21 February 2009

ယူကလစ်များ (နေမင်းနီ)

လေညှင်းလာရင်
'မြေသင်း'ပါတယ်…
ကဗျာတွေ ရှူရှိုက်
မိုးပေါက်လေး လိုက်အလာ
သိပ်မကြာလိုက်ပါဘူး…
ဝူးဝူးဝေါဝေါနဲ့ 
အရူးစကားပြောသလို
ဟိုကဝိုက် ဒီကတိုက်နဲ့ 
ဗြုန်းစားကြီးဆိုက်လာတာ
မုန်တိုင်းကြီးပါလား…။

ဖြိုးဖြိုးဖြောင်းဖြောင်း
ဝိုးဝိုးဝေါင်းဝေါင်းနဲ့ 
ဗြောင်းဆန်အောင် မွှေနှောက်ပစ်
ကုတ်ခြစ်ဆွဲရမ်း
ဖျန်းကနဲ ရွှဲ
ဗြန်းကနဲ ကွဲ
ဂျွမ်းကနဲ လဲ
တဟဲဟဲ မာန်တိုက်
ကိုက်ဖဲ့ဆုတ်ဖြဲပြီး
လက်သည်းချွန်တဝင်းဝင်းက
ဒင်းကနဲ ထိုးစိုက်လိုက်တယ်…။

မုန်တိုင်းအစွမ်းပြအပြီး
ကျနော် လမ်းမကြီးဆီ ထွက်ခဲ့တယ်…
တဖက်တချက်မှာ
ဗျာ… လဲနေလိုက်ကြတာ
ဧရာမ ယူကလစ်ပင်ကြီးတွေပါလား…။

လူနေအရပ်မှာ
အပူစပ်စပ်
မီးဟပ်အောင် အားပေး
မီးမွှေးတဲ့အပင်မျိုး…။

ရှိသမျှမြေဆီ
သူ့ ဆီမှာရောက်
ရေသောက်လည်းကျူး
ဘီလူးလို သစ်ပင်…။

အပေါ်သာ ထောင်တက်
ကိုင်းခက်က မဖြာ
ဘာအရိပ်မှမထွက်
အလကားသက်သက်အပင်…။

သူ့ အနားမှာ
ဘာပင်မှမရှင်
သစ်ပင်ချင်း ခေါင်းပုံဖြတ်သမို့ 
မကပ်ရဲကြပါဘူး…။

ဒီယူကလစ်ပင်တွေလေ
မုန်တိုင်းဝင်မွှေတော့
ညွှတ်ကော့လို့ ဘယ်ညာယိမ်း
မထိမ်းနိုင်တဲ့ အတိမ်းအစောင်းမှာ
ဂျိန်း… ဂျောင်းဆို… ကျိုးကျ
တချို့ အမြစ်က ကျွတ်ထွက်
တချို့ ထက်ပိုင်းပြတ်
ကိုင်းဆတ်တဲ့ အမျိုးပေကိုး…။

လမ်းပေါ်ကအဖြစ်
ယူကလစ်ဆိုတာ
မူစနစ်ရဲ့သရုပ်
ဂုတ်သွေးစုပ်သူတို့ 
ယူကလစ်ရဲ့လမ်းအတိုင်း
မုန်တိုင်း တခါကြမ်းရင်
မြေပြင်မှာ လဲကျလို့ 
ထင်းစတွေ ဖြစ်သွားမယ်…။

အဲဒီအခါကျမှ
ကောင်းကင်က ကြည်လင်
မြေပြင်က သန့် ရှင်း
လေညှင်းက မွှေးညက်
ယူကလစ်အကိုင်းအခက်တွေနဲ့ 
ထမင်းချက်ဖို့ မီးမွှေးရဦးမယ်…။

ကျနော်
မုန်တိုင်းကို ကြိုဆိုနေပါတယ်…။ ။


-နေမင်းနီ-
(၁၀၊ ၆၊ ၂၀၀၀)

Read More...

ကဗျာဆရာ၏ သေတမ်းစာ (နေမင်းနီ)

ငါ့မသာ
ဖျာနဲ့အုပ်
တုတ်လျှိုထမ်း
ကမ်းမှာမျှော ငါးပေါရာ...။

ငါ့အလောင်း
ခေါင်းမဖွဲ့
ဖဲ့ရွဲ့မြှုပ်
ပုပ်ဆွေးကာ မြေသြဇာ...။

ဈာပန
ပြာချ
မလာကြနဲ့
ငါက ဘာကောင်ဟုတ်တော့တုန်း...။ ။

-နေမင်းနီ-
၂၇၊ ၅၊ ၂၀၀၆
(ရေးဖော် ကဗျာဆရာ ခက်ကျော် ကွယ်လွန်ခြင်းအမှတ်တရ)

Read More...

အနုပညာ (နေမင်းနီ)


ရသတစက်
ရင်မှာသက်သော်
အိပ်မက်အိုးများ ပြည့်သတည်း....။ ။

-နေမင်းနီ-
၂၀၊ ၈၊ ၂၀၀၀
နံက် ၀၂း၄၀ နာရီ

Read More...

20 February 2009

သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ



သူငယ်ချင်းရာ

သစ္စာပန်းပု၊ သွေးနဲ့ထုပြီး

ငါအခု စာရေးလိုက်တယ်...။


မင်းရဲ့ငယ်ပေါင်း၊ သံစဉ်ပြောင်းပြီး

ကျောင်းတော်ကိုခွါ

ကာရန်မဲညစ်

တော်လှန်ပစ်ဖို့ ကြိုးစားနေတယ်...။

ဒီအချိန်မယ်

လွယ်အိတ်ကလေး၊ စင်္ကြန်ဘေးမှာ

ချေးညှော်ကပ်လျက်၊ ထားရက်သူကို

စောင့်ကြိုနေတာ မြင်မိမယ်...။

ထိုင်ခုံအိုရွဲ့၊ ပိုးမျှင်ဖွဲ့လို့

တိုးသဲ့ရှိုက်သံ

ရံဖန်ရံခါ ကြားမိမယ်...။

ဒို့ကိုချစ်လှ၊ ဆရာမလည်း

တမ်းတပူဆွေး

ဟိုအဝေးက ကျောင်းပြေးလေးကိုလေ...။

ကျောင်းရှေ့ကလမ်း၊ တမာတန်းမှာ

ခြေရာတခု၊ သမိုင်းပြုဖို့

သွန်းထုပုံဖော်နေရော့မယ်...။

ဟိုတခါက

ငါတို့အတွက်၊ ရည်မှန်းချက်လေ

'ဆေးတက္ကသိုလ်'တဲ့

ခုလိုချိန်မှ၊ တက်ခဲ့ရပြီ

'ဘဝတက္ကသိုလ်'၊ ငါ့ကုသိုလ်ပေါ့

ဟို့ဟိုအဝေးကို ရောက်ခဲ့ပြီ...။

ဝေးခဲ့ရပြီ၊ ကျောင်းတော်ဆီကို

တချီအိပ်မက်၊ တချက်တွေးပြင်

လွမ်းမိရင်လည်း

မြင်ဆဲဖန့်ဖန့်၊ ဆွတ်ပျံ့ပျံ့လေ

မိုးနံ့နှင်းနံ့ ကြူနေဆဲ...။

ကျောင်းဝတ်ဖြူစိမ်း၊ ဒီဇာတ်သိမ်းပြီး

ဖယ်တိမ်းခွဲခွါ၊ ထားခဲ့တာလည်း

ပညာမုန်း၍ မဟုတ်ပါ...

ခေါင်းလောင်းချိုမြ၊ အချက်ပြသော်

ခန်းဝမ၀င်

ဟိုးအပြင်မှာ၊ ရောက်နေတာလည်း

ပညာမုန်း၍ မဟုတ်ပါ...

ငါ့နာမည်အုပ်၊ မင်နီသုတ်ပြီး

ကျောင်းထုတ်ခံရ၊ ဒီကိစ္စလည်း

ငါ့စာညံ့၍ မဟုတ်ပါ...။

ပညာရှာရင်း၊ ပြည်သူတွင်းကို

သက်ဆင်းမိတော့

ငါ့သိဉာဏ်စဉ်၊ ငါ့သဲပြင်မှာ

စွဲထင်နှိပ်ကပ်

'ငါ့ရပ်တည်ချက် ပြည်သူ့တွက်'လို့

တသက်ဘဝ၊ ပုံခဲ့ရပြီ

ခဏလွမ်းစိတ် ကျောင်းရိပ်ဆီ...။

စစ်အတွင်းမှာ

လူဖြစ်လာရ၊ ဒို့ဘဝလည်း

ငယ်ကသင်တွေး၊ ကျေးညီနောင်လို

ဟိုဒီကွဲကွာ၊ ယုံကြည်ရာလည်း

တွယ်ရာကိုင်းပေါ် တည်ကြတယ်...။

နေလို ထွန်းပပြီး

လလို ရွှန်းမြခဲ့တဲ့ တက္ကသိုလ်...

ခုတော့

နေလို လလို

ဝေးခဲ့ရပြီပေါ့ တက္ကသိုလ်...။

သူငယ်ချင်း

မင်းလက်သီးဆုပ်နဲ့

မျက်ရည်သုတ်လိုက်ပါကွာ...။ ။

-နေမင်းနီ-

၁၉၉၁ (အိုက်ဇော၊ မီဇိုရမ်)

Read More...

19 February 2009

၂၁ ဖဲဝိုင်း (နေမင်းနီ)

၂၁ ဖဲဝိုင်း



'တွမ်တိဝမ်း'ဆိုတာ
တကယ့် ရင်ခုန်စရာဝိုင်း...။

တထိုင်ထဲနဲ့
အပိုင်ဆွဲသွားနိုင်သလို
တညထဲနဲ့
ဘဝကွဲသွားနိုင်တယ်လေ...။

ဝေပါနှစ်ချပ်နဲ့
အသေအချာပြတ်နိုင်သလို
တပိုထပ်ဆွဲလို့
ကြေကွဲရတာတွေလည်းရှိတယ်...။

တချို့ဆို
တပိုထပ်ဆွဲလို့
ဆယ်ဖဲတက်လာတာတောင်
ထက်မ ထောင်ကောင်းတုန်း
ရင်ထဲမှာတော့ တဒုန်းဒုန်းပေါ့...။

တချို့ကျ
ခဏခဏဆွဲ
လက်ထဲမှာ အသေးတွေစု
ငါးခုမြောက် ရိုက်ချက်မှာ
ဖိုက်ကဒ် အောင်သွားတတ်တယ်လေ...။

ကျုပ်လက်ထဲမှာတော့
ဝေပါလေး နှစ်ချပ်
ထပ်ဆွဲရမှာလို မဆွဲရမှာလိုနဲ့
ဆယ့်ခုနှစ်ပွင့်...ဗျ
လက်က တပြင်ပြင်
ရင်က တဒုတ်ဒုတ်
ရှုတ်ပါတယ် ကဲ
မဆွဲရဲရင်လည်း
ပွဲထဲကို မ၀င်ကြေး
၎...၃...၂..၁...
ဖြစ်ချင်ရာ ဖြစ်စမ်းဟယ် ကဲ
ဆယ်ဖဲတော့ မတက်နဲ့...။ ။

-နေမင်းနီ-
(၁၁၊ ၈၊ ၁၉၉၁)နံက် ၀၉း၄၀
၁၇ နှစ်မြောက် မွေးနေ့

Read More...

ကိုင်တွယ်ခြင်း (နေမင်းနီ)

ကံရဇာငယ်
စေတီတည်သလို
ပြီးစလွယ် ဖြေရှင်း
ကြည်ညိုခြင်းတော့ မရနိုင်...။

မော်စီတုန်းကြီး
ပဲသီးခူးသလို
တပင်ပြီးမှ တပင်ကူး
ဗူးတောင်းကြီး ပြည့်သွားတယ်...။ ။

-နေမင်းနီ-

Read More...

ရဲဘော် (သို့) ရေးဖော်သို့ (နေမင်းနီ)

ညဥ့်နက်လေလေ
မနက်ရောက်ဖို့ နီးလေလေပဲ
မဲပစေ
နက်ပစေ
မှောင်ပစေ
ကဗျာဆရာတွေ အိပ်မနေနဲ့...။ ။

-နေမင်းနီ-

Read More...

အရုဏ် (၂) (နေမင်းနီ)

ညလွန်ဖန်ပြာ
ကောင်းကင်မှာလျှင်
ထံတျာငှက်ကြိုး နှိုးပြီကို...။

ကောင်းကင်နှမ
ဆံမြိတ်ချလို့
လမင်းစံပယ်
တပွင့်ငယ်လျှင်
ဆံနွယ်အစွန်း ယွန်းပြီကို...။ ။

-နေမင်းနီ-

Read More...

အရုဏ် (၁) (နေမင်းနီ)

ကောင်းကင်မဲမဲ
ထိုးခွဲ
ဆုတ်ဖြဲ
နီနီရဲရဲ...။

အလင်းရည်ပက်
ကျေးငှက်
သင်းခက်
ဥဒေတယံကျက်...။ ။

('ရှစ်လေးလုံးဘွဲ့'ရေးတဲ့ ကိုငြိမ်းဝေသို့)
-နေမင်းနီ-

Read More...

ရာစုသစ် ဆုတောင်း (နေမင်းနီ)

သစ်ရွက်တရာ
မြေသြဇာလေ
တရာမိုးသက်
ရွက်သစ်ထွက်ပြီး
နှင်းစက်တရာ အေးပါစေ...။ ။

-နေမင်းနီ-

Read More...

18 February 2009

အိမ်ရှင် (နေမင်းနီ)

ငါ့နောက်မှာ မင်း
သင်းနေတဲ့ စံပယ်
သွယ်သွယ်လေး ပန်ထားတယ်...။

ငါ့ရှေ့မှာ လှိုင်း
အရိုင်းပြင် အနာဂတ်
တထပ်ကြီးရှိတယ်...။

ငါ့ရင်မှာ ကဗျာ
ဝေဒနာအစုံထည့်လို့
ဧည့်ခံနေတယ်...။ ။

-နေမင်းနီ-

Read More...

မှန် (နေမင်းနီ)

ဖောက်လှန်ကြည့်လို့မရလည်း
နောက်ပြန်ကြည့်ဖို့ပ...။ ။

-နေမင်းနီ-
(၂၀၀၀)

Read More...

အဝင်ခက် အထွက်ခက် ရာစု (နေမင်းနီ)

နှစ်ဆယ်ရာစုရဲ့
တခုတည်းသော လက်ကျန်
သက္ကရာဇ် နှစ်ထောင်…။

နောက်ဆုံးမိုးသက်
နောက်ဆုံး သစ်ရွက်
နောက်ဆုံး နှင်းစက်
အရာရာကို နှုတ်ဆက်ဖို့ 
လက်ပြချိန်လေးပဲ ကျန်တော့တယ်…။

ဒီရာစုရဲ့ 
အနုဆုံးသက်တမ်းမှာ
ကမ္ဘာစစ်ကြီးတွေ ဖြစ်ခဲ့တယ်…။

စစ်ပူ စစ်အေး
စစ်အတွေးတွေနဲ့ 
စစ်ရေးနဲ့ ဆုံးဖြတ်
စစ်ပြေးတွေကလည်း အုံးအုံးကြွက်ကြွက်…။

"ယမ်းခိုးနဲ့တိမ်၊ ရောယှက်လိမ်၍
တိမ်နဲ့ယမ်းခိုး၊ တောင်ကိုမိုးသော်…"
ဆရာမင်းသုဝဏ်ခင်ဗျား
လေးစားစွာ ပြင်ဆင်လိုက်ရပါတယ်…။

စစ်မှန်သမျှ ဆန့်ကျင်ပြီး
စစ်မှန်သမျှ ဂလန့်မြင်နေခြင်းမဟုတ်ပါ…
စစ်မှန်သမျှ သိမ်းကြုံးပြီး
နလဗိန်းတုံး ဆန့်ကျင်နေခြင်းမဟုတ်ပါ…
ကတုတ်ခံတပ် ကျနော်ရပ်တာဟာ
စစ်အာဏာဖီဆန်လို့ 
ဒီမိုကရေစီရည်သန်တဲ့
တော်လှန်စစ်ဖက်ကပါ…။

စစ်တို့ရဲ့အဓိက
ပဋိပက္ခပါ…
ဒါတွေကို မရှင်းနိုင်ရင်
စိတ်ကူးယဉ်ငြိမ်းချမ်းရေး
တွေးကြည့်ဖို့တောင် မရေရာပါဘူး…။

ကိုလိုနီဝါဒနဲ့ 
စခဲ့ရတဲ့ရာစု
သူ့ပဋိသန္ဓေဟာ
အဇာတသတ်မှန်း
တန်းတန်းကြီး သိလျက်သားနဲ့ 
သတိပျက်ပြားပြီး
ညှစ်အားတွေပေးလို့ 
တော်လှန်ရေးကို မွေးခဲ့တယ်…။

နယ်ချဲ့ ဘီလူး
အစွယ်ပြူးမှန်သမျှ
သံဝရနည်းနဲ့ 
ခံချပြီးသကာလ
ဘီလူးက ရုပ်ဖျက်
မင်းသားမျက်နှာဖုံးစွပ်နဲ့ 
လွတ်လပ်စွာ သောင်းကျန်းတော့တယ်…။

သြော်…
လွယ်တဲ့သညာပြုရရင်
နယ်ချဲ့ ရာစုပေါ့…
အလျော်အကန်သညာပြုရရင်
တော်လှန်ရာစုပေါ့…။

ကဲ…
ရာစုအသစ်ကို
တခါထုဆစ်ဖို့ 
ဘာစုလစ်တွေ မွှန်းမလဲ…။ ။

-နေမင်းနီ-

(၂၀၀၀)

Read More...

ဆေး (နေမင်းနီ)

ကမ္ဘာလောကကြီးဟာ
သူ့တာဝန်တွေကို ထမ်းဆောင်ဖို့ 
ငါတို့ကို ရွေးချယ်လိုက်တယ်…။

တာဝန်တွေကတော့ကွာ
တခြားမဟုတ်ပါဘူး
ကမ္ဘာကြီးကို ပြောင်းပစ်ဖို့ပါ…။

အစပထမတော့
ရုပ်ဓမ္မကျကျ
သူက ပြဋ္ဌာန်းခဲ့တယ်…
ဇာတ်လမ်းတွေ ရှုတ်ထွေး
သူ့တံတွေး သူမမျိုနိုင်ဘဲ
အစိုင်အခဲကြီး တစ်
သူ့မှာ အဖြစ်မရှိတော့ဘူးတဲ့…။

သူကသွန်းထု
သူပြုသမျှ နုခဲ့ရတဲ့
မနုဿလူ့ဇော
ဇာတ်ကြောကို သယ်လာပြီ…။

ထွင်လိုက်ထုတ်လိုက်
ထင်လိုက်လုပ်လိုက်နဲ့ 
ဘုတ်သိုက်ကြီးဖြစ်နေတဲ့
လူတွေရဲ့ လောဘ
အတောသတ်လို့ ရပါ့မလား…။

ပြောင်းဖို့ရာ လိုအပ်ရင်
သူ့အပ်နဲ့ သူ့အစုတ်
ဆက်စပ်လို့ ချိုးဖြုတ်ရလိမ့်မယ်…။

ရေကြောင့် ရွှံ့ ဖြစ်
ရွှံ့ ညစ်ရင် ရေနဲ့ဆေး
ကလေးတောင် သိတယ်…။ ။

-နေမင်းနီ-

Read More...

ပီသုံးလုံး (နေမင်းနီ)

ပီးပဲလ်
ပါတီ
ပိုယဲ့ထြီ
ပီသုံးလုံးအတွက် အသက်ရှင်…။

အလုပ်သမား၊ လယ်သမား
လူလတ်တန်းစား
အဖိနှိပ်ခံများဆိုတဲ့
ကြီးမားတဲ့ ထုကြီးတခု
ပီးပဲလ်ဆိုတဲ့ ပြည်သူလူထုကြီးပေါ့…။

ရန်ငါပြတ်ပြတ်
စည်းသတ်မှတ်ပြီး
အပြီးသတ်တိုက်ပွဲအတွက်
ပိုင်းဖြတ်မှုလည်းရှိ
မိမိကိုယ်ကိုလည်း ဝေဖန်
အခြေခံမူ ပြန်မပြင်
စံတင်လောက်တဲ့ပါတီ
သမာသမဂ္ဂ၀ါဒီမို့ 
ငါ ကြည်ညိုစိတ်ညွှတ်တယ်…။

ကကြီး ခကွေး
စာလုံးလေးတွေနဲ့ 
နှလုံးသွေးကို ဖော်ထုတ်
ခဏတဖြုတ် အလှကနုတ်ထက်
ဓမ္မအဟုတ် ဘဝသရုပ်ကို
ဆုပ်ဆုပ်ပိုင်ပိုင် တင်ပြ
ရှရှမြမြ ဝေဖန်
မြေဆံဆံ ရေဆန်လမ်းက
ထောင်ကျွမ်းတဲ့
ကလောင်စွမ်းတွေကိုလေ…။

ပီးပဲလ်
ပါတီ
ပိုယဲ့ထြီ
ပီသုံးလုံးအတွက် အသက်ရှင်…။ ။


-နေမင်းနီ-
၂၅၊ ၄၊ ၂၀၀၇

Read More...

မီးလျံရဲရဲ မီးခဲနီနီ (နေမင်းနီ)

ထိုတော
ပြောရုံသာ တော
ဘာပေါသလဲဆိုရင်
ဆူးချဉ်နဲ့ သျှားစောင်းလက်ပတ်
ကြက်ဆူနဲ့ အမည်မမှတ်တဲ့
ပူပူစပ်စပ် လူသူပြတ်သနဲ့ 
ထူထပ်တဲ့ ဆူးခက်
မြက်ရိုင်းနဲ့ ကိုင်းကြမ်း
'ခွေးသေးပန်း'ပင်တွေပါပဲ…။

တောမဟုတ်ပေမယ့်
သမုတ်တော့ တော…

တောမမှတ်ပေမယ့်
ပညတ်တော့ တော…

ဒီတောလေဗျာ
နွေတရက်မှာ
ကိုင်းခက်တွေ ခြောက်သွေ့ 
မြေငွေ့ တွေ ခြောက်ခမ်း
ရွက်ကြမ်းတွေ ခြောက်ကပ်
ဖြောက်ဖျပ်…ဖြောက်ဖျပ်နဲ့ 
လေအခတ်မှာ
ထိုးသတ်လို့  ကျိုးပြတ်ကုန်ကြ
ခဏကြာတော့
လောင်စာလည်း မတို့ 
ရှို့ သူလည်း မရှိ
ညှိသူလည်း မပါ
ဆူးကြားမှာ ကြယ်တပွင့်
နှစ်ပွင့် … သုံးပွင့်
တပွင့်ပြီးတပွင့်ပွား
တဖွားပြီးတဖွားထ
အဲဒီကစပြီး
မီးတောက်တွေ ကူးယှက်
မီးလက်တွေ သွယ်ထိုး
မီးခိုးတွေ အူအူထလို့ 
ပြာကျသွားခဲ့ပါသတဲ့…။

မီးညွန့် ငွေ့ ငွေ့ 
မသေ့တသေ၊ မီးလောင်မြေမှာ
သူအနာဂတ်၊ ဆုံးဖြတ်ပေးဖို့ 
ကျနော်တို့ဟာ
ဘာကိုရွေးချယ်ကြမလဲ…
ကဲကဲ… မြေကိုတူးဆွ
အငုတ်အစတွေ ကော်ထုတ်
တောအုပ်တခုပျိုး
ခင်ဗျားကို အားကိုးပါတယ်…။ ။


(ဇွန် ၆ အလုပ်သမားသပိတ်ကြီးအား ဂုဏ်ပြုလျက်)
-နေမင်းနီ-
(၆၊ ၆၊ ၂၀၀၀)

Read More...

ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ (နေမင်းနီ)

ယုံကြည်ချက်နဲ့ အမှန်တရား
ခြားနားလိုက်တဲ့အခါ
အဖြေဟာ သုည
(ဒီလိုနဲ့ )
သူပုန်ထဖြစ်ခဲ့ပါတယ်…။

ဆယ်ကျော်သက်ရွယ်မို့ 
'ငယ်ဖြူ'လို့ ပဲ ဆိုပါတော့…။

ငယ်သူမို့လည်း
ဘယ်သူမဆို ဆရာတင်
ပြည်သူကို ဘဂဝါအမြင်နဲ့ 
အာဏာရှင်ကို စည်းပြတ်
ရပ်တည်ချက်ဟာ ကြီးမြတ်
အပြီးသတ်အောင်ပွဲကို ရည်သန်ခဲ့တယ်…။

ရှင်သန်ခဲ့တဲ့ နှစ်သုံးဆယ်မှာ
ကျောင်းပညာက ဆယ့်ငါးနှစ်
ဘဝတက္ကသိုလ်က ဆယ့်ငါးနှစ်
ကျုပ် လူတတ်ကြီးဖြစ်ပြီလား…။

ဘ၀ရဲ့ အစူအစဉ်မှာ
တော်လှန်ရေးထဲ စီးဝင်ပြီး
မီးပင်လယ်နဲ့ ဒါးတောင်တန်းကို
အောင်ပွဲရမယ်ဆိုတာ
သေချာနေတဲ့အတွက်
ဆက်လက်ချီတက်ရပါဦးမယ်…။ ။

-နေမင်းနီ-

Read More...

ကြယ်နီများစွာရဲ့အရုဏ် (နေမင်းနီ)

ပြည်တွင်းစစ်က တဝက်
ဖက်ဆစ်နယ်ချဲ့တို့က တဝက်
ရာသက်ပန်ဆုတောင်းကြီး မကောင်းခဲ့ရှာလို့လား
နှစ်တရာဟာ နိုင်ငံရေး
နှစ်တရာဟာ အမျိုးသားရေး
နှစ်တရာဟာ တော်လှန်ရေးပါ…
အရုဏ်တက်မယ်ကြံတိုင်း
မိုးမှောင်က ကျ
အောင်ပွဲအခမ်းအနားအစ
တိုက်ပွဲသစ်က ထပ်ပေါ်
ရှော်လိုက်တဲ့ ကံကြမ္မာနှယ်…။

ဒီတိုင်းပြည်ဟာ
အာဏာရှင်အပြောင်းအလဲအပြင်
ဒီမိုကရေစီ အရည်ကျဲကျဲလည်း
နည်းနည်းတော့ ကြုံဖူးတယ်…
အငုံအဖူးလေးကိုမှ
ခုန်ခူးလိုက်ကြတာဗျို…
အကိုင်းကိုညွှတ်
ပန်းကိုဆွတ်မည်
လက်လွှတ်ရမှာ စိုးသတဲ့…
အကိုင်းလည်းကျိုး
ပန်းလည်းညှိုးတော့
'တွေးမိတိုင်း အရိုးနာရတယ်'
အဖိုးဆရာဖေရဲ့
ကဗျာကဝေ ပညတ်ကြောင့်
ဓါတ်သက်များ ပါရော့သလား
လင်မယား ရန်ဖြစ်တော့
မီးဖိုချောင် ခွေးစာဖြစ်တော့တာပေါ့…။


သမဆိုင် ပစ္စည်းပေးသလို
လွတ်လပ်ရေးနဲ့ တွဲယူလိုက်ရတဲ့
ပြည်တွင်းစစ်မီးပူပူဟာ
အာဏာရှင်အဆိပ်ခွက်ကို
ချက်ပြုတ်ပေးခဲ့တယ်လေ…
ခွေးသားဆို ကြော်မကောင်းလို့ 
ဆိတ်ခေါင်းကို ဆိုင်မှာချိတ်
အရိပ်မထွက်လို့ ဘီလူးမှန်း သိတော့မှ
ဘီလူးလက်က ကလေးကို
မဟော်သဓာ ယူပေးနိုးနဲ့ 
မျှော်ကိုးတဲ့သူတွေလည်း ရှိရဲ့ 
သတိကောင်းသူများကတော့
အသားအနာခံပြီး
ကာကွယ်ဆေး ထိုးပေးခဲ့ကြတယ်…။

မုန်း၍မဟူ
ချစ်ရသူတွေမို့ 
တဂူထဲမှာ နှစ်ကောင်မအောင်း
လက်ခမောင်းခတ်
စည်းပြတ်ပြတ် တံတွေးဆွတ်
နည်းနည်းမှ ဦးမညွှတ်ခဲ့ကြဘူး…
ညနေရီ မှန်ကွဲစတွေဟာ
ညအခါ မိုးပေါ်တက်ပြီး
လက်ကနဲ ဝင့်ခဲ့ကြတယ်လေ…။

ဖိနှိပ်မှုဆိုတာ သိချင်ရင်
အာဏာရှင်ဆိုတာ သိချင်ရင်
စံနမူနာတင်ရမယ့်တိုင်းပြည်…
ဒီမိုကရေစီဆိတ်သုဉ်း
ပြည်တွင်းစစ်မီး တဟုန်းဟုန်းနဲ့ 
အုန်းကနဲ ဒိုင်းကနဲ
ပေါက်ကွဲထွက်လာတဲ့
သပိတ်တိုက်ပွဲ အာခံပွဲ
ဖီဆန်ပွဲတွေဟာ
ကျည်ဆံကလွဲလို့ 
နည်းနည်းမှ တုန့်ပြန်မှုမရှိ
သူ့ကိုယ်သူ သိနေတဲ့ပြည်သူဟာ
ကျည်ဆံကိုလည်း ရှာခဲ့ဖူးတယ်…။

ရိုးပြက်တွေကြားမှာ
မြရာတောတခိုမှာ
ဟိုမှာဒီမှာ
စုတ်ချာချာ တလက်နှစ်လက်နဲ့ 
စက်သေနတ်ကို အာခံ
လေယာဉ်ပျံကို လှမ်းထု
ကျွမ်းလုလု ရိုးမရယ်
မြသားကြယ်စင်တွေကို
သင်ဘယ်လိုလက်ခံပြီး
မနက်ဖြန်ကို ယုံခဲ့ရတာလဲ…။

ပြည်သူကို ဦးထိပ်ပန်
သူပုန်သကန်ဖြစ်ခဲ့ရတဲ့ ကြယ်နီ…
ပြည်သူကို သစ္စာဆို
တောခိုခဲ့ရတဲ့ ကြယ်နီ…
ပြည်သူကို ရင်မှာပိုက်
ကြိုးတိုက်ထဲက ကြယ်နီ…
ပြည်သူကို တိုင်တည်ကျိန်
နရသိန်ထဲက ကြယ်နီ…

ပြည်သူကို သစ္စာတိုင်
ရေကြည်အိုင်က ကြယ်နီ….
ပြည်သူအတွက် မြေတခြားမှာ
ကြွေသွားရှာတဲ့ ကြယ်နီ…
စစ်တောင်း သံလွင် ဧရာဝတီ
ရွှေလီနဲ့ မုတ္တမ
မြစ်များစွာသို့ ခ
ကြွေကျခဲ့ရတဲ့ ကြယ်နီ…
ပြည်သူတွေအနာဂတ်မှာ
ပုံအပ်ခဲ့တဲ့ ကြယ်နီ…
ပြည်သူ့ရင်ခွင်မှာ
ထာဝရရှိနေမယ့်ကြယ်နီ…
……………………..
…………………….
ဒီကြယ်နီများစွာဟာ
အရုဏ်တွေကို ကိုယ်စားပြု
လွတ်မြောက်မှုရဲ့ သင်္ကေတ
တော်လှန်ရေး စခန်းဝကို
အမြဲလမ်းပြပေးနေတယ်…။

မကြာခင် လေပြင်းကျ
မိုးမှောင်ကို ခွါချ
အရုဏ်ဟာ ကြည်မြ
အဲဒီအခါကျမှ
အညတရ တောက်ပခဲ့တဲ့ကြယ်နီတွေကို
ရေစက်သွန်းချ
အမျှပေးဝေကြပါစို့ …။ ။

-နေမင်းနီ-

Read More...

နှစ်သစ်ဖိတ်စာ (နေမင်းနီ)

နှစ်အဟောင်းမှာ
အရာရာကိုနှုတ်ဆက်
ခရီးထွက်ကြရအောင်…။

နှစ်အသစ်မှာ
အရာရာကိုပွေ့ဖက်
စစ်ထွက်ကြရအောင်…။ ။

-နေမင်းနီ-

Read More...

ကျုပ်အိမ်နံက် (နေမင်းနီ)

ဘုရားကျောင်းက
ခေါင်းလောင်းလှုပ်နှိုး၊ မိုးကုတ်ကျိုးသော်
မိရိုးဖလာ၊ ကိုးကွယ်ရာထင့်
ခရစ်သျှနာ ရာမ၊ ကျောင်းတော်ဝ၌
ကျားမပျိုအို
ရေအိုးကိုယ်စီ၊ နေမင်းဆီသို့
မြှောက်ချီကော်ရော်
ပူဇော်သမှု နေ့တိုင်းပြု၏…။

အိမ့်ရှင်ကုလား၊ သူ့မယားလည်း
အားကြီးစောထ၊ ညှော်နံ့စပြီ
မြို့ပြကျီးကန်း၊ ဓါတ်ကြိုးတန်းမှာ
ဇတ်ရမ်းဆတ်ဆတ်၊ အစာဟပ်ပြီ
ရပ်ကွက်စောင့်ကုလား၊ တဆိုင်းနားပြီး
ကားဆေးဖုန်သုတ်၊ သူဆက်လုပ်သော်
လေမှုတ်ခရုသင်း နေ့တိုင်းညှင်း၏…။

ဇွန်းသံခွက်သံ၊ ရေကျသံနဲ့
ဟွန်းသံဟဲသံ၊ ခွေးရိုက်သံတို့
ညံညံပွက်ကာ၊ လန့်နိုးလာသော်
ကဗျာအိပ်မက် နေ့တိုင်းပျက်၏…။

ထွက်ထွက် ထထ
အိမ့်ရှင်မ…
သမီးလှ သေးဟ
လျှော်ချေပ…။ ။

-နေမင်းနီ-
(၂၀၀၇)

Read More...

မိုးသံဖြောက်ဖြောက် ကိုးသံပေါက် (နေမင်းနီ)


တော်လေးဝကျန်
ပဉ္စမံ
သက်နှံဘဝ ကြင်ဖော်ပ…။

ထမီစုတ်စုတ်
အိမ်မှုလုပ်
တကုပ်ကုပ်နဲ့ အိမ့်ရှင်မ…။

အာခေါင်ခြစ်ကာ
ဟစ်ငိုတာ
ဗိုက်ဆာပါစ သမီးလှ…။

ထမင်းတဆုပ်
အာလူးပြုတ်
ရိုက်ပုတ်ကျွေးရ မျက်ရည်စ…။

အူခြောက်သုံးခွေ
စိုဖို့လေ
ဖေဖေတာဝန် ရှိပါတယ်…။

(ချစ်သမီး)
ကြီးရင်ကျောင်းထား
စုငွေကြား
ငါးဆယ်တန်လေး နုတ်ခဲ့တယ်…။

(အပြန်လမ်း)
ဆန်ကြမ်းတထုပ်
ပဲတဆုပ်
ငရုတ်ထောင်းဖို့ ရခဲ့တယ်…။

နွားနို့တခွက်
သမီးတွက်
ကျိုချက်တိုက်ဖို့ ရခဲ့တယ်…။

ပဲဟင်းရည်က ပူပူကျဲ
ငရုတ်ထောင်းက ရှူရှူရှဲ
သမီးလေးက ရှူရှူရွှဲ…။ ။

-နေမင်းနီ-
(၂၀၀၇) မိုးတရက်

Read More...

နေမင်းနီ၏ လမင်းငယ် (နေမင်းနီ)

ငါတို့ဟာ
လာဆုံကြရတာကိုက
တစပြင်ကြီးမှာပါ…။

ဘ၀အသိအမြင်ကို
အလှဝိဉာဉ် ရင်မှာချိတ်ပြီး
ပိုက်စိတ်တိုက် ရှာဖို့ရာကလည်း
ဖြစ်နိုင်ခဲလှပါဘိခြင်းကွယ်…။

အလှမြူရိပ်မှာ
ဘ၀အပူသိပ်ပြီး
မှေးအိပ်ဖို့ ဆိုတာကရော
ရှာကြံပြောလို့တော့ ရတာပေါ့…။

သူတကာတွေ ငိုကြွေးလို့ 
ဟိုဘေး ဒီဘေး ဆိုက်နေချိန်မှာ
မင်းနဲ့ငါ ပွေ့ ပိုက်
နမ်းရှိုက်ယုယနေဖို့ဆိုတာ
သိပ်ရက်စက်ရာရောက်ပါတယ်လေ…။

ဒီစစ်တွေကြားမှာ
ဒီအချစ်တွေ ပွားနိုင်ဖို့ဆိုတာ
'ဗားတော့ဗရက်'ကတော့
မေးငေါ့မှာ သေချာတယ်…။

တကယ်တော့လည်း
ချစ်ခြင်းမေတ္တာဆိုတာ
ဖြစ်ခြင်းဖြစ်လာရင်
သူ့အလွှာနဲ့သူမှပါ
သူ့ဘဝမှာ သူရပ်
သူ့အမှတ်ပေးစည်းမျဉ်းနဲ့ သူ
အဲသလို မူသတ်မှတ်ပြီးသားမို့ 
ဒို့များက မျက်စိမှိတ်
ကြိတ်ချစ်နေကြမယ်ဆိုတာ
စိတ်ညစ်စေကြရုံပါပဲ…။

ငါတို့ရဲ့ဘဝ
ငါတို့ မရနိုင်တော့မှန်း သိလိုက်ရတဲ့အခါ
ငါလေ…
သံသရာကိုတောင် ယုံချင်လာပြီကွဲ့ …။

အလှတရားခရီးမှာ
ဘဝရထားစီးပြီး
ဘသားကြီး နှင်ပါလေ…လို့ 
ဘုရားသခင်လား ဘယ်သူလား
ဆုံးမသွားတာတော့ ကြားဖူးရဲ့ 
ငါ့နားမှာ အဆိပ်တက်
အဲဒါ… ငါ့အိပ်မက်ပေါ့…။

ဒီတော့ကွယ် ညီမ
ငြင်းဆိုလို့ မရတဲ့
ရုပ်ဓမ္မရဲ့ ပြဋ္ဌာန်းချက်ကို
ဘဝလမ်းသက်သက်အဖြစ်
ယုံကြည်ချက်ပွေ့ ပြီး
စွေ့ ကနဲ ခုန်တက်
ခရီးတခု ဆက်ရမယ့်ငါ့မှာ
ပန်းနုရောင် လမင်းအဖြစ်နဲ့ 
မင့်နှုတ်ခမ်းတွေကို
မူးယစ်နေလို့ မဖြစ်တော့ဘူးကွယ်…။

ငါ့စခန်းနဲ့ ငါ့လမ်း
ငါ့ငြမ်းနဲ့ ငါ့နန်းကို
တလှမ်းချင်းဖြစ်ဖြစ်
တထစ်ချင်း တက်တက်
အဲဒီက ဆူးခက်ကလေးတွေဟာ
မင်းရဲ့ လက်ချောင်းလေးတွေလိုပေါ့…။

မင်းလမ်းတာ မင်းခရီး
မင်းနည်းနဲ့ မင်းနှင်လို့ 
မင့်အမြင် မင့်အတွေး
မင့်ရှေ့ ရေး မင်းရွေးချယ်
အင်း… ခက်တော့ ခက်တယ်ကွယ်
မင့်အရွယ် မရင့်တယ်မို့ 
အပွင့်ငယ် လွှင့်လွယ်လှပါဘိသနဲ့ 
မကြည့်ရက်တာတွေကိုတော့များ
ကြားတောင် မကြားရက်ဘူးကွယ်…။

အကယ်၍ပေါ့
ငါ့စကားအလင်္ကာတွေကို
မင့်ဘုရားသခင်သာ ကြားမယ်ဆိုရင်
ဆုတောင်းလိုက်ချင်စမ်းပါဘိ
"မင်းရယ် ငါရယ်
အဘယ်သို့ သော စစ်ကာလမှာမှ
ပြန်မဆုံကြစတမ်းပေါ့ကွယ်…
"…။ ။

-နေမင်းနီ-
(၃၀၊ ၁၀၊ ၂၀၀၁) မဲဟောင်ဆောင်

Read More...

ရာဇဝင်များကို သတ္တုချခြင်း (နေမင်းနီ)

ဒီလှိုင်းခက်ထန်
မြစ်နက်သန်များ
တံတားထိုးကြသည်...။

တံတားဆိုတာ
အလာအသွား
လူအများကို
ပြားပြားစင်းခံ
အနေမှန်သတဲ့...။

ဟုတ်တယ်နော်...
လူပေါ် တံတားရောက်
လူက အောက်ရောက်
လူ့အောက်က မြစ်
ဒီအတိုင်းဖြစ်နိုင်မလား
ဟားဟား...။

တံတားတခု
ရှိတည်မှုဟာ
သဘာဝဆန်ဆန်နဲ့
ပဓါနအမှန်ဖြစ်တယ်ဆိုတာ
(ဟောဒီကဗျာက...)
အာမခံတယ်ဟေ့...။ ။

-နေမင်းနီ-
('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)

Read More...

ချီတက်ပွဲ (နေမင်းနီ)

ငှက်ကလေးတွေ
နေကိုပြေးတိုက်
သိပ်မိုက်ကန်းတယ်...။

တောင်စွယ်တောအုပ်
နေကိုမြှုပ်တဲ့
သုဿန်ကြီးလိုဖြစ်တော့မယ်...။ ။

-နေမင်းနီ-
('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)

Read More...

တည်ဆောက်ရေး (နေမင်းနီ)

အုတ်တချပ် ဆင့်ဆင့်
သဲတပွင့် ဖြည့်ဖြည့်
ပြည့်စုံမှုဆိုတာ
ခင်ဗျားမပါဘဲ မရဘူး...။

အုတ်တချပ်ကွဲကွဲ
သဲတပွင့်လျော့လျော့
အသဲပျော့တဲ့အထဲမှာ
ခင်ဗျားပါလို့မဖြစ်ဘူး...။ ။

-နေမင်းနီ-

Read More...

ညီညွတ်ရေး (နေမင်းနီ)

လက်ညှိုးတချောင်း
အားကောင်းနေတယ်...

လက်မတချောင်း
အားကောင်းနေတယ်...

လက်ငါးချောင်းနဲ့
ပေါင်းရမယ့် လက်သီးဆုပ်
အားယုတ်နေသလား...။ ။

-နေမင်းနီ-
('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)

Read More...

အညတရ (နေမင်းနီ)

တပွင့်တရွက်
အသစ်ထွက်သော်
မြေထက်မှာပင် လူမြင်၏...။

ခိုင်မာဖျစ်ညှစ်
မြေကိုချစ်သည့်
အမြစ်ကြမ္မာ ဆိုးလှဘိ...။ ။

-နေမင်းနီ-

('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)

Read More...

အန်အယ်ဒီဘွဲ့ (နေမင်းနီ)

ပြည်သူ့ပါတီ
အန်အယ်ဒီဟေ့...။

မုန်တိုင်းကိုဆန်
ငှက်တို့မာန်နဲ့
လေဆန်ကိုနှင်
လှေအသွင်နဲ့
ပင်မြင့်သလောက်
လျှပ်မကြောက်ဘဲ
တောက်လျှောက်ချီတက်သွားမယ်ဟေ့...။ ။

-နေမင်းနီ-

('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)

Read More...

မီးပင်လယ်ကို ဖြတ်လိုသူသို့ (နေမင်းနီ)


ဓါးတချောင်းနဲ့
ကောင်းကောင်းအာခံပြမတဲ့
အလို! မြသန်းတင့်ရဲ့
သင့်လက်ထဲမလည်း
ကျောက်ခဲကြီးနဲ့ပါလား...။ ။

-နေမင်းနီ-

('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)

Read More...

မေ ၂၇ (နေမင်းနီ)

မမေ့ဘူး
နေ့ထူးတဲ့ ဒီအခါ...။

အကြောင်းရန်ရှာ မောင်းပြန်ဝမှာ
သောင်းညံစွာ ဗြောင်းဆန်ပြခဲ့တဲ့
ဆန္ဒသစ္စာ...။ ။

-နေမင်းနီ-

('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)

Read More...

ရွက်ကျပင်တို့၏သမိုင်း (နေမင်းနီ)

တရွက်ကြွေရင်
ကြွေတဲ့တရွက်
မျိုးဆက်ဖွင့်ချ
လောကအားလုံး ရဲရဲနီ...။ ။

-နေမင်းနီ-

('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)

Read More...

လျှာနဲ့သွား (၂)

Read More...

လျှာနဲ့သွား (၁) (နေမင်းနီ)

ယောက်ျားတယောက်ဟာ
ပေါက်ပြားပေါက်ရုံပဲ အသုံးကျသတဲ့
အတုံးအအ
အဖြုန်းအနတွေ...လို့
အမုန်းစတွေနဲ့ ရန်စ
တန်ပါ့ မဘုရား...။

မယားနဲ့နွား
မသနားရဘူး...တဲ့
အားဗလမှူးများရဲ့
စကားက အစူးသား
ဟေ့! မကြားကြဘူးလား...။ ။

-နေမင်းနီ-
('ချိုးလင်းပြာ'မှာ ဖော်ပြပြီး။)

Read More...

ဒဿနပုံပြင် အမှတ် (၅) သစ္စာရှာဖို့ ငါမီးထွန်းမယ် (နေမင်းနီ)


သစ္စာကို မမြင်ခြင်း
အ၀ိဇ္ဇာမြူနှင်းတွေက
အတင်းပိတ်ဆို့ထားသတဲ့
'ကိုစောညိန်း'ရဲ့ လက်ရာ
'သစ္စာ…'ဆိုတဲ့သီချင်း
မင်း ကြားဖူးမှာပေါ့…
ကမ္ဘာကမ္ဘာ့တလွှားမှာ
ရှာမှရှားတဲ့
ကဗျာဆရာ့မယားပေပဲ…
ကဲကဲ ရှင်မ
မမြင်ရတဲ့ အကန်းတယောက်
သူဘယ်လို လမ်းလျှောက်သလဲဆိုတာ
မြူစိုစို ကြမ်းပေါက်နဲ့
တူနှစ်ကိုယ် နန်းအောက်မှာ…
"လာပြန်ပြီ ရှင့်စကား
တရားမှတ်လို့ သည်းခံ
ညည်းပြန်တော့လည်း ဘရိတ်မပေး
စိတ်အတွေးနက်လို့
အိပ်ရေးပျက်ရတယ်ဆိုတာ
ကျမ လက်ခံနိုင်ပါတယ်…
ဘယ်လိုတော် ခုဟာက
အရည်မရ အဖတ်မရ
ဝဋ်ရှိသမျှ နားညည်း
ချမ်းချမ်းစီးစီးတော်…"

ဪ… တရက်တလေ ဓမ္မရိပ်မှာ
အိပ်စရာ အဆင်သင့်
မင့်မို့လို့ ငြင်းရက်တယ်…
အင်း… ခက်တယ်ကွယ်
မင့်နှယ်နှယ် တခါကပေါ့
အကျိုးဆော့ အကန်းမော့ ဆိုသလို
ဟိုဟိုဒီဒီ ထင်ရာစိုင်းနေတဲ့
အမြင်ချာ ဘလိုင်းကြီးတယောက်
တုတ်ကောက်နဲ့ လျှောက်သွား…
"ဒါက ဘာစကားလဲ…"
ဟဲဟဲ… တင်စားတာပါကွာ
အကြင်နာအပြောတွေကို
အလင်္ကာသဘောနဲ့
ယှဉ်စရာ လောသွားလို့ပါ…
ဒီလိုကွယ် တခါက
ဘယ်နေရာ ဘယ်လမ်းကြား
ဘယ်အိမ်နား ဘယ်သစ်ပင်
ဘယ်နှစ်လှမ်း လှမ်းရင် ဘယ်ရောက်
ဘယ်အိမ်အောက် ဘယ်ခွေးရှိတယ်ဆိုတာ
တပ်အပ်ကို သိထားတဲ့
ဘုရားစူး မျက်ကန်းတယောက်
ဒုတ်ကောက်တချောင်းနဲ့
အဟုတ်လျှောက်ညောင်းနေသတဲ့…
အဲ့ဒီမှာတရက်
"ကန်းသက်ရင့်လို့
လမ်းထွက်လင့်ကစား
လမ်းကြားမှာ မီးမရှိလို့
ခင်ဗျားအတွက် ကိစ္စမရှိဘူး
မီးထွန်းမှ မြင်ရမယ့်
လမ်းထဲက လူတွေအတွက်
မီးခွက်လေးတလုံးတော့ ဆောင်ထား
ဒါမှ ခင်ဗျားကို ၀င်မတိုက်မိမှာ…
"လို့
ပညာရှင်တယောက်က အကြံပေးသတဲ့
နှစ်ပြန်တွေးစရာတောင် မလိုတဲ့
ဉာဏ်ပြေးတဲ့အကြံကောင်းမို့
လက်ခံလိုက်ပါသတဲ့…
ဒီလိုနဲ့ နောက်တရက်
ဘယ်လက်က မီးခွက်
ညာလက်က ဒုတ်ကောက်နဲ့
ရွာရိုးကိုးပေါက်
လျှောက်သွားနေတုန်း
ဗြုန်းကနဲဆို
ငနဲတယောက်က ၀င်အတိုက်…
"ဟကောင်ရ
မမြင်ဘူးလားကွ…
ငါ့လို ကန်းထားရင်လည်း
ငါ့လို စမ်းသွားပါလား…
မီးထွန်းထားတာတောင် မမြင်ရအောင်
ဗမာလို မိုက်လို့တိုက်တာလား
ရခိုင်လို မိုက်လို့တိုက်တာလား…"

လမ်းကြားငယ် အမြှောင်လေးမှာ
တောင်ဝှေးနဲ့ ရမ်းရွယ်ရင်း
လှမ်းတွယ်လိုက်တဲ့ သူ့စကားက
ဘုအသွားတွေ အပြည့်ပေါ့…
"ဟောတော့်…
တော့်အကန်းကလည်း
အဟော့ရမ်းသား…"
အေး… အဲဒါကို ကြားသွားတဲ့
ဟိုငနဲသားကလည်း
ပက်ကနဲ ပြန်ပြောလိုက်တာပေါ့…
"ဘယ်မှာလဲ ခင်ဗျားမီး
ငြိမ်းနေတဲ့ မီးခွက်ကြီးကို
အညောင်းခံပြီး ကိုင်လာတာ
အံ့ပါ့ဗျာ…"
တဲ့
ဒါပါပဲ ရှင်မ
မမြင်ရတဲ့ အလွန်ကမ်းကို
ပြင်မရတဲ့ အစွံအကန်းတွေနဲ့
ကျွံမှန်းကြည့်လို့လည်း မရ
အခွံစမ်းကြည့်လို့လည်း မ၀လေတော့
ညွန်လမ်းမှာ နစ်လိုနစ်
ပြွန်နှုတ်ခမ်းမှာ တစ်လိုတစ်
သလွန်နန်းမှာ ယစ်လိုယစ်
ဖြစ်ချင်ရာ ဖြစ်နေကြတဲ့ ဒီလောကကြီးမှာ
ဖြစ်ချင်တာတွေ ဖြစ်မလာဘဲ
မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ
စိတ်ပျက်အားငယ်တယ်ဆိုတာ
အချိန်ဖြုန်းတာပါပဲ…
မဖြစ်ချင်တာတွေတောင်မှ
ဖြစ်လာကြသေးတာပဲကွာ
ဖြစ်ချင်တာတွေဟာ
ဘာကြောင့်ဖြစ်မလာရမှာလဲ…
ကဲကဲ… အိပ်စို့
ဒို့အဖို့ အိပ်မက်တွေကို
ဟောဟိုမြူနှင်းတွေက
ဆောင်ကြဉ်းပေးကြပါလိမ့်မယ် ရှင်မရယ်…။ ။

-နေမင်းနီ-
('ပန်းစကား'မဂ္ဂဇင်း အမှတ် ၂၁ တွင် ဖော်ပြပြီး။)

Read More...

ဒဿနပုံပြင် အမှတ် (၄) ဆင့်နားရွက်တွင်းက ပိုးပုရွက်အကင်း (နေမင်းနီ)


အရက်သမားရယ်လို့လည်း
အတွက်မမှားလိုက်ပါနဲ့
တခွက် တဖလားတောင်မှ
အရှက်တရားနဲ့
ရက်ခြားခြားမျိုသမို့
အို့…နံသလားကွဲ့ရှင်မ
မခံစားချင်လှရင်လည်း
ဉာဏ်ကစားကာ တင်ပြမယ်
နင်ခဏတာ နှလုံးသွင်း…
"နံလိုက်လေခြင်း…နံလိုက်လေခြင်း"လို့
သည်းခံခြင်း ဝိပဿနာအမှုနဲ့
ကြည့်မှတ်ကာ ရှုပေရော့
တခါကပေါ့…
"တော့်ဖာသာပြော
(ဟောရင်းသာ ပျံလွန်တော်မူမည်
ဆံဖြူဖြူတခွက်ကယ်မျှ
ထွက်လိမ့်မည်မထင်)…"
ကြင်နာလှချည်လား ရှင်မရယ်
အရင်ညက ဖရဲသီး
ပွဲပြီးအောင်တောင် မစောင့်
ငါ့မှာဖြင့် စနိုးစနောင့်နဲ့
အောင့်သက်သက်ကြီးကွာ…
တကယ်ပါ ဒီတခါ
ရယ်စရာ နိဂုံးမို့
ပြုံးနေမှာ မင့်မျက်နှာ
သေချာပါတယ်…
ဒီလိုကွယ် တခါက
ဧရာမ ဆင်ကြီးတကောင်
တောင်နှစ်လုံးကြားက
ချောက်ကမ်းပါးတခုကို
အိုမင်းရိရွဲ့
ယိုင်နဲ့နေတဲ့ ကြိုးတံတားနဲ့
ကိုးယိုးကားယား ဖြတ်သွားသတဲ့…
မြင်ရဲ့လား မျက်စိထဲ
ကဲကဲ…ဒီလိုကြည့်…
ဘယ်အိတော့…ညာပြောင်း
ညာစောင်းတော့…ဘယ်ချ
ဘယ်ကျတော့…ညာမြောက်
ညာထောက်တော့…ဘယ်မြင့်
သစ်ရွက်ကြွေ လေမှာလွင့်သလို
ဟိုယိမ်း ဒီနွဲ့နဲ့
ကိုယ်အထိန်းသာ မညီခဲ့ရင်
ရှင်မရယ်…
အောက်မှာကလည်း
နည်းတဲ့ချောက်ကြီးမှမဟုတ်တာ
အသူတရာ မဟူရာမှုန်းသလို
အဖြူအပြာ အငူလွှာအဆုံးကို
လုံးလုံးမမြင်ရဘူးကွဲ့…
ဒါပေမယ့် သူ့ခမျာ
လာလမ်းကိုလည်း မလှည့်နိုင်
ထိုင်နေလို့ကလည်း မဆန့်
ကလန့်ကလား မတန့်မနားဘဲ
အရဲတင်းလျှောက်
ဘယ့်ကလောက် ရင်ခုန်လိုက်မလဲ…
နည်းနည်းချင်းလှမ်း
အရဲအတင်း ကြမ်းလို့ကတော့
လွမ်းစရာလေးပေါ့ ရှင်မရယ်…
ဆင်မယဉ်သာ ဆိုသလို
အညင်တကာ့ အညင်သာလှမ်း
ဒီလိုနဲ့ ဟိုဖက်ကမ်းကို
စမ်းမိတဲ့အခါမှာတော့…
ပေါ့ပါးစွာ သက်ပြင်းအချ
ဘယ်တုန်းက ဘယ်လို
ခိုကပ်ပါလာတယ်မသိ
နားထဲမှာ ယားကျိယားကျိနဲ့
ပိစိကွေး ပုရွက်ဆိတ်
သူ့ကိုလာ မိတ်ဆက်သတဲ့…
"ကျုပ်နဲ့ခင်ဗျား
ဖြတ်လျှောက်သွားလိုက်တာ
ဗျာ… တံတားကြီးကို လှုပ်ရမ်း
တကယ့် စွန့်စားခန်းကြီးပါပဲ"…တဲ့
ကဲ…ဘယ့်နှယ့်လဲရှင်မ
ကျင့်သားရသွားပလား
လင့်တရားဓမ္မတွေနဲ့
အရင့်အခါးဘဝတွေကို
ကစဥ့်ကလျား လွင့်ပါးစေပြီး
မညည်းမငြူ ခရီးအတူဆက်ရှာတဲ့
အမြည်းမဟူ သည်းအူသက်လျာရဲ့
တရက်တခါ ပက်စရာ အရက်မှာ ရေနှင့်ရော
မတတ်သာ စွက်ကာ အမျက်အနာတွေဖြင့်ပေါ့…။ ။

-နေမင်းနီ-
(ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။)

Read More...

ဒဿနပုံပြင် အမှတ် (၃) ဖရဲသီး သရဲကြီးမဟုတ်ပါ (နေမင်းနီ)


တကျောင်းတထုံးသာပ
ခေါင်းအုံးစရာ ချည်အရှုတ် နှစ်ထုပ်ကယ်နဲ့
မပြေမပြုတ် မလှုပ်ရအောင်
အထည်အစုတ်အနုတ် တထည်လွှမ်း
ချမ်းသလားကွဲ့ရှင်မ
အရင်ညက ပုံပြင်
ဇာတ်ဆုံးအောင် မဆင်ပေမယ့်
သက်ဘုန်းမောင် သီပြမယ့်
ဒီတညရဲ့ ပုံပြင်ကတော့…
"တော့နှယ်
မောလည်း မောနိုင်ဘူး"
ရှူး တိုးတိုး
စိတ်မဆိုးပါနဲ့ရှင်မရာ
တဒင်္ဂသာ မအိပ်ပါနဲ့
နင်ကသာ စိတ်ပါရင်
သိပ်မကြာပါဘူးကွာ…
တခါကပေါ့
ရွာလည်အကျူး
ဦးတည့်ရာလျှောက်
လူတယောက်ပေါ့…
"ဟောတော့
ပြောရော့မယ်တခါ
အဲဒါက ပြီးပြီးသား…"
ရောမသွားပါနဲ့
ဒါက တမျိုး
မင်း ဘယ်ဆိုးလို့လဲ
နည်းနည်းတော့ မှတ်မိသား…
ထားလိုက်ပါကွာ၊ ဒါကတယောက်
တယောက်မှ တယောက်ထဲ
အဖော်ကွဲလို့
အပျော်စဲရရှာတဲ့
ရော်လဲရွက်ဝါ
တောက်!
ကဗျာဆန်လိုက်တာ ရှင်မရာ…
ဒီလိုနဲ့ ထွက်အလာ
ရွာတရွာအရောက်
ရွာခံတယောက်က ပြောတယ်…
"ဒီမယ်မိတ်ဆွေ
ဒီရွာနေ ဒီရွာစား
ကြိုက်သလို နားပါ…
ဒါပေမယ့်တဆိတ်
ရွာရိပ်က အပြင်ထွက်
ဟို အခင်းဘက်ကိုတော့
အလျဉ်းမကပ်မိစေနဲ့…
အဲ့ဒီမှာ တပ်စွဲ
သဘက်သရဲ အနက်မဲကြီးတကောင်
အကြောင်အကျားနဲ့
ထောင်လွှားနေတတ်တယ်…"
"ဘယ်လိုဗျ…ဘယ်လို
ဟို…သရဲ…ဟုတ်လား
ကျုပ် မကြားဖူးပေါင်ဗျာ
လာပါခဏ လိုက်ပြစမ်းပါ…"
"ဒါဆိုလာ
အဲဒီမှာ စခန်း
သရဲကြီး သောင်းကျန်းနေတာ
ဟို ချောင်းကမ်းလေး အစပ်မှာ…"
လိုက်ပြရှာတဲ့ ရွာသားတစု
ပုနေအောင် ကုတ်
တုန်လှုပ်နေကြရတဲ့သရဲ
ပြူးဖြဲကြည့်လိုက်တော့မှ…
"ဟ! ဒါလားက သရဲကြီး
မှတ်ထား အဲဒါ
ဖရဲသီးကွ…ဖရဲသီး
-ခွီးတဲ့မှပဲ
အစေ့နဲ့အခွံထွေး
ကျန်တာ အကုန်လွေးလို့ရတယ်
ဒီမယ် ကျုပ်စားပြမယ်…"ဆို
အထုပ်ကြားက အဆောင်ဒါးနဲ့
အကြောင်အကျား ဖရဲသီးကို
ခွဲပြီး ခွဲပြီး ခြမ်း
တရွှမ်းရွှမ်း စားပြလိုက်သတဲ့…
ဝါးမရတဲ့ ဖရဲခွံကို
သဲအစွန်မှာချ
ခပ်လှမ်းလှမ်းက ကြည့်နေတဲ့လူအုပ်
တခါတည်း တပ်ဆုတ်ပြီး…
"ဘီလူးကြီးဟေ့…ဘီလူးကြီးဟ
သရဲကိုတောင် စားပြတဲ့ ဘီလူးကြီးဟ
ပြေးကြ…ပြေးကြ…"
ဟဲ့…ရှင်မ
ရှင်မ…။ ။

-နေမင်းနီ-
(ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။)

Read More...

ဖရဲသီး သရဲကြီးမဟုတ်ပါ (ဒဿနပုံပြင် အမှတ် ၃) (နေမင်းနီ)

တကျောင်းတထုံးသာပ

ခေါင်းအုံးစရာ ချည်အရှုတ် နှစ်ထုပ်ကယ်နဲ့

မပြီမပြုတ် မလှုပ်ရအောင်

အထည်အစုတ်အနုပ် တထည်လွှမ်း

ချမ်းသလားကွဲ့ ရှင်မ

အရင်ညက ပုံပြင်

ဇာတ်ဆုံးအောင် မဆင်ပေမယ့်

သက်ဖုန်းမောင် သီပြမယ့်

ဒီတညရဲ့ ပုံပြင်ကတော့...

"တော့နှယ်

မောလည်း မောနိုင်ဘူး..."

ရှူး တိုးတိုး

စိတ်မဆိုးပါနဲ့ ရှင်မရာ

တဒင်္ဂသာ မအိပ်ပါနဲ့

နင်ကသာ စိတ်ပါရင်

သိပ်မကြာပါဘူးကွာ

Read More...

ဒဿနပုံပြင် အမှတ် (၂) စုစုစည်းစည်း ကြီးကြီးကျယ်ကျယ် (နေမင်းနီ)


သူငယ်တိတ်ဆိတ်
လရောင်ရိပ်ဝယ်
အိပ်ချိန်မကျ
အိမ့်ရှင်မကို
ခဏ ပုံပြောပြချင်တယ်...
တခါကပေါ့
'အိုင်းမ'ဆိုတဲ့ ရွာတရွာ
အစဉ်အလာအရ
လယ်ယာလက်လုပ်
ဝမ်းစာထုတ်ကြသတဲ့...
အဲ့ဒီမှာတရက်
ပေါက်ပြားတလက်နဲ့
ကန်သင်းဖျက်ဖို့
ထွက်လာကြတဲ့ လူနှစ်ယောက်
ရွာ့ပြင်ကို အရောက်မှာ...
မျက်ထောက်လျှာတွဲ တဟဲဟဲနဲ့
မဲနက်တဲ့ ခွေးရူး
သူတို့ရှေ့စူးစူးမှာ
တရှူးရှူးနဲ့ လာနေသတဲ့...
"ဒါနဲ့ ..."
ဒါနဲ့ကွာ သူတို့
ကိုင်းညို့တဲ့ သစ်တပင်
တယောက်က အရင်တက်
တယောက်က မှင်သက်
(ဒါပေမယ့် ရုတ်တရက်)
လက်ထဲက ပေါက်ပြားနဲ့
ခွေးရူးကို တအားပိုင်း
ဗိုင်းကနဲဆို ခွေးရူး လဲ
အဲတော့မှ တယောက်ဆင်း
ရွာဘက်ကို ပြန်ချဉ်းကြသတဲ့...
သင်းတို့နှစ်ဦး တမြူးမြူးနဲ့
ဖိုးထူးကို ပြော...
"ဟောဟိုက ခွေးရူး
ရွာဖက်ကို မကူးတာ
ငါတို့နှစ်ယောက် အကယ်ထောက်လို့"...တဲ့
ဒါနဲ့ဖိုးထူး
ရွာလယ်ကူးပြီး
ချက်ကြီးကိုပြော...
"ငါတို့တောမှာ
ငါရယ်...ဟိုလူနှစ်ယောက်ရယ်
ခွေးရူးကို တွယ်လိုက်တာ
တခါထဲ အသက်ထွက်
ဒို့သုံးယောက် ရိုက်ချက်ပေါ့"...တဲ့
ဒါနဲ့ချက်ကြီး
အိမ်အနီးက
အရီးသွယ်။ အရီးကြွယ်တို့ကို
ဖောက်သယ်တဆင့်
ပခုံးဝင့်ပြီး...
"ခွေးရူးကြီးတော့
ရွာနီးစပ်ချုပ်၊ ၀င်မယ်အလုပ်မှာ
ကျုပ်နဲ့ဖိုးထူး၊ နောက် လူနှစ်ဦးက
ပူးပေါင်းနှိမ်နင်း၊ ရွာမြေမနင်းတာ
ဟင်း... တော်သေးတာပေါ့"...တဲ့
ကာလရယ်ကြာ၊ အဲဒီရွာကို
ဒေါက်တာတယောက်၊ ဆေးစစ်ရောက်တော့
ဝင်ရောက်မျှော်ဖူး
ရွာဦးကျောင်းမော်၊ ဆရာတော်က
ရောက်စဒေါက်တာ၊ ဒါယိကာကို
စပ်ရာစကား၊ ပြောစဉ်ကြားမှာ...
"တခါကပေါ့...
ရွာကိုရန်လို၊ ခွေးရူးညိုကြီး
ရွာအနီးမှာ၊ ချဉ်းကပ်လာတော့
တရွာလုံးစု၊ ညီညွတ်မှုနဲ့
ထုကြထောင်းကြ၊ နှိမ်နင်းလိုက်ကြတာ
ငါတောင် သင်းပိုင်ကျွတ်မတတ်"...တဲ့
ကဲ... ဘယ့်နှယ့်လဲရှင်မ
အိပ်ချင်လှပလား
ဝှါးကနဲသမ်း
မောင့်ဇာတ်လမ်းကို
တခန်းရပ်စေချင်ပြီပေါ့...။ ။

-နေမင်းနီ-
(ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။)

Read More...

ဒဿနပုံပြင် အမှတ် (၁) အိပ်မက်လှလှ မက်ပါစေ (နေမင်းနီ)



နားထောင်ကွယ် ရှင်မ
ပုံပြောပြမယ်
တခါကပေါ့
ရိုးအတဲ့ လူတဦး
သန့်စင်တဲ့စိတ်ကူးနဲ့
ခြေဦးတည့်ရာ
ထွက်လာခဲ့သတဲ့...
"ဘာအတွက်လဲမောင်"
ကြောင်တယ်လို့ပဲပြောပြော
ပေါတယ်လို့ပဲတွက်တွက်
သူ့ရည်ရွယ်ချက်က
လောကရဲ့အဖြစ်အပျက်
ကျိုးကြောင်းဆက်စပ်မှုနဲ့
ပြုပြင်မလို့..တဲ့...
"အို့ ... ဘယ်လို ဘယ်လို"
ဆိုလိုတာက
အချနဲ့အချီ
ညီရမယ်ပေါ့
နောက်တော့ ရှင်းသွားမှာပါ
အသာလေးနားထောင်
မောင်ပြောပြမယ်...
ခုနက လူပေါ့
မော့မော့ငေးငေးနဲ့
မကြာလိုက်သေးခင်
ဖရုံစင်တခု
ဘုကြည့်ကြည့်လိုက်ပြီး
"ဟိုက်! မဖြစ်သေးဘူး
နွယ်က သေးသေးနဲ့
ကြီးလေးတဲ့ ဒီအသီး
ဘယ်နည်းနဲ့မှ ခွင့်မလွှတ်နိုင်
ကိုင်တွယ်ကာ ငါရှင်းမဟဲ့"လို့
စာရင်းတို့ထားလိုက်သတဲ့...
"ဘယ့်နှယ့်လူကြီးလဲ"
ကဲကဲ နေဦး
ဆုံးအောင်နားထောင်
တောင်ကြည့်မြောက်ကြည့်နဲ့
ရှေ့တည့်တည့်က ညောင်ပင်
ဆင်ခြင်လိုက်ပြန်တယ်...
"အယ်... အပင်က ကြီးပြီး
အသီးကျမှ သေးတယ်
အေး... ဟုတ်ပြီ ဟုတ်ပြီ
ဒီအသီး နေရာမှာ
တခါ ငါတွေ့ဖူးတဲ့
ဟိုအပင်က အသီး...
ဒီအသီးလေးတွေကို ဟိုမှာတပ်
ဒါမှ လိုက်ဖက်မှာ..."
ဒါပေမယ့် သူ့ခမျာ
ဗိုက်ဆာလာတာနဲ့
ပါလာတဲ့ စားမြိန်ထုပ်
အုပ်ပစ်လိုက်ပြီး
ညောင်ပင်ကြီးရဲ့ခြေရင်း
မှေးစင်းလို့ကောင်းတုန်း
ဗြုန်းကနဲဆို
ဟိုထိပ်ဖျားက ညောင်စေ့
သူ့မေးစေ့ပေါ် တည့်တည့်ကျ
"အောင်မယ်လေးဗျ"ဆိုပြီး
ကုန်းကနဲ အထ
တခဏလောက် ဆင်ခြင်လိုက်တယ်...
"အကယ်၍သာ
ဒီနေရာမှာ
ဟိုအသီးကြီးသာဆို
အလို! ခက်ရချည်ရဲ့..."
အဲ့ဒီတော့မှ
နောင်တတွေ တသီးကြီးနဲ့
"သစ်ပင်ကြီးတို့ရာ
ငါ တောင်းပန်ပါတယ်ကွာ"လို့
လာလမ်းအတိုင်း ပြန်လှည့်
ရွာပြန်ခဲ့ရတယ်ဆိုပဲ...
ကဲကဲ အိပ်တော့ကွယ်ရှင်မ
မနက်ကျရင်
အလုပ်ရှင်အတွက်
ယက္ကန်းစင် တက်ရမှာမို့
စက်တော့ကွယ် ဒီညချမ်းမှာ
ပန်းတာတွေ လျှောစေဖို့
နမ်းကာလေ ပြောမယ်
ရှင်မရေ... မန်းထာအော...။ ။

-နေမင်းနီ-
(မန်းထာအော = ချင်းဘာသာစကားတွင် 'အိပ်မက်လှလှ မက်ပါစေ')
ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။

Read More...