12 June 2009

၈၈ ဇွန် ၂၁ မြေနီကုန်းအရေးအခင်း (ဝင်းတင့်ထွန်း)


မတ်လလှုပ်ရှားမှုရဲ့ အဆက် ဇွန်လလှုပ်ရှားမှုဟာ တစတစ ပိုပြီးအားကောင်းလာခဲ့ပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် သွေးမြေကျခဲ့ရတာကနေ၊ တနည်းအားဖြင့် ကျောင်းသားသွေး မြေကျခဲ့မှုကနေ စတင်ပေါ်ပေါက်လာခဲ့ရတဲ့ ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်တဲ့အတွက် ဦးဆောင်သူဟာ ကျောင်းသားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား တွေရဲ့ တောင်းဆိုချက်တွေကလည်း (၁) မတ်လ အရေးအခင်း၌ အကြမ်းဖက် ရိုက်နှက် သတ်ဖြတ် မုဒိမ်းကျင့်ခဲ့သူများအားလုံးကို ဖော်ထုတ်အရေးယူပေးရန်၊ (၂) သပိတ်တိုက်ပွဲများ၌ ငြိမ်းချမ်းစွာ ဆန္ဒပြကြသော ကျောင်းသားကျောင်းသူများကို အနှောင့်အယှက်မပြုရန်၊ (၃) အဖမ်းအဆီး ခံထားရတဲ့ ကျောင်းသားကျောင်းသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ (၄) ကျောင်းသား အရေးအခင်းနှင့် ပတ်သက်ပြီး မည်သူတဦးတယောက်ကိုမျှ ကျောင်းမထုတ်ရန်၊ (၅) ကျောင်းသား သမဂ္ဂများကို တရားဝင်ဖွဲ့စည်းခွင့်ပြုရန်၊ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝ ပြန်လည် ပေးအပ်ရန် ဆိုတာတွေပဲ ဖြစ်ပါတယ်။ ကျောင်းသားအရေးကို ဗဟိုပြုထားတဲ့ တရားမျှတ မှန်ကန်ရိုးရှင်းလွန်းလှတဲ့ တောင်းဆိုချက်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက စစ်အာဏာရှင် စနစ် ကျင့်သုံးနေသူများပီပီ ဘာတခုကိုမှ လိုက်လျောဖို့ ဆန္ဒမရှိခဲ့ကြပါ။ အကြမ်းဖက်ဖြိုခွဲပစ်ဖို့နဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ နှိမ်နင်းပစ်ဖို့ကိုပဲ ဦးတည်လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါကြောင့် ဇွန်လ ၂၁ ရက်နေ့မှာ ‘မြေနီကုန်းအရေးအခင်း’ ဆိုတာတခု ထပ်ပေါ်လာပါတယ်။ စီတန်းလမ်းလျှောက်လှည့်လည်လာတဲ့ ကျောင်းသားကျောင်းသူငယ်လေးတွေကို ဖြိုခွဲပစ်ရေးအကြံ နဲ့ လုံထိန်းရဲကားတွေက အတင်းဒရကြမ်း မောင်းနှင်ဝင်ရောက်လာပြီး တိုက်ခိုက် ဖြိုခွင်းတာကြောင့် မရှုရက်စရာမြင်ကွင်း အဖြစ်အပျက်ကြီး ဖြစ်ပေါ်ခဲ့ရပါတယ်။ အခုလို လုံထိန်းကားတွေက ကျောင်းသူ ကျောင်းသားငယ်လေးတွေအပေါ် ကားနဲ့ ဝင်ရောက် တိုက်သတ်တာကို မခံမရပ်နိုင်တဲ့ ပြည်သူ လူထုကြီးက အနီးအနားမှာ ရှိနေကြတဲ့ မြေနီကုန်း လူထုကြီိးက ကျောင်းသားထုနဲ့ပေါင်းပြီး လုံထိန်း ရဲတွေကို ပြန်လည်တိုက်ခိုက်ကြပါတယ်။ ရရာလက်နက်တွေစွဲကိုင်ပြီး နာနာကျည်းကျည်း ပြန်လည်တုန့်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ လုံထိန်းရဲ ၆ ယောက် သေဆုံးခဲ့ရတဲ့အထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရပါတယ်။ ရက်ရက်စက်စက် အနှိပ်ကွပ်ခံနေရတဲ့ ကျောင်းသားထုနဲ့ စစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် မုန်းတီး နာကျည်းနေတဲ့ ပြည်သူလူထုဟာ ဇွန်လ အရေးအခင်းတွေအတွင်းမှာ ပေါင်းစပ်မိသွားပြီ ဖြစ်ပါတယ်။ ကွေ့ချိုးကြီးတခုဆီ ဦးတည်မိကြပြီဖြစ်ပါတယ်။ ရန်ကုန် မန္တလေး တက္ကသိုလ်တွေ ပိတ်လိုက်ရပြီးနောက် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ တောမီးပမာ ပျံ့နှံ့သွားရပါ တော့တယ်။ ကြေညာချက်တွေ၊ ထုတ်ပြန်စာတမ်းတွေ၊ ဝေငှကြတာတွေ နေရာအနှံ့ ဖြစ်ပေါ်လာခဲ့ပြီး မန္တလေး၊ မြင်းခြံ၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ မိတ္ထိလာ အထကတွေမှာလည်း ပိုစတာတိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဇွန်လလှုပ်ရှားမှုတွေအတွင်း ကျောင်းသားတိုက်ပွဲတွေ ကြားကနေ ပေါ်ထွက်လာတဲ့ ကျောင်းသားခေါင်းဆောင်နှစ်ဦးရဲ့ နာမည်တွေကတော့ ‘မင်းကိုနိုင်’ ဆိုတာနဲ့ ‘မိုးသီးဇွန်’ ဆိုတာ ဖြစ်ပါတယ်။

ဇွန် ၂၃ ရက်မှာ ပဲခူးမှာလည်း လူထုအုံကြွမှုကြီးပေါ်ပေါက်လာပါတယ်။ စစ်အစိုးရက နေဝင် မီးငြိမ်း အမိန့်ထုတ်ပြန်ပြီး ဟန့်တားနှိပ်ကွပ်ခဲ့ပါတယ်။ ဒါပေမယ့် လူထုတိုက်ပွဲတွေက တောမီးပမာ ဖြစ်လာစပြုပြီးဖြစ်ပါတယ်။ ဇွန်လအဆက် ဇူလိုင်လတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ရန်ကုန်ကျောင်းသားထုက နေရာအနှံ့လှုပ်ရှားလာပြီး ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာလည်း တရားပွဲတွေ၊ ဟောပြောမှုတွေ၊ စာရွက်စာတမ်းဖြန့်ဝေမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာ ပါတယ်။ ‘ဗကသ’ အဆောက်အဦကြီးရဲ့ ဓါတ်ပုံနဲ့ ၇ ရက် ဇူလိုင်ကြီးရဲ့ အရိုးတွန်သံတွေကလည်း ကျယ်ကျယ်လောင်လောင် ပဲ့တင်ညံလာခဲ့ပါတယ်။ စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲတဲ့နည်း၊ ကျောင်းသားလှုပ်ရှားမှုကို သေးသိမ်အောင် ပုတ်ခတ်ပြောဆို အသရေဖျက်တဲ့ အောက်လမ်းနည်း၊ ဒလျှိုဒလံတွေလွှတ်ပြီး သပ်လျှိုဖြိုခွဲတဲ့နည်း၊ ညစ်နည်းပဒေသာ ကျင့်သုံးပြီး ဟန့်တားနှိပ်ကွပ်ခဲ့ ပါတယ်။ အဖမ်းအဆီးတွေ မရေမတွက်နိုင်အောင် ပိုမိုများပြားလာခဲ့ပါတယ်။ ဇူလိုင်လထဲမှာ တောင်ကြီးနဲ့ ပြည်မှာလည်း ဘာသာရေးအဓိကရုဏ်းတွေ ပေါ်ပေါက်ပါတယ်။ (စစ်အစိုးရက ဘာသာရေး အဓိကရုဏ်းတွေနဲ့ အာရုံပြောင်းကြည့်ဖို့ကြိုးစားတာလို့ ယူဆကြတာတွေရှိသလို ‘တောင်ကြီးပြိုလို့ ပြည်ပျက်ပြီးပြီ’ ဆိုတဲ့သဘောနဲ့ ဗေဒင်ကွက်နဲ့ ယတြာချေတာလို့လည်း ထင်ကြေးပေးကြတဲ့ အဓိကရုဏ်းကြီးတွေ ဖြစ်ပါတယ်။) ပေါ်ပေါက်လာသမျှသော အရေးအခင်း တွေဟာ ဘယ်လိုပုံသဏ္ဍာန်နဲ့ပဲ ပေါ်ပေါက်လာလာ၊ ဘာကြောင့်ပေါ်ပေါက်လာလာ၊ နောက်ဆုံး မှာတော့ မဆလ ဆန့်ကျင်ရေး စစ်အာဏာရှင် ဆန့်ကျင်ရေးဆီကိုသာ ရောက်ရှိသွားပါတယ်။ ကျောင်းသားများ က စတင်ပေါက်ကွဲဆင်နွှဲလိုက်တဲ့ တိုက်ပွဲကြီးဆိုတာ အားလုံးက အလေးထား အသိပြုကြ သလို၊ လူထုကြီးကပါ ပူးပေါင်းပါဝင် အားဖြည့်လာတဲ့အခါကျမှ ပိုမိုကျယ်ပြန့်ကြီးမား နက်ရှိုင်းလာခဲ့တယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ လူထုကြီးကပါ နေရာအနှံ့ ပါဝင်ပူးပေါင်း အားပေးထောက်ခံလာတာဟာလည်း ကျောင်းသားထုရဲ့ တရားမျှတတဲ့ လှုပ်ရှားမှုတွေကို ထောက်ခံအားပေး ကူညီဝန်းရံချင်လွန်းတဲ့ စိတ်ဆန္ဒကြောင့်ချည်း မကပါ။ အရင်းခံက လူထုကြီးကိုယ်တိုင် နှစ်ရှည်လများခံစားနေကြရတဲ့ စစ်အစိုးရရဲ့ ဖောက်ပြန်တဲ့ ပေါ်လစီအရပ်ရပ်အောက်ကနေ ဖြစ်ပေါ်လာရတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ကြပ်တည်းမှုတွေ ကြောင့်လည်း ဖြစ်ပါတယ်။ တတိုင်းပြည်လုံး လှုပ်လှုပ်ရှားရှား ဖြစ်လာရပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့မှာ တခုတည်းသော ဦးဆောင်ပါတီကြီး မဆလရဲ့ အရေးပေါ် ပါတီ ညီလာခံကြီး ခေါ်ဆိုကျင်းပပါတယ်။

ပါတီဥက္ကဌကြီး ဦးနေဝင်းက မလွှဲမရှောင်သာ နုတ်ထွက် အနားယူရေးကိစ္စကို ပြောဆိုလာရပါ တယ်။ သူတင်မက ဦးစန်းယု၊ ဦးအေးကို၊ ဦးကျော်ထင်တို့ပါ အနားယူကြမယ့်အကြောင်း ပြောဆို လာပါတယ်။ ပြောပုံ ဆိုပုံကတော့….

“မတ်လနဲ့ ဇွန်လများအတွင်းက စိတ်မချမ်းမြေ့စရာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် သွယ်ဝိုက် သောနည်းနဲ့ တာဝန်မကင်းသူဟု ယူဆတာကတကြောင်း၊ အသက်အရွယ်အားဖြင့် ထောက်လာတာက တကြောင်းတို့ကြောင့် ပါတီဥက္ကဋ္ဌနဲ့ ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့် ပေးကြပါလို့…”

ပြောဆိုပြီး နှုတ်ထွက်စာကို ကိုယ်တိုင်တောင် ဆက်ဖက်နိုင်စွမ်းမရှိတော့တဲ့အတွက် ဦးထွေးဟန် လက်ထဲစာကို ထိုးထည့်ပေးပါတယ်။ ဦးထွေးဟန်က ဦးနေဝင်းအစား ဖတ်ပြရပါတယ်။ အဲဒီ ညီလာခံမှာပဲ ဦးနေဝင်းဟာ (သမဂ္ဂကြီးရဲ့ အရိုးတွန်သံကို ကြားလာရပြီဖြစ်တဲ့ အတွက်) ၇ ရက် ဇူလိုင်ကိစ္စ၊ ကျောင်းသားသမဂ္ဂကြီးဖြိုချခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ်လွတ်ရုန်းဖို့ ကြိုးပမ်း ပြောဆိုတာတွေ လုပ်ပါတယ်။ အချုပ်ကတော့ ဦးအောင်ကြီးအပေါ် ပုံချနိုင်ဖို့ လုပ်ခဲ့ပါတယ်။ အဲဒီလို နုတ်ထွက်တော့မယ့်ကိစ္စ၊ ကိုယ်လွတ်ရုန်းတဲ့ကိစ္စတွေ ပြောဆိုပြီးတဲ့အခါမှတော့ သူရဲ့ ထုံးစံအတိုင်း စစ်အာဏာရှင်ပီပီ စစ်အာဏာရှင်စိတ်ဓာတ်ကို ဖော်ပြတဲ့ ပြည်သူလူထုတရပ်လုံးကို ခြိမ်းခြောက်ပြီး စစ်တပ်ကို မြှောက်ပင့် မီးစိမ်းပြပေးလိုက်တဲ့ အမိုက်အရိုင်းဆုံးစကားကြီးကို ပြောဆိုသွားပါတော့တယ်။ အဲ့ဒီစကားကတော့…

“နောင်ကို လူစုလုဝေးနဲ့ ဆူဆူပူပူလုပ်ခဲ့လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်ပြီး ဖောက်တာမပါဘူး။ အဲဒါ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ အဲဒီလို ဆူတဲ့လူတွေ မသက်သာဘူးမှတ်ပေတော့”…လို့ ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ခြိမ်းခြောက်ကြိမ်းမောင်း ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ တဖက်ကလည်း သူ ပြောဆိုကြိမ်းမောင်း သွားတဲ့အတိုင်း အကြမ်းနည်းနဲ့ ကိုင်တွယ် အကောင်အထည်ဖော်ဖို့အတွက် လူရွေးထားပြီးပြီ ဖြစ်ပါတယ်။ အဲဒါကတော့ ရက်စက်တဲ့နေရာမှာ နာမည်ကြီးတဲ့၊ (ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီးကို သတ်ရာမှာ၊ ၇ ရက်ဇူလိုင်ကို သွေးချောင်းစီးအောင် သတ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့) ‘သားသတ်သမား’ဘွဲ့ရ ဦးစိန်လွင်ကို သူ့ရဲ့ ဆက်ခံသူအဖြစ် ထိုးတင်ရွေးချယ် အပ်နှင်းလိုက်တာပဲဖြစ်ပါတယ်။

-ဝင်းတင့်ထွန်း-
‘အမှောင်ကြားက ဗမာပြည်’
(အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း -၁၉၄၈-၂၀၀၀)မှ ကောက်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment