23 June 2009

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ (မောင်စွမ်းရည်)


နိုင်ငံရေးသမားလို အများအကျိုးကို ထမ်းဆောင်ရသူတဦးဟာ စာပေအနုပညာများကို မြတ်နိုးသူမဟုတ်ရင် နည်းနည်းစိုးရိမ်ရပါတယ်။ စာပေအနုပညာများကို မမြတ်နိုးသူဟာ “ရုပ်ကြမ်းသမား” တွေ ဖြစ်တတ်ပါတယ်။ ရုပ်ကြမ်းသမားဆိုတာ စိတ်နှလုံးမနူးညံ့တဲ့၊ စာနာထောက်ထားမှုမရှိတဲ့၊ ခံစားမှုမဲ့တဲ့လူမျိုးကို ဆိုလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စာပေအနုပညာများကို မြတ်နိုးတဲ့ နိုင်ငံရေး သမားတဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ အကြမ်းနည်းနဲ့ ပြဿနာဖြေရှင်းတာကို မနှစ်သက်သူဖြစ်နေတာလို့ ယုံကြည်ပါတယ်။ သာမန်အားဖြင့်လည်း ပညာတတ်လူယဉ်ကျေးဆိုတာမျိုးဟာ စာပေအနုပညာများကို လေးစားရ၊ မြတ်နိုးရ၊ တန်ဖိုးထားရမြဲမဟုတ်ပါလား။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ခဏတဖြုတ်လောက်ပဲ အချိန်အားရရင်ပဲ သူ့အနီးအပါးမှာ ဆရာဒဂုန်တာရာ ရှိလို့ကတော့ စန္ဒယားတီးခိုင်းတော့တာပါပဲ။ တခါတရံ မဆိုတတ်ဆိုတတ်နဲ့ သီချင်းဝင်ဆိုတတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုယ်တိုင် စန္ဒယားတီးပြီး ဂီတနဲ့ မွေ့လျော်လေ့ရှိသူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် စတင်တွေ့ဆုံဖူးတာက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ ဖြစ်ပါတယ်။ နောင်လည်း စာကြည့်တိုက်မှာပဲ ဆုံရတာ များပါတယ်။ အချိန်ရှိသရွေ့ စာပေမှာ မွေ့လျော်သူတဦးဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ ကျနော်က ကဗျာဆရာတဦးဖြစ်လို့ ကဗျာဆရာတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲဆိုတာ နည်းနည်းတင်ပြချင်ပါတယ်။ ဒေါ်စုဘက်ကလည်း ကဗျာဆရာများအပေါ်မှာ ဘယ်လိုမြင်တယ်ဆိုတာကိုလည်း ကျနော်တို့ ဖြတ်သွားဖြတ်လာ တွေ့ဆုံရင်းနဲ့ အကဲခတ်သိရှိရသမျှကို တင်ပြချင်ပါတယ်။

ထူးခြားချက်တခုကတော့ ဒေါ်စုအနေနဲ့ ဗမာပြည်မှာ လူထုလှုပ်ရှားမှုထဲကို ပါဝင်လာပြီးတာနဲ့ သိပ်မကြာဘူး။ မြန်မာ စာပေလောကထဲက ကဗျာဆရာတွေ အားလုံးလောက်နဲ့ သိကျွမ်းရင်းနှီးပြီး ဖြစ်နေခဲ့ပြီဆိုတာပါပဲ။ ဗမာပြည်မှာ ဒီမိုကရေစီအရေးအခင်းကြီး ဖြစ်ပေါ်လာခဲ့တဲ့အခါ ပြည်သူအားလုံးနဲ့အတူ ကဗျာဆရာတွေ အားလုံးလည်း ထောက်ခံ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြလက်မှတ်ကောက်ခံတဲ့အခါမှာ အသက်အကြီးဆုံး စာဆိုကြီး နှစ်ဦးဖြစ်တဲ့ ခေတ်စမ်း စာဆိုကြီးနှစ်ဦးက အဦးဆုံး လက်မှတ်ထိုးပေးခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံ ဖြစ်စမှာပဲ ကဗျာဆရာကြီး ဇော်ဂျီက ကျန်းမာရေးချို့တဲ့လာခဲ့ပါတယ်။ အိမ်ထဲမှာပဲ တွန်းလှည်းပေါ်မှာ နေထိုင်ရွေ့လျားခဲ့ရပါတယ်။ မကြာခင် အိပ်ရာပေါ်မှာပဲ နေရတဲ့ အခြေအနေကို ရောက်ပြီး ကွယ်လွန်သွား ခဲ့ပါတယ်။

ဆရာကြီး မင်းသုဝဏ်ကတော့ ကမာရွတ်အ၀ိုင်းမှာ နေ့ရော ညပါ လေထဲမိုးထဲ အစာငတ်ခံဆန္ဒပြကြတဲ့ ကျောင်းသား လူငယ်တွေကို မျက်ရည်စက်လက်နဲ့ ထွက်ပြီး အားပေးနိုင်ခဲ့ပါသေးတယ်။ “ငါ့မျက်ရည် မထိန်းနိုင်လို့” ဆိုပြီး အိမ်ပြန်သွားပါတယ်။ အိမ်မှာ ကဗျာတပုဒ်ရေးဖွဲ့ ကျနော့်လက်ထဲကို ထည့်လိုက်ပါတယ်။ လူငယ် သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ကဗျာပါ။ ကျနော်ကိုပဲ ဖတ်ပြပေးပါလို့ တာဝန်ပေးလို့ ပရိသတ်ရှေ့ကို သွားရောက်ဖတ်ပြရတဲ့အခါ ပရိသတ်က အကြိမ်ကြိမ်ထပ်ပြီးဖတ်ခိုင်းပါတယ်။ အလွန်အားတက် ဂုဏ်ယူကြ ပါတယ်။ (ပရိသတ်ထဲမှာ ကဗျာဆရာ ပုတီးကုန်း မောင်စိန်ဝင်းနဲ့ ပျဉ်းမနား မောင်နီသင်းလည်း ပါပါတယ်။) အဲဒီကဗျာကိုတော့ အမေလူထု ဒေါ်အမာက လှမ်းတောင်းလို့ တယ်လီဖုန်းပေါ်မှာ နှုတ်နဲ့ပဲ ရွတ်ဆိုပြီး ပို့ပေးလိုက်ရပါတယ်။ ပြီးတော့ မန္တလေးကထုတ်တဲ့ ရှစ်လေးလုံးဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ဆရာကြီးမင်းသုဝဏ်ဟာ တရားရိပ်သာတခုကို ၀င်ဖို့ ပြင်ဆင်နေဆဲပါ။ ဒါပေမယ့် “ငါ့သူငယ်ချင်းရဲ့ သမီးကို ငါမျက်နှာလွှဲနေလို့ ဘယ်ဖြစ်မလဲ” လို့ဆိုပြီး ဒေါ်စုကို ထောက်ခံအားပေးခဲ့ပါတယ်။ ၁၉၃၆ က ကိုအောင်ဆန်းတို့ သပိတ်မှောက်တော့ ဆရာမင်းသုဝဏ်က တက္ကသိုလ်မှာ ဆရာဖြစ်နေပါတယ်။ ကိုအောင်ဆန်းတို့ရဲ့ ဆရာပါ။ ဒါပေမယ့် ဆရာက သူငယ်ချင်းလို့ပဲ ပြောခဲ့ပါတယ်။ ခေတ်စမ်းစာဆိုကြီးနှစ်ဦးဟာ ဖခင်လက်ထက်မှာရော၊ သမီးလက်ထက်မှာပါ အုပ်စိုးသူများကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်အန်တုပြီး အမှန်တရားဘက်က ထောက်ခံရပ်တည်ခဲ့ကြ ပါတယ်။

ခေတ်စမ်းစာဆိုတဦးဖြစ်ခဲ့ပြီး ကိုအောင်ဆန်းနဲ့လည်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်ခဲ့သူ ကဗျာဆရာ ဒဂုန်တာရာဟာ စစ်ပြီးခေတ်မှာ ပြည်သူ့စာပေခေတ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ စာဆိုတာရာကလည်း သူ့သူငယ်ချင်းရဲ့သမီးကို အားပေးထောက်ခံပါတယ်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖွဲ့ခြင်း ဖြစ်တယ်” ဆိုတဲ့ ဂန္ဓီ၊ မင်ဒဲလား လမ်းစဉ်ကို စွဲကိုင်ကြေညာရင်း ဒေါ်စုဘက်က ရပ်တည်ခဲ့ပါတယ်။

ရှင်လေးလုံးအရေးတော်ပုံကာလမှာ မန္တလေးက ဆင်းလာခဲ့ကြတဲ့ ကျနော်တို့ စာပေသမား သူငယ်ချင်းတစုဟာ အားလုံး ဒေါ်စုကို ၀န်းရံခဲ့ကြပါတယ်။ မုံရွာတင်ရွှေ၊ ပေါ်ဦး၊ ၀င်းဖေ၊ တင်မိုး၊ မောင်မိုးသူ၊ မောင်သာနိုး၊ မောင်စွမ်းရည်တို့တတွေ “တတ်သိအဖွဲ့” ဖွဲ့တော့ စုဝေးပါဝင်ကြပါတယ်။ အဲဒီတုန်းက အခမ်းအနားသဘာပတိ လုပ်သူဟာ ကဗျာဆရာတင်မိုးပါ။ ကဗျာဆရာတဦးက ဦးဆောင်ဖွဲ့စည်းလှုပ်ရှားခဲ့တာကို သမိုင်းတင်ထားရ ပါလိမ့်မယ်။

ကဗျာဆရာတင်မိုးကိုတော့ “ဒီမိုကရေစီအရေးတော်ပုံစာဆို” လို့ ဆိုချင်ပါတယ်။ အရေးတော်ပုံကာလ တလျှောက်လုံး ကဗျာတွေ ရေးဖွဲ့၊ ရွတ်ဆိုဟောပြောခဲ့ပါတယ်။ အဖွဲ့ချုပ်က ထုတ်သမျှ လက်ကမ်းစာစောင်တွေ မှာလည်း ကဗျာနဲ့ ပါဝင်ရေးဖွဲ့အားပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြောင်းကို ဖွဲ့ဆိုဂုဏ်ပြုကဗျာတွေ အများဆုံးရေးဖွဲ့ခဲ့သူဟာလည်း တင်မိုးပဲဖြစ်ပါတယ်။ ကဗျာဆရာတင်မိုးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးအရ အရင်းနှီးဆုံး ကဗျာဆရာလည်း ဖြစ်ပါတယ်။ အရေးတော်ပုံကာလ အရေးအကြီးဆုံးအချိန်တွေမှာ မုံရွာတင်ရွှေ၊ ဦးဝင်းတင်၊ ဗိုလ်သော်က၊ မောင်မိုးသူ စတဲ့ စာပေးသမားများနဲ့အတူ တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ်နဲ့ ရှိနေခဲ့ပါတယ်။

ကဗျာဆရာတင်မိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အရေးတော်ပုံမတိုင်မီကာလကတည်းက သိကျွမ်းရင်းနှီးခဲ့ ပါတယ်။ တင်မိုးက ဒေါ်စုကို ရန်ကုန်မြို့ထဲက လမ်ဘေးစာအုပ်အဟောင်းဆိုင်တွေကို တနေကုန် ဘာမှ မကျွေးဘဲ ခေါ်သွားခဲ့ဖူးတာဟာ အမှတ်တရပြောစရာဖြစ်ခဲ့ပါတယ်။ ဒေါ်စုက “ဆရာမိုးရေ ကျမတော့ ဆာပြီ” ဆိုမှ သတိရပြီး လမ်းဘေးခေါက်ဆွဲသုပ်ဆိုင်တဆိုင်ကို ခေါ်သွားသတဲ့။ ဒေါ်စုကလည်း လမ်းဘေး အသုပ်ဆိုင်မှာပဲ မြိန်ရေရှက်ရေ စားရှာပါသတဲ့။ ဒီလိုနဲ့ စာအုပ်ရှာတာ တနေကုန်သွားခဲ့ပါတယ်။

ကဗျာဆရာကြည်အောင်နဲ့ ကိုလေး (အင်းဝဂုဏ်ရည်) တို့နှစ်ဦးကတော့ အညာမှာပဲ နေကြတာဖြစ်လို့ အရေးတော်ပုံကာလမှာ ကျနော်တို့နဲ့ မဆုံနိုင်ခဲ့ကြပါဘူး။ ရန်ကုန်မှာ ဒေါ်စုကို အနီးကပ် မ၀န်းရံနိုင်ဘဲ အဝေးကပဲ ၀န်းရံခဲ့ရပါတယ်။ ဒါပေမယ့် အမျိုးသားနေ့လို အခါကြီးရက်ကြီးတွေမှာ ကြည်အောင်နဲ့ကိုလေးတို့ နှစ်ဦးကို ရန်ကုန်ရုံးချုပ်မှ ဖိတ်ခေါ်ပြီး ဟောပြောစေပါတယ်။ ဒီကဗျာဆရာနှစ်ဦး သူများနဲ့မတူတာက မန္တလေးတက္ကသိုလ် ကျောင်းထွက်တွေ ဖြစ်ကြတဲ့အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးလိုဟာမျိုးကအစ ရတု၊ ရကန်၊ အဲ၊ အန် တွေကို စနစ်တကျ ရွတ်ဆိုတတ်သူတွေဖြစ်ပါတယ်။ သူတို့ ရွတ်ဆိုဟောပြောတာတွေကို ဒေါ်စုကအစ အဖွဲ့ချုပ်က ရဲဘော်ရဲဘက်တွေက အထူးသဘောကျကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးကိုပဲ နှစ်စဉ်ဖိတ်ကြားလေ့ရှိပါတယ်။ ဒေါ်စုက သူတို့ကို နိုင်ငံခြားက စာအုပ်တွေမှာပြီး လက်ဆောင်ပေးပါတယ်။ ကဗျာဆရာအောင်ဝေးကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ပေးချက်အရ မြစ်ဝကျွန်းပေါ်ဒေသ စည်းရုံးရေးကိစ္စတွေကို ဆောင်ရွက်ရသူဖြစ်ပါတယ်။ “ကိုအောင်ဝေးရေ ဒေါ်စုနဲ့ ကဗျာအကြောင်း စာအကြောင်း လေးများ ဆွေးနွေးဖြစ်တာရှိရင် ဒို့များလည်း မှတ်သားရအောင် ဖောက်သည်ချပါဦး” လို့ ပြောဖူးပါတယ်။ “ဆရာရေ- ဆုံဖြစ်ကြတာတွေက အဖွဲ့ချုပ်ကိစ္စတွေနဲ့ချည်းဆိုတော့ ကဗျာအကြောင်း စာအကြောင်း မပြောဖြစ်ပါ ဘူး” လို့ ပြန်ဖြေပါတယ်။ ကျနော်ကပဲ ကျနော်တို့နဲ့ ပြောဖူးတာလေးတွေကို ဖောက်သည်ချရပါတယ်။

အရေးတော်ပုံကာလမှာ တင်မိုးက အစိုးရအလုပ်က အငြိမ်းစားယူပြီးပါပြီ။ ကျနော်ကတော့ အရေးအခင်းအပြီးမှာ ရုံးကို ပြန်တက်နေပါတယ်။ ပြီးမှစောပြီး အငြိမ်းစားယူလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရုံး၊ သူ့ခြံထဲမှာ အလုပ်ရှုပ်နေလို့ ကဗျာဆရာတွေနဲ့ အလ္လာပသလ္လာပပြောဖို့ အချိန်မရရှာပါဘူး။ လမ်းဘေးဟောပြောပွဲတွေ လုပ်တာကိုတော့ ကျနော်တို့ မပြတ်သွားနားထောင်ပါတယ်။ ဒေါ်စု သာရေးနာရေးတွေကို ထွက်လာတဲ့အခါ မှာလည်း ဆုံဖြစ်ပါတယ်။ ဆရာကြီး မင်းသုဝဏ်တို့၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့ ထမနဲပွဲတွေမှာ အမြဲလာပါတယ်။ အဲလိုအခါတွေမှာ ကဗျာဆရာကြီး ဒဂုန်တာရာနဲ့ရော၊ ကျနော်တို့နဲ့ရော ဆုံခွင့်ကြုံရပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ လေထီးဦးအုန်းမောင်၊ ဗိသုကာ ဦးကျော်မင်း၊ တိုင်းစည်းရုံးရေးမှူး ဦးသိန်းတင်၊ မုံရွာ ဦးတင်ရွှေ၊ ဟာဂျီဦးမြသန်း၊ စာရေးဆရာ မြသန်းတင့် စတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ကွယ်လွန်နှစ်ပတ်လည်ပွဲတွေ မှာလည်း မပျက်မကွက် လာလေ့ရှိပါတယ်။ အဲလိုလာတဲ့အခါ ဒေါ်စုနဲ့အတူ ဦးတင်ဦး၊ ဦးကြည်မောင်၊ သခင်အုန်းမြင့်တို့ သုံးဦးကတော့ အမြဲပါလေ့ရှိပါတယ်။

မုံရွာတင်ရွှေက ကျနော်တို့ရဲ့ ရဲဘော် သူငယ်ချင်းပါ။ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဟောင်းပါ။ ဒါကြောင့် တင်မိုး၊ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ခေါ် ခရစ်ယာန် သာသနာပိုင်ချုပ် အင်ဒရူး မြဟန် စတဲ့ ငယ်ပေါင်းရဲဘော်များက မပျက်မကွက် စုံစုံညီညီသွားလေ့ရှိပါတယ်။ တခါတော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က မုံရွာ ဦးတင်ရွှေရဲ့အိမ် (အင်းစိန်၊ နံ့သာကုန်း)ရဲ့ အပေါ်ထပ်မှာ အစောကြီး ရောက်နှင့်နေတယ်။ ကျနော်တို့အဖွဲ့က နောက်ကျရောက်ပြီး အောက်ထပ်မှာပဲ စကားဝိုင်းဖွဲ့နေကြပါ တယ်။ ခဏနေတော့ ရဲဘော်တယောက် ရောက်လာပြီး ကျနော်တို့ကို “အပေါ်ကြွပါ” လို့ ဖိတ်ခေါ်ပါတယ်။ အပေါ်တက်သွားတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ စားပွဲဝိုင်းက သခင်အုန်းမြင့်က လှမ်းပြီး လက်ယက် ခေါ်ပါတယ်။ သူနဲ့အဖွဲ့ဝင်လူကြီးတချို့က ထပေးပြီး ကျနော်တို့တဖွဲ့လုံးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောကြဖို့ ဆုံပေးပါတယ်။ ဒီလို စကားဝိုင်းဖွဲ့ခွင့်မျိုးကို သခင်အုန်းမြင့်က မကြာခဏ လုပ်ပေးလေ့ရှိပါတယ်။

ကျနော်တို့တတွေ ဒေါ်စုနဲ့ ဆုံမိကြတဲ့အခါ တခါမှ နိုင်ငံရေးစကား မပြောဖြစ်ကြပါဘူး။ နိုင်ငံရေးအကြောင်းအရာ အနေနဲ့ ထူးပြီးပြောစရာလည်း မရှိပါဘူး။ နိုင်ငံရေးအသိအမြင်ကလည်း ခြားနားတာရှိကြတာမှ မဟုတ်ဘဲကိုး။ ဒါကြောင့် စာကြောင်းပေကြောင်းလောက်ပဲ ပြောဖြစ်ပါတယ်။ မုံရွာ ဦးတင်ရွှေရဲ့ အဲဒီနှစ်လည်ပွဲမှာ ထူးထူးခြားခြား ပြောမိကြတာကို ခေါင်းစဉ်တပ်ရရင် “ကဗျာဆရာများနဲ့ နိုင်ငံရေး” လို့ တပ်ရပါလိမ့်မယ်။ ဒေါ်စုက ကျနော်တို့ ကဗျာဆရာတွေကို ကြည့်ပြီး “နိုင်ငံမှာ အရေးရယ်လို့ ကြုံလာရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့ကရောက်လာပြီး ပါဝင်ဆင်နွှဲကြလေ့ရှိပါတယ်။ အဲဒါဟာ ကဗျာဆရာတွေရဲ့ ထူးခြားချက်လို့ ကျမတော့ ထင်မိတယ်။ ဆရာတို့ ဘယ်လိုသဘောရသလဲတဲ့။ ဒီပွဲမှာ ကျနော့်ထက် အသက်လည်းကြီး၊ ၀ါလည်းကြီးတဲ့ ကဗျာဆရာ သုံးဦးပါဝင်နေပါတယ်။ တင်မိုး၊ မောင်ပေါက်စည်(မန်းတက္ကသိုလ်) နဲ့ မောင်သာနိုးတို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အဖြေကို စောင့်နေရပါတယ်။ အတန်ကြာငြိမ်နေတော့ တင်မိုးက “ခင်ဗျားပြောလိုက်ပါ” လို့ ကျနော့်ကို လှည့်ပြီး ပြောလိုက်ပါတယ်။

ကျနော့်အနေနဲ့ကလည်း အဖြေကို သိပ်စဉ်းစားချိန်မရပါဘူး။ ကိုယ်ဘာဖြေရဖို့လည်း အသင့်ပြင်မထားပါဘူး။ ခုလို တင်မိုးက မေးထိုးပြီး ခိုင်းလိုက်တော့ ပြောလိုက်ရပါတယ်။ “ကျနော်တို့ ခေတ်သစ် ဗမာစာပေလောကမှာ ရှေ့ဆုံးက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရှိပါတယ်။ ဆရာကြီးက နိုင်ငံမှာ အရေးကြုံတိုင်း ရှေ့ဆုံးက ပါခဲ့ပါတယ်။ “အရေးကြီးရင်၊ သွေးနီးရာပါစမြဲ” လို့ ကြွေးကြော် ၀င်ရောက်လာလေ့ရှိပြီး လေးချိုးကဗျာကြီးတွေနဲ့ ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။ ဒီအစဉ်အလာအရ ကဗျာဆရာဆိုတာ နိုင်ငံရေးမှာ ပါရမယ်လို့ စွဲမြဲ ယုံကြည်ထားကြပါတယ်။ ဒါဟာ ဆရာကြီး ချမှတ်စိုက်ထူခဲ့တဲ့ အစဉ်အလာပါ” လို့ ဖြေကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာပေါ်မှာ ဘ၀င်ကျသွားတဲ့ လက္ခဏာ မပေါ်လာပါဘူး။ “ဆရာ၊ အဲဒါလည်း မှန်ပါ တယ်။ ဒါက ဗမာပြည်ရဲ့ အစဉ်အလာဖြစ်မှာပါ။ ဒါပေမယ့် ကျမက နိုင်ငံတကာရဲ့ အစဉ်အလာကို ပြောလိုတာပါ။ နိုင်ငံတိုင်းမှာလိုလိုပဲ ကျမ သတိပြုမိတာက အရေးကြုံရင် ကဗျာဆရာတွေ ရှေ့ဆုံးက ပါဝင်လာကြတာပဲ။ အဲဒါ ထူးခြားတယ်လို့ ကျမထင်လို့ပါ။ အဲဒါကို ဆရာတို့ ဘယ်လိုသဘောရပါသလဲ” တဲ့ ထပ်ပြီး ဆွေးနွေးလိုက်ပါတယ်။

ကျနော့်ဦးနှောက်ထဲမှာ ယိတ်(ခ်)၊ အော်ဒင်၊ မာယာကော့ဖ်စကီး၊ လူရွှင့်၊ တဂိုး စတဲ့ ကဗျာဆရာကြီးတွေရဲ့ နာမည်တွေနဲ့ သူတို့ကဗျာတွေ ပဲ့တင်ထပ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကဗျာဆရာတွေထဲက ဘယ်သူမှ ရုတ်တရက် ၀င်မဖြေဖြစ်ကြပါဘူး။ ဒီမှာတင် မမျှော်လင့်တဲ့ ပုဂ္ဂိုလ်တဦးက ၀င်ပြီး “ကျနော်က ကဗျာဆရာမဟုတ်ပေမယ့် အဖြေတခု ပြောကြည့်ချင်ပါတယ်” လို့ ခွင့်တောင်းလာပါတယ်။ ကျနော်တို့အားလုံးကလည်း ၀မ်းပန်းတသာနဲ့ ဖိတ်ခေါ်ပါတယ်။

“ဒီလိုပါ။ ကဗျာဆရာ စတဲ့ အနုပညာရှင်တွေဟာ အမှန်တရားကို ရှာဖွေသူတွေ၊ အမှန်တရား သစ္စာတရားကို ယုံကြည်ကိုးကွယ်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတနိုင်ငံမှာ အရေးအခင်းတခု ကြုံရရင် အမှားဘက်၊ အမှန်ဘက် ဆိုတာ ရှိစမြဲပါပဲ။ ဒီအခါမှာ အမှန်တရားဘက်ကနေပြီး ကဗျာဆရာတွေက ရှေ့ဆုံးက ၀င်ပါလာကြတယ်လို့ ကျနော်ထင်ပါတယ်” တဲ့။ ကျနော်တို့အားလုံးက ၀မ်းပန်းတသာနဲ့ ဒီအဖြေကို သဘောတူလိုက်ကြပါတယ်။ ဖြေဆိုသူက ဗိုလ်ချုပ်တင်ဦး။ စစ်သားကြီး တင်ဦးပါ။ သူလည်း အမှန်တရားကို ကိုးကွယ်သူပါ။

နိုင်ငံမှာ အရေးကြုံရင် ကဗျာဆရာများရော၊ စစ်ဗိုလ်စစ်သားများပါ အမှန်တရားဘက်က ၀ိုင်းရံလေ့ရှိကြပါတယ်။ အမှန်တရားကို မြတ်နိုးသူတိုင်း ဒေါ်စုကို ဆက်လက်ဝန်းရံကြပါစို့။ ဒေါ်စု ကျန်းမာပါစေ၊ အန္တရာယ်လည်း ကင်းပါစေ လို့ ကဗျာဆရာများက ဆုတောင်းလိုက်ပါကြောင်း။ ။

၊မောင်စွမ်းရည်၊
၂၂၊ ၆၊ ၂၀၀၉

4 comments:

  1. တန်ဖိုးရှိသောစာတွေပါပဲ

    ReplyDelete
  2. မင်္ဂလာပါ။ ဘလော့ဂ်ကို လာလည်သွားတာ ကျေးဇူး။ နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ အားတဲ့အချိန်မှ အေးဆေးလာဖတ်ပါဦးမယ်။

    ReplyDelete
  3. အဟောင်းထပ်ဖတ်သွားပါတယ်

    ReplyDelete
  4. ကဗျာတွေဖတ်လို့မဝနိုင်အောင်ပါပဲ။

    ReplyDelete