11 June 2009

၁၉၇၄ ဇွန် ၆ အလုပ်သမားသပိတ်ကြီး (ဝင်းတင့်ထွန်း)


ဇွန်လ ၆ ရက်၊ မနက်မိုးလင်းတာနဲ့၊ စက်ရုံအလုပ်ရုံတွေ စတင်လည်ပတ်တာနဲ့တပြိုင်နက် “သပိတ် သပိတ် … မှောက် မှောက်”ဆိုတဲ့အသံတွေ တနေရာပြီးတနေရာ ရန်ကုန်တမြို့လုံးအနှံ့ ပေါ်ထွန်းလာပါတယ်။ အင်းစိန် မီးရထား စက်ခေါင်းရုံ၊ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံ၊ အုတ်ကျင်း ဂုန်နီစက်ရုံ၊ ဆင်မလိုက် သင်္ဘောကျင်းတို့ကနေ ရန်ကုန် မြို့ရဲ့ စက်ရုံအလုပ်ရုံတွေ ထူထပ်ရာ အင်းစိန်လမ်းမကြီးတလျှောက် အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်မြို့နယ် တွေတလျှောက်၊ စက်ရုံအလုပ်ရုံတွေရဲ့ သပိတ်ကြီးတွေ တလုံးပြီးတလုံး ပေါ်ပေါက်လာပါတယ်။

‘ဆန် လုံလောက်စွာရရှိရေး … ဒို့အရေး’
‘အလုပ်သမားကောင်စီ … ဖျက်သိမ်းပေး’ ဆိုတဲ့ ကြွေးကြော်သံတွေ ပဲ့တင်ထပ်ခဲ့ပါတယ်။ ဆန်မရှိလို့ ဆန် လုံလောက်စွာပေးဖို့ တောင်းဆိုကြသလို အလုပ်သမားတွေအကျိုးအတွက် ဘာတခုမှ ဆောင်ရွက်ပေးတာမဟုတ်ဘဲ အလုပ်သမားမင်းသားတွေက ဦးစီးပြီး အလုပ်သမားတွေအပေါ် မတော်မတရားပြုနေတဲ့ အလုပ်သမားကောင်စီတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုကြ၊ ဆန္ဒပြကြပါတယ်။

မဆလ အစိုးရက အလုပ်သမားသပိတ်ကြီးကို ဖြိုခွဲဖို့ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်း ကောင်စီဥက္ကဋ္ဌ သိန်းအောင် လက်မှတ်နဲ့ရော၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီးခင်အုန်း လက်မှတ်နဲ့ပါ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ပြီး ငြိမ်ဝပ်ပိပြားရေး အရေးယူဆောင်ရွက်ချက်တွေကို ဆက်တိုက် လုပ်ကိုင်ပါတယ်။

ဝန်ကြီးချုပ် ဦးစိန်ဝင်းက ဆန်တွေ အလုံအလောက်ရှိပါတယ်လို့ ရေဒီယိုကနေ မိန့်ခွန်းခြွေပါတယ်။ အရေးကြီး စက်ရုံတွေရှေ့မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ခင်အုန်းအမိန့်နဲ့ စစ်တပ်က နေရာယူပါတယ်။ အင်းစိန်လမ်းမကြီး ပေါ်မှာရှိတဲ့ စက်မှုတက္ကသိုလ်၊ တိမွေးကု တက္ကသိုလ်နဲ့ သမိုင်းကောလိပ် ကျောင်းဆောင်တွေကြားမှာ တည်ရှိနေတဲ့ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံများရှေ့မှာ စစ်ကာေးတွ၊ စစ်သားတွေ တန်းစီနေရာယူထားပြီး သပိတ်ကြီးကို ဖြိုခွဲဖို့ပြင်ပါတယ်။ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံက သပိတ်မှောက် အလုပ်သမားခေါင်းဆောင်များရဲ့ ဘာ့ကြောင့် သပိတ်မှောက်ရတယ်ဆိုတာကို ရှင်းလင်းဟောပြောနေသံကို နားဆင်ရင်း သပိတ်ကြီးကို ထောက်ခံအားပေး ဝန်းရံနေ ကြတဲ့ လူထုကြီးနဲ့ သပိတ်ကို ဖြိုခွဲဖို့ ချထားတဲ့ စစ်တပ်အကြား ထိပ်တိုက်ကြီးလိုဖြစ်နေချိန်မှာ အနီးရှိ လှိုင်ရဲစခန်း ထဲကနေ အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းတွေ ထွက်လာပြီး လူအုပ်ကြီးကို နံပါတ်တုတ်တွေနဲ့ရိုက်နှက်ပြီး လူစုခွဲပါ တယ်။ ရုန်းရင်းဆန်ခတ် ဖြစ်သွားရချိန်မှာ စစ်တပ်က ပထမ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဆက်တိုက်မှာပဲ သေနတ်နဲ့ စတင်ပစ်ခတ်ပါတယ်။ ပထမ လမ်းမတလျှောက် ပစ်ခတ်နေရာကနေ လမ်းဘေးဝဲယာတွေကိုပါ အနှံ့ပစ်တဲ့ အတွက် ဇွန်လ ၆ ရက် နေ့လည်မှာပဲ သမိုင်း ချည်မျှင်နှင့်အထည်စက်ရုံရှေ့ သွေးမြေကျရမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်က သပိတ်မှောက်နေကြတဲ့ စက်ရုံတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ကိုင်ခဲ့ပါတယ်။

အလုပ်သမားတွေ သွေးမြေကျရမှုကြီး ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့ရပြီး ၆ ရက်၊ ၇ ရက်တွေမှာပဲ ဆင်မလိုက် သင်္ဘောကျင်း၊ အုတ်ကျင်း ဂုန်နီစက်ရုံ၊ အင်းစိန် မီးရထားစက်ခေါင်းရုံတို့ကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့တဲ့အတွက် သွေးမြေကျရမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အထူးသဖြင့် ဆင်မလိုက် သင်္ဘောကျင်းမှာ အသေ အပျောက် များခဲ့တယ်လို့သိရပါတယ်။

ဇွန် ၆ အလုပ်သမားသပိတ်ကြီးဟာ မဆလ စစ်အစိုးရရဲ့ တပါတီအာဏာရှင်စနစ်ကို အလုပ်သမားထုက ဆန့်ကျင် အန်တုလိုက်တဲ့ ပထမဆုံး ဆန္ဒပြပွဲဖြစ်သလို၊ ဆန်တောင်းတဲ့ အလုပ်သမားတွေကို ကျည်ဆံပဲ ပေးလိုက်တဲ့ စစ် အာဏာရှင်ဇာတိရုပ်ကို အစွယ်ထုတ်ပြီး ပြသလိုက်တဲ့ နှိပ်ကွပ်သတ်ဖြတ်ပွဲကြီးလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခြင်းခံထားရတဲ့ အလုပ်သမားသပိတ်မှာ ပါဝင်ခေါင်းဆောင်ခဲ့သူတွေကို စစ်အစိုးရက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။

စစ်အစိုးရဟာ စစ်တပ်အားကိုး၊ စစ်မာန်တက်နေသူပီပီ သောင်းကျန်းသူနှိပ်နင်းရေးနဲ့ ဗကပ ရိုးမဗဟို ပြိုပျက်ရေး၊ ရိုးမတကျော မဒညတ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ ချုပ်ငြိမ်းရေးအတွက် တဆင့်တိုး ဆောင်ရွက် ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မြို့ပေါ် လူထုတိုက်ပွဲတွေ ပေါင်းစပ်မသွားမိစေရေးအတွက် စစ်အင်အားကို တိုးပြီးအသုံးပြုပါတယ်။

၁၉၇၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ဖြတ်လေးဖြတ် ဆိုတာကို တရားဝင်ကြွေးကြော်ပြီး ချမှတ်အကောင်အထည်ဖော် ပါတယ်။ အရင်ကလည်း ဖြတ်လေးဖြတ်ဗျူဟာကို ချမှတ်ကျင့်သုံးခဲ့ပေမယ့် ဇွန်လ ၁၈ ရက်ကစပြီး တိတိလင်းလင်း ကြွေးကြော်ကာ အကျယ်ပြန့်ဆုံး စတင်အကောင်အထည်ဖော်တဲ့သဘော ဖြစ်ပါတယ်။ ဖြတ်လေးဖြတ် ဆိုတာကတော့ (က) သောင်းကျန်းသူကို ရိက္ခာဖြတ်၊ (ခ) သောင်းကျန်းသူကို ဆက်ကြေးဖြတ်၊ (ဂ) ပြည်သူလူထုတရပ်လုံးက သောင်း ကျန်းသူကို အဆက်ဖြတ်၊ (ဃ) ပြည်သူလူထုကိုယ်တိုင်က သောင်းကျန်းသေူတွကို ခုခံချေမှုန်းသတ်ဖြတ်ဆိုတဲ့စနစ် ဖြစ်ပါတယ်။

တောင်ပေါ်ရွာတွေကို နေရာရွှေ့ပြောင်းချထားတာ၊ တချို့ရွာတွေကို ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်စစ်တပ် လုပ်သလို စုစည်းရွာတွေအဖြစ် အတင်းအကြပ်ဖန်တီးတာ၊ ဆန်တောင် အိမ်မှာ အပိုအလျှံမထားရအောင် အတင်းအကြပ် အပ်နှံ ခိုင်းတာ၊ တောထဲသွားရင် ထမင်းထုပ်တောင် ယူဆောင်သွားလာခွင့်မပြုတာ၊ တိုက်ပွဲတွေအတွင်း လူထုပါ မပါပါအောင် ထည့်သွင်းစီမံပြီး အသုံးချ စေခိုင်းတာတွေ ရက်ရက်စက်စက်လုပ်ခဲ့ပါတယ်။ ဒါကို ပြည်သူ့စစ် နည်းဗျူဟာလို့ ကင်ပွန်းတပ်မင်္ဂလာယူပါတယ်။

ပဲခူးရိုးမအတွင်း အဲဒီလို ပြင်းပြင်းထန်ထန် စစ်ရေးအရ နှိပ်ကွပ်မှုတွေ လုပ်နေတုန်းမှာ မြို့ပေါ်တွေမှာလည်း အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ထပ်ပြီးပေါ်မလာရအောင် ထောက်လှမ်းရေးတွေကို တိုးပြီး စီမံနေရာချထား လှုပ်ရှားစေ ခဲ့ပါတယ်။ ဦးနေဝင်းဟာ ထောက်လှမ်းရေးအဖွဲ့ကို အားထားသူပီပီ ထောက်လှမ်းရေးအဖွဲ့ကို စိတ်ကြိုက်ကိုင်တွယ် ဖွဲ့စည်းထားပါတယ်။ ဦးနေဝင်းဟာ သူ့ရဲ့ အာဏာတည်မြဲရေးအတွက် သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေ၊ လူထုလှုပ်ရှားမှု တွေကို ဖြိုခွင်းနိုင်ဖို့အတွက်ပါ ထောက်လှမ်းရေးကို အထူးဦးစားပေး မွေးမြူကိုင်တွယ်ထားပါတယ်။ ထောက်လှမ်းရေး အဖွဲ့ကြီးကလည်း ဦးနေဝင်းစိတ်ကြိုက် ဦးနေဝင်းရဲ့ အတွင်းအပြင် နိုင်ငံရေး၇န်သူမှန်သမျှကို ရက်ရက်စက်စက် နှိပ်ကွပ် ပြခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ဟာ တနေ့တခြား တန်ခိုးထွားလာပါတယ်။ ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်လာသူကတော့ ဗိုလ်မှူးချုပ်တင်ဦး ဖြစ်ပါတယ်။ စစ်တပ်အတွင်းမှာ တခြားတင်ဦးတွေလည်း ရှိတဲ့အတွက် ထောက်လှမ်းရေးတင်ဦးကို လန်ဘားတင်ဦး၊ မျက်မှန်တင်ဦးလို့လည်း ခေါ်ကြပါတယ်။ ၆၂ ခုနှစ်၊ စစ်တပ်အာဏာ သိမ်းစက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ညာလက်ရုံး ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီးမောင်လွင် (ခေါ်) နှုတ်ခမ်းမွှေမောင်လွင် နာမည်ကြီးခဲ့သလို ဗိုလ်မှူးချုပ်တင်ဦး (ခေါ်) မျက်မှန်တင်ဦးဟာလည်း နာမည်ကျော်ခဲ့ပါတယ်။ (နှုတ်ခမ်းမွှေးမောင်လွင်ရော၊ မျက်မှန်တင်ဦးပါ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အထူးရွေးချယ်မှုနဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ဆိုက်ပန်ကျွန်းမှာ အမေရိကန် စီအိုင်အေ(CIA)က ပေးခဲ့တဲ့ ထောက်လှမ်းရေးသင်တန်းကို တက်ရောက်ခဲ့ကြဖူးသူ တွေဖြစ်ပါတယ်။) ဗိုလ်မှူးချုပ်တင်ဦး (ခေါ်) မျက်မှန်တင်ဦးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို မပေါ်ပေါက်ရအောင် ထောက်လှမ်းရေးနည်းနာမျိုးစုံကို အသုံးပြုတတ်သူဖြစ်ပါတယ်။

ဒီကြားထဲကပဲ မဆလ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ထပ်မံပေါ်ထွက်လာတာကတော့ ဦးသန့်ဈာပန အရေးအခင်း ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်၊ ဒီဇင်္ဘာလမှ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဇွန် ၆ အလုပ်သမားသပိတ်ကြီး ပေါ်ထွက်အပြီး ၆ လအတွင်းမှာ ဆက်တိုက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

၊ဝင်းတင့်ထွန်း၊
‘အမှောင်ကြားက ဗမာပြည်’
(အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း-၁၉၄၈-၂၀၀၀)စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment