18 June 2009

၁၉၇၅ ဇွန် ၆ ကျောင်းသားသပိတ်ကြီး (ဝင်းတင့်ထွန်း)


၁၉၇၄ ခုနှစ်၊ ဇွန် ၆ အလုပ်သမားသပိတ်ကြီးရဲ့ နှစ်ပတ်လည်အဖြစ် ၁၉၇၅ ခု၊ ဇွန် ၆ ကျောင်းသားသပိတ်ကြီးကို ကျောင်းသားတစုက စတင်ဖော်ထုတ်ဆင်နွှဲလိုက်ကြတာဖြစ်ပါတယ်။ တဖက်မှာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ စားဝတ် နေရေးအကြပ်အတည်းတွေ တနေ့တခြား ကြီးမားနက်ရှိုင်းလာနေတုန်း၊ တဖက်မှာ စစ်အစိုးရရဲ့ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အလုပ်သမား သွေးမြေကျရမှုတွေ၊ ကျောင်းသား သွေးမြေကျရမှုတွေ ဆက်တိုက်ကြီး လိုလို ကြုံတွေ့ခဲ့ရပြီး နာကျည်းခါးသီးဖွယ်ရာတွေ လတ်လတ်ဆတ်ဆတ်ကြီး ခံစားနေရတုန်းမှာ စစ်အစိုးရရဲ့ ဖောက်ပြန်ရက်စက်တဲ့ အုပ်စိုးမှုကို လက်မခံနိုင်ကြောင်း ဖော်ပြလိုက်ကြတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲ လမ်းကြောင်းကို ထပ်လောင်းတွန်းတင်နိုင်ဖို့ အားထုတ်လိုက်ကြတဲ့ ကျောင်းသားထုရဲ့ အံတုစိန်ခေါ်ပွဲကြီးဖြစ်ပါတယ်။ ၇၄ ဇွန် ၆ အလုပ်သမားသပိတ်ကြီးနဲ့ ၇၄ ဒီဇင်္ဘာ ဦးသန့်အရေးအခင်းကြီးဟာလည်း ၆ လပဲ ကွာခြားသလို ဦးသန့်အရေးအခင်းနဲ့ ၇၅ ဇွန် ၆ ကျောင်းသားသပိတ်ကြီးဟာလည်း ၆ လခန့်ပဲ ကွာခြားခဲ့ပါတယ်။

၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မနက် တက္ကသိုလ်နယ်မြေထဲမှာ ကျောင်းသားတွေ စုစည်းကြပြီး ကျောင်းဝင်းထဲကနေ ကျောင်းပြင်အထိထွက်ပြီး စီတန်းလှည့်လည်ဆန္ဒပြပွဲကြီးနဲ့ စတင်ဖော်ထုတ်လိုက်ကြပါတယ်။ ပညာရေးတက္ကသိုလ်ဝင်း အပေါက်ကနေ ထွက်လာပြီး ပြည်လမ်းမကြီးအတိုင်း ရန်ကုန်မြို့ထဲဆီ ဦးတည်ကြွေးကြော် ချီတက်ခဲ့ကြပါတယ်။ အသံ လွှင့်ရုံရှေ့ကနေ ဖြတ်လာခဲ့ပြီး ကြံတောဘက် ချိုးကွေ့တဲ့လမ်းအတိုင်း ဝင်ခဲ့ကြပါတယ်။ ကြံတောရှေ့က အသုဘခေါင်း ရောင်းတဲ့ဆိုင်တခုထဲ အခေါင်း ၂ ခုကို ရယူခဲ့ပြီး တခေါင်းကို ‘နေဝင်း’လို့ ကမ္ဗည်းထိုး၊ တခေါင်းကို ‘စန်းယု’လို့ နာမည်တပ်ကာ ကြိုးနဲ့ဆွဲခဲ့ကြပါတယ်။ အောက်ဖက်လမ်းအတိုင်း ဆက်လက်ချီတက်ကြကာ အဲဒီကမှ မြို့လည် ဗန္ဓုလ ပန်းခြံရှေ့ဆီ ချီတက်ခဲ့ကြခြင်းဖြစ်ပါတယ်။ လမ်းတလျှောက် “နေဝင်း-စန်းယု စစ်အစိုးရ - အလိုမရှိ”၊ “ဖမ်းဆီး အလုပ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာတော်များ ပြန်လွှတ်ရေး - ဒို့အရေး”ဆိုတဲ့ ကြွေးကြော်သံတွေ တခဲနက် ကြွေးကြော်ခဲ့ကြပါတယ်။ ဗန္ဓုလပန်းခြံရှေ့မှာ နေဝင်းနဲ့စန်းယုကို အမိန့်တော်ပြန်ပြီး အခေါင်းနှစ်လုံးကို မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။

နောက်တနေ့မှာ RIT (စက်မှုတက္ကသိုလ်)ဝင်းထဲ လူစုပြီး စက်မှုတက္ကသိုလ်ကနေ အင်းစိန်ထောင်ကြီးဆီ သွားရောက် ခဲ့ကြပြီး ထောင်ကြီးရဲ့ နံရံတလျှောက် လှည့်လည်ချီတက်ဝိုင်းရံကာ ဆန္ဒပြကြွေးကြော်သံတွေ ပဲ့တင်ထပ်စေခဲ့ပါတယ်။ “အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို - ထပ်ချဲ့လိုက် ထပ်ချဲ့လိုက်”ဆိုတဲ့ကြွေးကြော်သံတွေ သောသောညံခဲ့ပါတယ်။

ပထမမှာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်းမှာပဲ သပိတ်စခန်းပြုကာ စစ်အစိုးရဆန့်ကျင်ရေးတရားပွဲတွေ ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာ ရွှေတိဂုံကုန်းတော်ပေါ် စခန်းပြောင်းပြီး သပိတ်ကြီးကို ဆက်လက်ဆင်နွှဲခဲ့ကြပါတယ်။

စစ်အစိုးရက ‘ကျောင်းသားဆိုးများရဲ့ လှုပ်ရှားမှု၊ ဗကပလိုလားသူ ကျောင်းသားတစုရဲ့ လှုံ့ဆော်ဖန်တီးမှု’ စသဖြင့် စသဖြင့် သတင်းစာ၊ ရေဒီယိုတို့ကနေ ပြစ်တင်ရှုတ်ချ သရုပ်ဖျက်ခဲ့ပါတယ်။ သောင်းနဲ့ချီတဲ့ စီတန်းလှည့်လည် ဆန္ဒပြပွဲ ကြီးတွေအတွင်းမှာ ကျောင်းသားတွေသာမက၊ အလုပ်သမား၊ ဝန်ထမ်းနဲ့ မြို့နေဆင်းရဲသားတွေပါ ပါဝင်ပူးပေါင်းခဲ့ကြပြီး စစ်အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

ဒီ ၇၅ ခုနှစ်၊ ဇွန် ၆ ကျောင်းသားသပိတ်ကြီးကိုလည်း စစ်အစိုးရဟာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်များရဲ့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံကုန်းတော်ပေါ်ကို စစ်ဖိနပ်တွေနဲ့ ဒရမန်းကြမ်း တက်ဝိုင်းခဲ့ပြီး နှိမ်နင်းရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ အကုန်လုံး မိသမျှကို အင်းစိန်ထောင် ပို့ခဲ့ပြီး ပြစ်ဒဏ်ပေး ထောင်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်ထဲမှာပဲ ပဲခူးရိုးမ အခြေခံဒေသနဲ့ မြစ်ဝကျွန်းပေါ်ဒေသတခွင်ရှိ ဗကပနဲ့ မဒညတ အင်အားစုတွေအပေါ် ထိုးစစ်ဆင်ပြီး စစ်အစိုးရက အသာစီးရသွားပေမယ့် နိုင်ငံရေးအရ၊ စီးပွားရေးအရတော့ စစ်အစိုးရအဖို့ အကြပ်အတည်း ကြီးသထက် ကြီးလာခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။ ၇၄ ခုနှစ်ကတည်းက အလုပ်သမားသပိတ်နဲ့ ဦးသန့်အရေးအခင်းကို စစ် တပ်နဲ့ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် နိုင်ငံရေးသိက္ခာ ကျခဲ့ရတဲ့ စစ်အစိုးရဟာ ၁၉၇၅ ခုနှစ်၊ ဇွန် ၆ ကျောင်းသား သပိတ်ကြီးနဲ့ ဆက်လက်ကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးသိက္ခာ ထပ်မံကျဆင်းခဲ့ရပြန်ပါတယ်။ ၇၄-၇၅ စီးပွားရေးစီမံကိန်း ဟာလည်း လျာထားချက်အတိုင်း ဖြစ်မလာခဲ့ပါ။ ကုန်ဈေးနှုန်းတက်မှုတွေနဲ့ ငွေကြေးဖောင်းပွဲမှုတွေကို ဘယ်လိုမှ ကာကွယ်နိုင်ခြင်းမရှိခဲ့ပါ။ ဗကပ က ဖြုတ်ထုတ်သတ်လမ်းစဉ် မှားတယ်လို့ သုံးသပ်ပြီး တရားဝင် ရပ်ဆိုင်းသွားပေမယ့် မဆလဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့ ဖြုတ်ထုတ်လမ်းစဉ်ကတော့ ဆက်လက်သက်ဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီတခါ ဖယ်ရှားခံ လိုက်ရတဲ့သူကတော့ ဝန်ကြီးချုပ် ဦးစိန်ဝင်း (ဗိုလ်မှူးချုပ်စိန်ဝင်း)ဖြစ်ပါတယ်။ ဖိအားပေးပြီး နုတ်ထွက်ခိုင်းခဲ့ပါတယ်။

ဗကပ ရိုးမဗဟိုဟာ ဥက္ကဋ္ဌ သခင်ဇင်၊ အတွင်းရေးမှူး သခင်ချစ်တို့ ကျဆုံးရပြီးနောက် ပြိုပျက်သွားခဲ့ရပေမယ့် အရှေ့မြောက် ဗကပ ဗဟိုဟာ အုံနဲ့ကျင်းနဲ့ ဆက်လက်ထွက်ပေါ်လာခဲ့ပါတယ်။

KNU ဟာလည်း ၇၅ ခုနှစ်ထဲမှာ ရိုးမနဲ့ မြစ်ဝကျွန်းပေါ် အခြေခံဒေသတွေ လက်လွှတ်ဆုံးရှုံးလိုက်ရပြီး အင်မတန် ကြီးမားတဲ့ နစ်နာမှုကြီးတွေ ကြုံတွေ့ခဲ့ရပေမယ့် ဥက္ကဋ္ဌ မန်းဘဇံအပါ၊ ဗိုလ်ချုပ်မြမောင်အပါ KNU ပါတီဝင်တွေဟာ ဗိုလ်ချုပ်မြနဲ့ တလုံးတည်း တစည်းတည်း ပူးပေါင်းလိုက်နိုင်ကြပြီး မာနယ်ပလောကနေ ဒေါနတောင်ကြောတလျှောက်၊ ကရင်ပြည်နယ်တလျှောက်၊ ထိုင်းနိုင်ငံ နယ်စပ်တလျှောက် တော်လှန်ရေးအခြေခံဒေသတွေ ထူထောင်ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ တခုတည်းသော KNU အဖြစ် အုံနဲ့ကျင်းနဲ့ ဆက်လက်လှုပ်ရှားနိုင်ခဲ့ပါတယ်။ ပြည်နယ်ပေါင်းစုံ ပြည်ထောင်စု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (ပမဒတ)ကို ဖွဲ့စည်းလိုက်နိုင်ပြီး ဘုံရန်သူ စစ်အစိုးရ ဦးတည်တိုက်ခိုက်ရေး လမ်းကြောင်းကို ဆက်လက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မာနယ်ပလောမှာ လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပပြီး ပမဒတ ဟာ ဒီနှီးနှောဖလှယ်ပွဲရဲ့ ရလဒ်အဖြစ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ၇၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ပမဒတ မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကတော့ KNU ပါတီ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကလည်း စစ်အစိုးရဆန့်ကျင်ရေးတိုက်ပွဲတွေကို ဆက်လက် အကောင် အထည် ဖော်နေကြဆဲ၊ အလုပ်သမားထု ကျောင်းသားထုတိုက်ပွဲတွေကလည်း တခုပြီးတခု ပေါ်နေဆဲမှာ မဆလ စစ်အစိုးရကတော့ အာဏာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားနိုင်ရေးအတွက် နယ်ပယ်ပေါင်းစုံကို ဟာကွက် မရှိအောင် တဆင့်တိုး ကြိုးပမ်းအားထုတ် ဖိနှိပ်ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စာပေအနုပညာနယ်ပယ် ကိုလည်း တဆင့်တိုး ကန့်သတ်လာပါတယ်။

၁၉၇၅ ခုနှစ်၊ ဇူလိုင်လမှာ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်ရှိတဲ့ ပုံနှိပ်သူနှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်အဖွဲ့ရုံးကနေ ‘စာပေနှင့်စာနယ်ဇင်းများ လိုက်နာကြရမယ့် စာပေမူဝါဒ’ဆိုတာကို ချမှတ်ပေးပြန်ပါတယ်။ (၁) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မထိခိုက်ရေး၊ (၂) နိုင်ငံတော်၏ အယူအဆ လုပ်ငန်းစဉ်မူများကို မထိခိုက်ရ၊ (၃) ဆိုရှယ်လစ်စီးပွားရေးစနစ်ကို မထိခိုက်ရ၊ (၄) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မထိခိုက်ရ၊ (၅) နိုင်ငံတော် လုံခြုံရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေးဘဝကို အန္တရာယ်မဖြစ်စေရ၊ (၆) အချိန်ကာလနှင့် မဆီလျော်သော အတွေးအခေါ်အယူအဆများ မဖော်ပြရ၊ (၇) အချက်အလက်အားဖြင့် မှန်သော်လည်း အခြေအနေနှင့် မဆီလျော်သော ရေးသားချက်များ မဖော်ပြရ၊ (၈) ညစ်ညမ်းအရေးအသားများ မဖော်ပြရ၊ (၉) ရက်စက်ကြမ်းကြုတ်မှု၊ သွေးထွက်သံယိုမှု ပြစ်မှုများကို လှုံ့ဆော်စေသော အရေးအသားများ မဖော်ပြရ၊ (၁၀) အစိုးရဌာနများရဲ့ လုပ်ရပ်များကို အပြုသဘောမဆောင်သော ဝေဖန်ချက်များ မဖော်ပြရ၊ (၁၁) ပုဂ္ဂလိက တဦးတယောက်ကို တိုက်ခိုက်သောစာများ မဖော်ပြရ လို့ ဆိုပါတယ်။ တခွန်းထဲနဲ့ ချုပ်ပြီးပြောရရင်တော့ စစ်အစိုးရနဲ့ပတ်သက်ပြီး၊ မဆလနဲ့ ပတ်သက်ပြီး ဘာမှ မရေးကြနဲ့ဆိုတာ ဖြစ်ပါတယ်။

(ဦးနေဝင်းက ဒေါ်ခင်မေသန်း သေပြီး ဒေါ်နီနီမြင့်ကို ယူ၊ ဒေါ်နီနီမြင့်နဲ့ ကွဲနေစဉ်အတွင်း ရတနာနတ်မယ်ဆိုတာကြီးကို ထပ်ပြီးယူထားတုန်းမှာ၊ ဗိုလ်ချုပ်ကြီးစန်းယုကလည်း ဟိုမိန့်ခွန်းပြောလိုက်၊ ဒီမိန့်ခွန်း ခြွေလိုက်နဲ့ လုပ်ပြနေတုန်းမှာ၊ ဆန်ပြဿနာတွေ ပေါ်ပြီးနောက် စပါးစိုက်ရေး၊ ဆန်တိုးတက်ထုတ်လုပ်ရေးတွေကိုပဲ ပြောတဲ့သူက ပြောနေတုန်းမှာ စာရေးဆရာ ‘မောင်ဖေငယ်’က ‘ဖောင်းကားစား’ဆိုတဲ့ ရာဇဝင်နောက်ခံ စာအုပ်တအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီ ဖောင်းကားစား စာအုပ်ထဲမှာ “မယားပြီး မယား၊ စကားပြီး စကား၊ စပါးပြီး စပါး”ဆိုတာ ထည့်ရေးတဲ့အတွက် မောင်ဖေငယ်ကို တသက်တကျွန်း ထောင်ဒဏ်ချမှတ်တာတောင် လုပ်ပါတယ်။)

၁၉၇၅ ခုနှစ်၊ စက်တင်္ဘာ ၂၈ ရက်နေ့မှာ ရန်ကုန်တိုင်း သတင်းထောက်များ နှီးနှောဖလှယ်ပွဲမှာ ပါတီစာနယ်ဇင်း ဌာနမှူးဖြစ်တဲ့ ဦးစောဦးက မဆလပါတီကိုယ်စား “ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဆန့်ကျင်သူတွေအတွက် လွတ်လပ်စွာ ရေးသားခွင့် မပေးနိုင်ပါဘူး၊ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ ကျနော်တို့ရဲ့ပါတီကို ဆန့်ကျင်နေသူတွေကိုလည်း လွတ်လပ် စွာရေးသားခွင့် မပေးနိုင်ပါဘူး” လို့ ပြောင်ပြောင်တင်းတင်းပဲ ပြောဆိုခဲ့ပါတယ်။

စာပေအနုပညာ နယ်ပယ် တခုလုံးကို လှုပ်မရအောင် စာပေစီစစ်ရေးဌာနဆိုတာနဲ့လည်း ချုပ်ကိုင်ထားခဲ့ပါတယ်။ ဆန့်ကျင်တော်လှန်တဲ့ စာအုပ်၊ စာတမ်း၊ စာစောင်တွေ ထွက်ပေါ်မလာရအောင်၊ စာအုပ်အဆင့်ဆိုတာအထိကို ရောက်မလာရအောင် စာမူတွေကို ကြိုတင်တင်ပြ ခွင့်ပြုချက်ရယူပြီးမှ ရိုက်နှိပ်တဲ့အဆင့်ကို လုပ်ကိုင်စေပါတယ်။ ရိုက် နှိပ်ပြီး ထပ်မံတင်ပြရမယ်၊ ထပ်မံတိုက်ဆိုင်စစ်ဆေးပြီးမှ စာအုပ်ဖြန့်ချိခွင့်ကို ပေးပါတော့တယ်။ အဲဒါကြောင့် တရားဝင် ထုတ်ဝေဖြန့်ချိခွင့် အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ စစ်အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ စာပေအနုပညာတွေကို ရေး သားဖန်တီးလိုသူတွေဟာ တရားမဝင်နည်းနဲ့ပဲ ရိုက်နှိပ်ဖြန့်ချိရပါတော့တယ်။ ဒါကြောင့် စာကူးစက်၊ လက်လှည့်စက် ကလေးတွေနဲ့ပဲ လျို့ဝှက်စွာ ရိုက်နှိပ်ဖြန့်ချိထုတ်ဝေလာကြတဲ့ စာစောင်လေးတွေ ၇၀ ပြည့်နှစ်လွန် နှစ်ဦးပိုင်းတဝိုက် ပလူပျံခဲ့ပါတယ်။

အထူးသဖြင့် ကဗျာစာအုပ်လေးတွေ များပါတယ်။ ဒါတောင် ဖမ်းဆီးခြင်းခံရရင် ထောင်ဒဏ်ချမှတ်ခြင်း ခံရပါတယ်။ ဗမာပြည်က တိုးတက်တဲ့ စာရေးဆရာ၊ ကဗျာဆရာများဟာ အမေရိကန်နယ်ချဲ့တို့ရဲ့ ဗီယက်နမ်ကျူးကျော်စစ်အပေါ် ရှုတ်ချကန့်ကွက်ကြတဲ့ စာကဗျာတွေ၊ ဗီယက်နမ်ပြည်သူများဘက်က ရပ်တည်တဲ့ စာကဗျာတွေ ရေးသားဖန်တီးခဲ့ကြ ပြီး တရားဝင် စာစောင်မဂ္ဂဇင်းများကနေ ဖော်ပြဖြန့်ချိခဲ့ကြတာတွေရှိသလို စာကူးစက်၊ လက်လှည့်စက်လေးများနဲ့ ရိုက်နှိပ်ပြီး တရားမဝင်ဖြန့်ချိရတဲ့ စာစောင် စာအုပ်ငယ်လေးများကနေပြီးလည်း ဖြန့်ချိထုတ်ဝေဖော်ပြတာတွေ ရှိခဲ့ပါ တယ်။ စာပေလွတ်လပ်ခွင့် မရှိတဲ့ကြားက နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်အစိုးရဆန့်ကျင်ရေးတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ ပါတယ်။

စစ်အစိုးရက အကြမ်းဖက်ဖိနှိပ်နေတဲ့ကြားက၊ နည်းအမျိုးမျိုးနဲ့ ကွပ်ညှပ်ပြီး ပိတ်ပင်တားမြစ် ယုတ်မာနေတဲ့ကြားထဲက စစ်အစိုးရဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတရပ် ထပ်မံထွက်ပေါ်လာပြန်ပါတယ်။ ၇၅ ဇွန် ၆ ကျောင်းသားသပိတ်ကြီး အပြီး ၉ လကျော်အကြာမှာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ‘မှိုင်းရာပြည့်’လှုပ်ရှားမှုကြီးပဲ ဖြစ်ပါတယ်။ ။

၊ဝင်းတင့်ထွန်း၊
‘အမှောင်ကြားက ဗမာပြည်’
အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း (၁၉၄၈-၂၀၀၀)မှ ကောက်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment