒီစာတမ်းကို မူရင်းရေးတဲ့ ခုနှစ်သက္ကရာဇ်ကို သတိပြုဖို့ပါပဲ။ ၁၉၄၆ ခုနှစ်ပါတဲ့။ အဲဒီတော့ ဒီစာတမ်းရေးတဲ့အချိန်နဲံ ဒီနေ့ ၁၉၆၆ အနှစ် ၂၀ အတွင်းမှာ ဧရာမ ပြောင်းလဲမှုကြီးတွေ ရှိနေပြီဆိုတာ သတိရှိစေချင်ပါတယ်။ ဒီစာတမ်းနောက်ပိုင်းမှာ ဆိုဗီယက်အာရှမှာ ရှေးရိုးပြည်သူ့ကဗျာကို ထိမ်းသိမ်းပုံ တင်ပြထားတယ်။ အဲဒါ ရှေးတုန်းကလို့သာ မှတ်လိုက်ကြပါ။ ခုဆိုရင်တော့ ရုရှမှာ အစစ ငါးပါးမှောက်နေတဲ့အထဲမှာ ယဉ်ကျေးမှုလည်း ပါဝင်နေပါပြီဆိုတာ သတိပြုကြဖို့ပါပဲ။

ဒီစာအုပ်ဖြစ်မြောက်ရေး အဖက်ဖက်က ကုညီကြသူ ရဲဘော်များ၊ မိတ်ဆွေများကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုပါတယ်။

မ၊ သ၊ န၊
မန္တလေး
မတ် ၂၇၊ ၁၉၆၆

Read More...

13 November 2009

တင်မိုးရဲ့အမှာ (ကဗျာသဘောတရား)


မာ့က်စ်ဝါဒနဲ့ကဗျာ (ကဗျာသဘောတရား)
မောင်သာနိုး (ဘာသာပြန်)
Marxism and Poetry by George Thomson

ကဗျာနှင့်ပြည်သူ
တင်မိုး

ကဗျာဟာ ပြည်သူတွေကြားထဲက ပေါက်ဖွားလာခဲ့ပါတယ်။ ဒီအချက်ကို ဂျော့သွမ်ဆန်က အလေးအနက် အခြေအမြစ်ကျကျ စူးစမ်းပြီး ‘မာ့က်စ်ဝါဒနဲ့ကဗျာ’ (ကဗျာသဘောတရား) စာအုပ်မှာ တင်ပြထားပါတယ်။



ကျနော်တို့ ဗမာကဗျာမှာလည်း မူလရင်းမြစ်ဟာ ပြည်သူတွေပဲဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ အလုပ်သမားတွေရဲ့ အလုပ်ခွင်က ကျူးရင့်လိုက်တဲ့ တေးသံတွေ၊ လှေထိုးသားတွေရဲ့ ရိုးဟေးငြာသံတွေကအစ မိခင်တွေရဲ့ သားချော့တေးသံတွေ၊ ကလေးသူငယ်တွေရဲ့ ကစားပျော်ရွှင်ရာကနေ ထွက်လာတဲ့ ဟစ်ကြွေးသံတွေ၊ လယ်ယာချောင်းမြောင်းဆီက သီဆိုကြတဲ့ တေးသံတွေ၊ ဘုရားပွဲ နတ်ပွဲဆီက ကြားရတဲ့ တေးသံတွေ၊ ကာလသားဝိုင်းက အစုနဲ့အဝေးနဲ့ ထိုးလိုက်တဲ့ သံချပ်တွေ၊ ညအခါ လသာသာ တလင်းပြင်မှာ ဖွက်ဆိုကြတဲ့ စကားထာတွေ စသဖြင့် ပြည်သူတွေရဲ့ လူမှုပတ်ဝန်းကျင်ထဲမှာ ကဗျာတွေ ထွက်ပေါ်တည်ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။

ကဗျာဆရာဆိုတာ ပြည်သူတွေရဲ့အသံကို ကိုယ်စားပြုသူပဲဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တကယ့်ခံစားရချက်တွေကို အာဝဇ္ဇန်းကောင်းတဲ့ ကဗျာဆရာက သူတို့ကိုယ်စား သီဆိုကျူးရင့်လိုက်ခြင်းသာဖြစ်ပါတယ်။

ပြီးတော့ ကျနော်တို့မှာ ‘လက်တန်း ကဗျာစပ်ဆိုမှု’တွေ ရှိတယ်ဆိုတာ အထင်အရှားပါပဲ။ တွေ့ကြုံရတဲ့ အဖြစ်အပျက်ကို ဉာဏ်ကောင်းနှုတ်ရွှင်တဲ့ ကဗျာဆရာက တမုဟုတ်ချင်း ကောက်ကာငင်ကာ စပ်ဆိုလိုက်ခြင်းဖြစ်ပါတယ်။ ရုပ်သေးထဲက စာဆိုကိုင်ဟာ သံချိုကဗျာကို လက်တန်းရွတ်ဆိုရပါတယ်။ ဒါကို ကျနော်တို့ပြည်သူများဟာ အတော်ပွဲကျကြောင်း သိရပါတယ်။

ရုပ်သေးစင်မှာသာ လက်တန်းဉာဏ်ကို တွေ့နိုင်တာမဟုတ်သေးပါဘူး။ ရပ်ထဲ ရွာထဲမှာလည်း အဖြစ်အပျက်အမျိုးမျိုးကို လက်တန်း စာချိုးလေ့ရှိပါတယ်။ အခုထက်ထိ ကျေးလက်တွေမှာဆိုရင် ပြည်သူတွေရဲ့ တကယ့်ဘဝကို လက်တန်းဖွဲ့ဆိုနေတဲ့ ကဗျာဆရာတွေ ရှိပါသေးတယ်။ ဒီလို ကဗျာချိုး စာချိုးကောင်းသူတွေကို ပြည်သူတွေက အလွန်သဘောကျကြပါတယ်။ သားမြေးစဉ်ဆက် အဆင့်ဆင့်ရွတ်ဆိုပြပြီး ပျော်ရွှင်ကြည်နူးကြပါတယ်။ ဝမ်းသာစရာ ဝမ်းနည်းစရာ အဖြစ်အပျက်ဟာ မမေ့နိုင်တော့ဘဲ တသသဖြစ်နေရပါတော့တယ်။

ကျနော်တို့ ရပ်ထဲရွာထဲ လက်ဘက်ရည်ဝိုင်း၊ စကားဝိုင်းမှာ ပြောလေ့၊ ရွတ်လေ့ရှိတဲ့ ဗန်းမော်ဆရာတော်ရဲ့ စာချိုးများ၊ ဗြဲထရော်သူရဲ့ စာချိုး စတဲ့ ကဗျာစာချိုးတွေကိုလည်း အထူးသတိရမိပါတယ်။ ဒါတွေဟာလည်း ကဗျာနဲ့ပြည်သူတို့ရဲ့ ရင်းရင်းနှီးနှီး ဆက်သွယ်ပုံကို ပြကြပါတယ်။

ကောက်စိုက်သမတေးသံ၊ မောင်းထောင်းတေးသံ စတဲ့ ကျေးလက်ပြည်သူ့ကဗျာတွေကိုကြည့်ရင် ပြည်သူတွေရဲ့ ဘဝအထွေထွေကို သီကျူးထားတဲ့သဘောကို တွေ့နိုင်ပါလိမ့်မယ်။ အဲဒီ ကျေးလက်ပြည်သူ့ကဗျာတွေဟာ အလွန်ဆေးရောင်စိုပါတယ်။ ကျူးရင့်လို့ မဝနိုင်အောင် အရသာခံစားရပါတယ်။ ဒါဟာဘာလဲဆိုရင် ဒီကဗျာတွေထဲမှာ ပြည်သူ့ဘဝ အသက်ရှင်နေလို့ပဲဖြစ်ပါတယ်။ လှုပ်ရှားနေလို့ပဲဖြစ်ပါတယ်။

ကျနော်တို့ဟာ ဗမာကဗျာကို လေ့လာတယ်ဆိုရင် နန်းတော် အိမ်တော်မှာ ကျူးကြ၊ သီကြတဲ့ ပျို့ကဗျာကြီးတွေကိုသာ လေ့လာရမှာမဟုတ်ပါဘူး။ ရပ်ထဲရွာထဲမှာ အဖူးအညွန့်တဝေဝေနဲ့ လှုပ်ရှားနေတဲ့ တေးကဗျာလေးတွေကိုပါ စုဆောင်းလေ့လာရပါလိမ့်မယ်။ စက္ကူ ပေပုရပိုက်ပေါ်မှာရှိတဲ့ တေးကဗျာတွေကိုသာ လေ့လာရမှာမဟုတ်သေးဘဲ၊ အလေ့ကျပေါက်နေတဲ့ သဘာဝတေးကဗျာတွေကိုပါ လေ့လာရပါလိမ့်မယ်။ ဒီကဗျာတွေကသာလျှင် မူလဘူတအပီမြည်ဆုံး ကဗျာစုမည်ပေလိမ့်မယ်။

ဗမာလူမျိုးဟာ ကဗျာကို အတော်ချစ်မြတ်နိုးတဲ့လူမျိုးဖြစ်တယ်ဆိုတာ အထူးရှင်းပြစရာမလိုပါဘူး။ ဗမာစာပေသမိုင်းတလျှောက်လုံးမှာ ကဗျာအဖွဲ့အနွဲ့က အထွန်းကားဆုံးဖြစ်နေတာကို ထောက်နိုင်ပါတယ်။ ကဗျာလေ့လာသူတွေလည်း အလွန်ပေါပါတယ်။ ဗမာစာပေလေ့လာတယ်၊ ပို့ချတယ်ဆိုတာ ကဗျာကို လေ့လာတယ်၊ ပို့ချတယ်ဆိုရမလောက်ဖြစ်ပါတယ်။ ကျောင်းတွေ တက္ကသိုလ်တွေမှာရော၊ အရပ်ထဲမှာပါ ကဗျာကို လေ့လာသူတွေ အနန္တပါပဲ။

ဒါပေမယ့် အများအားဖြင့် ကဗျာကို လေ့လာတယ်ဆိုတာရှိပြီး-အဆင့်မြင့်ပြီး ကဗျာစုရဲ့ ဂုဏ်တွေ၊ ဒေါသတွေ၊ ဂိုဏ်းတွေ၊ ရသတွေ၊ ဘာဝတွေကို မှတ်မိအောင်လုပ်တာလို့ ကျနော်တို့ နားလည်နေကြပါတယ်။ ပါမောက္ခ ဂျော့သွမ်ဆန်က ကျနော်တို့ကို ကဗျာလေ့လာနည်းလမ်းသစ် ပေးအပ်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဘာလဲဆိုရင် ကဗျာကို လေ့လာချင်ရင် သိပ္ပံနည်းကျကျလေ့လာပါ၊ ပြည်သူတွေထံမှာ လေ့လာပါဆိုတာပါပဲ။

တဆက်တည်းမှာပဲ ကဗျာရဲ့ ရှေ့အလားအလာ အနာဂတ်ဟာ ဘယ်လိုရှိမလဲ? သူ့ဒုံရင်းဖြစ်တဲ့ ပြည်သူတွေဆီကိုပဲ ဦးတည်ရမယ်လို့ ဂျော့သွမ်ဆန်က ထောက်ပြထားပါတယ်။ ပြည်သူတွေထဲမှာ ပေါက်ဖွားလာခဲ့ရတဲ့ကဗျာဟာ ခု ပြည်သူတွေနဲ့ အဆက်ပြတ်နေခဲ့ရတယ်။ ဒါ မဖြစ်သင့်ဘူး။ ပြည်သူတွေဆီ ပြန်ရောက်ရမယ်။ အဲဒီလို ရောက်အောင် ပို့ပေးဖို့ရာ ဒီနေ့ကဗျာဆရာသစ်တွေရဲ့တာဝန်ဖြစ်တယ်လို့ ပါမောက္ခက ညွှန်ပြထားပါတယ်။

ပါမောက္ခ ဂျော့သွမ်ဆန်ရဲ့ ဒီစာအုပ်ဟာ ကျနော်တို့ ဗမာကဗျာလောကအတွက် အားသစ်တရပ်လို့ ယူဆပါတယ်။ ဥရောပကဗျာနဲ့ ကျနော်တို့ဗမာကဗျာ ပုံတူမကျပေမယ့် လေ့လာပုံ လေ့လာနည်း အသစ်ရစေပါတယ်။ ဘာသာစကား မတူသော်လည်း အခြေခံ ကဗျာ့သဘောကတော့ ကွဲလွဲစရာမရှိပါဘူး။ ထပ်တူထပ်မျှပဲ ဖြစ်ပါတယ်။

ကဗျာသဘောကို အမြင်သစ်နဲ့တင်ပြတဲ့ ဂျော့သွမ်ဆန်ရဲ့စာကို ကျနော်တို့ သမရိုးကျ ကဗျာသမားတွေအဖို့ ပထမတော့ ‘လိုက်’နိုင်ဖို့ ခဲယဉ်းကောင်း ခဲယဉ်းပါလိမ့်မယ်။ နားစိမ်းကောင်း စိမ်းနေပါလိမ့်မယ်။ ဒါပေမယ့် ဗမာကဗျာနဲ့ အသွင်မတူတဲ့အချက်တွေကို မတူသလိုရှုမြင်ပြီး တူတာကို တူသလို ချင့်ချိန်တတ်ရင် သူ့စာကို ကောင်းကောင်း ‘လိုက်’နိုင်ပါလိမ့်မယ်။ ဗမာကဗျာကို ဘယ်လိုလေ့လာရင် ကောင်းမလဲလို့ နည်းသစ်ကိုလည်း တွေးမိလာပါလိမ့်မယ်။

ဗမာကဗျာလောကထဲကို လေ့လာရေးနည်းသစ်တခု ရောက်ရှိလာတာဟာ ဝမ်းသာစရာပါပဲ။ ဒီအတွက် ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်များကတော့ ပါမောက္ခဂျော့သွမ်ဆန်နဲ့ ဘာသာပြန်သူ မောင်သာနိုးတို့ ဖြစ်ကြပါတယ်။ ။

တင်မိုး
၂၇၊ ၃၊ ၁၉၆၆
------------------------------
(ဆက်လက်ဖော်ပြသွားပါမယ် - နေမင်းနီ)

Read More...

23 June 2009

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ (မောင်စွမ်းရည်)


နိုင်ငံရေးသမားလို အများအကျိုးကို ထမ်းဆောင်ရသူတဦးဟာ စာပေအနုပညာများကို မြတ်နိုးသူမဟုတ်ရင် နည်းနည်းစိုးရိမ်ရပါတယ်။ စာပေအနုပညာများကို မမြတ်နိုးသူဟာ “ရုပ်ကြမ်းသမား” တွေ ဖြစ်တတ်ပါတယ်။ ရုပ်ကြမ်းသမားဆိုတာ စိတ်နှလုံးမနူးညံ့တဲ့၊ စာနာထောက်ထားမှုမရှိတဲ့၊ ခံစားမှုမဲ့တဲ့လူမျိုးကို ဆိုလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စာပေအနုပညာများကို မြတ်နိုးတဲ့ နိုင်ငံရေး သမားတဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ အကြမ်းနည်းနဲ့ ပြဿနာဖြေရှင်းတာကို မနှစ်သက်သူဖြစ်နေတာလို့ ယုံကြည်ပါတယ်။ သာမန်အားဖြင့်လည်း ပညာတတ်လူယဉ်ကျေးဆိုတာမျိုးဟာ စာပေအနုပညာများကို လေးစားရ၊ မြတ်နိုးရ၊ တန်ဖိုးထားရမြဲမဟုတ်ပါလား။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ခဏတဖြုတ်လောက်ပဲ အချိန်အားရရင်ပဲ သူ့အနီးအပါးမှာ ဆရာဒဂုန်တာရာ ရှိလို့ကတော့ စန္ဒယားတီးခိုင်းတော့တာပါပဲ။ တခါတရံ မဆိုတတ်ဆိုတတ်နဲ့ သီချင်းဝင်ဆိုတတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုယ်တိုင် စန္ဒယားတီးပြီး ဂီတနဲ့ မွေ့လျော်လေ့ရှိသူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် စတင်တွေ့ဆုံဖူးတာက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ ဖြစ်ပါတယ်။ နောင်လည်း စာကြည့်တိုက်မှာပဲ ဆုံရတာ များပါတယ်။ အချိန်ရှိသရွေ့ စာပေမှာ မွေ့လျော်သူတဦးဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ ကျနော်က ကဗျာဆရာတဦးဖြစ်လို့ ကဗျာဆရာတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲဆိုတာ နည်းနည်းတင်ပြချင်ပါတယ်။ ဒေါ်စုဘက်ကလည်း ကဗျာဆရာများအပေါ်မှာ ဘယ်လိုမြင်တယ်ဆိုတာကိုလည်း ကျနော်တို့ ဖြတ်သွားဖြတ်လာ တွေ့ဆုံရင်းနဲ့ အကဲခတ်သိရှိရသမျှကို တင်ပြချင်ပါတယ်။

ထူးခြားချက်တခုကတော့ ဒေါ်စုအနေနဲ့ ဗမာပြည်မှာ လူထုလှုပ်ရှားမှုထဲကို ပါဝင်လာပြီးတာနဲ့ သိပ်မကြာဘူး။ မြန်မာ စာပေလောကထဲက ကဗျာဆရာတွေ အားလုံးလောက်နဲ့ သိကျွမ်းရင်းနှီးပြီး ဖြစ်နေခဲ့ပြီဆိုတာပါပဲ။ ဗမာပြည်မှာ ဒီမိုကရေစီအရေးအခင်းကြီး ဖြစ်ပေါ်လာခဲ့တဲ့အခါ ပြည်သူအားလုံးနဲ့အတူ ကဗျာဆရာတွေ အားလုံးလည်း ထောက်ခံ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြလက်မှတ်ကောက်ခံတဲ့အခါမှာ အသက်အကြီးဆုံး စာဆိုကြီး နှစ်ဦးဖြစ်တဲ့ ခေတ်စမ်း စာဆိုကြီးနှစ်ဦးက အဦးဆုံး လက်မှတ်ထိုးပေးခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံ ဖြစ်စမှာပဲ ကဗျာဆရာကြီး ဇော်ဂျီက ကျန်းမာရေးချို့တဲ့လာခဲ့ပါတယ်။ အိမ်ထဲမှာပဲ တွန်းလှည်းပေါ်မှာ နေထိုင်ရွေ့လျားခဲ့ရပါတယ်။ မကြာခင် အိပ်ရာပေါ်မှာပဲ နေရတဲ့ အခြေအနေကို ရောက်ပြီး ကွယ်လွန်သွား ခဲ့ပါတယ်။

ဆရာကြီး မင်းသုဝဏ်ကတော့ ကမာရွတ်အ၀ိုင်းမှာ နေ့ရော ညပါ လေထဲမိုးထဲ အစာငတ်ခံဆန္ဒပြကြတဲ့ ကျောင်းသား လူငယ်တွေကို မျက်ရည်စက်လက်နဲ့ ထွက်ပြီး အားပေးနိုင်ခဲ့ပါသေးတယ်။ “ငါ့မျက်ရည် မထိန်းနိုင်လို့” ဆိုပြီး အိမ်ပြန်သွားပါတယ်။ အိမ်မှာ ကဗျာတပုဒ်ရေးဖွဲ့ ကျနော့်လက်ထဲကို ထည့်လိုက်ပါတယ်။ လူငယ် သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ကဗျာပါ။ ကျနော်ကိုပဲ ဖတ်ပြပေးပါလို့ တာဝန်ပေးလို့ ပရိသတ်ရှေ့ကို သွားရောက်ဖတ်ပြရတဲ့အခါ ပရိသတ်က အကြိမ်ကြိမ်ထပ်ပြီးဖတ်ခိုင်းပါတယ်။ အလွန်အားတက် ဂုဏ်ယူကြ ပါတယ်။ (ပရိသတ်ထဲမှာ ကဗျာဆရာ ပုတီးကုန်း မောင်စိန်ဝင်းနဲ့ ပျဉ်းမနား မောင်နီသင်းလည်း ပါပါတယ်။) အဲဒီကဗျာကိုတော့ အမေလူထု ဒေါ်အမာက လှမ်းတောင်းလို့ တယ်လီဖုန်းပေါ်မှာ နှုတ်နဲ့ပဲ ရွတ်ဆိုပြီး ပို့ပေးလိုက်ရပါတယ်။ ပြီးတော့ မန္တလေးကထုတ်တဲ့ ရှစ်လေးလုံးဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ဆရာကြီးမင်းသုဝဏ်ဟာ တရားရိပ်သာတခုကို ၀င်ဖို့ ပြင်ဆင်နေဆဲပါ။ ဒါပေမယ့် “ငါ့သူငယ်ချင်းရဲ့ သမီးကို ငါမျက်နှာလွှဲနေလို့ ဘယ်ဖြစ်မလဲ” လို့ဆိုပြီး ဒေါ်စုကို ထောက်ခံအားပေးခဲ့ပါတယ်။ ၁၉၃၆ က ကိုအောင်ဆန်းတို့ သပိတ်မှောက်တော့ ဆရာမင်းသုဝဏ်က တက္ကသိုလ်မှာ ဆရာဖြစ်နေပါတယ်။ ကိုအောင်ဆန်းတို့ရဲ့ ဆရာပါ။ ဒါပေမယ့် ဆရာက သူငယ်ချင်းလို့ပဲ ပြောခဲ့ပါတယ်။ ခေတ်စမ်းစာဆိုကြီးနှစ်ဦးဟာ ဖခင်လက်ထက်မှာရော၊ သမီးလက်ထက်မှာပါ အုပ်စိုးသူများကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်အန်တုပြီး အမှန်တရားဘက်က ထောက်ခံရပ်တည်ခဲ့ကြ ပါတယ်။

ခေတ်စမ်းစာဆိုတဦးဖြစ်ခဲ့ပြီး ကိုအောင်ဆန်းနဲ့လည်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်ခဲ့သူ ကဗျာဆရာ ဒဂုန်တာရာဟာ စစ်ပြီးခေတ်မှာ ပြည်သူ့စာပေခေတ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ စာဆိုတာရာကလည်း သူ့သူငယ်ချင်းရဲ့သမီးကို အားပေးထောက်ခံပါတယ်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖွဲ့ခြင်း ဖြစ်တယ်” ဆိုတဲ့ ဂန္ဓီ၊ မင်ဒဲလား လမ်းစဉ်ကို စွဲကိုင်ကြေညာရင်း ဒေါ်စုဘက်က ရပ်တည်ခဲ့ပါတယ်။

ရှင်လေးလုံးအရေးတော်ပုံကာလမှာ မန္တလေးက ဆင်းလာခဲ့ကြတဲ့ ကျနော်တို့ စာပေသမား သူငယ်ချင်းတစုဟာ အားလုံး ဒေါ်စုကို ၀န်းရံခဲ့ကြပါတယ်။ မုံရွာတင်ရွှေ၊ ပေါ်ဦး၊ ၀င်းဖေ၊ တင်မိုး၊ မောင်မိုးသူ၊ မောင်သာနိုး၊ မောင်စွမ်းရည်တို့တတွေ “တတ်သိအဖွဲ့” ဖွဲ့တော့ စုဝေးပါဝင်ကြပါတယ်။ အဲဒီတုန်းက အခမ်းအနားသဘာပတိ လုပ်သူဟာ ကဗျာဆရာတင်မိုးပါ။ ကဗျာဆရာတဦးက ဦးဆောင်ဖွဲ့စည်းလှုပ်ရှားခဲ့တာကို သမိုင်းတင်ထားရ ပါလိမ့်မယ်။

ကဗျာဆရာတင်မိုးကိုတော့ “ဒီမိုကရေစီအရေးတော်ပုံစာဆို” လို့ ဆိုချင်ပါတယ်။ အရေးတော်ပုံကာလ တလျှောက်လုံး ကဗျာတွေ ရေးဖွဲ့၊ ရွတ်ဆိုဟောပြောခဲ့ပါတယ်။ အဖွဲ့ချုပ်က ထုတ်သမျှ လက်ကမ်းစာစောင်တွေ မှာလည်း ကဗျာနဲ့ ပါဝင်ရေးဖွဲ့အားပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြောင်းကို ဖွဲ့ဆိုဂုဏ်ပြုကဗျာတွေ အများဆုံးရေးဖွဲ့ခဲ့သူဟာလည်း တင်မိုးပဲဖြစ်ပါတယ်။ ကဗျာဆရာတင်မိုးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးအရ အရင်းနှီးဆုံး ကဗျာဆရာလည်း ဖြစ်ပါတယ်။ အရေးတော်ပုံကာလ အရေးအကြီးဆုံးအချိန်တွေမှာ မုံရွာတင်ရွှေ၊ ဦးဝင်းတင်၊ ဗိုလ်သော်က၊ မောင်မိုးသူ စတဲ့ စာပေးသမားများနဲ့အတူ တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ်နဲ့ ရှိနေခဲ့ပါတယ်။

ကဗျာဆရာတင်မိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အရေးတော်ပုံမတိုင်မီကာလကတည်းက သိကျွမ်းရင်းနှီးခဲ့ ပါတယ်။ တင်မိုးက ဒေါ်စုကို ရန်ကုန်မြို့ထဲက လမ်ဘေးစာအုပ်အဟောင်းဆိုင်တွေကို တနေကုန် ဘာမှ မကျွေးဘဲ ခေါ်သွားခဲ့ဖူးတာဟာ အမှတ်တရပြောစရာဖြစ်ခဲ့ပါတယ်။ ဒေါ်စုက “ဆရာမိုးရေ ကျမတော့ ဆာပြီ” ဆိုမှ သတိရပြီး လမ်းဘေးခေါက်ဆွဲသုပ်ဆိုင်တဆိုင်ကို ခေါ်သွားသတဲ့။ ဒေါ်စုကလည်း လမ်းဘေး အသုပ်ဆိုင်မှာပဲ မြိန်ရေရှက်ရေ စားရှာပါသတဲ့။ ဒီလိုနဲ့ စာအုပ်ရှာတာ တနေကုန်သွားခဲ့ပါတယ်။

ကဗျာဆရာကြည်အောင်နဲ့ ကိုလေး (အင်းဝဂုဏ်ရည်) တို့နှစ်ဦးကတော့ အညာမှာပဲ နေကြတာဖြစ်လို့ အရေးတော်ပုံကာလမှာ ကျနော်တို့နဲ့ မဆုံနိုင်ခဲ့ကြပါဘူး။ ရန်ကုန်မှာ ဒေါ်စုကို အနီးကပ် မ၀န်းရံနိုင်ဘဲ အဝေးကပဲ ၀န်းရံခဲ့ရပါတယ်။ ဒါပေမယ့် အမျိုးသားနေ့လို အခါကြီးရက်ကြီးတွေမှာ ကြည်အောင်နဲ့ကိုလေးတို့ နှစ်ဦးကို ရန်ကုန်ရုံးချုပ်မှ ဖိတ်ခေါ်ပြီး ဟောပြောစေပါတယ်။ ဒီကဗျာဆရာနှစ်ဦး သူများနဲ့မတူတာက မန္တလေးတက္ကသိုလ် ကျောင်းထွက်တွေ ဖြစ်ကြတဲ့အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးလိုဟာမျိုးကအစ ရတု၊ ရကန်၊ အဲ၊ အန် တွေကို စနစ်တကျ ရွတ်ဆိုတတ်သူတွေဖြစ်ပါတယ်။ သူတို့ ရွတ်ဆိုဟောပြောတာတွေကို ဒေါ်စုကအစ အဖွဲ့ချုပ်က ရဲဘော်ရဲဘက်တွေက အထူးသဘောကျကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးကိုပဲ နှစ်စဉ်ဖိတ်ကြားလေ့ရှိပါတယ်။ ဒေါ်စုက သူတို့ကို နိုင်ငံခြားက စာအုပ်တွေမှာပြီး လက်ဆောင်ပေးပါတယ်။ ကဗျာဆရာအောင်ဝေးကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ပေးချက်အရ မြစ်ဝကျွန်းပေါ်ဒေသ စည်းရုံးရေးကိစ္စတွေကို ဆောင်ရွက်ရသူဖြစ်ပါတယ်။ “ကိုအောင်ဝေးရေ ဒေါ်စုနဲ့ ကဗျာအကြောင်း စာအကြောင်း လေးများ ဆွေးနွေးဖြစ်တာရှိရင် ဒို့များလည်း မှတ်သားရအောင် ဖောက်သည်ချပါဦး” လို့ ပြောဖူးပါတယ်။ “ဆရာရေ- ဆုံဖြစ်ကြတာတွေက အဖွဲ့ချုပ်ကိစ္စတွေနဲ့ချည်းဆိုတော့ ကဗျာအကြောင်း စာအကြောင်း မပြောဖြစ်ပါ ဘူး” လို့ ပြန်ဖြေပါတယ်။ ကျနော်ကပဲ ကျနော်တို့နဲ့ ပြောဖူးတာလေးတွေကို ဖောက်သည်ချရပါတယ်။

အရေးတော်ပုံကာလမှာ တင်မိုးက အစိုးရအလုပ်က အငြိမ်းစားယူပြီးပါပြီ။ ကျနော်ကတော့ အရေးအခင်းအပြီးမှာ ရုံးကို ပြန်တက်နေပါတယ်။ ပြီးမှစောပြီး အငြိမ်းစားယူလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရုံး၊ သူ့ခြံထဲမှာ အလုပ်ရှုပ်နေလို့ ကဗျာဆရာတွေနဲ့ အလ္လာပသလ္လာပပြောဖို့ အချိန်မရရှာပါဘူး။ လမ်းဘေးဟောပြောပွဲတွေ လုပ်တာကိုတော့ ကျနော်တို့ မပြတ်သွားနားထောင်ပါတယ်။ ဒေါ်စု သာရေးနာရေးတွေကို ထွက်လာတဲ့အခါ မှာလည်း ဆုံဖြစ်ပါတယ်။ ဆရာကြီး မင်းသုဝဏ်တို့၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့ ထမနဲပွဲတွေမှာ အမြဲလာပါတယ်။ အဲလိုအခါတွေမှာ ကဗျာဆရာကြီး ဒဂုန်တာရာနဲ့ရော၊ ကျနော်တို့နဲ့ရော ဆုံခွင့်ကြုံရပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ လေထီးဦးအုန်းမောင်၊ ဗိသုကာ ဦးကျော်မင်း၊ တိုင်းစည်းရုံးရေးမှူး ဦးသိန်းတင်၊ မုံရွာ ဦးတင်ရွှေ၊ ဟာဂျီဦးမြသန်း၊ စာရေးဆရာ မြသန်းတင့် စတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ကွယ်လွန်နှစ်ပတ်လည်ပွဲတွေ မှာလည်း မပျက်မကွက် လာလေ့ရှိပါတယ်။ အဲလိုလာတဲ့အခါ ဒေါ်စုနဲ့အတူ ဦးတင်ဦး၊ ဦးကြည်မောင်၊ သခင်အုန်းမြင့်တို့ သုံးဦးကတော့ အမြဲပါလေ့ရှိပါတယ်။

မုံရွာတင်ရွှေက ကျနော်တို့ရဲ့ ရဲဘော် သူငယ်ချင်းပါ။ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဟောင်းပါ။ ဒါကြောင့် တင်မိုး၊ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ခေါ် ခရစ်ယာန် သာသနာပိုင်ချုပ် အင်ဒရူး မြဟန် စတဲ့ ငယ်ပေါင်းရဲဘော်များက မပျက်မကွက် စုံစုံညီညီသွားလေ့ရှိပါတယ်။ တခါတော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က မုံရွာ ဦးတင်ရွှေရဲ့အိမ် (အင်းစိန်၊ နံ့သာကုန်း)ရဲ့ အပေါ်ထပ်မှာ အစောကြီး ရောက်နှင့်နေတယ်။ ကျနော်တို့အဖွဲ့က နောက်ကျရောက်ပြီး အောက်ထပ်မှာပဲ စကားဝိုင်းဖွဲ့နေကြပါ တယ်။ ခဏနေတော့ ရဲဘော်တယောက် ရောက်လာပြီး ကျနော်တို့ကို “အပေါ်ကြွပါ” လို့ ဖိတ်ခေါ်ပါတယ်။ အပေါ်တက်သွားတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ စားပွဲဝိုင်းက သခင်အုန်းမြင့်က လှမ်းပြီး လက်ယက် ခေါ်ပါတယ်။ သူနဲ့အဖွဲ့ဝင်လူကြီးတချို့က ထပေးပြီး ကျနော်တို့တဖွဲ့လုံးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောကြဖို့ ဆုံပေးပါတယ်။ ဒီလို စကားဝိုင်းဖွဲ့ခွင့်မျိုးကို သခင်အုန်းမြင့်က မကြာခဏ လုပ်ပေးလေ့ရှိပါတယ်။

ကျနော်တို့တတွေ ဒေါ်စုနဲ့ ဆုံမိကြတဲ့အခါ တခါမှ နိုင်ငံရေးစကား မပြောဖြစ်ကြပါဘူး။ နိုင်ငံရေးအကြောင်းအရာ အနေနဲ့ ထူးပြီးပြောစရာလည်း မရှိပါဘူး။ နိုင်ငံရေးအသိအမြင်ကလည်း ခြားနားတာရှိကြတာမှ မဟုတ်ဘဲကိုး။ ဒါကြောင့် စာကြောင်းပေကြောင်းလောက်ပဲ ပြောဖြစ်ပါတယ်။ မုံရွာ ဦးတင်ရွှေရဲ့ အဲဒီနှစ်လည်ပွဲမှာ ထူးထူးခြားခြား ပြောမိကြတာကို ခေါင်းစဉ်တပ်ရရင် “ကဗျာဆရာများနဲ့ နိုင်ငံရေး” လို့ တပ်ရပါလိမ့်မယ်။ ဒေါ်စုက ကျနော်တို့ ကဗျာဆရာတွေကို ကြည့်ပြီး “နိုင်ငံမှာ အရေးရယ်လို့ ကြုံလာရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့ကရောက်လာပြီး ပါဝင်ဆင်နွှဲကြလေ့ရှိပါတယ်။ အဲဒါဟာ ကဗျာဆရာတွေရဲ့ ထူးခြားချက်လို့ ကျမတော့ ထင်မိတယ်။ ဆရာတို့ ဘယ်လိုသဘောရသလဲတဲ့။ ဒီပွဲမှာ ကျနော့်ထက် အသက်လည်းကြီး၊ ၀ါလည်းကြီးတဲ့ ကဗျာဆရာ သုံးဦးပါဝင်နေပါတယ်။ တင်မိုး၊ မောင်ပေါက်စည်(မန်းတက္ကသိုလ်) နဲ့ မောင်သာနိုးတို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အဖြေကို စောင့်နေရပါတယ်။ အတန်ကြာငြိမ်နေတော့ တင်မိုးက “ခင်ဗျားပြောလိုက်ပါ” လို့ ကျနော့်ကို လှည့်ပြီး ပြောလိုက်ပါတယ်။

ကျနော့်အနေနဲ့ကလည်း အဖြေကို သိပ်စဉ်းစားချိန်မရပါဘူး။ ကိုယ်ဘာဖြေရဖို့လည်း အသင့်ပြင်မထားပါဘူး။ ခုလို တင်မိုးက မေးထိုးပြီး ခိုင်းလိုက်တော့ ပြောလိုက်ရပါတယ်။ “ကျနော်တို့ ခေတ်သစ် ဗမာစာပေလောကမှာ ရှေ့ဆုံးက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရှိပါတယ်။ ဆရာကြီးက နိုင်ငံမှာ အရေးကြုံတိုင်း ရှေ့ဆုံးက ပါခဲ့ပါတယ်။ “အရေးကြီးရင်၊ သွေးနီးရာပါစမြဲ” လို့ ကြွေးကြော် ၀င်ရောက်လာလေ့ရှိပြီး လေးချိုးကဗျာကြီးတွေနဲ့ ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။ ဒီအစဉ်အလာအရ ကဗျာဆရာဆိုတာ နိုင်ငံရေးမှာ ပါရမယ်လို့ စွဲမြဲ ယုံကြည်ထားကြပါတယ်။ ဒါဟာ ဆရာကြီး ချမှတ်စိုက်ထူခဲ့တဲ့ အစဉ်အလာပါ” လို့ ဖြေကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာပေါ်မှာ ဘ၀င်ကျသွားတဲ့ လက္ခဏာ မပေါ်လာပါဘူး။ “ဆရာ၊ အဲဒါလည်း မှန်ပါ တယ်။ ဒါက ဗမာပြည်ရဲ့ အစဉ်အလာဖြစ်မှာပါ။ ဒါပေမယ့် ကျမက နိုင်ငံတကာရဲ့ အစဉ်အလာကို ပြောလိုတာပါ။ နိုင်ငံတိုင်းမှာလိုလိုပဲ ကျမ သတိပြုမိတာက အရေးကြုံရင် ကဗျာဆရာတွေ ရှေ့ဆုံးက ပါဝင်လာကြတာပဲ။ အဲဒါ ထူးခြားတယ်လို့ ကျမထင်လို့ပါ။ အဲဒါကို ဆရာတို့ ဘယ်လိုသဘောရပါသလဲ” တဲ့ ထပ်ပြီး ဆွေးနွေးလိုက်ပါတယ်။

ကျနော့်ဦးနှောက်ထဲမှာ ယိတ်(ခ်)၊ အော်ဒင်၊ မာယာကော့ဖ်စကီး၊ လူရွှင့်၊ တဂိုး စတဲ့ ကဗျာဆရာကြီးတွေရဲ့ နာမည်တွေနဲ့ သူတို့ကဗျာတွေ ပဲ့တင်ထပ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကဗျာဆရာတွေထဲက ဘယ်သူမှ ရုတ်တရက် ၀င်မဖြေဖြစ်ကြပါဘူး။ ဒီမှာတင် မမျှော်လင့်တဲ့ ပုဂ္ဂိုလ်တဦးက ၀င်ပြီး “ကျနော်က ကဗျာဆရာမဟုတ်ပေမယ့် အဖြေတခု ပြောကြည့်ချင်ပါတယ်” လို့ ခွင့်တောင်းလာပါတယ်။ ကျနော်တို့အားလုံးကလည်း ၀မ်းပန်းတသာနဲ့ ဖိတ်ခေါ်ပါတယ်။

“ဒီလိုပါ။ ကဗျာဆရာ စတဲ့ အနုပညာရှင်တွေဟာ အမှန်တရားကို ရှာဖွေသူတွေ၊ အမှန်တရား သစ္စာတရားကို ယုံကြည်ကိုးကွယ်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတနိုင်ငံမှာ အရေးအခင်းတခု ကြုံရရင် အမှားဘက်၊ အမှန်ဘက် ဆိုတာ ရှိစမြဲပါပဲ။ ဒီအခါမှာ အမှန်တရားဘက်ကနေပြီး ကဗျာဆရာတွေက ရှေ့ဆုံးက ၀င်ပါလာကြတယ်လို့ ကျနော်ထင်ပါတယ်” တဲ့။ ကျနော်တို့အားလုံးက ၀မ်းပန်းတသာနဲ့ ဒီအဖြေကို သဘောတူလိုက်ကြပါတယ်။ ဖြေဆိုသူက ဗိုလ်ချုပ်တင်ဦး။ စစ်သားကြီး တင်ဦးပါ။ သူလည်း အမှန်တရားကို ကိုးကွယ်သူပါ။

နိုင်ငံမှာ အရေးကြုံရင် ကဗျာဆရာများရော၊ စစ်ဗိုလ်စစ်သားများပါ အမှန်တရားဘက်က ၀ိုင်းရံလေ့ရှိကြပါတယ်။ အမှန်တရားကို မြတ်နိုးသူတိုင်း ဒေါ်စုကို ဆက်လက်ဝန်းရံကြပါစို့။ ဒေါ်စု ကျန်းမာပါစေ၊ အန္တရာယ်လည်း ကင်းပါစေ လို့ ကဗျာဆရာများက ဆုတောင်းလိုက်ပါကြောင်း။ ။

၊မောင်စွမ်းရည်၊
၂၂၊ ၆၊ ၂၀၀၉

Read More...

လှိုင်းဆိုသည်မှာ (နောင်)


မြပြင်ရေသား
ထလှုပ်ရှားမှ
သူကား လှိုင်းဟု ခေါ်သတည်း…။ ။

နောင်
(‘မုန်တိုင်းနီ’ကဗျာစာအုပ် ၁၉၆၃ မှ)

Read More...

18 June 2009

၁၉၇၅ ဇွန် ၆ ကျောင်းသားသပိတ်ကြီး (ဝင်းတင့်ထွန်း)


၁၉၇၄ ခုနှစ်၊ ဇွန် ၆ အလုပ်သမားသပိတ်ကြီးရဲ့ နှစ်ပတ်လည်အဖြစ် ၁၉၇၅ ခု၊ ဇွန် ၆ ကျောင်းသားသပိတ်ကြီးကို ကျောင်းသားတစုက စတင်ဖော်ထုတ်ဆင်နွှဲလိုက်ကြတာဖြစ်ပါတယ်။ တဖက်မှာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ စားဝတ် နေရေးအကြပ်အတည်းတွေ တနေ့တခြား ကြီးမားနက်ရှိုင်းလာနေတုန်း၊ တဖက်မှာ စစ်အစိုးရရဲ့ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အလုပ်သမား သွေးမြေကျရမှုတွေ၊ ကျောင်းသား သွေးမြေကျရမှုတွေ ဆက်တိုက်ကြီး လိုလို ကြုံတွေ့ခဲ့ရပြီး နာကျည်းခါးသီးဖွယ်ရာတွေ လတ်လတ်ဆတ်ဆတ်ကြီး ခံစားနေရတုန်းမှာ စစ်အစိုးရရဲ့ ဖောက်ပြန်ရက်စက်တဲ့ အုပ်စိုးမှုကို လက်မခံနိုင်ကြောင်း ဖော်ပြလိုက်ကြတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲ လမ်းကြောင်းကို ထပ်လောင်းတွန်းတင်နိုင်ဖို့ အားထုတ်လိုက်ကြတဲ့ ကျောင်းသားထုရဲ့ အံတုစိန်ခေါ်ပွဲကြီးဖြစ်ပါတယ်။ ၇၄ ဇွန် ၆ အလုပ်သမားသပိတ်ကြီးနဲ့ ၇၄ ဒီဇင်္ဘာ ဦးသန့်အရေးအခင်းကြီးဟာလည်း ၆ လပဲ ကွာခြားသလို ဦးသန့်အရေးအခင်းနဲ့ ၇၅ ဇွန် ၆ ကျောင်းသားသပိတ်ကြီးဟာလည်း ၆ လခန့်ပဲ ကွာခြားခဲ့ပါတယ်။

၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မနက် တက္ကသိုလ်နယ်မြေထဲမှာ ကျောင်းသားတွေ စုစည်းကြပြီး ကျောင်းဝင်းထဲကနေ ကျောင်းပြင်အထိထွက်ပြီး စီတန်းလှည့်လည်ဆန္ဒပြပွဲကြီးနဲ့ စတင်ဖော်ထုတ်လိုက်ကြပါတယ်။ ပညာရေးတက္ကသိုလ်ဝင်း အပေါက်ကနေ ထွက်လာပြီး ပြည်လမ်းမကြီးအတိုင်း ရန်ကုန်မြို့ထဲဆီ ဦးတည်ကြွေးကြော် ချီတက်ခဲ့ကြပါတယ်။ အသံ လွှင့်ရုံရှေ့ကနေ ဖြတ်လာခဲ့ပြီး ကြံတောဘက် ချိုးကွေ့တဲ့လမ်းအတိုင်း ဝင်ခဲ့ကြပါတယ်။ ကြံတောရှေ့က အသုဘခေါင်း ရောင်းတဲ့ဆိုင်တခုထဲ အခေါင်း ၂ ခုကို ရယူခဲ့ပြီး တခေါင်းကို ‘နေဝင်း’လို့ ကမ္ဗည်းထိုး၊ တခေါင်းကို ‘စန်းယု’လို့ နာမည်တပ်ကာ ကြိုးနဲ့ဆွဲခဲ့ကြပါတယ်။ အောက်ဖက်လမ်းအတိုင်း ဆက်လက်ချီတက်ကြကာ အဲဒီကမှ မြို့လည် ဗန္ဓုလ ပန်းခြံရှေ့ဆီ ချီတက်ခဲ့ကြခြင်းဖြစ်ပါတယ်။ လမ်းတလျှောက် “နေဝင်း-စန်းယု စစ်အစိုးရ - အလိုမရှိ”၊ “ဖမ်းဆီး အလုပ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာတော်များ ပြန်လွှတ်ရေး - ဒို့အရေး”ဆိုတဲ့ ကြွေးကြော်သံတွေ တခဲနက် ကြွေးကြော်ခဲ့ကြပါတယ်။ ဗန္ဓုလပန်းခြံရှေ့မှာ နေဝင်းနဲ့စန်းယုကို အမိန့်တော်ပြန်ပြီး အခေါင်းနှစ်လုံးကို မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။

နောက်တနေ့မှာ RIT (စက်မှုတက္ကသိုလ်)ဝင်းထဲ လူစုပြီး စက်မှုတက္ကသိုလ်ကနေ အင်းစိန်ထောင်ကြီးဆီ သွားရောက် ခဲ့ကြပြီး ထောင်ကြီးရဲ့ နံရံတလျှောက် လှည့်လည်ချီတက်ဝိုင်းရံကာ ဆန္ဒပြကြွေးကြော်သံတွေ ပဲ့တင်ထပ်စေခဲ့ပါတယ်။ “အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို - ထပ်ချဲ့လိုက် ထပ်ချဲ့လိုက်”ဆိုတဲ့ကြွေးကြော်သံတွေ သောသောညံခဲ့ပါတယ်။

ပထမမှာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်းမှာပဲ သပိတ်စခန်းပြုကာ စစ်အစိုးရဆန့်ကျင်ရေးတရားပွဲတွေ ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာ ရွှေတိဂုံကုန်းတော်ပေါ် စခန်းပြောင်းပြီး သပိတ်ကြီးကို ဆက်လက်ဆင်နွှဲခဲ့ကြပါတယ်။

စစ်အစိုးရက ‘ကျောင်းသားဆိုးများရဲ့ လှုပ်ရှားမှု၊ ဗကပလိုလားသူ ကျောင်းသားတစုရဲ့ လှုံ့ဆော်ဖန်တီးမှု’ စသဖြင့် စသဖြင့် သတင်းစာ၊ ရေဒီယိုတို့ကနေ ပြစ်တင်ရှုတ်ချ သရုပ်ဖျက်ခဲ့ပါတယ်။ သောင်းနဲ့ချီတဲ့ စီတန်းလှည့်လည် ဆန္ဒပြပွဲ ကြီးတွေအတွင်းမှာ ကျောင်းသားတွေသာမက၊ အလုပ်သမား၊ ဝန်ထမ်းနဲ့ မြို့နေဆင်းရဲသားတွေပါ ပါဝင်ပူးပေါင်းခဲ့ကြပြီး စစ်အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

ဒီ ၇၅ ခုနှစ်၊ ဇွန် ၆ ကျောင်းသားသပိတ်ကြီးကိုလည်း စစ်အစိုးရဟာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်များရဲ့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံကုန်းတော်ပေါ်ကို စစ်ဖိနပ်တွေနဲ့ ဒရမန်းကြမ်း တက်ဝိုင်းခဲ့ပြီး နှိမ်နင်းရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ အကုန်လုံး မိသမျှကို အင်းစိန်ထောင် ပို့ခဲ့ပြီး ပြစ်ဒဏ်ပေး ထောင်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်ထဲမှာပဲ ပဲခူးရိုးမ အခြေခံဒေသနဲ့ မြစ်ဝကျွန်းပေါ်ဒေသတခွင်ရှိ ဗကပနဲ့ မဒညတ အင်အားစုတွေအပေါ် ထိုးစစ်ဆင်ပြီး စစ်အစိုးရက အသာစီးရသွားပေမယ့် နိုင်ငံရေးအရ၊ စီးပွားရေးအရတော့ စစ်အစိုးရအဖို့ အကြပ်အတည်း ကြီးသထက် ကြီးလာခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။ ၇၄ ခုနှစ်ကတည်းက အလုပ်သမားသပိတ်နဲ့ ဦးသန့်အရေးအခင်းကို စစ် တပ်နဲ့ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် နိုင်ငံရေးသိက္ခာ ကျခဲ့ရတဲ့ စစ်အစိုးရဟာ ၁၉၇၅ ခုနှစ်၊ ဇွန် ၆ ကျောင်းသား သပိတ်ကြီးနဲ့ ဆက်လက်ကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးသိက္ခာ ထပ်မံကျဆင်းခဲ့ရပြန်ပါတယ်။ ၇၄-၇၅ စီးပွားရေးစီမံကိန်း ဟာလည်း လျာထားချက်အတိုင်း ဖြစ်မလာခဲ့ပါ။ ကုန်ဈေးနှုန်းတက်မှုတွေနဲ့ ငွေကြေးဖောင်းပွဲမှုတွေကို ဘယ်လိုမှ ကာကွယ်နိုင်ခြင်းမရှိခဲ့ပါ။ ဗကပ က ဖြုတ်ထုတ်သတ်လမ်းစဉ် မှားတယ်လို့ သုံးသပ်ပြီး တရားဝင် ရပ်ဆိုင်းသွားပေမယ့် မဆလဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့ ဖြုတ်ထုတ်လမ်းစဉ်ကတော့ ဆက်လက်သက်ဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီတခါ ဖယ်ရှားခံ လိုက်ရတဲ့သူကတော့ ဝန်ကြီးချုပ် ဦးစိန်ဝင်း (ဗိုလ်မှူးချုပ်စိန်ဝင်း)ဖြစ်ပါတယ်။ ဖိအားပေးပြီး နုတ်ထွက်ခိုင်းခဲ့ပါတယ်။

ဗကပ ရိုးမဗဟိုဟာ ဥက္ကဋ္ဌ သခင်ဇင်၊ အတွင်းရေးမှူး သခင်ချစ်တို့ ကျဆုံးရပြီးနောက် ပြိုပျက်သွားခဲ့ရပေမယ့် အရှေ့မြောက် ဗကပ ဗဟိုဟာ အုံနဲ့ကျင်းနဲ့ ဆက်လက်ထွက်ပေါ်လာခဲ့ပါတယ်။

KNU ဟာလည်း ၇၅ ခုနှစ်ထဲမှာ ရိုးမနဲ့ မြစ်ဝကျွန်းပေါ် အခြေခံဒေသတွေ လက်လွှတ်ဆုံးရှုံးလိုက်ရပြီး အင်မတန် ကြီးမားတဲ့ နစ်နာမှုကြီးတွေ ကြုံတွေ့ခဲ့ရပေမယ့် ဥက္ကဋ္ဌ မန်းဘဇံအပါ၊ ဗိုလ်ချုပ်မြမောင်အပါ KNU ပါတီဝင်တွေဟာ ဗိုလ်ချုပ်မြနဲ့ တလုံးတည်း တစည်းတည်း ပူးပေါင်းလိုက်နိုင်ကြပြီး မာနယ်ပလောကနေ ဒေါနတောင်ကြောတလျှောက်၊ ကရင်ပြည်နယ်တလျှောက်၊ ထိုင်းနိုင်ငံ နယ်စပ်တလျှောက် တော်လှန်ရေးအခြေခံဒေသတွေ ထူထောင်ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ တခုတည်းသော KNU အဖြစ် အုံနဲ့ကျင်းနဲ့ ဆက်လက်လှုပ်ရှားနိုင်ခဲ့ပါတယ်။ ပြည်နယ်ပေါင်းစုံ ပြည်ထောင်စု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (ပမဒတ)ကို ဖွဲ့စည်းလိုက်နိုင်ပြီး ဘုံရန်သူ စစ်အစိုးရ ဦးတည်တိုက်ခိုက်ရေး လမ်းကြောင်းကို ဆက်လက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မာနယ်ပလောမှာ လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပပြီး ပမဒတ ဟာ ဒီနှီးနှောဖလှယ်ပွဲရဲ့ ရလဒ်အဖြစ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ၇၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ပမဒတ မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကတော့ KNU ပါတီ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကလည်း စစ်အစိုးရဆန့်ကျင်ရေးတိုက်ပွဲတွေကို ဆက်လက် အကောင် အထည် ဖော်နေကြဆဲ၊ အလုပ်သမားထု ကျောင်းသားထုတိုက်ပွဲတွေကလည်း တခုပြီးတခု ပေါ်နေဆဲမှာ မဆလ စစ်အစိုးရကတော့ အာဏာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားနိုင်ရေးအတွက် နယ်ပယ်ပေါင်းစုံကို ဟာကွက် မရှိအောင် တဆင့်တိုး ကြိုးပမ်းအားထုတ် ဖိနှိပ်ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စာပေအနုပညာနယ်ပယ် ကိုလည်း တဆင့်တိုး ကန့်သတ်လာပါတယ်။

၁၉၇၅ ခုနှစ်၊ ဇူလိုင်လမှာ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်ရှိတဲ့ ပုံနှိပ်သူနှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်အဖွဲ့ရုံးကနေ ‘စာပေနှင့်စာနယ်ဇင်းများ လိုက်နာကြရမယ့် စာပေမူဝါဒ’ဆိုတာကို ချမှတ်ပေးပြန်ပါတယ်။ (၁) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မထိခိုက်ရေး၊ (၂) နိုင်ငံတော်၏ အယူအဆ လုပ်ငန်းစဉ်မူများကို မထိခိုက်ရ၊ (၃) ဆိုရှယ်လစ်စီးပွားရေးစနစ်ကို မထိခိုက်ရ၊ (၄) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မထိခိုက်ရ၊ (၅) နိုင်ငံတော် လုံခြုံရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေးဘဝကို အန္တရာယ်မဖြစ်စေရ၊ (၆) အချိန်ကာလနှင့် မဆီလျော်သော အတွေးအခေါ်အယူအဆများ မဖော်ပြရ၊ (၇) အချက်အလက်အားဖြင့် မှန်သော်လည်း အခြေအနေနှင့် မဆီလျော်သော ရေးသားချက်များ မဖော်ပြရ၊ (၈) ညစ်ညမ်းအရေးအသားများ မဖော်ပြရ၊ (၉) ရက်စက်ကြမ်းကြုတ်မှု၊ သွေးထွက်သံယိုမှု ပြစ်မှုများကို လှုံ့ဆော်စေသော အရေးအသားများ မဖော်ပြရ၊ (၁၀) အစိုးရဌာနများရဲ့ လုပ်ရပ်များကို အပြုသဘောမဆောင်သော ဝေဖန်ချက်များ မဖော်ပြရ၊ (၁၁) ပုဂ္ဂလိက တဦးတယောက်ကို တိုက်ခိုက်သောစာများ မဖော်ပြရ လို့ ဆိုပါတယ်။ တခွန်းထဲနဲ့ ချုပ်ပြီးပြောရရင်တော့ စစ်အစိုးရနဲ့ပတ်သက်ပြီး၊ မဆလနဲ့ ပတ်သက်ပြီး ဘာမှ မရေးကြနဲ့ဆိုတာ ဖြစ်ပါတယ်။

(ဦးနေဝင်းက ဒေါ်ခင်မေသန်း သေပြီး ဒေါ်နီနီမြင့်ကို ယူ၊ ဒေါ်နီနီမြင့်နဲ့ ကွဲနေစဉ်အတွင်း ရတနာနတ်မယ်ဆိုတာကြီးကို ထပ်ပြီးယူထားတုန်းမှာ၊ ဗိုလ်ချုပ်ကြီးစန်းယုကလည်း ဟိုမိန့်ခွန်းပြောလိုက်၊ ဒီမိန့်ခွန်း ခြွေလိုက်နဲ့ လုပ်ပြနေတုန်းမှာ၊ ဆန်ပြဿနာတွေ ပေါ်ပြီးနောက် စပါးစိုက်ရေး၊ ဆန်တိုးတက်ထုတ်လုပ်ရေးတွေကိုပဲ ပြောတဲ့သူက ပြောနေတုန်းမှာ စာရေးဆရာ ‘မောင်ဖေငယ်’က ‘ဖောင်းကားစား’ဆိုတဲ့ ရာဇဝင်နောက်ခံ စာအုပ်တအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီ ဖောင်းကားစား စာအုပ်ထဲမှာ “မယားပြီး မယား၊ စကားပြီး စကား၊ စပါးပြီး စပါး”ဆိုတာ ထည့်ရေးတဲ့အတွက် မောင်ဖေငယ်ကို တသက်တကျွန်း ထောင်ဒဏ်ချမှတ်တာတောင် လုပ်ပါတယ်။)

၁၉၇၅ ခုနှစ်၊ စက်တင်္ဘာ ၂၈ ရက်နေ့မှာ ရန်ကုန်တိုင်း သတင်းထောက်များ နှီးနှောဖလှယ်ပွဲမှာ ပါတီစာနယ်ဇင်း ဌာနမှူးဖြစ်တဲ့ ဦးစောဦးက မဆလပါတီကိုယ်စား “ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဆန့်ကျင်သူတွေအတွက် လွတ်လပ်စွာ ရေးသားခွင့် မပေးနိုင်ပါဘူး၊ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ ကျနော်တို့ရဲ့ပါတီကို ဆန့်ကျင်နေသူတွေကိုလည်း လွတ်လပ် စွာရေးသားခွင့် မပေးနိုင်ပါဘူး” လို့ ပြောင်ပြောင်တင်းတင်းပဲ ပြောဆိုခဲ့ပါတယ်။

စာပေအနုပညာ နယ်ပယ် တခုလုံးကို လှုပ်မရအောင် စာပေစီစစ်ရေးဌာနဆိုတာနဲ့လည်း ချုပ်ကိုင်ထားခဲ့ပါတယ်။ ဆန့်ကျင်တော်လှန်တဲ့ စာအုပ်၊ စာတမ်း၊ စာစောင်တွေ ထွက်ပေါ်မလာရအောင်၊ စာအုပ်အဆင့်ဆိုတာအထိကို ရောက်မလာရအောင် စာမူတွေကို ကြိုတင်တင်ပြ ခွင့်ပြုချက်ရယူပြီးမှ ရိုက်နှိပ်တဲ့အဆင့်ကို လုပ်ကိုင်စေပါတယ်။ ရိုက် နှိပ်ပြီး ထပ်မံတင်ပြရမယ်၊ ထပ်မံတိုက်ဆိုင်စစ်ဆေးပြီးမှ စာအုပ်ဖြန့်ချိခွင့်ကို ပေးပါတော့တယ်။ အဲဒါကြောင့် တရားဝင် ထုတ်ဝေဖြန့်ချိခွင့် အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ စစ်အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ စာပေအနုပညာတွေကို ရေး သားဖန်တီးလိုသူတွေဟာ တရားမဝင်နည်းနဲ့ပဲ ရိုက်နှိပ်ဖြန့်ချိရပါတော့တယ်။ ဒါကြောင့် စာကူးစက်၊ လက်လှည့်စက် ကလေးတွေနဲ့ပဲ လျို့ဝှက်စွာ ရိုက်နှိပ်ဖြန့်ချိထုတ်ဝေလာကြတဲ့ စာစောင်လေးတွေ ၇၀ ပြည့်နှစ်လွန် နှစ်ဦးပိုင်းတဝိုက် ပလူပျံခဲ့ပါတယ်။

အထူးသဖြင့် ကဗျာစာအုပ်လေးတွေ များပါတယ်။ ဒါတောင် ဖမ်းဆီးခြင်းခံရရင် ထောင်ဒဏ်ချမှတ်ခြင်း ခံရပါတယ်။ ဗမာပြည်က တိုးတက်တဲ့ စာရေးဆရာ၊ ကဗျာဆရာများဟာ အမေရိကန်နယ်ချဲ့တို့ရဲ့ ဗီယက်နမ်ကျူးကျော်စစ်အပေါ် ရှုတ်ချကန့်ကွက်ကြတဲ့ စာကဗျာတွေ၊ ဗီယက်နမ်ပြည်သူများဘက်က ရပ်တည်တဲ့ စာကဗျာတွေ ရေးသားဖန်တီးခဲ့ကြ ပြီး တရားဝင် စာစောင်မဂ္ဂဇင်းများကနေ ဖော်ပြဖြန့်ချိခဲ့ကြတာတွေရှိသလို စာကူးစက်၊ လက်လှည့်စက်လေးများနဲ့ ရိုက်နှိပ်ပြီး တရားမဝင်ဖြန့်ချိရတဲ့ စာစောင် စာအုပ်ငယ်လေးများကနေပြီးလည်း ဖြန့်ချိထုတ်ဝေဖော်ပြတာတွေ ရှိခဲ့ပါ တယ်။ စာပေလွတ်လပ်ခွင့် မရှိတဲ့ကြားက နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်အစိုးရဆန့်ကျင်ရေးတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ ပါတယ်။

စစ်အစိုးရက အကြမ်းဖက်ဖိနှိပ်နေတဲ့ကြားက၊ နည်းအမျိုးမျိုးနဲ့ ကွပ်ညှပ်ပြီး ပိတ်ပင်တားမြစ် ယုတ်မာနေတဲ့ကြားထဲက စစ်အစိုးရဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတရပ် ထပ်မံထွက်ပေါ်လာပြန်ပါတယ်။ ၇၅ ဇွန် ၆ ကျောင်းသားသပိတ်ကြီး အပြီး ၉ လကျော်အကြာမှာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ‘မှိုင်းရာပြည့်’လှုပ်ရှားမှုကြီးပဲ ဖြစ်ပါတယ်။ ။

၊ဝင်းတင့်ထွန်း၊
‘အမှောင်ကြားက ဗမာပြည်’
အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း (၁၉၄၈-၂၀၀၀)မှ ကောက်နုတ်ဖော်ပြပါသည်။

Read More...

17 June 2009

မီးလျံရဲရဲ မီးခဲနီနီ


ထိုတော
ပြောရုံသာ တော
ဘာပေါသလဲဆိုရင်
ဆူးချဉ်နဲ့ သျှားစောင်းလက်ပတ်
ကြက်ဆူနဲ့ အမည်မမှတ်တဲ့
ပူပူစပ်စပ် လူသူပြတ်သနဲ့ 
ထူထပ်တဲ့ ဆူးခက်
မြက်ရိုင်းနဲ့ ကိုင်းကြမ်း
'ခွေးသေးပန်း'ပင်တွေပါပဲ…။

တောမဟုတ်ပေမယ့်
သမုတ်တော့ တော…

တောမမှတ်ပေမယ့်
ပညတ်တော့ တော…

ဒီတောလေဗျာ
နွေတရက်မှာ
ကိုင်းခက်တွေ ခြောက်သွေ့ 
မြေငွေ့ တွေ ခြောက်ခမ်း
ရွက်ကြမ်းတွေ ခြောက်ကပ်
ဖြောက်ဖျပ်…ဖြောက်ဖျပ်နဲ့ 
လေအခတ်မှာ
ထိုးသတ်လို့  ကျိုးပြတ်ကုန်ကြ
ခဏကြာတော့
လောင်စာလည်း မတို့ 
ရှို့ သူလည်း မရှိ
ငြှိသူလည်း မပါ
ဆူးကြားမှာ ကြယ်တပွင့်
နှစ်ပွင့် … သုံးပွင့်
တပွင့်ပြီးတပွင့်ပွား
တဖွားပြီးတဖွားထ
အဲဒီကစပြီး
မီးတောက်တွေ ကူးယှက်
မီးလက်တွေ သွယ်ထိုး
မီးခိုးတွေ အူအူထလို့ 
ပြာကျသွားခဲ့ပါသတဲ့…။

မီးညွန့် ငွေ့ ငွေ့ 
မသေ့တသေ၊ မီးလောင်မြေမှာ
သူ့ အနာဂတ်၊ ဆုံးဖြတ်ပေးဖို့ 
ကျနော်တို့ ဟာ
ဘာကိုရွေးချယ်ကြမလဲ…
ကဲကဲ… မြေကိုတူးဆွ
အငုတ်အစတွေ ကော်ထုတ်
တောအုပ်တခုပျိုး
ခင်ဗျားကို အားကိုးပါတယ်…။ ။


(ဇွန် ၆ အလုပ်သမားသပိတ်ကြီးအား ဂုဏ်ပြုလျက်)
-နေမင်းနီ-
(၆၊ ၆၊ ၂၀၀၀)

Read More...

16 June 2009

၈၈ ဂျွန် ကျောင်းသားတိုက်ပွဲများမှသည် (သံဒုတ်)


(သမိုင်းတခုထဲက ဖြစ်စဉ်တခု၏ ဆွဲအင်အားနှင့် ရောင်ပြန်ဟပ်ခြင်းမှတဆင့် ကျစ်လစ်သိပ်သည်းသော ခံစားချက်များ နှင့်အတူ တောက်ပသော ဘုံအနာဂတ်နှင့် ကြီးမြတ်သော မျှော်လင့်ချက်တွေအတွက်…)

ဖုန်းမော်အရေးအခင်းနဲ့စပ်လျဉ်းပြီး ပေါ်ပေါက်လာတဲ့ မတ်လ ကျောင်းသားလှုပ်ရှားမှုကို မဆလ စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲပစ်လိုက်တယ်။ လူမဆန်စွာ နှိပ်ကွပ်မှုကြောင့် RIT ကျောင်းဝင်းအတွင်းမှာ ဖုန်းမော်၊ စိုးနိုင်တို့နဲ့အတူ ကျဆုံးသွားခဲ့ကြသူတွေ၊ မတ်လ ၁၆ ရက်နေ့ အင်းလျားကန်ပေါင်ပေါ်မှာ ကျဆုံးသွားခဲ့ရသူတွေ၊ အချုပ်ကားထဲမှာ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ရသူတွေ၊ အင်းစိန်ထောင်ထဲမှာ ညှဉ်းပမ်းနှိပ်စက်မှုကြောင့် ကျဆုံးသွားခဲ့ရသူတွေ၊ မုဒိန်းကျင့်ခံလိုက်ရတဲ့ ကျောင်းသူတွေဟာ စာရင်းမရှိ၊ မရေတွက်နိုင်အောင်ပဲ မတ်လကျောင်းသားတိုက်ပွဲဟာ ယ္ခင့်ယ္ခင် နေဝင်းစစ်အစိုးရဆန့်ကျင်ရေး ကျောင်းသားတိုက်ပွဲတွေလိုပဲ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်။ နောက်ပြီး ထောင်ထဲမှာ ဘယ်နှစ်ယောက် အဖမ်းခံနေရလဲ၊ ကျောင်းသားဘယ်နှစ်ယောက် ကျောင်းထုတ်ခံလိုက် ရသလဲ ဆိုတာလည်း မဆလအစိုးရကလွဲပြီး ဘယ်သူမှ အတိအကျမခန့်မှန်းနိုင်ခဲ့ဘူး။ သေဆုံးသွားကြတဲ့ ကျောင်း သားတွေရဲ့ မိဘတချို့ထံလောက်ပဲ “သင်၏သားသမီး ကောင်းစွာသဂြိုလ်ပြီးပါကြောင်း” စာတိုကလေးနဲ့ အကြောင်း ကြားခဲ့တယ်။ အမှန်ကတော့ စစ်အစိုးရက အသိပေး အကြောင်းကြားချင်လို့တော့ မဟုတ်ပါဘူး။ အကြောင်း မကြားခဲ့ဘူးဆိုရင် မိဘတွေအနေနဲ့ မေးမြန်းစုံစမ်းမှုတွေ လုပ်လာရင် အစိုးရအနေနဲ့ အလုပ်ရှုတ်မခံချင်တာကြောင့် တခါတည်း ဇာတ်လမ်းပြတ်သွားအောင် လုပ်လိုက်တာပဲဖြစ်တယ်။

ကျောင်းသားအရေးအခင်းကို ခပ်ကြမ်းကြမ်း ကိုယ်တွယ်လိုက်တယ်ဆိုရင် ကျောင်းသားလှုပ်ရှားမှုတွေ ချုပ်ငြိမ်းသွား လိမ့်မယ်၊ ခေါင်းမထောင်ရဲတော့ဘူး၊ ထိတ်လန့်ကြောက်ရွံ့သွားလိမ့်မယ်လို့ စစ်အစိုးရက အထင်ရှိပုံရတယ်။ မတ်လ ကျောင်းသားအရေးကို နှိပ်ကွပ်ပြီး နွေရာသီ ကျောင်းပိတ်ရက်အရောက် တက္ကသိုလ်နဲ့ကောလိပ်တွေအားလုံးကို ပိတ်ပစ်၊ နောက် ဂျွန်မှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့တယ်။ ကျောင်းသားတွေရဲ့ ဖောက်ပြန်သော အုပ်ချုပ်သူအစိုးရအား ဆန့်ကျင်တော်လှန်တတ်သော မာန်ကြီးခေါင်းမာတတ်တဲ့ ဗီဇအခံ ခေတ်အဆက်ဆက် ကျောင်းသားသမိုင်း အစဉ် အလာကို ထိန်းသိမ်းတတ်ခြင်းနဲ့ လူထုဘက်မှ အစဉ်ရပ်တည်တိုက်ပွဲဝင်တဲ့သမိုင်းကို မေ့နေပြီး တိုင်းပြည်ကို ပိုင်နိုင်စွာ အုပ်ချုပ်နိုင်တယ်လို့ စစ်အစိုးရက အလွန်အကျွံ တွက်ထားပုံရတယ်။

ဂျွန် ၁၂ ရက်မှာ တက္ကသိုလ်နဲ့ကောလိပ်တွေကို ပြန်ဖွင့်လိုက်တယ်ဆိုရင်ပဲ ကျောင်းသားအားလုံးဟာ သွေးအေး နောက်ဆုတ်မသွားကြဘဲ အဖြေက ချက်ချင်းပေါ်လာခဲ့ပါတော့တယ်။ နယ်ချဲ့ဆန့်ကျင်ရေးမှသည် ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတို့၏အခြေတည်ရာ၊ တက္ကသိုလ်အားလုံးတို့၏မိခင် ရန်ကုန်တက္ကသိုလ်သို့ နယ်စုံ ဒေသစုံမှ ကျောင်းသားအစုံ ရောက်လာခဲ့ကြတယ်။ မတ်လ ကျောင်းသားအရေးအခင်းကို စတင်ပြီးဖြစ်ပေါ်စေခဲ့တဲ့ စက်မှု တက္ကသိုလ်ကတော့ စုစုပေါင်း ရှိလှမှ ကျောင်းသားဦးရေဟာ ၄၀၀၀ ကျော်လောက်သာရှိနေတော့ သေဆုံးသွားတဲ့၊ ထောင်ထဲရောက်နေတဲ့၊ ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေကို နုတ်လိုက်ရင် လူအင်အားဟာ ပိုနည်းသွားပြီး ခြောက်ကပ်ကပ်ကြီးဖြစ်သွားခဲ့တယ်။ မတ်လ ၁၃ ရက်နေ့ညမှာ ဖုန်းမော်အတွက် ဂုဏ်ပြုအမှတ်တရ ဆောက်လုပ် ထားခဲ့ကြတဲ့ သြဘာလမ်းထိပ်က ခြောက်မြှောင့်ကြယ်ဟာလည်း စစ်တပ်က ဖြိုဖျက်လိုက်လို့ မရှိတော့ဘူး။

ကျောင်းသားအားလုံးရဲ့ရင်ထဲမှာ မိမိနဲ့သက်ဆိုင်ရာ ကျောင်းဝင်းထဲကို ဝင်လိုက်မိတာနဲ့ ကိုယ်ကမှန်ရက်သားနဲ့ ဖြေရှင်းခွင့်မရ၊ အနိုင်ကျင့်ခံလိုက်ရတဲ့သူတွေလို မခံမရပ်နိုင်တဲ့ ဒေါသစိတ်၊ ခံပြင်းဝမ်းနည်းစိတ်တွေဟာ ထုထည် ကြီးမားလာခဲ့ကြတယ်။ မတ်လက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အသစ်ဖြစ်လာကြတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ဂျွန်လ မိုးကျဖြစ်ပေမယ့် သွေ့ခြောက်ပြီး တခုခုလစ်ဟာနေသလို ဖြစ်နေတယ်။ ကျောင်းသားအားလုံးရဲ့ မျက်နှာတွေ မှာလည်း ဖြစ်ရိုးဖြစ်စဉ် နွေကျောင်းပိတ်ပြီး ပြန်ဖွင့်တာနဲ့မတူဘဲ ရွှင်လန်းတက်ကြွမှုတွေ လျော့ပါးနေကြတယ်။ တချို့ကလည်း မကြာမီကမှ ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်ဆိုးကြီးတခုကို စိုးရွံ့ခါးသီးနေပုံရတယ်။ မတ်လ အရေး အခင်းမှာ ဘယ်နှစ်ယောက် သေခဲ့လဲ၊ ထောင်ထဲမှာ ဘယ်နှစ်ယောက် ညှဉ်းပမ်းနှိပ်စက်ခံနေရလဲ၊ ဘယ်သူတွေ ကျောင်းထုတ်ခံရလဲ အားလုံးဟာ ဘယ်သူမှ အတိအကျမပြောနိုင်ဘဲ ဒီမေးခွန်း ၃ ခုဟာ လုံးထွေးရောယှက်နေခဲ့ ကြတယ်။

ကျောင်းသားများရင်ထဲမှာ မတ်လရဲ့ မမေ့နိုင်သော ဖြစ်ရပ်ဆိုးပုံရိပ်များဖြင့် မွန်းကြပ်နေကြတာကြောင့် လမ်းသွားရင်း မှာ၊ လ္ဘက်ရည်ဆိုင်တွေမှာ၊ စာသင်ခန်းတွေထဲမှာ၊ အဆောင်တွေရဲ့ အခန်းတွေထဲမှာ၊ ထမင်းစားဆောင်တွေထဲမှာ မတ်လ တိုက်ပွဲရဲ့ အတွေ့အကြုံတွေကို တီးတိုးတမျိုး၊ ကျယ်ကျယ်လောင်လောင်တမျိုး ပြောဆိုနေကြတယ်။ ဟိုနေရာ စုရုံးစုရုံး၊ ဒီနေရာ စုရုံးစုရုံး ဖြစ်လာတယ်။ အဆောင်တွေမှာလည်း ညမှာ မီးတွေပိတ်ပြီး အော်ဟစ်ကြတယ်။ ဓါတ်တိုင်တွေ၊ ကျောင်းနံရံတွေ၊ စာသင်ခန်းတွေနဲ့ အိမ်သာတွေထဲမှာ မတ်လက လုံထိန်းရဲ့ အကြမ်းဖက်တဲ့ ပုံသဏ္ဍာန်တွေ၊ ကျောင်းသားအရေး တောင်းဆိုချက်တွေ၊ မဆလ စစ်အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုတွေရေးထားတဲ့ စာစောင်တွေ၊ စာရွက်တွေဟာ နေရာတိုင်းမှာ ကျောင်းဖွင့်ပြီး တရက်နှစ်ရက်အတွင်းမှာပင် ပေါ်ပေါက်လာခဲ့တယ်။ ကျောင်းသားများ အရေး တောင်းဆိုမှုတွေကတော့…
(၁) ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးရေး၊
(၂) ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရရေး၊
(၃) ကျဆုံးသွားတဲ့ ကျောင်းသားတွေအတွက် အမှတ်တရကျောက်တိုင် စိုက်ထူရေး၊
(၄) သေဆုံးသွားတဲ့ ကျောင်းသားတွေနဲ့စပ်လျဉ်းပြီး တာဝန်ရှိသူတွေကို အစိုးရက အရေးယူရေး၊
(၅) သေဆုံးသွားတဲ့ ကျောင်းသားဦးရေအမှန်ကို ဖော်ထုတ်ရေး၊
(၆) ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊
(၇) မဆလအစိုးရမှ မတ်လအရေးအခင်းကကဲ့သို့ အကြမ်းဖက်မှုများ မပြုလုပ်ရေးနှင့် မတ်လအရေးအခင်းနှင့် ပတ်သက်ပြီး မှားယွင်းကြောင်း ဝန်ခံရေး… စတဲ့ တောင်းဆိုချက်အမျိုးမျိုး တောင်းဆိုကြပါတယ်။

မျက်နှာမှာ လက်ကိုင်ပုဝါ စည်းထားတဲ့ တချို့ကျောင်းသားတွေဟာ သပိတ်ဖြစ်ပေါ်ရေးအတွက် စာသင်ခန်းတွေထဲ၊ လ္ဘက်ရည်ဆိုင်တွေအတွင်းမှာ ဝင်ရောက်ပြီး လှုံ့ဆော်တရားဟောနေကြပါပြီ။ စာသင်ခန်းတွေမှာ ကျောင်းသားတွေ မရှိကြတော့တဲ့အပြင် သပိတ်စတင်ရန် စည်းရုံးလှုပ်ရှားမှုများနဲ့အတူ မျက်နှာတွေဟာ ရွှင်လန်းလာခဲ့ကြပါတယ်။ အားလုံးရဲ့ရင်ထဲမှာ မတ်လက ခံစားချက်အကြိတ်အခဲတွေဟာ ဘယ်တော့မှ မမေ့မပျောက်နိုင်ခဲ့ပေမယ့် သပိတ် လှုပ်ရှားမှုတွေကြောင့် အနည်းငယ် သက်တောင့်သက်သာရှိခဲ့ကြမှာထင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲက လှုပ်ရှားမှု တွေဟာ အဆောင်တွေ၊ တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ အလယ်တန်း အထက်တန်းကျောင်းသားတွေသာမက တပြည်လုံးကိုပါ ပျံ့နှံ့သွားပြီး ရန်ကုန်တက္ကသိုလ်ဟာ ဂျွန်ကျောင်းသားအရေးအခင်း၏ ဗဟိုဖြစ်လာခဲ့တယ်။

ကျောင်းဖွင့်ပြီးလို့မှမကြာမီ ဂျွန် ၁၅-၁၆ လောက်မှစတင်၍ ကျောင်းသားသပိတ်ဟာ သပိတ်ပီပီသသဖြစ်လာကာ လူစည်ကားပြီး နောက်ဆုံး ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာရှေ့ အဓိပတိလမ်းပေါ်မှာ ကျောင်းထိုင်ခုံတွေနဲ့ တရားဟောစင်ထိုးပြီး အစိုးရဆန့်ကျင်ရေးတရားတွေကို ဟောတဲ့အဆင့်ထိ ရောက်လာခဲ့ပါတယ်။ စာသင်ခန်းတွေဟာ လည်း ကျောင်းတက်သူ မရှိတော့ဘဲ အလိုအလျောက် ပိတ်သွားပြီး ကျောင်းသားတွေဟာ တရားဟောတာကို နားထောင်ကြဖို့ ကံ့ကော်ပင်တွေရဲ့အောက်၊ အဓိပတိလမ်းမကြီးတလျှောက်မှာ ရောက်ရှိနေကြပါတယ်။ တရားဟောစင် ပေါ်ကို တယောက်ပြီးတယောက် တက်ကာ မတ်လအရေးအခင်းအတွင်းက တွေ့ကြုံခဲ့ရတဲ့ အင်းလျားကန်ပေါင်ပေါ်မှာ လုံထိန်းတွေက ဘယ်လိုရက်ရက်စက်စက် အကြမ်းဖက်ပြီး ရိုက်တဲ့အကြောင်း၊ ဖုန်းမော် ကျဆုံးခဲ့တဲ့နေ့က RIT ဝင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ၊ RIT နဲ့ ရန်ကုန်တက္ကသိုလ်ထဲကို စစ်တပ်က ဘယ်လိုစီးနင်း ဝင်ရောက်ခဲ့တဲ့အကြောင်းတွေကို ရှင်းပြပြောပြကြတဲ့သူတွေကပြော၊ ကျောင်းသားတွေရဲ့တာဝန်နဲ့ ရှေ့ဆက်ရန် မဆလ အစိုးရကို ဖြုတ်ရမည်လို့ ဟောတဲ့သူကဟော၊ ကြားသိဖူးသမျှ ၇ ဇူလိုင်နဲ့ ဦးသန့်အရေးအခင်းကာလက နောင်တော် တွေရဲ့ သတ္တိပြောင်မြောက်သော စစ်အစိုးရကိုထိပ်တိုက်ရင်ဆိုင်မှုအကြောင်းနဲ့ စစ်အစိုးရက ဘယ်လိုနှိပ်ကွပ်ခဲ့တဲ့ အကြောင်းတွေကို ရှင်းပြတဲ့သူကရှင်းပြ၊ မဆလ ဗဟိုကော်မတီတွေအတွက် သီးသန့်ဖွင့်ထားတဲ့ ပဒုံမာပြခန်းမှနေပြီး ဗဟိုကော်မတီတွေဟာ အထူးအခွင့်အရေးတွေ ယူနေတဲ့အကြောင်းကို ရှင်းပြတဲ့သူကရှင်းပြ၊ နှမချင်း စာနာစိတ် ကင်းမဲ့စွာ ကျောင်းသူတွေကို လုံထိန်းတွေက အကြမ်းဖက်တဲ့အကြောင်းတွေကို ပြန်ပြောပြတဲ့သူတွေကပြောနဲ့ စုံလင်လှစွာ အားလုံးဟာ ထောက်ခံကြ၊ အားပေးကြ၊ တက်ကြွနေပြီး ရန်ကုန်တက္ကသိုလ်ကြီးတခုလုံးဟာလည်း လက်ခုပ်သြဘာသံတွေ၊ တောင်းဆိုချက်တွေ၊ ကြွေးကြော်သံတွေ လွှမ်းမိုးညံစီထွက်နေပါတော့တယ်။

တရက်နဲ့တရက် မတူအောင်ဘဲ ရန်ကုန်တက္ကသိုလ်ထဲကို သပိတ်မှောက်ရန်အတွက် ဆေးတက္ကသိုလ်(၁)၊ ဆေး တက္ကသိုလ်(၂)၊ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ လှိုင်ကောလိပ်နဲ့ RIT ကျောင်းသားများအပြင် အလယ်တန်း၊ အထက်တန်းမှ ကျောင်းသားများလည်း လာရောက်ပူးပေါင်းကြပါတယ်။ တနိုင်ငံလုံးမှာလည်း ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားတွေ သပိတ်မှောက်နေကြပြီ၊ တရားဟောစင်မြင့်တွေထိုးပြီး တရားဟောနေကြပြီဆိုတဲ့သတင်းဟာလည်း နှံ့နေပါပြီ။ နောက်ပြီး နံရံကပ် ပိုစတာတွေမှာလည်း ကဗျာတွေ၊ ကာတွန်းတွေ၊ ဆောင်းပါးတွေ၊ တောင်းဆို ချက်တွေလည်း ပါသေးတယ်။ ရန်ကုန်မှာ ဂျွန်လဆန်း မိုးဦးကျဖြစ်ပေမယ့် နေ့စဉ်ရက်ဆက် မိုးမရွာသေးဘဲ ကြိုးကြား ကြိုးကြားလောက်သာ မိုးရွာတတ်တာကြောင့် ရာသီဥတုကလည်း တော်တော်ကောင်းမွန်နေတဲ့အချိန်လို့ ပြောရမှာပါပဲ။ သပိတ်တိုက်ပွဲဟာ အသံချဲ့စက်ပါ တပ်ဆင်၍ ကျယ်ပြန့်လာပြီး ကျောင်းရဲ့ဂိတ်ဝတွေမှာ လုံခြုံရေးတာဝန်ယူတဲ့သူက ယူ၊ တရားဟောစင်မြင့်ပေါ်တက်ပြီး တရားဟောမယ့်သူတွေကို စီစဉ်တဲ့သူတွေကစီစဉ်၊ စားသောက်ရေးအတွက် ထောက်ပံ့ရေးတာဝန်ယူတဲ့သူကယူ၊ တရားဟောသူကဟော၊ နားထောင်မယ့်သူက နားထောင်၊ နံရံကပ် ပိုစတာ ဖတ်တဲ့သူကဖတ်နဲ့ အားလုံးဟာ မအားလပ်အောင်ဘဲ တက်တက်ကြွကြွနဲ့ အလုပ်များနေကြပါတယ်။

ကျနော်မမေ့နိုင်တဲ့ ပိုစတာကတော့ အားကစားရုံရဲ့အမိုးဖက်ခြမ်းမှာ စာလုံးကြီးကြီးနဲ့ရေးပြီး ကပ်ထားတဲ့ “နေဝင်း၏ နေဝင်ချိန်“နဲ့ တရားဟောစင်မြင့် ရှေ့တည့်တည့်မှာ အင်္ဂလိပ်လိုရေးထားတဲ့ “Freedom to Democracy“ဆိုတဲ့ စာတန်းပဲဖြစ်ပါတယ်။ အနှစ်သာရအရှိဆုံးနဲ့ သပိတ်တိုက်ပွဲ၏ နိုင်ငံရေးဦးတည်ချက်ကို အပြတ်သားဆုံး ထုတ်ဖော် ထားခြင်းပဲ။

နေ့လည်မှာ အလှူကောက်ခံရရှိတဲ့ ငှက်ပျောသီး၊ ပေါင်မုန့်၊ ဆေးလိပ်တွေကို တောင်းကြီးတွေနဲ့ လိုက်ဝေပါတယ်။ ကျောင်းသားတွေကလည်း သပိတ်လိုအပ်တာသုံးဖို့ အလှူငွေ ထည့်ဝင်ကြတဲ့အပြင် ပြင်ပမှအလှူငွေများလည်း ထည့်ဝင်နေကြပါပြီ။

ကျောင်းဝင်းထဲမှာ ရှိနေကြတဲ့ ကျောင်းသားတွေအားလုံးဟာ တကယ်လို့များ မတ်လအရေးအခင်းကလို မဆလ စစ်တပ်က ကျောင်းဝင်းထဲဝင်ပြီး အကြမ်းဖက်ဖြိုခွဲမယ်ဆိုရင်လည်း ရင်ဆိုင်အံတုဖို့ အသင့်ရှိနေကြသည့်အလား မိန်းကလေးတွေကအစ ဆုံးဖြတ်ထားကြပုံရပါတယ်။ ညီညီညွတ်ညွတ်ဖြင့် ဆန္ဒတူ၊ သဘောတူရှိနေတဲ့မြင်ကွင်းဟာ အားရတက်ကြွဖွယ်၊ အတော်ကြည်နူးရာကောင်းလှပါတယ်။ “ဆေးတက္ကသိုလ်(၂)ကတော့ဖြင့် ချီတက်လာပြီ၊ ဘယ် ကောလိပ်ကတော့ဖြင့် ချီတက်လာပြီ“လို့ တရားဟောစင်မှာ ကြေညာလိုက်တဲ့အခါဆိုရင် တရားဟောစင်ရှေ့မှာ ထိုင် နေကြတဲ့ ကျောင်းသားတွေဟာ အားရဝမ်းမြောက်စွာ လက်ခုပ်တီးကြ၊ ဂိတ်ဝကိုလည်း လှမ်းမျှော်ကြည့်ကြ၊ တချို့က လည်း မတ်တပ်ရပ်ပြီး ကြိုဆိုကြနဲ့ မမောနိုင်အောင်ပဲ ရှိပါတော့တယ်။

ထူးခြားမှုတခုက သပိတ်တိုက်ပွဲရဲ့အခြေအနေ တရက်ထက်တရက် အရှိန်ကောင်းလာသည်နှင့်အညီ မတ်လ အရေး အခင်းကာလက အဖြစ်အပျက်တွေအပေါ် အခြေခံပြီး မဆလ စစ်အစိုးရဆန့်ကျင်ရေးနှင့် ကျောင်းသားအရေး တောင်းဆိုတိုက်ပွဲဝင်မှုမှနေ၍ မဆလ တပါတီအာဏာရှင်စနစ်ကို အန်တုဖြုတ်ချရေး နိုင်ငံရေးတိုက်ပွဲအဖြစ်ကို အလို အလျောက် ကူးပြောင်းနေခြင်းပင်ဖြစ်ပါတယ်။ တရားဟောကြတဲ့သူတွေကလည်း မဆလခေတ် ပြည်သူတွေ ကြုံတွေ့ နေရတဲ့ ဘဝခံစားမှုအခြေအနေတွေ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဆုတ်ယုတ်လာတဲ့ အခြေ အနေတွေ၊ မဆလ ဗဟိုကော်မတီရဲ့ ဖောက်ပြန်တဲ့လုပ်ရပ်တွေ၊ မဆလအစိုးရကို အပြင်းထန်ဆုံး ဝေဖန်ပြစ်တင် ရှုတ်ချလာခြင်းဖြင့် နိုင်ငံရေးကို အလေးပေးပြီး ဖော်ထုတ်တိုက်ပွဲဝင်လာခြင်းပဲဖြစ်ပါတယ်။

ညနေ ၄ နာရီလောက် သပိတ်ရပ်နားတော့မယ့်အခါမှာတော့ မနက်ဖြန်လည်း ဆက်လက်ပြီး သပိတ်မှောက်သွားမှာ ဖြစ်တဲ့အကြောင်း ကြေညာပြီး ကမ္ဘာမကြေသီချင်းကို သံပြိုင်ဆိုပြီး တနေ့တာသပိတ်ကို ရပ်နားလိုက်ပါတယ်။

ဒီလိုနဲ့ ဂျွန်လ ကျောင်းသားအရေးအခင်းကာလမှာ မဆလ စစ်အစိုးရမှ ပထမဆုံး ရန်ကုန်တက္ကသိုလ်ကို ပစ်ခတ်လိုက် တာကြောင့် နောက်ဆုံးရက်ဖြစ်တဲ့ ဂျွန်လ ၂၀ ရက်နေ့ကို ရောက်လာခဲ့ပါတယ်။ မနက်ပိုင်း သပိတ်စဖို့အတွက် ကျောင်း သားတွေအားလုံးဟာ ကံ့ကော်ပင်အောက်မှာ၊ အဓိပတိလမ်းမကြီးတလျှောက် ဘေးဝဲယာမှာ အပြည့်နေရာယူ ထားကြပြီး သပိတ်ကို အနည်းငယ်ကြာမှ စနိုင်ပါတယ်။ အဓိကမှာ လှည်းတန်းမှာ အသံချဲ့စက် ငှါးလို့မရတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ သို့သော်လည်း ၉ နာရီခွဲ၊ ၁၀ နာရီလောက်မှာ ဘယ်ကရှာလာသည်မသိ main ဂိတ်ဝကြီးမှ အသံချဲ့စက် ငှါးလို့ရရှိပြီဆိုပြီး ကျောင်းသား ၃ ယောက်လောက် အသံချဲ့စက်ကိုမြှောက်ပြီး ဝင်လာခဲ့ကြတယ်။ အားလုံး အတော်လေးဝမ်းမြောက်သွားကြပြီး လက်ခုပ်သြဘာမစဲ တီးလိုက်ကြပြီး ပြင်ဆင်ပြီး တရားပွဲကို စကြပါတယ်။

ဂျွန်ကျောင်းသားသပိတ်တိုက်ပွဲရဲ့ နိုင်ငံရေးဦးတည်ချက်လမ်းကြောင်းဟာ ကျောင်းသားအရေး နစ်နာမှုတွေအတွက်သာ တောင်းဆိုတိုက်ပွဲဝင်မှာလား၊ ဒါမှမဟုတ် အဖိနှိပ်ခံနေရတဲ့ လူထုဖက်မှ ရပ်တည်ပြီး မဆလ တပါတီ အာဏာရှင် စစ်အစိုးရကို ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်မှာလားဆိုတာကို ဦးဆောင်နေသူတွေရော ကျောင်းသားတွေ အားလုံးရော ရှင်းရှင်းလင်းလင်း မဖော်ထုတ်ကြသေးပါဘူး။ သို့သော်လည်း သပိတ်မှာပါဝင်ကြတဲ့ ကျောင်းသားတွေ အားလုံးဟာ ကျောင်းသားအရေးဆိုတာထက် တိုင်းပြည်နိုင်ငံရေးအခြေအနေကို သုံးသပ်ဝေဖန်မှုတွေသာ များလာတာကြောင့် နိုင်ငံရေးတိုက်ပွဲအဆင့်ကို ကူးပြောင်းနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။

အဲဒီလိုရှိနေတဲ့ အခြေအနေကနေပြီး တရားဟောစင်မြင့်ဆီ ကျောင်းသားထုရဲ့ သဘောထားဆန္ဒဖြင့် ဆုံးဖြတ်ဖို့ အဆိုနှစ်ခု ရောက်လာပါတယ်။ ပထမဆုံး ‘ကျောင်းသားအရေးကိုသာ တောင်းဆိုတိုက်ပွဲဝင်မှာဖြစ်တယ်’ ဆိုတဲ့အဆိုကို ကိုလတ်ဆိုတဲ့သူက ဦးဆောင်ပြီး တင်သွင်းပါတယ်။ ဒုတိယအနေနဲ့ ‘ကျောင်းသားတွေဟာ ကျောင်းသားအရေး သာမက နိုင်ငံရေးလုပ်ရမယ်’ ဆိုတဲ့အဆိုကို ကိုမိုးသီးဇွန်ဆိုသူက ဦးဆောင်ပြီး တင်သွင်းပါတယ်။ ကျောင်းသားအရေး ကိုသာ တောင်းဆိုတိုက်ပွဲဝင်သင့်တယ်ဆိုတဲ့အဆိုကို ထောက်ခံတဲ့သူဟာ မရှိသလောက် အလွန်နည်းနေပြီးတော့ ကျောင်းသားထုထဲမှာ မကျေနပ်မှုတွေ၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ခေတ္တခဏ ရုတ်ရုတ် သဲသဲဖြစ်သွားပြီး မကြာမီမှာ ပြန်လည်တည်ငြိမ်သွားပြီး ကျောင်းသားထုအားလုံးက ‘နိုင်ငံရေး တောင်းဆိုမှုတွေဖြင့် နိုင်ငံရေးလုပ်မည်’ဟု ပြတ်သားစွာပဲ ဆုံးဖြတ်ပေးလိုက်ကြပါတယ်။

အဲဒီအချိန်မှာ RIT မှနေပြီး လာရောက်ပူးပေါင်းတဲ့ ကျနော်တို့သူငယ်ချင်းတစုလည်း (စန္ဒာဝင်း လ္ဘက်ရည်ဆိုင်မှာ ပထမဆုံး အရိုက်ခံလိုက်ရတဲ့ နွားထိုးကြီးမှ ဝင်းမြင့်အပါအဝင်) တရားဟောစင်မြင့်၏ ညာဖက်အခြမ်းမှာ ရောက်နေကြ ပါတယ်။ အဆိုတွေကို ဦးဆောင်ပြီးတင်သွင်းကြတဲ့သူတွေဟာ ဘယ်အတန်းက၊ ဘယ်ဘာသာရပ်က၊ ဘယ်သူတွေ ဆိုတာ လုံးဝမသိပါဘူး။ ဒါပေမယ့် ကျောင်းသားသပိတ်ဟာ အရေးကြီးတဲ့ နိုင်ငံရေးအလှည့်အပြောင်းတခုကို ရောက် နေပြီး ကျောင်းသားအရေးတခုထဲကိုသာ ဦးတည်ပြီး မဆလကို တိုက်လို့မရဘူး။ မဆလ ဆန့်ကျင်ရေး နိုင်ငံရေး တိုက်ပွဲတွေကို ဖော်ထုတ်ဖို့ဟာ တိုင်းပြည်၏ အရေးတကြီးလိုအပ်နေတဲ့ အနေအထားလို့ ကျနော်တို့ သူငယ်ချင်း တစုလည်း နားလည်ထားပါတယ်။ ဒါကြောင့် ကိုမိုးသီးဇွန် တင်သွင်းတဲ့အဆို ထောက်ခံဆွေးနွေးကြဖို့ ကျနော်တို့ သူငယ်ချင်းတစု ဆုံးဖြတ်လိုက်ကြတယ်။ ဘယ်သူတက်ရောက်ဆွေးနွေးမလဲဆိုတာ တိုင်ပင်ကြတဲ့အခါမှာ ကျနော့်ကို တက်ရောက်ဆွေးနွေးရန် ပြောကြသဖြင့် တရားဟောစင်မြင့်ပေါ်တက်ပြီး တက်ရောက်ဆွေးနွေးလိုကြောင်း တာဝန် ရှိတဲ့ ကျောင်းသားတွေကို ပြောပြပါတယ်။ အဲဒီအချိန်မှာ တရားဟောစင်ကို ထိုင်ခုံတွေနဲ့ ကာထားပြီး အလွယ်တကူ ဝင်ရောက်ခွင့်မပြုပါဘူး။ စင်ရဲ့နောက်ဖက် စီစစ်တဲ့ကျောင်းသားတွေထံ ကျောင်းသားကဒ်ပြ၊ ဆွေးနွေးလိုတဲ့ အကြောင်းအရာ အကျဉ်းချုပ်တင်ပြပြီးတော့မှ စင်ပေါ်တက်ရောက်ဆွေးနွေးရပါတယ်။ ကျနော့်အနေနဲ့… တိုင်းပြည်က ချမ်းသာသလောက် ပြည်သူတွေကြုံတွေ့ခံစားနေရတဲ့ ဒုက္ခ၊ ဆင်းရဲနေရတဲ့ ဘဝအခြေအနေတွေနဲ့ ဒီနေ့ မိမိတို့ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေတွေ၊ အဖြစ်ဆိုးတွေကို မကြုံတွေ့စေဖို့၊ အနာဂတ်ကြီးမှာ ကြီးပြင်းလာမယ့် မျိုးဆက်သစ်တွေအတွက် မဆလ အစိုးရကို ဖြုတ်ချရမယ်၊ ဒါကြောင့် နိုင်ငံရေးလုပ်ရမယ်လို့ ခဏမျှလောက်သာ ဆွေးနွေးတင်ပြလိုက်ပါတယ်။

ကျနော်တို့ရဲ့နောက်မှာတော့ ဆေးတက္ကသိုလ်(၂)မှ ဂျူတီကုတ်အဖြူကိုဝတ်ပြီး နားကြပ်ကို သိုင်းထားတဲ့ ကိုဇော်ထွန်း ဆိုသူဟာ နေဝင်းအစိုးရကို အပြီးအပိုင် ဖြုတ်ချရမယ်ဆိုကာ လက်သီးလက်မောင်းတန်းရင်း အတက်ကြွဆုံး တရား ဟောလိုက်ပါတယ်။ သူ့ရဲ့ တရားဟောစတိုင်နှင့် အသွင်သဏ္ဍာန်ကိုတော့ဖြင့် ယနေ့တိုင် အမှတ်ရနေဆဲပါ။ (သို့သော် လည်း အခုအခါ ကိုဇော်ထွန်းဟာ ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ပြီလို့ သိရှိရပါတယ်။) ဒီနောက်မှာတော့ဖြင့် အလယ်တန်းကျောင်းမှ ကျောင်းသူလေးတယောက်နှင့် သံဃာတော်တပါး အပါအဝင် ကျောင်းသားများဟာ မဆလ ဆန့်ကျင်ရေး နိုင်ငံရေးတိုက်ပွဲကို ဖော်ထုတ်ဖို့ အသီးသီးပြောကြပါတယ်။

ကျောင်းသားအရေး လုပ်မလား၊ နိုင်ငံရေး လုပ်မလားဆိုတဲ့ အဆိုနှစ်ခုမှာ ကျောင်းသားထု၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံရေး လုပ်မယ်ဆိုတဲ့အဆိုကို အားလုံးဆန္ဒဖြင့် သဘောတူညီစွာ ဆုံးဖြတ်လိုက်တာကြောင့် ဂျွန်ကျောင်းသားသပိတ်၏ နိုင်ငံရေးဦးတည်ချက်ဟာလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပေါ်လာခဲ့ပါတော့တယ်။

ဂျွန် ၂၁ ရက်နေ့ဟာ ဦးနေဝင်း ဦးဆောင်တဲ့ မဆလ အစိုးရကို ကျောင်းသားအားလုံးက ဗြောင်စစ်ကြေညာပြီး နိုင်ငံရေးနည်းဖြင့် ခံစစ်မျဉ်းကိုကျော် လှံစွပ်ထိုးတိုက်ပွဲ စတင်လိုက်တာပဲဖြစ်ပါတယ်။ သပိတ်ဟာ ငြိမ်းချမ်းစွာ ပြီးဆုံး သွားပေမယ့်လည်း ညမှာတော့ဖြင့် မဆလ စစ်အစိုးရက ရန်ကုန်တက္ကသိုလ်ကို ပိတ်ပစ်လိုက်ပြီဆိုတဲ့အကြောင်း ကြေညာလိုက်ပါတော့တယ်။

ဂျွန် ၂၁ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကို ပိတ်လိုက်တာကြောင့် ကျောင်းသားသပိတ်နှင့် တရားပွဲတွေဟာ မပိတ်ဘဲ ကျန်ရှိနေတဲ့ RIT နှင့် ဆေးတက္ကသိုလ်(၁)ဖက်ကို ရောက်ရှိသွားပါတယ်။ ကျနော့်အနေနဲ့ RIT ဖက်မှာ ရောက်နေလို့ ဆေး(၁)ဖက်က အခြေအနေကိုတော့ ပြည့်ပြည့်စုံစုံ မသိရှိနိုင်ခဲ့ပါဘူး။ မနက် ၈ နာရီလောက်က RIT ဝင်းထဲကို ရန်ကုန်တက္ကသိုလ်ဖက်မှ ကျောင်းသားအချို့ ရောက်လာပြီး RIT ကျောင်းသားတချို့နှင့် ပူးပေါင်းပြီး သပိတ် မှောက်ရန် ပြင်ဆင်နေကြပါပြီ။ ပထမမှာ ကျောင်းသားဦးရေဟာ ၇၀ ကျော်လောက်ပဲ ရှိမယ်ထင်ပါတယ်။ သပိတ် မှောက်ဖို့ လှုံ့ဆော်စည်းရုံးမှုတွေ ပြီးတဲ့နောက်မှာ Canteen မှာရော၊ စာသင်ဆောင်တွေဘက်မှာရှိကြတဲ့ ကျောင်း သားတွေရော RIT ကျောင်းရဲ့ မျက်နှာစာ ဆင်ဝင်အောက်မှာ လာရောက်စုရုံးကြပါတယ်။ ကျောင်းသားတွေကို စုဝေးထိုင်ခိုင်းပြီး ရန်ကုန်တက္ကသိုလ်ဘက်မှ ကျောင်းသားတချို့ရော၊ RIT ဘက်မှ ကျောင်းသားတချို့က ဘာကြောင့် ဆန္ဒပြရတဲ့အကြောင်းနဲ့ ဂျွန်ကျောင်းသားသပိတ်ကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း တလှည့်စီ ရှင်းပြကြပြီး သပိတ်ကို စတင်လိုက်ပါတယ်။ သတိထားမိတာက ဆရာ၊ ဆရာမတွေရော (အဲဒီအချိန်က RIT လမ်းစဉ်လူငယ် ဥက္ကဋ္ဌလည်းဖြစ်၊ Mental ဌာနမှ ပါမောက္ခလည်းဖြစ်၊ နဝတ ခေတ်မှာလည်း RIT ၏ ပါမောက္ခချုပ်အဖြစ်လည်း လုပ်သွားတဲ့) ဦးခင်မောင်သန်းကိုယ်တိုင် ဘာတွေပြောသွားတယ်ဆိုတာကို လာပြီးနားထောင်ပါတယ်။

စပြီး တက်တက်ကြွကြွတရားဟောတဲ့အထဲမှာတော့ RIT မှ မခင်ဥမ္မာဆိုတဲ့ ကျောင်းသူတယောက်အပါအဝင် ကို စည်သူ၊ ကိုသောင်းတန်တို့လည်း ပါဝင်ကြပါတယ်။ (ကိုစည်သူကိုတော့ ၁၉၈၉ မတ်လဆန်းလောက်က အိန္ဒိယ နယ်စပ် မှာ နောက်ဆုံးတွေ့လိုက်ရပြီး ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်လို့ ကြားသိရပါတယ်။) တဖြည်းဖြည်းနှင့် RIT ကျောင်းမျက်နှာစာ သုံးခုလုံးဟာ လာရောက်ပူးပေါင်းကြ၊ နားထောင်ကြသူတွေနဲ့ ပြည့်လျှံသွား ပါတော့တယ်။ ၁၀ နာရီခွဲလောက်မှာတော့ ရန်ကုန်တက္ကသိုလ်ဘက်မှာရော၊ ဆေးတက္ကသိုလ်(၂)ဘက်မှာရော မနေ့က နိုင်ငံရေးအဆိုကို တင်သွင်းခဲ့တဲ့ ကိုမိုးသီးဇွန်တို့လည်း RIT မှာ လာရောက်ပူးပေါင်းကြပါတယ်။

စာရေးသူက ရေး၊ စာကပ်တဲ့သူက ကပ်၊ တရားဟောတဲ့သူက ဟောနဲ့ အားလုံးဟာ လက်မလည်အောင်ဘဲ အလုပ် များနေကြပါတယ်။ BPI ဆေးဝါးလုပ်ငန်းမှ စက်ရုံအလုပ်သမားရော၊ အင်းစိန်မီးရထားစက်ခေါင်းရုံမှ အလုပ်သမားများပါ လာရောက်အားပေးနေတဲ့အတွက် သပိတ်ဟာ အတော်အင်အားကောင်းသွားပြီး အားတက်စရာလည်းကောင်းပါတယ်။ လူအုပ်ကလည်း များသထက်များလာ၊ တယောက်တလှည့် ဟောရပြောရတာလည်း မမောနိုင်အောင်ဘဲ ရှိပါတော့ တယ်။

နယ်ကနေပြီး ကျောင်းတက်လာတဲ့ ကျနော်တို့လို ကျောင်းသားတွေ မဆလ အစိုးရထိပ်ပိုင်း ဗဟိုကော်မီတီဝင်တွေ အတွက် သီးသန့်ထားရှိတဲ့ ပဒုမ္မာပြခန်းလိုဆိုင်တွေမှ ဘယ်လိုအခွင့်အရေးတွေ ခံစားရရှိနေတဲ့အကြောင်းတွေကို ရန်ကုန်မှကျောင်းသားတွေမှ ထုတ်ဖော်ပြောထားတွေကြားရတော့ မယုံနိုင်စရာ အံ့သြခဲ့ကြရတာကတော့ အမှန်ပါပဲ။ နားထောင်ကြတဲ့ ပြည်သူတွေထဲမှ အင်းစိန်မီးရထားစက်ခေါင်းရုံမှာ အလုပ်လုပ်တဲ့ ကိုမျိုးချစ်ဆိုတဲ့သူဟာ မဆလ အစိုးရကို အချက်ကျကျ ထိထိမိမိ ထောက်ပြနိုင်ခဲ့တဲ့သူတွေထဲမှာ တယောက်အပါအဝင်ပါပဲ။

နေ့လည်မှာ ပဲခူးကောလိပ်မှ ကျောင်းသားကိုယ်စားလှယ်တယောက် သပိတ်ကို ထောက်ခံတဲ့သဝဏ်လွှာနှင့်အတူ ရောက်ရှိလာသလို ပြည်၊ မကွေးကောလိပ်များမှလည်း သပိတ်ကိုထောက်ခံကြကြောင်း သဝဏ်လွှာများ ပေးပို့ကြ ပါတယ်။

နေ့လည်မှာတော့ RIT ခန်းမရှေ့ မှာ ကိုစည်သူ၊ မိုးသီးဇွန်အပါအဝင် ရန်ကုန်တက္ကသိုလ်မှာရော၊ RIT မှရော သပိတ်ကို ဦးဆောင်နေတဲ့ စုစုပေါင်းရှစ်ယောက်ဟာ အပြန်အလှန်မိတ်ဆက်ကြပြီး အစည်းအဝေးပြုလုပ်ကြပါတယ်။

အဓိကတော့ မနက်ဖြန်လည်း ကျောင်းသားသပိတ်ကို ဆက်လက်လုပ်ဆောင်ဖို့ရယ်၊ ပြည်သူတွေထံကို… သပိတ် မှောက်တာဟာ ကျောင်းသားအရေးအတွက်သာ တောင်းဆိုတိုက်ပွဲဝင်တော့မှာ မဟုတ်တဲ့အကြောင်းနဲ့ ပြည်သူတွေက လည်း ကျောင်းသားတွေနဲ့ပူးပေါင်းပြီး မဆလ အစိုးရကို ဆန့်ကျင်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ညနေ ၃ နာရီခွဲလောက်မှာတော့ဖြင့် မြေနီကုန်းမှာ ကလေးတွေကို လုံထိန်းက ကားနဲ့တိုက်သတ်ကြတဲ့အကြောင်း သတင်းရောက်ရှိလာပါတယ်။ သတင်းကို အတိအကျစုံစမ်းဖို့ ဒုတိယနှစ်မှာတက်နေတဲ့ မြောင်းမြမှ ဗိုလ်ဗိုလ်ကျော်ကို စေလွှတ်လိုက်ကြပါသေးတယ်။ နောက်ကျမှ မြေနီကုန်းအရေးအခင်းဟာ ပြင်းထန်ကြောင်း သိရပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာတော့ဖြင့် သပိတ်ကို နားဖို့တိုင်ပင်ကြပြီး ကျောင်းထဲမှာ ဆက်လက်နေရင် မလုံခြုံတဲ့အတွက် ပဉ္စမနှစ် လျှပ်စစ်မှ ကိုဖုန်းမြင့်(ယ္ခု Australia ရောက်)ရယ်၊ ကိုမိုးသီးဇွန်ရယ်၊ အခြားကျောင်းသားနှစ်ယောက်ရယ် ဘတ်စကား တွေလည်း လုံးဝမရှိတော့တာကြောင့် အရှေ့ကြို့ကုန်းကို ဖြတ်ပြီး နေထိုင်မယ့် တောင်ဥက္ကလာဘက်ကို ခြေလျင် ထွက်လာခဲ့ကြပါတော့တယ်။ တောင်ဥက္ကလာရောက်မှ လူစုခွဲလိုက်ကြပါတော့တယ်။

ကျနော်တို့ RIT ဝင်းထဲမှ ထွက်သွားပြီးနောက်ပိုင်းမှာ လှည်းတန်းမှာရဲက ပစ်လိုက်လို့ သေဆုံးသွားတဲ့ ကျောင်းသား တယောက်ရဲ့အလောင်း RIT ထဲ ရောက်ရှိလာပြီး သပိတ်ဟာ ဆက်လက်ဖြစ်ပေါ်ခဲ့တယ်လို့သိရှိရပါတယ်။ ဒါပေမယ့် စစ်တပ်က ဝင်စီးလိုက်ပြီး ဖမ်းမိတဲ့သူတွေကို လက်ပြန်ကြိုးတုပ် ကျောင်းရှေ့မျက်နှာစာ မြက်ခင်းမှာ မှောက်လျက် ထားခဲ့တယ်။ ထောက်လှမ်းရေးတွေကလည်း အဆောင်တွေထဲဝင် ဓါတ်ပုံရိုက်ပြီး အချို့ကို အင်းစိန်ထောင်သို့ ပို့ လိုက်ပါတယ်။ ဒီနေရာမှာပဲ ကိုမျိုးချစ်လည်း အဖမ်းခံလိုက်ရတယ်လို့ သိရတယ်။

ညမှာတော့ ရေဒီယိုမှ မာရှယ်လောအမိန့်ကို ကြေညာလိုက်ပြီး RIT ကိုတော့ တရားဝင်ပိတ်လိုက်တယ်လို့ မကြေ ညာတော့ဘဲ ညနေကတည်းက စစ်တပ် ဝင်ရောက်စီးနင်းနေရာယူပြီးနေပါပြီ။ တက္ကသိုလ်ကောလိပ်တွေ ပိတ်လိုက် ပေမယ့် အုပ်စုလိုက် ကျောင်းသားသပိတ်တိုက်ပွဲတွေဟာ ရှစ်လေးလုံးကာလအထိကို ဆက်လက်ပြီး ဖြစ်ပေါ် နေခဲ့ပါတယ်။

မတ်လတိုက်ပွဲများမှသည် ဂျွန်လတိုက်ပွဲများသို့၊ ဂျွန်လတိုက်ပွဲများမှသည် ယနေ့တိုင် တချို့လည်း ရှစ်လေးလုံး လူထု
တိုက်ပွဲတွေမှာ၊ လက်နက်ကိုင်တိုက်ပွဲတွေမှာ မွန်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီးပါပြီ။ တချို့ကတော့ အဖွဲ့အစည်း များမှာ နဝတ စစ်အစိုးရ အပြီးအပိုင်ချုပ်ငြိမ်းသည်အထိ နည်းလမ်းမျိုးစုံနဲ့  တိုက်ပွဲဝင်နေကြပါတယ်။ ။

၊သံဒုတ်၊
ပန်းစကားမဂ္ဂဇင်း အမှတ် ၁၆
၁၉၉၆ မှ

Read More...

15 June 2009

REVOLUTION (Maung Swan Yi)


The smooth, long bamboos
When split with the knife
Are all destroyed.
The rough, long split bamboos,
When whittled with the knife
And woven, a beautiful
basket is made.

The basket is of value more
Then the bamboo –
Regret not of the bamboo’s loss.

-Maung Swan Yi-
From collection of ‘Red and Blue’
Translated by Maung Tha Noe
29.11.1961

Read More...

12 June 2009

တော်လှန်ရေး (မောင်စွမ်းရည်)


ချောမွေ့ရှည်လျား၊ ဝါးလုံးများကို
ဓါးဖြင့်စိတ်ဖြာ၊ ခွဲလိုက်ရာတွင်
ဝါးမှာ ပျက်စီးခဲ့လေပြီ…။

ကြမ်းတမ်းရှည်လျား၊ ဝါးခြမ်းများကို
ဓါးဖြင့်ဖြတ်သတ်၊ ယက်ပါလတ်မူ
သပ်ရပ်လှစွာ၊ တောင်းဖြစ်လာလိမ့်
တောင်းမှာ ဝါးထက်၊ တန်ဖိုးတက်၏
ဝါးတွက် နှမျောမရှိနှင့်…။ ။

မောင်စွမ်းရည်
၂၉၊ ၁၁၊ ၆၁
'အနီနှင့်အပြာ'ကဗျာစာအုပ်မှ

Read More...

၈၈ ဇွန် ၂၁ မြေနီကုန်းအရေးအခင်း (ဝင်းတင့်ထွန်း)


မတ်လလှုပ်ရှားမှုရဲ့ အဆက် ဇွန်လလှုပ်ရှားမှုဟာ တစတစ ပိုပြီးအားကောင်းလာခဲ့ပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် သွေးမြေကျခဲ့ရတာကနေ၊ တနည်းအားဖြင့် ကျောင်းသားသွေး မြေကျခဲ့မှုကနေ စတင်ပေါ်ပေါက်လာခဲ့ရတဲ့ ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်တဲ့အတွက် ဦးဆောင်သူဟာ ကျောင်းသားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား တွေရဲ့ တောင်းဆိုချက်တွေကလည်း (၁) မတ်လ အရေးအခင်း၌ အကြမ်းဖက် ရိုက်နှက် သတ်ဖြတ် မုဒိမ်းကျင့်ခဲ့သူများအားလုံးကို ဖော်ထုတ်အရေးယူပေးရန်၊ (၂) သပိတ်တိုက်ပွဲများ၌ ငြိမ်းချမ်းစွာ ဆန္ဒပြကြသော ကျောင်းသားကျောင်းသူများကို အနှောင့်အယှက်မပြုရန်၊ (၃) အဖမ်းအဆီး ခံထားရတဲ့ ကျောင်းသားကျောင်းသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ (၄) ကျောင်းသား အရေးအခင်းနှင့် ပတ်သက်ပြီး မည်သူတဦးတယောက်ကိုမျှ ကျောင်းမထုတ်ရန်၊ (၅) ကျောင်းသား သမဂ္ဂများကို တရားဝင်ဖွဲ့စည်းခွင့်ပြုရန်၊ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝ ပြန်လည် ပေးအပ်ရန် ဆိုတာတွေပဲ ဖြစ်ပါတယ်။ ကျောင်းသားအရေးကို ဗဟိုပြုထားတဲ့ တရားမျှတ မှန်ကန်ရိုးရှင်းလွန်းလှတဲ့ တောင်းဆိုချက်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက စစ်အာဏာရှင် စနစ် ကျင့်သုံးနေသူများပီပီ ဘာတခုကိုမှ လိုက်လျောဖို့ ဆန္ဒမရှိခဲ့ကြပါ။ အကြမ်းဖက်ဖြိုခွဲပစ်ဖို့နဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ နှိမ်နင်းပစ်ဖို့ကိုပဲ ဦးတည်လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါကြောင့် ဇွန်လ ၂၁ ရက်နေ့မှာ ‘မြေနီကုန်းအရေးအခင်း’ ဆိုတာတခု ထပ်ပေါ်လာပါတယ်။ စီတန်းလမ်းလျှောက်လှည့်လည်လာတဲ့ ကျောင်းသားကျောင်းသူငယ်လေးတွေကို ဖြိုခွဲပစ်ရေးအကြံ နဲ့ လုံထိန်းရဲကားတွေက အတင်းဒရကြမ်း မောင်းနှင်ဝင်ရောက်လာပြီး တိုက်ခိုက် ဖြိုခွင်းတာကြောင့် မရှုရက်စရာမြင်ကွင်း အဖြစ်အပျက်ကြီး ဖြစ်ပေါ်ခဲ့ရပါတယ်။ အခုလို လုံထိန်းကားတွေက ကျောင်းသူ ကျောင်းသားငယ်လေးတွေအပေါ် ကားနဲ့ ဝင်ရောက် တိုက်သတ်တာကို မခံမရပ်နိုင်တဲ့ ပြည်သူ လူထုကြီးက အနီးအနားမှာ ရှိနေကြတဲ့ မြေနီကုန်း လူထုကြီိးက ကျောင်းသားထုနဲ့ပေါင်းပြီး လုံထိန်း ရဲတွေကို ပြန်လည်တိုက်ခိုက်ကြပါတယ်။ ရရာလက်နက်တွေစွဲကိုင်ပြီး နာနာကျည်းကျည်း ပြန်လည်တုန့်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ လုံထိန်းရဲ ၆ ယောက် သေဆုံးခဲ့ရတဲ့အထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရပါတယ်။ ရက်ရက်စက်စက် အနှိပ်ကွပ်ခံနေရတဲ့ ကျောင်းသားထုနဲ့ စစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် မုန်းတီး နာကျည်းနေတဲ့ ပြည်သူလူထုဟာ ဇွန်လ အရေးအခင်းတွေအတွင်းမှာ ပေါင်းစပ်မိသွားပြီ ဖြစ်ပါတယ်။ ကွေ့ချိုးကြီးတခုဆီ ဦးတည်မိကြပြီဖြစ်ပါတယ်။ ရန်ကုန် မန္တလေး တက္ကသိုလ်တွေ ပိတ်လိုက်ရပြီးနောက် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ တောမီးပမာ ပျံ့နှံ့သွားရပါ တော့တယ်။ ကြေညာချက်တွေ၊ ထုတ်ပြန်စာတမ်းတွေ၊ ဝေငှကြတာတွေ နေရာအနှံ့ ဖြစ်ပေါ်လာခဲ့ပြီး မန္တလေး၊ မြင်းခြံ၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ မိတ္ထိလာ အထကတွေမှာလည်း ပိုစတာတိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဇွန်လလှုပ်ရှားမှုတွေအတွင်း ကျောင်းသားတိုက်ပွဲတွေ ကြားကနေ ပေါ်ထွက်လာတဲ့ ကျောင်းသားခေါင်းဆောင်နှစ်ဦးရဲ့ နာမည်တွေကတော့ ‘မင်းကိုနိုင်’ ဆိုတာနဲ့ ‘မိုးသီးဇွန်’ ဆိုတာ ဖြစ်ပါတယ်။

ဇွန် ၂၃ ရက်မှာ ပဲခူးမှာလည်း လူထုအုံကြွမှုကြီးပေါ်ပေါက်လာပါတယ်။ စစ်အစိုးရက နေဝင် မီးငြိမ်း အမိန့်ထုတ်ပြန်ပြီး ဟန့်တားနှိပ်ကွပ်ခဲ့ပါတယ်။ ဒါပေမယ့် လူထုတိုက်ပွဲတွေက တောမီးပမာ ဖြစ်လာစပြုပြီးဖြစ်ပါတယ်။ ဇွန်လအဆက် ဇူလိုင်လတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ရန်ကုန်ကျောင်းသားထုက နေရာအနှံ့လှုပ်ရှားလာပြီး ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာလည်း တရားပွဲတွေ၊ ဟောပြောမှုတွေ၊ စာရွက်စာတမ်းဖြန့်ဝေမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာ ပါတယ်။ ‘ဗကသ’ အဆောက်အဦကြီးရဲ့ ဓါတ်ပုံနဲ့ ၇ ရက် ဇူလိုင်ကြီးရဲ့ အရိုးတွန်သံတွေကလည်း ကျယ်ကျယ်လောင်လောင် ပဲ့တင်ညံလာခဲ့ပါတယ်။ စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲတဲ့နည်း၊ ကျောင်းသားလှုပ်ရှားမှုကို သေးသိမ်အောင် ပုတ်ခတ်ပြောဆို အသရေဖျက်တဲ့ အောက်လမ်းနည်း၊ ဒလျှိုဒလံတွေလွှတ်ပြီး သပ်လျှိုဖြိုခွဲတဲ့နည်း၊ ညစ်နည်းပဒေသာ ကျင့်သုံးပြီး ဟန့်တားနှိပ်ကွပ်ခဲ့ ပါတယ်။ အဖမ်းအဆီးတွေ မရေမတွက်နိုင်အောင် ပိုမိုများပြားလာခဲ့ပါတယ်။ ဇူလိုင်လထဲမှာ တောင်ကြီးနဲ့ ပြည်မှာလည်း ဘာသာရေးအဓိကရုဏ်းတွေ ပေါ်ပေါက်ပါတယ်။ (စစ်အစိုးရက ဘာသာရေး အဓိကရုဏ်းတွေနဲ့ အာရုံပြောင်းကြည့်ဖို့ကြိုးစားတာလို့ ယူဆကြတာတွေရှိသလို ‘တောင်ကြီးပြိုလို့ ပြည်ပျက်ပြီးပြီ’ ဆိုတဲ့သဘောနဲ့ ဗေဒင်ကွက်နဲ့ ယတြာချေတာလို့လည်း ထင်ကြေးပေးကြတဲ့ အဓိကရုဏ်းကြီးတွေ ဖြစ်ပါတယ်။) ပေါ်ပေါက်လာသမျှသော အရေးအခင်း တွေဟာ ဘယ်လိုပုံသဏ္ဍာန်နဲ့ပဲ ပေါ်ပေါက်လာလာ၊ ဘာကြောင့်ပေါ်ပေါက်လာလာ၊ နောက်ဆုံး မှာတော့ မဆလ ဆန့်ကျင်ရေး စစ်အာဏာရှင် ဆန့်ကျင်ရေးဆီကိုသာ ရောက်ရှိသွားပါတယ်။ ကျောင်းသားများ က စတင်ပေါက်ကွဲဆင်နွှဲလိုက်တဲ့ တိုက်ပွဲကြီးဆိုတာ အားလုံးက အလေးထား အသိပြုကြ သလို၊ လူထုကြီးကပါ ပူးပေါင်းပါဝင် အားဖြည့်လာတဲ့အခါကျမှ ပိုမိုကျယ်ပြန့်ကြီးမား နက်ရှိုင်းလာခဲ့တယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ လူထုကြီးကပါ နေရာအနှံ့ ပါဝင်ပူးပေါင်း အားပေးထောက်ခံလာတာဟာလည်း ကျောင်းသားထုရဲ့ တရားမျှတတဲ့ လှုပ်ရှားမှုတွေကို ထောက်ခံအားပေး ကူညီဝန်းရံချင်လွန်းတဲ့ စိတ်ဆန္ဒကြောင့်ချည်း မကပါ။ အရင်းခံက လူထုကြီးကိုယ်တိုင် နှစ်ရှည်လများခံစားနေကြရတဲ့ စစ်အစိုးရရဲ့ ဖောက်ပြန်တဲ့ ပေါ်လစီအရပ်ရပ်အောက်ကနေ ဖြစ်ပေါ်လာရတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ကြပ်တည်းမှုတွေ ကြောင့်လည်း ဖြစ်ပါတယ်။ တတိုင်းပြည်လုံး လှုပ်လှုပ်ရှားရှား ဖြစ်လာရပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့မှာ တခုတည်းသော ဦးဆောင်ပါတီကြီး မဆလရဲ့ အရေးပေါ် ပါတီ ညီလာခံကြီး ခေါ်ဆိုကျင်းပပါတယ်။

ပါတီဥက္ကဌကြီး ဦးနေဝင်းက မလွှဲမရှောင်သာ နုတ်ထွက် အနားယူရေးကိစ္စကို ပြောဆိုလာရပါ တယ်။ သူတင်မက ဦးစန်းယု၊ ဦးအေးကို၊ ဦးကျော်ထင်တို့ပါ အနားယူကြမယ့်အကြောင်း ပြောဆို လာပါတယ်။ ပြောပုံ ဆိုပုံကတော့….

“မတ်လနဲ့ ဇွန်လများအတွင်းက စိတ်မချမ်းမြေ့စရာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် သွယ်ဝိုက် သောနည်းနဲ့ တာဝန်မကင်းသူဟု ယူဆတာကတကြောင်း၊ အသက်အရွယ်အားဖြင့် ထောက်လာတာက တကြောင်းတို့ကြောင့် ပါတီဥက္ကဋ္ဌနဲ့ ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့် ပေးကြပါလို့…”

ပြောဆိုပြီး နှုတ်ထွက်စာကို ကိုယ်တိုင်တောင် ဆက်ဖက်နိုင်စွမ်းမရှိတော့တဲ့အတွက် ဦးထွေးဟန် လက်ထဲစာကို ထိုးထည့်ပေးပါတယ်။ ဦးထွေးဟန်က ဦးနေဝင်းအစား ဖတ်ပြရပါတယ်။ အဲဒီ ညီလာခံမှာပဲ ဦးနေဝင်းဟာ (သမဂ္ဂကြီးရဲ့ အရိုးတွန်သံကို ကြားလာရပြီဖြစ်တဲ့ အတွက်) ၇ ရက် ဇူလိုင်ကိစ္စ၊ ကျောင်းသားသမဂ္ဂကြီးဖြိုချခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ်လွတ်ရုန်းဖို့ ကြိုးပမ်း ပြောဆိုတာတွေ လုပ်ပါတယ်။ အချုပ်ကတော့ ဦးအောင်ကြီးအပေါ် ပုံချနိုင်ဖို့ လုပ်ခဲ့ပါတယ်။ အဲဒီလို နုတ်ထွက်တော့မယ့်ကိစ္စ၊ ကိုယ်လွတ်ရုန်းတဲ့ကိစ္စတွေ ပြောဆိုပြီးတဲ့အခါမှတော့ သူရဲ့ ထုံးစံအတိုင်း စစ်အာဏာရှင်ပီပီ စစ်အာဏာရှင်စိတ်ဓာတ်ကို ဖော်ပြတဲ့ ပြည်သူလူထုတရပ်လုံးကို ခြိမ်းခြောက်ပြီး စစ်တပ်ကို မြှောက်ပင့် မီးစိမ်းပြပေးလိုက်တဲ့ အမိုက်အရိုင်းဆုံးစကားကြီးကို ပြောဆိုသွားပါတော့တယ်။ အဲ့ဒီစကားကတော့…

“နောင်ကို လူစုလုဝေးနဲ့ ဆူဆူပူပူလုပ်ခဲ့လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်ပြီး ဖောက်တာမပါဘူး။ အဲဒါ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ အဲဒီလို ဆူတဲ့လူတွေ မသက်သာဘူးမှတ်ပေတော့”…လို့ ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ခြိမ်းခြောက်ကြိမ်းမောင်း ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ တဖက်ကလည်း သူ ပြောဆိုကြိမ်းမောင်း သွားတဲ့အတိုင်း အကြမ်းနည်းနဲ့ ကိုင်တွယ် အကောင်အထည်ဖော်ဖို့အတွက် လူရွေးထားပြီးပြီ ဖြစ်ပါတယ်။ အဲဒါကတော့ ရက်စက်တဲ့နေရာမှာ နာမည်ကြီးတဲ့၊ (ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီးကို သတ်ရာမှာ၊ ၇ ရက်ဇူလိုင်ကို သွေးချောင်းစီးအောင် သတ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့) ‘သားသတ်သမား’ဘွဲ့ရ ဦးစိန်လွင်ကို သူ့ရဲ့ ဆက်ခံသူအဖြစ် ထိုးတင်ရွေးချယ် အပ်နှင်းလိုက်တာပဲဖြစ်ပါတယ်။

-ဝင်းတင့်ထွန်း-
‘အမှောင်ကြားက ဗမာပြည်’
(အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း -၁၉၄၈-၂၀၀၀)မှ ကောက်နုတ်ဖော်ပြပါသည်။

Read More...

11 June 2009

၁၉၇၄ ဇွန် ၆ အလုပ်သမားသပိတ်ကြီး (ဝင်းတင့်ထွန်း)


ဇွန်လ ၆ ရက်၊ မနက်မိုးလင်းတာနဲ့၊ စက်ရုံအလုပ်ရုံတွေ စတင်လည်ပတ်တာနဲ့တပြိုင်နက် “သပိတ် သပိတ် … မှောက် မှောက်”ဆိုတဲ့အသံတွေ တနေရာပြီးတနေရာ ရန်ကုန်တမြို့လုံးအနှံ့ ပေါ်ထွန်းလာပါတယ်။ အင်းစိန် မီးရထား စက်ခေါင်းရုံ၊ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံ၊ အုတ်ကျင်း ဂုန်နီစက်ရုံ၊ ဆင်မလိုက် သင်္ဘောကျင်းတို့ကနေ ရန်ကုန် မြို့ရဲ့ စက်ရုံအလုပ်ရုံတွေ ထူထပ်ရာ အင်းစိန်လမ်းမကြီးတလျှောက် အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်မြို့နယ် တွေတလျှောက်၊ စက်ရုံအလုပ်ရုံတွေရဲ့ သပိတ်ကြီးတွေ တလုံးပြီးတလုံး ပေါ်ပေါက်လာပါတယ်။

‘ဆန် လုံလောက်စွာရရှိရေး … ဒို့အရေး’
‘အလုပ်သမားကောင်စီ … ဖျက်သိမ်းပေး’ ဆိုတဲ့ ကြွေးကြော်သံတွေ ပဲ့တင်ထပ်ခဲ့ပါတယ်။ ဆန်မရှိလို့ ဆန် လုံလောက်စွာပေးဖို့ တောင်းဆိုကြသလို အလုပ်သမားတွေအကျိုးအတွက် ဘာတခုမှ ဆောင်ရွက်ပေးတာမဟုတ်ဘဲ အလုပ်သမားမင်းသားတွေက ဦးစီးပြီး အလုပ်သမားတွေအပေါ် မတော်မတရားပြုနေတဲ့ အလုပ်သမားကောင်စီတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုကြ၊ ဆန္ဒပြကြပါတယ်။

မဆလ အစိုးရက အလုပ်သမားသပိတ်ကြီးကို ဖြိုခွဲဖို့ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်း ကောင်စီဥက္ကဋ္ဌ သိန်းအောင် လက်မှတ်နဲ့ရော၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီးခင်အုန်း လက်မှတ်နဲ့ပါ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ပြီး ငြိမ်ဝပ်ပိပြားရေး အရေးယူဆောင်ရွက်ချက်တွေကို ဆက်တိုက် လုပ်ကိုင်ပါတယ်။

ဝန်ကြီးချုပ် ဦးစိန်ဝင်းက ဆန်တွေ အလုံအလောက်ရှိပါတယ်လို့ ရေဒီယိုကနေ မိန့်ခွန်းခြွေပါတယ်။ အရေးကြီး စက်ရုံတွေရှေ့မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ခင်အုန်းအမိန့်နဲ့ စစ်တပ်က နေရာယူပါတယ်။ အင်းစိန်လမ်းမကြီး ပေါ်မှာရှိတဲ့ စက်မှုတက္ကသိုလ်၊ တိမွေးကု တက္ကသိုလ်နဲ့ သမိုင်းကောလိပ် ကျောင်းဆောင်တွေကြားမှာ တည်ရှိနေတဲ့ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံများရှေ့မှာ စစ်ကာေးတွ၊ စစ်သားတွေ တန်းစီနေရာယူထားပြီး သပိတ်ကြီးကို ဖြိုခွဲဖို့ပြင်ပါတယ်။ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံက သပိတ်မှောက် အလုပ်သမားခေါင်းဆောင်များရဲ့ ဘာ့ကြောင့် သပိတ်မှောက်ရတယ်ဆိုတာကို ရှင်းလင်းဟောပြောနေသံကို နားဆင်ရင်း သပိတ်ကြီးကို ထောက်ခံအားပေး ဝန်းရံနေ ကြတဲ့ လူထုကြီးနဲ့ သပိတ်ကို ဖြိုခွဲဖို့ ချထားတဲ့ စစ်တပ်အကြား ထိပ်တိုက်ကြီးလိုဖြစ်နေချိန်မှာ အနီးရှိ လှိုင်ရဲစခန်း ထဲကနေ အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းတွေ ထွက်လာပြီး လူအုပ်ကြီးကို နံပါတ်တုတ်တွေနဲ့ရိုက်နှက်ပြီး လူစုခွဲပါ တယ်။ ရုန်းရင်းဆန်ခတ် ဖြစ်သွားရချိန်မှာ စစ်တပ်က ပထမ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဆက်တိုက်မှာပဲ သေနတ်နဲ့ စတင်ပစ်ခတ်ပါတယ်။ ပထမ လမ်းမတလျှောက် ပစ်ခတ်နေရာကနေ လမ်းဘေးဝဲယာတွေကိုပါ အနှံ့ပစ်တဲ့ အတွက် ဇွန်လ ၆ ရက် နေ့လည်မှာပဲ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံရှေ့ သွေးမြေကျရမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်က သပိတ်မှောက်နေကြတဲ့ စက်ရုံတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ကိုင်ခဲ့ပါတယ်။

အလုပ်သမားတွေ သွေးမြေကျရမှုကြီး ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့ရပြီး ၆ ရက်၊ ၇ ရက်တွေမှာပဲ ဆင်မလိုက် သင်္ဘောကျင်း၊ အုတ်ကျင်း ဂုန်နီစက်ရုံ၊ အင်းစိန် မီးရထားစက်ခေါင်းရုံတို့ကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့တဲ့အတွက် သွေးမြေကျရမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အထူးသဖြင့် ဆင်မလိုက် သင်္ဘောကျင်းမှာ အသေ အပျောက် များခဲ့တယ်လို့သိရပါတယ်။

ဇွန် ၆ အလုပ်သမားသပိတ်ကြီးဟာ မဆလ စစ်အစိုးရရဲ့ တပါတီအာဏာရှင်စနစ်ကို အလုပ်သမားထုက ဆန့်ကျင် အန်တုလိုက်တဲ့ ပထမဆုံး ဆန္ဒပြပွဲဖြစ်သလို၊ ဆန်တောင်းတဲ့ အလုပ်သမားတွေကို ကျည်ဆံပဲ ပေးလိုက်တဲ့ စစ် အာဏာရှင်ဇာတိရုပ်ကို အစွယ်ထုတ်ပြီး ပြသလိုက်တဲ့ နှိပ်ကွပ်သတ်ဖြတ်ပွဲကြီးလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခြင်းခံထားရတဲ့ အလုပ်သမားသပိတ်မှာ ပါဝင်ခေါင်းဆောင်ခဲ့သူတွေကို စစ်အစိုးရက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။

စစ်အစိုးရဟာ စစ်တပ်အားကိုး၊ စစ်မာန်တက်နေသူပီပီ သောင်းကျန်းသူနှိပ်နင်းရေးနဲ့ ဗကပ ရိုးမဗဟို ပြိုပျက်ရေး၊ ရိုးမတကျော မဒညတ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ ချုပ်ငြိမ်းရေးအတွက် တဆင့်တိုး ဆောင်ရွက် ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မြို့ပေါ် လူထုတိုက်ပွဲတွေ ပေါင်းစပ်မသွားမိစေရေးအတွက် စစ်အင်အားကို တိုးပြီးအသုံးပြုပါတယ်။

၁၉၇၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ဖြတ်လေးဖြတ် ဆိုတာကို တရားဝင်ကြွေးကြော်ပြီး ချမှတ်အကောင်အထည်ဖော် ပါတယ်။ အရင်ကလည်း ဖြတ်လေးဖြတ်ဗျူဟာကို ချမှတ်ကျင့်သုံးခဲ့ပေမယ့် ဇွန်လ ၁၈ ရက်ကစပြီး တိတိလင်းလင်း ကြွေးကြော်ကာ အကျယ်ပြန့်ဆုံး စတင်အကောင်အထည်ဖော်တဲ့သဘော ဖြစ်ပါတယ်။ ဖြတ်လေးဖြတ် ဆိုတာကတော့ (က) သောင်းကျန်းသူကို ရိက္ခာဖြတ်၊ (ခ) သောင်းကျန်းသူကို ဆက်ကြေးဖြတ်၊ (ဂ) ပြည်သူလူထုတရပ်လုံးက သောင်း ကျန်းသူကို အဆက်ဖြတ်၊ (ဃ) ပြည်သူလူထုကိုယ်တိုင်က သောင်းကျန်းသေူတွကို ခုခံချေမှုန်းသတ်ဖြတ်ဆိုတဲ့စနစ် ဖြစ်ပါတယ်။

တောင်ပေါ်ရွာတွေကို နေရာရွှေ့ပြောင်းချထားတာ၊ တချို့ရွာတွေကို ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်စစ်တပ် လုပ်သလို စုစည်းရွာတွေအဖြစ် အတင်းအကြပ်ဖန်တီးတာ၊ ဆန်တောင် အိမ်မှာ အပိုအလျှံမထားရအောင် အတင်းအကြပ် အပ်နှံ ခိုင်းတာ၊ တောထဲသွားရင် ထမင်းထုပ်တောင် ယူဆောင်သွားလာခွင့်မပြုတာ၊ တိုက်ပွဲတွေအတွင်း လူထုပါ မပါပါအောင် ထည့်သွင်းစီမံပြီး အသုံးချ စေခိုင်းတာတွေ ရက်ရက်စက်စက်လုပ်ခဲ့ပါတယ်။ ဒါကို ပြည်သူ့စစ် နည်းဗျူဟာလို့ ကင်ပွန်းတပ်မင်္ဂလာယူပါတယ်။

ပဲခူးရိုးမအတွင်း အဲဒီလို ပြင်းပြင်းထန်ထန် စစ်ရေးအရ နှိပ်ကွပ်မှုတွေ လုပ်နေတုန်းမှာ မြို့ပေါ်တွေမှာလည်း အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ထပ်ပြီးပေါ်မလာရအောင် ထောက်လှမ်းရေးတွေကို တိုးပြီး စီမံနေရာချထား လှုပ်ရှားစေ ခဲ့ပါတယ်။ ဦးနေဝင်းဟာ ထောက်လှမ်းရေးအဖွဲ့ကို အားထားသူပီပီ ထောက်လှမ်းရေးအဖွဲ့ကို စိတ်ကြိုက်ကိုင်တွယ် ဖွဲ့စည်းထားပါတယ်။ ဦးနေဝင်းဟာ သူ့ရဲ့ အာဏာတည်မြဲရေးအတွက် သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေ၊ လူထုလှုပ်ရှားမှု တွေကို ဖြိုခွင်းနိုင်ဖို့အတွက်ပါ ထောက်လှမ်းရေးကို အထူးဦးစားပေး မွေးမြူကိုင်တွယ်ထားပါတယ်။ ထောက်လှမ်းရေး အဖွဲ့ကြီးကလည်း ဦးနေဝင်းစိတ်ကြိုက် ဦးနေဝင်းရဲ့ အတွင်းအပြင် နိုင်ငံရေး၇န်သူမှန်သမျှကို ရက်ရက်စက်စက် နှိပ်ကွပ် ပြခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ဟာ တနေ့တခြား တန်ခိုးထွားလာပါတယ်။ ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်လာသူကတော့ ဗိုလ်မှူးချုပ်တင်ဦး ဖြစ်ပါတယ်။ စစ်တပ်အတွင်းမှာ တခြားတင်ဦးတွေလည်း ရှိတဲ့အတွက် ထောက်လှမ်းရေးတင်ဦးကို လန်ဘားတင်ဦး၊ မျက်မှန်တင်ဦးလို့လည်း ခေါ်ကြပါတယ်။ ၆၂ ခုနှစ်၊ စစ်တပ်အာဏာ သိမ်းစက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ညာလက်ရုံး ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီးမောင်လွင် (ခေါ်) နှုတ်ခမ်းမွှေမောင်လွင် နာမည်ကြီးခဲ့သလို ဗိုလ်မှူးချုပ်တင်ဦး (ခေါ်) မျက်မှန်တင်ဦးဟာလည်း နာမည်ကျော်ခဲ့ပါတယ်။ (နှုတ်ခမ်းမွှေးမောင်လွင်ရော၊ မျက်မှန်တင်ဦးပါ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အထူးရွေးချယ်မှုနဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ဆိုက်ပန်ကျွန်းမှာ အမေရိကန် စီအိုင်အေ(CIA)က ပေးခဲ့တဲ့ ထောက်လှမ်းရေးသင်တန်းကို တက်ရောက်ခဲ့ကြဖူးသူ တွေဖြစ်ပါတယ်။) ဗိုလ်မှူးချုပ်တင်ဦး (ခေါ်) မျက်မှန်တင်ဦးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို မပေါ်ပေါက်ရအောင် ထောက်လှမ်းရေးနည်းနာမျိုးစုံကို အသုံးပြုတတ်သူဖြစ်ပါတယ်။

ဒီကြားထဲကပဲ မဆလ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ထပ်မံပေါ်ထွက်လာတာကတော့ ဦးသန့်ဈာပန အရေးအခင်း ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်၊ ဒီဇင်္ဘာလမှ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဇွန် ၆ အလုပ်သမားသပိတ်ကြီး ပေါ်ထွက်အပြီး ၆ လအတွင်းမှာ ဆက်တိုက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

၊ဝင်းတင့်ထွန်း၊
‘အမှောင်ကြားက ဗမာပြည်’
(အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း-၁၉၄၈-၂၀၀၀)စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

Read More...