16 June 2009

၈၈ ဂျွန် ကျောင်းသားတိုက်ပွဲများမှသည် (သံဒုတ်)


(သမိုင်းတခုထဲက ဖြစ်စဉ်တခု၏ ဆွဲအင်အားနှင့် ရောင်ပြန်ဟပ်ခြင်းမှတဆင့် ကျစ်လစ်သိပ်သည်းသော ခံစားချက်များ နှင့်အတူ တောက်ပသော ဘုံအနာဂတ်နှင့် ကြီးမြတ်သော မျှော်လင့်ချက်တွေအတွက်…)

ဖုန်းမော်အရေးအခင်းနဲ့စပ်လျဉ်းပြီး ပေါ်ပေါက်လာတဲ့ မတ်လ ကျောင်းသားလှုပ်ရှားမှုကို မဆလ စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲပစ်လိုက်တယ်။ လူမဆန်စွာ နှိပ်ကွပ်မှုကြောင့် RIT ကျောင်းဝင်းအတွင်းမှာ ဖုန်းမော်၊ စိုးနိုင်တို့နဲ့အတူ ကျဆုံးသွားခဲ့ကြသူတွေ၊ မတ်လ ၁၆ ရက်နေ့ အင်းလျားကန်ပေါင်ပေါ်မှာ ကျဆုံးသွားခဲ့ရသူတွေ၊ အချုပ်ကားထဲမှာ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ရသူတွေ၊ အင်းစိန်ထောင်ထဲမှာ ညှဉ်းပမ်းနှိပ်စက်မှုကြောင့် ကျဆုံးသွားခဲ့ရသူတွေ၊ မုဒိန်းကျင့်ခံလိုက်ရတဲ့ ကျောင်းသူတွေဟာ စာရင်းမရှိ၊ မရေတွက်နိုင်အောင်ပဲ မတ်လကျောင်းသားတိုက်ပွဲဟာ ယ္ခင့်ယ္ခင် နေဝင်းစစ်အစိုးရဆန့်ကျင်ရေး ကျောင်းသားတိုက်ပွဲတွေလိုပဲ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်။ နောက်ပြီး ထောင်ထဲမှာ ဘယ်နှစ်ယောက် အဖမ်းခံနေရလဲ၊ ကျောင်းသားဘယ်နှစ်ယောက် ကျောင်းထုတ်ခံလိုက် ရသလဲ ဆိုတာလည်း မဆလအစိုးရကလွဲပြီး ဘယ်သူမှ အတိအကျမခန့်မှန်းနိုင်ခဲ့ဘူး။ သေဆုံးသွားကြတဲ့ ကျောင်း သားတွေရဲ့ မိဘတချို့ထံလောက်ပဲ “သင်၏သားသမီး ကောင်းစွာသဂြိုလ်ပြီးပါကြောင်း” စာတိုကလေးနဲ့ အကြောင်း ကြားခဲ့တယ်။ အမှန်ကတော့ စစ်အစိုးရက အသိပေး အကြောင်းကြားချင်လို့တော့ မဟုတ်ပါဘူး။ အကြောင်း မကြားခဲ့ဘူးဆိုရင် မိဘတွေအနေနဲ့ မေးမြန်းစုံစမ်းမှုတွေ လုပ်လာရင် အစိုးရအနေနဲ့ အလုပ်ရှုတ်မခံချင်တာကြောင့် တခါတည်း ဇာတ်လမ်းပြတ်သွားအောင် လုပ်လိုက်တာပဲဖြစ်တယ်။

ကျောင်းသားအရေးအခင်းကို ခပ်ကြမ်းကြမ်း ကိုယ်တွယ်လိုက်တယ်ဆိုရင် ကျောင်းသားလှုပ်ရှားမှုတွေ ချုပ်ငြိမ်းသွား လိမ့်မယ်၊ ခေါင်းမထောင်ရဲတော့ဘူး၊ ထိတ်လန့်ကြောက်ရွံ့သွားလိမ့်မယ်လို့ စစ်အစိုးရက အထင်ရှိပုံရတယ်။ မတ်လ ကျောင်းသားအရေးကို နှိပ်ကွပ်ပြီး နွေရာသီ ကျောင်းပိတ်ရက်အရောက် တက္ကသိုလ်နဲ့ကောလိပ်တွေအားလုံးကို ပိတ်ပစ်၊ နောက် ဂျွန်မှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့တယ်။ ကျောင်းသားတွေရဲ့ ဖောက်ပြန်သော အုပ်ချုပ်သူအစိုးရအား ဆန့်ကျင်တော်လှန်တတ်သော မာန်ကြီးခေါင်းမာတတ်တဲ့ ဗီဇအခံ ခေတ်အဆက်ဆက် ကျောင်းသားသမိုင်း အစဉ် အလာကို ထိန်းသိမ်းတတ်ခြင်းနဲ့ လူထုဘက်မှ အစဉ်ရပ်တည်တိုက်ပွဲဝင်တဲ့သမိုင်းကို မေ့နေပြီး တိုင်းပြည်ကို ပိုင်နိုင်စွာ အုပ်ချုပ်နိုင်တယ်လို့ စစ်အစိုးရက အလွန်အကျွံ တွက်ထားပုံရတယ်။

ဂျွန် ၁၂ ရက်မှာ တက္ကသိုလ်နဲ့ကောလိပ်တွေကို ပြန်ဖွင့်လိုက်တယ်ဆိုရင်ပဲ ကျောင်းသားအားလုံးဟာ သွေးအေး နောက်ဆုတ်မသွားကြဘဲ အဖြေက ချက်ချင်းပေါ်လာခဲ့ပါတော့တယ်။ နယ်ချဲ့ဆန့်ကျင်ရေးမှသည် ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတို့၏အခြေတည်ရာ၊ တက္ကသိုလ်အားလုံးတို့၏မိခင် ရန်ကုန်တက္ကသိုလ်သို့ နယ်စုံ ဒေသစုံမှ ကျောင်းသားအစုံ ရောက်လာခဲ့ကြတယ်။ မတ်လ ကျောင်းသားအရေးအခင်းကို စတင်ပြီးဖြစ်ပေါ်စေခဲ့တဲ့ စက်မှု တက္ကသိုလ်ကတော့ စုစုပေါင်း ရှိလှမှ ကျောင်းသားဦးရေဟာ ၄၀၀၀ ကျော်လောက်သာရှိနေတော့ သေဆုံးသွားတဲ့၊ ထောင်ထဲရောက်နေတဲ့၊ ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေကို နုတ်လိုက်ရင် လူအင်အားဟာ ပိုနည်းသွားပြီး ခြောက်ကပ်ကပ်ကြီးဖြစ်သွားခဲ့တယ်။ မတ်လ ၁၃ ရက်နေ့ညမှာ ဖုန်းမော်အတွက် ဂုဏ်ပြုအမှတ်တရ ဆောက်လုပ် ထားခဲ့ကြတဲ့ သြဘာလမ်းထိပ်က ခြောက်မြှောင့်ကြယ်ဟာလည်း စစ်တပ်က ဖြိုဖျက်လိုက်လို့ မရှိတော့ဘူး။

ကျောင်းသားအားလုံးရဲ့ရင်ထဲမှာ မိမိနဲ့သက်ဆိုင်ရာ ကျောင်းဝင်းထဲကို ဝင်လိုက်မိတာနဲ့ ကိုယ်ကမှန်ရက်သားနဲ့ ဖြေရှင်းခွင့်မရ၊ အနိုင်ကျင့်ခံလိုက်ရတဲ့သူတွေလို မခံမရပ်နိုင်တဲ့ ဒေါသစိတ်၊ ခံပြင်းဝမ်းနည်းစိတ်တွေဟာ ထုထည် ကြီးမားလာခဲ့ကြတယ်။ မတ်လက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အသစ်ဖြစ်လာကြတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ဂျွန်လ မိုးကျဖြစ်ပေမယ့် သွေ့ခြောက်ပြီး တခုခုလစ်ဟာနေသလို ဖြစ်နေတယ်။ ကျောင်းသားအားလုံးရဲ့ မျက်နှာတွေ မှာလည်း ဖြစ်ရိုးဖြစ်စဉ် နွေကျောင်းပိတ်ပြီး ပြန်ဖွင့်တာနဲ့မတူဘဲ ရွှင်လန်းတက်ကြွမှုတွေ လျော့ပါးနေကြတယ်။ တချို့ကလည်း မကြာမီကမှ ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်ဆိုးကြီးတခုကို စိုးရွံ့ခါးသီးနေပုံရတယ်။ မတ်လ အရေး အခင်းမှာ ဘယ်နှစ်ယောက် သေခဲ့လဲ၊ ထောင်ထဲမှာ ဘယ်နှစ်ယောက် ညှဉ်းပမ်းနှိပ်စက်ခံနေရလဲ၊ ဘယ်သူတွေ ကျောင်းထုတ်ခံရလဲ အားလုံးဟာ ဘယ်သူမှ အတိအကျမပြောနိုင်ဘဲ ဒီမေးခွန်း ၃ ခုဟာ လုံးထွေးရောယှက်နေခဲ့ ကြတယ်။

ကျောင်းသားများရင်ထဲမှာ မတ်လရဲ့ မမေ့နိုင်သော ဖြစ်ရပ်ဆိုးပုံရိပ်များဖြင့် မွန်းကြပ်နေကြတာကြောင့် လမ်းသွားရင်း မှာ၊ လ္ဘက်ရည်ဆိုင်တွေမှာ၊ စာသင်ခန်းတွေထဲမှာ၊ အဆောင်တွေရဲ့ အခန်းတွေထဲမှာ၊ ထမင်းစားဆောင်တွေထဲမှာ မတ်လ တိုက်ပွဲရဲ့ အတွေ့အကြုံတွေကို တီးတိုးတမျိုး၊ ကျယ်ကျယ်လောင်လောင်တမျိုး ပြောဆိုနေကြတယ်။ ဟိုနေရာ စုရုံးစုရုံး၊ ဒီနေရာ စုရုံးစုရုံး ဖြစ်လာတယ်။ အဆောင်တွေမှာလည်း ညမှာ မီးတွေပိတ်ပြီး အော်ဟစ်ကြတယ်။ ဓါတ်တိုင်တွေ၊ ကျောင်းနံရံတွေ၊ စာသင်ခန်းတွေနဲ့ အိမ်သာတွေထဲမှာ မတ်လက လုံထိန်းရဲ့ အကြမ်းဖက်တဲ့ ပုံသဏ္ဍာန်တွေ၊ ကျောင်းသားအရေး တောင်းဆိုချက်တွေ၊ မဆလ စစ်အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုတွေရေးထားတဲ့ စာစောင်တွေ၊ စာရွက်တွေဟာ နေရာတိုင်းမှာ ကျောင်းဖွင့်ပြီး တရက်နှစ်ရက်အတွင်းမှာပင် ပေါ်ပေါက်လာခဲ့တယ်။ ကျောင်းသားများ အရေး တောင်းဆိုမှုတွေကတော့…
(၁) ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးရေး၊
(၂) ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရရေး၊
(၃) ကျဆုံးသွားတဲ့ ကျောင်းသားတွေအတွက် အမှတ်တရကျောက်တိုင် စိုက်ထူရေး၊
(၄) သေဆုံးသွားတဲ့ ကျောင်းသားတွေနဲ့စပ်လျဉ်းပြီး တာဝန်ရှိသူတွေကို အစိုးရက အရေးယူရေး၊
(၅) သေဆုံးသွားတဲ့ ကျောင်းသားဦးရေအမှန်ကို ဖော်ထုတ်ရေး၊
(၆) ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊
(၇) မဆလအစိုးရမှ မတ်လအရေးအခင်းကကဲ့သို့ အကြမ်းဖက်မှုများ မပြုလုပ်ရေးနှင့် မတ်လအရေးအခင်းနှင့် ပတ်သက်ပြီး မှားယွင်းကြောင်း ဝန်ခံရေး… စတဲ့ တောင်းဆိုချက်အမျိုးမျိုး တောင်းဆိုကြပါတယ်။

မျက်နှာမှာ လက်ကိုင်ပုဝါ စည်းထားတဲ့ တချို့ကျောင်းသားတွေဟာ သပိတ်ဖြစ်ပေါ်ရေးအတွက် စာသင်ခန်းတွေထဲ၊ လ္ဘက်ရည်ဆိုင်တွေအတွင်းမှာ ဝင်ရောက်ပြီး လှုံ့ဆော်တရားဟောနေကြပါပြီ။ စာသင်ခန်းတွေမှာ ကျောင်းသားတွေ မရှိကြတော့တဲ့အပြင် သပိတ်စတင်ရန် စည်းရုံးလှုပ်ရှားမှုများနဲ့အတူ မျက်နှာတွေဟာ ရွှင်လန်းလာခဲ့ကြပါတယ်။ အားလုံးရဲ့ရင်ထဲမှာ မတ်လက ခံစားချက်အကြိတ်အခဲတွေဟာ ဘယ်တော့မှ မမေ့မပျောက်နိုင်ခဲ့ပေမယ့် သပိတ် လှုပ်ရှားမှုတွေကြောင့် အနည်းငယ် သက်တောင့်သက်သာရှိခဲ့ကြမှာထင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲက လှုပ်ရှားမှု တွေဟာ အဆောင်တွေ၊ တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ အလယ်တန်း အထက်တန်းကျောင်းသားတွေသာမက တပြည်လုံးကိုပါ ပျံ့နှံ့သွားပြီး ရန်ကုန်တက္ကသိုလ်ဟာ ဂျွန်ကျောင်းသားအရေးအခင်း၏ ဗဟိုဖြစ်လာခဲ့တယ်။

ကျောင်းဖွင့်ပြီးလို့မှမကြာမီ ဂျွန် ၁၅-၁၆ လောက်မှစတင်၍ ကျောင်းသားသပိတ်ဟာ သပိတ်ပီပီသသဖြစ်လာကာ လူစည်ကားပြီး နောက်ဆုံး ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာရှေ့ အဓိပတိလမ်းပေါ်မှာ ကျောင်းထိုင်ခုံတွေနဲ့ တရားဟောစင်ထိုးပြီး အစိုးရဆန့်ကျင်ရေးတရားတွေကို ဟောတဲ့အဆင့်ထိ ရောက်လာခဲ့ပါတယ်။ စာသင်ခန်းတွေဟာ လည်း ကျောင်းတက်သူ မရှိတော့ဘဲ အလိုအလျောက် ပိတ်သွားပြီး ကျောင်းသားတွေဟာ တရားဟောတာကို နားထောင်ကြဖို့ ကံ့ကော်ပင်တွေရဲ့အောက်၊ အဓိပတိလမ်းမကြီးတလျှောက်မှာ ရောက်ရှိနေကြပါတယ်။ တရားဟောစင် ပေါ်ကို တယောက်ပြီးတယောက် တက်ကာ မတ်လအရေးအခင်းအတွင်းက တွေ့ကြုံခဲ့ရတဲ့ အင်းလျားကန်ပေါင်ပေါ်မှာ လုံထိန်းတွေက ဘယ်လိုရက်ရက်စက်စက် အကြမ်းဖက်ပြီး ရိုက်တဲ့အကြောင်း၊ ဖုန်းမော် ကျဆုံးခဲ့တဲ့နေ့က RIT ဝင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ၊ RIT နဲ့ ရန်ကုန်တက္ကသိုလ်ထဲကို စစ်တပ်က ဘယ်လိုစီးနင်း ဝင်ရောက်ခဲ့တဲ့အကြောင်းတွေကို ရှင်းပြပြောပြကြတဲ့သူတွေကပြော၊ ကျောင်းသားတွေရဲ့တာဝန်နဲ့ ရှေ့ဆက်ရန် မဆလ အစိုးရကို ဖြုတ်ရမည်လို့ ဟောတဲ့သူကဟော၊ ကြားသိဖူးသမျှ ၇ ဇူလိုင်နဲ့ ဦးသန့်အရေးအခင်းကာလက နောင်တော် တွေရဲ့ သတ္တိပြောင်မြောက်သော စစ်အစိုးရကိုထိပ်တိုက်ရင်ဆိုင်မှုအကြောင်းနဲ့ စစ်အစိုးရက ဘယ်လိုနှိပ်ကွပ်ခဲ့တဲ့ အကြောင်းတွေကို ရှင်းပြတဲ့သူကရှင်းပြ၊ မဆလ ဗဟိုကော်မတီတွေအတွက် သီးသန့်ဖွင့်ထားတဲ့ ပဒုံမာပြခန်းမှနေပြီး ဗဟိုကော်မတီတွေဟာ အထူးအခွင့်အရေးတွေ ယူနေတဲ့အကြောင်းကို ရှင်းပြတဲ့သူကရှင်းပြ၊ နှမချင်း စာနာစိတ် ကင်းမဲ့စွာ ကျောင်းသူတွေကို လုံထိန်းတွေက အကြမ်းဖက်တဲ့အကြောင်းတွေကို ပြန်ပြောပြတဲ့သူတွေကပြောနဲ့ စုံလင်လှစွာ အားလုံးဟာ ထောက်ခံကြ၊ အားပေးကြ၊ တက်ကြွနေပြီး ရန်ကုန်တက္ကသိုလ်ကြီးတခုလုံးဟာလည်း လက်ခုပ်သြဘာသံတွေ၊ တောင်းဆိုချက်တွေ၊ ကြွေးကြော်သံတွေ လွှမ်းမိုးညံစီထွက်နေပါတော့တယ်။

တရက်နဲ့တရက် မတူအောင်ဘဲ ရန်ကုန်တက္ကသိုလ်ထဲကို သပိတ်မှောက်ရန်အတွက် ဆေးတက္ကသိုလ်(၁)၊ ဆေး တက္ကသိုလ်(၂)၊ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ လှိုင်ကောလိပ်နဲ့ RIT ကျောင်းသားများအပြင် အလယ်တန်း၊ အထက်တန်းမှ ကျောင်းသားများလည်း လာရောက်ပူးပေါင်းကြပါတယ်။ တနိုင်ငံလုံးမှာလည်း ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားတွေ သပိတ်မှောက်နေကြပြီ၊ တရားဟောစင်မြင့်တွေထိုးပြီး တရားဟောနေကြပြီဆိုတဲ့သတင်းဟာလည်း နှံ့နေပါပြီ။ နောက်ပြီး နံရံကပ် ပိုစတာတွေမှာလည်း ကဗျာတွေ၊ ကာတွန်းတွေ၊ ဆောင်းပါးတွေ၊ တောင်းဆို ချက်တွေလည်း ပါသေးတယ်။ ရန်ကုန်မှာ ဂျွန်လဆန်း မိုးဦးကျဖြစ်ပေမယ့် နေ့စဉ်ရက်ဆက် မိုးမရွာသေးဘဲ ကြိုးကြား ကြိုးကြားလောက်သာ မိုးရွာတတ်တာကြောင့် ရာသီဥတုကလည်း တော်တော်ကောင်းမွန်နေတဲ့အချိန်လို့ ပြောရမှာပါပဲ။ သပိတ်တိုက်ပွဲဟာ အသံချဲ့စက်ပါ တပ်ဆင်၍ ကျယ်ပြန့်လာပြီး ကျောင်းရဲ့ဂိတ်ဝတွေမှာ လုံခြုံရေးတာဝန်ယူတဲ့သူက ယူ၊ တရားဟောစင်မြင့်ပေါ်တက်ပြီး တရားဟောမယ့်သူတွေကို စီစဉ်တဲ့သူတွေကစီစဉ်၊ စားသောက်ရေးအတွက် ထောက်ပံ့ရေးတာဝန်ယူတဲ့သူကယူ၊ တရားဟောသူကဟော၊ နားထောင်မယ့်သူက နားထောင်၊ နံရံကပ် ပိုစတာ ဖတ်တဲ့သူကဖတ်နဲ့ အားလုံးဟာ မအားလပ်အောင်ဘဲ တက်တက်ကြွကြွနဲ့ အလုပ်များနေကြပါတယ်။

ကျနော်မမေ့နိုင်တဲ့ ပိုစတာကတော့ အားကစားရုံရဲ့အမိုးဖက်ခြမ်းမှာ စာလုံးကြီးကြီးနဲ့ရေးပြီး ကပ်ထားတဲ့ “နေဝင်း၏ နေဝင်ချိန်“နဲ့ တရားဟောစင်မြင့် ရှေ့တည့်တည့်မှာ အင်္ဂလိပ်လိုရေးထားတဲ့ “Freedom to Democracy“ဆိုတဲ့ စာတန်းပဲဖြစ်ပါတယ်။ အနှစ်သာရအရှိဆုံးနဲ့ သပိတ်တိုက်ပွဲ၏ နိုင်ငံရေးဦးတည်ချက်ကို အပြတ်သားဆုံး ထုတ်ဖော် ထားခြင်းပဲ။

နေ့လည်မှာ အလှူကောက်ခံရရှိတဲ့ ငှက်ပျောသီး၊ ပေါင်မုန့်၊ ဆေးလိပ်တွေကို တောင်းကြီးတွေနဲ့ လိုက်ဝေပါတယ်။ ကျောင်းသားတွေကလည်း သပိတ်လိုအပ်တာသုံးဖို့ အလှူငွေ ထည့်ဝင်ကြတဲ့အပြင် ပြင်ပမှအလှူငွေများလည်း ထည့်ဝင်နေကြပါပြီ။

ကျောင်းဝင်းထဲမှာ ရှိနေကြတဲ့ ကျောင်းသားတွေအားလုံးဟာ တကယ်လို့များ မတ်လအရေးအခင်းကလို မဆလ စစ်တပ်က ကျောင်းဝင်းထဲဝင်ပြီး အကြမ်းဖက်ဖြိုခွဲမယ်ဆိုရင်လည်း ရင်ဆိုင်အံတုဖို့ အသင့်ရှိနေကြသည့်အလား မိန်းကလေးတွေကအစ ဆုံးဖြတ်ထားကြပုံရပါတယ်။ ညီညီညွတ်ညွတ်ဖြင့် ဆန္ဒတူ၊ သဘောတူရှိနေတဲ့မြင်ကွင်းဟာ အားရတက်ကြွဖွယ်၊ အတော်ကြည်နူးရာကောင်းလှပါတယ်။ “ဆေးတက္ကသိုလ်(၂)ကတော့ဖြင့် ချီတက်လာပြီ၊ ဘယ် ကောလိပ်ကတော့ဖြင့် ချီတက်လာပြီ“လို့ တရားဟောစင်မှာ ကြေညာလိုက်တဲ့အခါဆိုရင် တရားဟောစင်ရှေ့မှာ ထိုင် နေကြတဲ့ ကျောင်းသားတွေဟာ အားရဝမ်းမြောက်စွာ လက်ခုပ်တီးကြ၊ ဂိတ်ဝကိုလည်း လှမ်းမျှော်ကြည့်ကြ၊ တချို့က လည်း မတ်တပ်ရပ်ပြီး ကြိုဆိုကြနဲ့ မမောနိုင်အောင်ပဲ ရှိပါတော့တယ်။

ထူးခြားမှုတခုက သပိတ်တိုက်ပွဲရဲ့အခြေအနေ တရက်ထက်တရက် အရှိန်ကောင်းလာသည်နှင့်အညီ မတ်လ အရေး အခင်းကာလက အဖြစ်အပျက်တွေအပေါ် အခြေခံပြီး မဆလ စစ်အစိုးရဆန့်ကျင်ရေးနှင့် ကျောင်းသားအရေး တောင်းဆိုတိုက်ပွဲဝင်မှုမှနေ၍ မဆလ တပါတီအာဏာရှင်စနစ်ကို အန်တုဖြုတ်ချရေး နိုင်ငံရေးတိုက်ပွဲအဖြစ်ကို အလို အလျောက် ကူးပြောင်းနေခြင်းပင်ဖြစ်ပါတယ်။ တရားဟောကြတဲ့သူတွေကလည်း မဆလခေတ် ပြည်သူတွေ ကြုံတွေ့ နေရတဲ့ ဘဝခံစားမှုအခြေအနေတွေ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဆုတ်ယုတ်လာတဲ့ အခြေ အနေတွေ၊ မဆလ ဗဟိုကော်မတီရဲ့ ဖောက်ပြန်တဲ့လုပ်ရပ်တွေ၊ မဆလအစိုးရကို အပြင်းထန်ဆုံး ဝေဖန်ပြစ်တင် ရှုတ်ချလာခြင်းဖြင့် နိုင်ငံရေးကို အလေးပေးပြီး ဖော်ထုတ်တိုက်ပွဲဝင်လာခြင်းပဲဖြစ်ပါတယ်။

ညနေ ၄ နာရီလောက် သပိတ်ရပ်နားတော့မယ့်အခါမှာတော့ မနက်ဖြန်လည်း ဆက်လက်ပြီး သပိတ်မှောက်သွားမှာ ဖြစ်တဲ့အကြောင်း ကြေညာပြီး ကမ္ဘာမကြေသီချင်းကို သံပြိုင်ဆိုပြီး တနေ့တာသပိတ်ကို ရပ်နားလိုက်ပါတယ်။

ဒီလိုနဲ့ ဂျွန်လ ကျောင်းသားအရေးအခင်းကာလမှာ မဆလ စစ်အစိုးရမှ ပထမဆုံး ရန်ကုန်တက္ကသိုလ်ကို ပစ်ခတ်လိုက် တာကြောင့် နောက်ဆုံးရက်ဖြစ်တဲ့ ဂျွန်လ ၂၀ ရက်နေ့ကို ရောက်လာခဲ့ပါတယ်။ မနက်ပိုင်း သပိတ်စဖို့အတွက် ကျောင်း သားတွေအားလုံးဟာ ကံ့ကော်ပင်အောက်မှာ၊ အဓိပတိလမ်းမကြီးတလျှောက် ဘေးဝဲယာမှာ အပြည့်နေရာယူ ထားကြပြီး သပိတ်ကို အနည်းငယ်ကြာမှ စနိုင်ပါတယ်။ အဓိကမှာ လှည်းတန်းမှာ အသံချဲ့စက် ငှါးလို့မရတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ သို့သော်လည်း ၉ နာရီခွဲ၊ ၁၀ နာရီလောက်မှာ ဘယ်ကရှာလာသည်မသိ main ဂိတ်ဝကြီးမှ အသံချဲ့စက် ငှါးလို့ရရှိပြီဆိုပြီး ကျောင်းသား ၃ ယောက်လောက် အသံချဲ့စက်ကိုမြှောက်ပြီး ဝင်လာခဲ့ကြတယ်။ အားလုံး အတော်လေးဝမ်းမြောက်သွားကြပြီး လက်ခုပ်သြဘာမစဲ တီးလိုက်ကြပြီး ပြင်ဆင်ပြီး တရားပွဲကို စကြပါတယ်။

ဂျွန်ကျောင်းသားသပိတ်တိုက်ပွဲရဲ့ နိုင်ငံရေးဦးတည်ချက်လမ်းကြောင်းဟာ ကျောင်းသားအရေး နစ်နာမှုတွေအတွက်သာ တောင်းဆိုတိုက်ပွဲဝင်မှာလား၊ ဒါမှမဟုတ် အဖိနှိပ်ခံနေရတဲ့ လူထုဖက်မှ ရပ်တည်ပြီး မဆလ တပါတီ အာဏာရှင် စစ်အစိုးရကို ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်မှာလားဆိုတာကို ဦးဆောင်နေသူတွေရော ကျောင်းသားတွေ အားလုံးရော ရှင်းရှင်းလင်းလင်း မဖော်ထုတ်ကြသေးပါဘူး။ သို့သော်လည်း သပိတ်မှာပါဝင်ကြတဲ့ ကျောင်းသားတွေ အားလုံးဟာ ကျောင်းသားအရေးဆိုတာထက် တိုင်းပြည်နိုင်ငံရေးအခြေအနေကို သုံးသပ်ဝေဖန်မှုတွေသာ များလာတာကြောင့် နိုင်ငံရေးတိုက်ပွဲအဆင့်ကို ကူးပြောင်းနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။

အဲဒီလိုရှိနေတဲ့ အခြေအနေကနေပြီး တရားဟောစင်မြင့်ဆီ ကျောင်းသားထုရဲ့ သဘောထားဆန္ဒဖြင့် ဆုံးဖြတ်ဖို့ အဆိုနှစ်ခု ရောက်လာပါတယ်။ ပထမဆုံး ‘ကျောင်းသားအရေးကိုသာ တောင်းဆိုတိုက်ပွဲဝင်မှာဖြစ်တယ်’ ဆိုတဲ့အဆိုကို ကိုလတ်ဆိုတဲ့သူက ဦးဆောင်ပြီး တင်သွင်းပါတယ်။ ဒုတိယအနေနဲ့ ‘ကျောင်းသားတွေဟာ ကျောင်းသားအရေး သာမက နိုင်ငံရေးလုပ်ရမယ်’ ဆိုတဲ့အဆိုကို ကိုမိုးသီးဇွန်ဆိုသူက ဦးဆောင်ပြီး တင်သွင်းပါတယ်။ ကျောင်းသားအရေး ကိုသာ တောင်းဆိုတိုက်ပွဲဝင်သင့်တယ်ဆိုတဲ့အဆိုကို ထောက်ခံတဲ့သူဟာ မရှိသလောက် အလွန်နည်းနေပြီးတော့ ကျောင်းသားထုထဲမှာ မကျေနပ်မှုတွေ၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ခေတ္တခဏ ရုတ်ရုတ် သဲသဲဖြစ်သွားပြီး မကြာမီမှာ ပြန်လည်တည်ငြိမ်သွားပြီး ကျောင်းသားထုအားလုံးက ‘နိုင်ငံရေး တောင်းဆိုမှုတွေဖြင့် နိုင်ငံရေးလုပ်မည်’ဟု ပြတ်သားစွာပဲ ဆုံးဖြတ်ပေးလိုက်ကြပါတယ်။

အဲဒီအချိန်မှာ RIT မှနေပြီး လာရောက်ပူးပေါင်းတဲ့ ကျနော်တို့သူငယ်ချင်းတစုလည်း (စန္ဒာဝင်း လ္ဘက်ရည်ဆိုင်မှာ ပထမဆုံး အရိုက်ခံလိုက်ရတဲ့ နွားထိုးကြီးမှ ဝင်းမြင့်အပါအဝင်) တရားဟောစင်မြင့်၏ ညာဖက်အခြမ်းမှာ ရောက်နေကြ ပါတယ်။ အဆိုတွေကို ဦးဆောင်ပြီးတင်သွင်းကြတဲ့သူတွေဟာ ဘယ်အတန်းက၊ ဘယ်ဘာသာရပ်က၊ ဘယ်သူတွေ ဆိုတာ လုံးဝမသိပါဘူး။ ဒါပေမယ့် ကျောင်းသားသပိတ်ဟာ အရေးကြီးတဲ့ နိုင်ငံရေးအလှည့်အပြောင်းတခုကို ရောက် နေပြီး ကျောင်းသားအရေးတခုထဲကိုသာ ဦးတည်ပြီး မဆလကို တိုက်လို့မရဘူး။ မဆလ ဆန့်ကျင်ရေး နိုင်ငံရေး တိုက်ပွဲတွေကို ဖော်ထုတ်ဖို့ဟာ တိုင်းပြည်၏ အရေးတကြီးလိုအပ်နေတဲ့ အနေအထားလို့ ကျနော်တို့ သူငယ်ချင်း တစုလည်း နားလည်ထားပါတယ်။ ဒါကြောင့် ကိုမိုးသီးဇွန် တင်သွင်းတဲ့အဆို ထောက်ခံဆွေးနွေးကြဖို့ ကျနော်တို့ သူငယ်ချင်းတစု ဆုံးဖြတ်လိုက်ကြတယ်။ ဘယ်သူတက်ရောက်ဆွေးနွေးမလဲဆိုတာ တိုင်ပင်ကြတဲ့အခါမှာ ကျနော့်ကို တက်ရောက်ဆွေးနွေးရန် ပြောကြသဖြင့် တရားဟောစင်မြင့်ပေါ်တက်ပြီး တက်ရောက်ဆွေးနွေးလိုကြောင်း တာဝန် ရှိတဲ့ ကျောင်းသားတွေကို ပြောပြပါတယ်။ အဲဒီအချိန်မှာ တရားဟောစင်ကို ထိုင်ခုံတွေနဲ့ ကာထားပြီး အလွယ်တကူ ဝင်ရောက်ခွင့်မပြုပါဘူး။ စင်ရဲ့နောက်ဖက် စီစစ်တဲ့ကျောင်းသားတွေထံ ကျောင်းသားကဒ်ပြ၊ ဆွေးနွေးလိုတဲ့ အကြောင်းအရာ အကျဉ်းချုပ်တင်ပြပြီးတော့မှ စင်ပေါ်တက်ရောက်ဆွေးနွေးရပါတယ်။ ကျနော့်အနေနဲ့… တိုင်းပြည်က ချမ်းသာသလောက် ပြည်သူတွေကြုံတွေ့ခံစားနေရတဲ့ ဒုက္ခ၊ ဆင်းရဲနေရတဲ့ ဘဝအခြေအနေတွေနဲ့ ဒီနေ့ မိမိတို့ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေတွေ၊ အဖြစ်ဆိုးတွေကို မကြုံတွေ့စေဖို့၊ အနာဂတ်ကြီးမှာ ကြီးပြင်းလာမယ့် မျိုးဆက်သစ်တွေအတွက် မဆလ အစိုးရကို ဖြုတ်ချရမယ်၊ ဒါကြောင့် နိုင်ငံရေးလုပ်ရမယ်လို့ ခဏမျှလောက်သာ ဆွေးနွေးတင်ပြလိုက်ပါတယ်။

ကျနော်တို့ရဲ့နောက်မှာတော့ ဆေးတက္ကသိုလ်(၂)မှ ဂျူတီကုတ်အဖြူကိုဝတ်ပြီး နားကြပ်ကို သိုင်းထားတဲ့ ကိုဇော်ထွန်း ဆိုသူဟာ နေဝင်းအစိုးရကို အပြီးအပိုင် ဖြုတ်ချရမယ်ဆိုကာ လက်သီးလက်မောင်းတန်းရင်း အတက်ကြွဆုံး တရား ဟောလိုက်ပါတယ်။ သူ့ရဲ့ တရားဟောစတိုင်နှင့် အသွင်သဏ္ဍာန်ကိုတော့ဖြင့် ယနေ့တိုင် အမှတ်ရနေဆဲပါ။ (သို့သော် လည်း အခုအခါ ကိုဇော်ထွန်းဟာ ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ပြီလို့ သိရှိရပါတယ်။) ဒီနောက်မှာတော့ဖြင့် အလယ်တန်းကျောင်းမှ ကျောင်းသူလေးတယောက်နှင့် သံဃာတော်တပါး အပါအဝင် ကျောင်းသားများဟာ မဆလ ဆန့်ကျင်ရေး နိုင်ငံရေးတိုက်ပွဲကို ဖော်ထုတ်ဖို့ အသီးသီးပြောကြပါတယ်။

ကျောင်းသားအရေး လုပ်မလား၊ နိုင်ငံရေး လုပ်မလားဆိုတဲ့ အဆိုနှစ်ခုမှာ ကျောင်းသားထု၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံရေး လုပ်မယ်ဆိုတဲ့အဆိုကို အားလုံးဆန္ဒဖြင့် သဘောတူညီစွာ ဆုံးဖြတ်လိုက်တာကြောင့် ဂျွန်ကျောင်းသားသပိတ်၏ နိုင်ငံရေးဦးတည်ချက်ဟာလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပေါ်လာခဲ့ပါတော့တယ်။

ဂျွန် ၂၁ ရက်နေ့ဟာ ဦးနေဝင်း ဦးဆောင်တဲ့ မဆလ အစိုးရကို ကျောင်းသားအားလုံးက ဗြောင်စစ်ကြေညာပြီး နိုင်ငံရေးနည်းဖြင့် ခံစစ်မျဉ်းကိုကျော် လှံစွပ်ထိုးတိုက်ပွဲ စတင်လိုက်တာပဲဖြစ်ပါတယ်။ သပိတ်ဟာ ငြိမ်းချမ်းစွာ ပြီးဆုံး သွားပေမယ့်လည်း ညမှာတော့ဖြင့် မဆလ စစ်အစိုးရက ရန်ကုန်တက္ကသိုလ်ကို ပိတ်ပစ်လိုက်ပြီဆိုတဲ့အကြောင်း ကြေညာလိုက်ပါတော့တယ်။

ဂျွန် ၂၁ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကို ပိတ်လိုက်တာကြောင့် ကျောင်းသားသပိတ်နှင့် တရားပွဲတွေဟာ မပိတ်ဘဲ ကျန်ရှိနေတဲ့ RIT နှင့် ဆေးတက္ကသိုလ်(၁)ဖက်ကို ရောက်ရှိသွားပါတယ်။ ကျနော့်အနေနဲ့ RIT ဖက်မှာ ရောက်နေလို့ ဆေး(၁)ဖက်က အခြေအနေကိုတော့ ပြည့်ပြည့်စုံစုံ မသိရှိနိုင်ခဲ့ပါဘူး။ မနက် ၈ နာရီလောက်က RIT ဝင်းထဲကို ရန်ကုန်တက္ကသိုလ်ဖက်မှ ကျောင်းသားအချို့ ရောက်လာပြီး RIT ကျောင်းသားတချို့နှင့် ပူးပေါင်းပြီး သပိတ် မှောက်ရန် ပြင်ဆင်နေကြပါပြီ။ ပထမမှာ ကျောင်းသားဦးရေဟာ ၇၀ ကျော်လောက်ပဲ ရှိမယ်ထင်ပါတယ်။ သပိတ် မှောက်ဖို့ လှုံ့ဆော်စည်းရုံးမှုတွေ ပြီးတဲ့နောက်မှာ Canteen မှာရော၊ စာသင်ဆောင်တွေဘက်မှာရှိကြတဲ့ ကျောင်း သားတွေရော RIT ကျောင်းရဲ့ မျက်နှာစာ ဆင်ဝင်အောက်မှာ လာရောက်စုရုံးကြပါတယ်။ ကျောင်းသားတွေကို စုဝေးထိုင်ခိုင်းပြီး ရန်ကုန်တက္ကသိုလ်ဘက်မှ ကျောင်းသားတချို့ရော၊ RIT ဘက်မှ ကျောင်းသားတချို့က ဘာကြောင့် ဆန္ဒပြရတဲ့အကြောင်းနဲ့ ဂျွန်ကျောင်းသားသပိတ်ကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း တလှည့်စီ ရှင်းပြကြပြီး သပိတ်ကို စတင်လိုက်ပါတယ်။ သတိထားမိတာက ဆရာ၊ ဆရာမတွေရော (အဲဒီအချိန်က RIT လမ်းစဉ်လူငယ် ဥက္ကဋ္ဌလည်းဖြစ်၊ Mental ဌာနမှ ပါမောက္ခလည်းဖြစ်၊ နဝတ ခေတ်မှာလည်း RIT ၏ ပါမောက္ခချုပ်အဖြစ်လည်း လုပ်သွားတဲ့) ဦးခင်မောင်သန်းကိုယ်တိုင် ဘာတွေပြောသွားတယ်ဆိုတာကို လာပြီးနားထောင်ပါတယ်။

စပြီး တက်တက်ကြွကြွတရားဟောတဲ့အထဲမှာတော့ RIT မှ မခင်ဥမ္မာဆိုတဲ့ ကျောင်းသူတယောက်အပါအဝင် ကို စည်သူ၊ ကိုသောင်းတန်တို့လည်း ပါဝင်ကြပါတယ်။ (ကိုစည်သူကိုတော့ ၁၉၈၉ မတ်လဆန်းလောက်က အိန္ဒိယ နယ်စပ် မှာ နောက်ဆုံးတွေ့လိုက်ရပြီး ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်လို့ ကြားသိရပါတယ်။) တဖြည်းဖြည်းနှင့် RIT ကျောင်းမျက်နှာစာ သုံးခုလုံးဟာ လာရောက်ပူးပေါင်းကြ၊ နားထောင်ကြသူတွေနဲ့ ပြည့်လျှံသွား ပါတော့တယ်။ ၁၀ နာရီခွဲလောက်မှာတော့ ရန်ကုန်တက္ကသိုလ်ဘက်မှာရော၊ ဆေးတက္ကသိုလ်(၂)ဘက်မှာရော မနေ့က နိုင်ငံရေးအဆိုကို တင်သွင်းခဲ့တဲ့ ကိုမိုးသီးဇွန်တို့လည်း RIT မှာ လာရောက်ပူးပေါင်းကြပါတယ်။

စာရေးသူက ရေး၊ စာကပ်တဲ့သူက ကပ်၊ တရားဟောတဲ့သူက ဟောနဲ့ အားလုံးဟာ လက်မလည်အောင်ဘဲ အလုပ် များနေကြပါတယ်။ BPI ဆေးဝါးလုပ်ငန်းမှ စက်ရုံအလုပ်သမားရော၊ အင်းစိန်မီးရထားစက်ခေါင်းရုံမှ အလုပ်သမားများပါ လာရောက်အားပေးနေတဲ့အတွက် သပိတ်ဟာ အတော်အင်အားကောင်းသွားပြီး အားတက်စရာလည်းကောင်းပါတယ်။ လူအုပ်ကလည်း များသထက်များလာ၊ တယောက်တလှည့် ဟောရပြောရတာလည်း မမောနိုင်အောင်ဘဲ ရှိပါတော့ တယ်။

နယ်ကနေပြီး ကျောင်းတက်လာတဲ့ ကျနော်တို့လို ကျောင်းသားတွေ မဆလ အစိုးရထိပ်ပိုင်း ဗဟိုကော်မီတီဝင်တွေ အတွက် သီးသန့်ထားရှိတဲ့ ပဒုမ္မာပြခန်းလိုဆိုင်တွေမှ ဘယ်လိုအခွင့်အရေးတွေ ခံစားရရှိနေတဲ့အကြောင်းတွေကို ရန်ကုန်မှကျောင်းသားတွေမှ ထုတ်ဖော်ပြောထားတွေကြားရတော့ မယုံနိုင်စရာ အံ့သြခဲ့ကြရတာကတော့ အမှန်ပါပဲ။ နားထောင်ကြတဲ့ ပြည်သူတွေထဲမှ အင်းစိန်မီးရထားစက်ခေါင်းရုံမှာ အလုပ်လုပ်တဲ့ ကိုမျိုးချစ်ဆိုတဲ့သူဟာ မဆလ အစိုးရကို အချက်ကျကျ ထိထိမိမိ ထောက်ပြနိုင်ခဲ့တဲ့သူတွေထဲမှာ တယောက်အပါအဝင်ပါပဲ။

နေ့လည်မှာ ပဲခူးကောလိပ်မှ ကျောင်းသားကိုယ်စားလှယ်တယောက် သပိတ်ကို ထောက်ခံတဲ့သဝဏ်လွှာနှင့်အတူ ရောက်ရှိလာသလို ပြည်၊ မကွေးကောလိပ်များမှလည်း သပိတ်ကိုထောက်ခံကြကြောင်း သဝဏ်လွှာများ ပေးပို့ကြ ပါတယ်။

နေ့လည်မှာတော့ RIT ခန်းမရှေ့ မှာ ကိုစည်သူ၊ မိုးသီးဇွန်အပါအဝင် ရန်ကုန်တက္ကသိုလ်မှာရော၊ RIT မှရော သပိတ်ကို ဦးဆောင်နေတဲ့ စုစုပေါင်းရှစ်ယောက်ဟာ အပြန်အလှန်မိတ်ဆက်ကြပြီး အစည်းအဝေးပြုလုပ်ကြပါတယ်။

အဓိကတော့ မနက်ဖြန်လည်း ကျောင်းသားသပိတ်ကို ဆက်လက်လုပ်ဆောင်ဖို့ရယ်၊ ပြည်သူတွေထံကို… သပိတ် မှောက်တာဟာ ကျောင်းသားအရေးအတွက်သာ တောင်းဆိုတိုက်ပွဲဝင်တော့မှာ မဟုတ်တဲ့အကြောင်းနဲ့ ပြည်သူတွေက လည်း ကျောင်းသားတွေနဲ့ပူးပေါင်းပြီး မဆလ အစိုးရကို ဆန့်ကျင်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ညနေ ၃ နာရီခွဲလောက်မှာတော့ဖြင့် မြေနီကုန်းမှာ ကလေးတွေကို လုံထိန်းက ကားနဲ့တိုက်သတ်ကြတဲ့အကြောင်း သတင်းရောက်ရှိလာပါတယ်။ သတင်းကို အတိအကျစုံစမ်းဖို့ ဒုတိယနှစ်မှာတက်နေတဲ့ မြောင်းမြမှ ဗိုလ်ဗိုလ်ကျော်ကို စေလွှတ်လိုက်ကြပါသေးတယ်။ နောက်ကျမှ မြေနီကုန်းအရေးအခင်းဟာ ပြင်းထန်ကြောင်း သိရပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာတော့ဖြင့် သပိတ်ကို နားဖို့တိုင်ပင်ကြပြီး ကျောင်းထဲမှာ ဆက်လက်နေရင် မလုံခြုံတဲ့အတွက် ပဉ္စမနှစ် လျှပ်စစ်မှ ကိုဖုန်းမြင့်(ယ္ခု Australia ရောက်)ရယ်၊ ကိုမိုးသီးဇွန်ရယ်၊ အခြားကျောင်းသားနှစ်ယောက်ရယ် ဘတ်စကား တွေလည်း လုံးဝမရှိတော့တာကြောင့် အရှေ့ကြို့ကုန်းကို ဖြတ်ပြီး နေထိုင်မယ့် တောင်ဥက္ကလာဘက်ကို ခြေလျင် ထွက်လာခဲ့ကြပါတော့တယ်။ တောင်ဥက္ကလာရောက်မှ လူစုခွဲလိုက်ကြပါတော့တယ်။

ကျနော်တို့ RIT ဝင်းထဲမှ ထွက်သွားပြီးနောက်ပိုင်းမှာ လှည်းတန်းမှာရဲက ပစ်လိုက်လို့ သေဆုံးသွားတဲ့ ကျောင်းသား တယောက်ရဲ့အလောင်း RIT ထဲ ရောက်ရှိလာပြီး သပိတ်ဟာ ဆက်လက်ဖြစ်ပေါ်ခဲ့တယ်လို့သိရှိရပါတယ်။ ဒါပေမယ့် စစ်တပ်က ဝင်စီးလိုက်ပြီး ဖမ်းမိတဲ့သူတွေကို လက်ပြန်ကြိုးတုပ် ကျောင်းရှေ့မျက်နှာစာ မြက်ခင်းမှာ မှောက်လျက် ထားခဲ့တယ်။ ထောက်လှမ်းရေးတွေကလည်း အဆောင်တွေထဲဝင် ဓါတ်ပုံရိုက်ပြီး အချို့ကို အင်းစိန်ထောင်သို့ ပို့ လိုက်ပါတယ်။ ဒီနေရာမှာပဲ ကိုမျိုးချစ်လည်း အဖမ်းခံလိုက်ရတယ်လို့ သိရတယ်။

ညမှာတော့ ရေဒီယိုမှ မာရှယ်လောအမိန့်ကို ကြေညာလိုက်ပြီး RIT ကိုတော့ တရားဝင်ပိတ်လိုက်တယ်လို့ မကြေ ညာတော့ဘဲ ညနေကတည်းက စစ်တပ် ဝင်ရောက်စီးနင်းနေရာယူပြီးနေပါပြီ။ တက္ကသိုလ်ကောလိပ်တွေ ပိတ်လိုက် ပေမယ့် အုပ်စုလိုက် ကျောင်းသားသပိတ်တိုက်ပွဲတွေဟာ ရှစ်လေးလုံးကာလအထိကို ဆက်လက်ပြီး ဖြစ်ပေါ် နေခဲ့ပါတယ်။

မတ်လတိုက်ပွဲများမှသည် ဂျွန်လတိုက်ပွဲများသို့၊ ဂျွန်လတိုက်ပွဲများမှသည် ယနေ့တိုင် တချို့လည်း ရှစ်လေးလုံး လူထု
တိုက်ပွဲတွေမှာ၊ လက်နက်ကိုင်တိုက်ပွဲတွေမှာ မွန်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီးပါပြီ။ တချို့ကတော့ အဖွဲ့အစည်း များမှာ နဝတ စစ်အစိုးရ အပြီးအပိုင်ချုပ်ငြိမ်းသည်အထိ နည်းလမ်းမျိုးစုံနဲ့  တိုက်ပွဲဝင်နေကြပါတယ်။ ။

၊သံဒုတ်၊
ပန်းစကားမဂ္ဂဇင်း အမှတ် ၁၆
၁၉၉၆ မှ

1 comment:

  1. ကော်ပီယူ ဖတ်ရှုသွားပါတယ်။ကျေးဇူးပါ။

    ReplyDelete