07 May 2009

နိုင်ငံအတွက် ရင်နာတယ် (ဝင်းတင့်ထွန်း)

(၁)
‘နာဂစ်’တဲ့
ကမ္ဘာစစ်ထက်တောင် ပြင်းထန်
ဗုံးဒဏ်ကမှ ရှောင်လို့ရနိုင်သေး
ပြေးးလို့လည်း မလွတ်
ပုန်းလို့လည်း မလွတ်
ဘေးလွတ်ရာဆိုတာ နတ္ထိ
ကယ်သူဆိုတာလည်း မရှိခဲ့ရတဲ့ဘဝ
ရက်စက်လှတဲ့ ဒီမုန်တိုင်း
ရိုင်းလွန်းလှတဲ့ ကံကြမ္မာ
ရင်ကျိုးစရာတွေချည်းပါလား…။



အိမ်ခေါင်မိုးတွေ အကုန်လန်
ထရံမှန်သမျှ ပျက်ကြေပြတ်
ဓါတ်တိုင်တွေက ယိုင်လဲပြို
သစ်ပင်အိုကြီးတွေက တုံးလုံးပက်လက်
ရေတစက်မှမလာတဲ့ ရေပိုက်ခေါင်း
ထီးတော်စောင်းသွားခဲ့ရတဲ့ စေတီတော်
ကုန်းပေါ်ရောက်သွားခဲ့ရတဲ့ လှေသင်္ဘော
ရင်မောစရာ မြင်ကွင်းစုံ
ဒဏ်ရာပေါင်းစုံ မြင်ရတယ်…။

အမေမရှိတော့တဲ့ သား
သားမရှိတော့တဲ့ မိခင်
လင်မရှိတော့တဲ့ ဇနီး
ဇနီးမရှိတော့တဲ့ ယောက်ျား
သားသမီးမရှိတော့တဲ့ အဖေ
မိဘတွေ အားလုံးမရှိတော့တဲ့ ကလေး
ငိုကြွေးသံတွေက တညံညံ
ရှိုက်သံတွေက အလီလီ
ဧရာဝတီတခုလုံး အမှောင်ဖုံး
မဆုံးနိုင်တဲ့ သောကတွေ
ဘယ်လိုဖြေလို့ ပြေပါ့မယ်…။

ဗမာပြည်ရဲ့စပါးကျီ
ဧရာဝတီရဲ့ငိုရှိုက်သံ
တနိုင်ငံလုံး ကြားနေရ
ကြားရသူတိုင်း ရင်တွေနာ
မြင်ရသူတိုင်း အသဲနာ
… နာ … နာ … နာ
နာဂစ်… တဲ့
အနာဖြစ်ရုံမက
လည်မျိုညှစ်ချလိုက်သလို
ငိုသံတွေပါ ရေထဲနစ်
တဂစ်ဂစ်နဲ့ မျောပါရင်း
ရုန်းရင်းကန်ရင်း သေခဲ့ရ
ဆုံးခဲ့ရတဲ့ အသက်တွေ
ရေတွက်မရနိုင်အောင်ဘဲ များခဲ့တယ်…။

ကျွန်းညိုတောမှာ
ကွန်းခိုပြောစရာ မကျန်ရစ်
ရေပြင်ဖြစ်ပြီး ကွင်းလုံးမြုပ်
ရွာလုံးပြုတ်သွားခဲ့ရတဲ့ ကျေးရွာတွေ…
ငွေသောင်ယံတဝိုက်လည်း
သေအောင် ခံလိုက်ရပြီး လှိုင်းတွေအောက်
ရွာပါ ပျောက်သွားခဲ့ရတဲ့ဒေသတွေ…
မိန်းမလှကျွန်း
ဆတ်ကျွန်း
ဟိုင်းကြီးကျွန်း
…ကျွန်း …ကျွန်း …ကျွန်း
မြစ်ဝကျွန်းပေါ်တခုလုံး
ဝရုန်းသုန်းကား မုန်တိုင်းအောက်
ကုန်းကောက်စရာ မကျန်အောင်
နယ်လုံးပြောင်အောင် ခံလိုက်ရ
ပျက်ခဲ့ရတဲ့ အိမ်ယာတွေ…။

တဝုန်းဝုန်းပေါ့
လှိုင်းလုံးတွေနဲ့ လေပြင်းကြား
လွင့်မသွားရအောင် လူချင်းဖက်
လက်ချင်းဆက်ပြီး ကြိုးနဲ့ချည်
မျက်ရည်တွေနဲ့ ပင်လယ်ရေ
ဒုက္ခပင်လယ်ဝေတယ်ဆိုတာ ဒါမျိုးပေါ့
ကြိုးတစတည်း တွဲထားရင်း
သေမင်းခေါ်ရာ လိုက်သွားရ
ဆုံးရရှာတဲ့ မိသားစု
ရှုမိသူတိုင်း ရင်နင့်ဖွယ်…။

ကျွဲသေ နွားသေ ခွေးလည်း သေရ
ကြက်သေ ဝက်သေ ကြောင်လည်း သေရ
ဒီရေထဲမှာ…
ချာချာလည်အောင် မျောပါရင်း
ဆယ်ယူခြင်းမဲ့ အကောင်တွေ
နေရာပေါင်းစုံ မြင်ရတယ်…။

လူတွေလူတွေ လူသားတွေလေ
သေရပုံတွေ မြင်မကောင်း
အလောင်းတွေက ပေါလောစုန်
ဒိုက်ပုံကြီးလို မျောတာမျော
ကိုင်းတောစပ်မှာ တင်တာတင်
လမုပင်မှာ ငြိတာငြိ
မကြည့်ရက်စရာ မြင်ကွင်း
ကျင်းတူးမြှုပ်မယ့်သူ မလာ
အလောင်းရှာမယ့်သူ မမြင်
သရဏဂုံတင်မယ့်သူ မရှိ
ပိုင်ရှင်မရှိတဲ့သူတွေလို
ညာတကာမရှိတဲ့သူတွေလို
အို… နိုင်ငံမရှိတဲ့သူတွေလိုပါပဲလား…။

(၂)
မုန်တိုင်းဒဏ်အောက်
မသေမပျောက် ကျန်ပေမယ့်
သောက်စရာ ရေမရှိ
ရေအတိနဲ့ လှိုင်းတွေကြား
သောက်ရေရှားရ အဖြစ်ဆိုး
ရေတအိုးတောင် ပေးသူမရောက်
ရေတပေါက်လောက် တမ်းတရင်း
သေမင်းခေါ်သံ ကြားလိုက်ရ
သေရသူတွေ ရှိခဲ့တယ်…။

စားစရာမရှိ
ချိချိနဲ့နဲ့ အံကိုတင်း
ထမင်းလေးကို အိမ်မက်မက်
ဆန်ပြုတ်တခွက် မျှော်လင့်ရင်း
ကယ်တင်ခြင်းတွေ စောင့်မျှော်ကာ
ဗိုက်ဆာဆာနဲ့ ဆုံးပါးရ
သေရသူတွေ ရှိခဲ့တယ်…။

ကယ်သူမရှိ ရေတွေထဲ
အမိုးလည်း ဗလာ
အကာလည်း နတ္ထိ
ခြုံစရာမရှိ နေရရင်း
တမျှဉ်းမျှဉ်းနဲ့ ကြိတ်မှိတ်ခံ
မိုးဒဏ်လေဒဏ် အဖုံဖုံကြား
ရောဂါများစွာ ရခဲ့ရ
သေရသူတွေ ရှိခဲ့တယ်…။

မသေသင့်ဘဲ သေကြရ
ဒီဒုက္ခပေါင်းစုံတွေရဲ့တရားခံ
လက်သည်အမှန်ဟာ ဘယ်သူလဲ…။

သဘာဝဘေး ကပ်ဆိုးဒဏ်အပေါ်
မင်းဆိုးဒဏ်က ထပ်ဆင့်လောင်းတော့
မြင်မကောင်းအောင် သေခဲ့ရ
မြေမချရတဲ့ အလောင်းတွေ
ဧရာရေပြင် သိပါတယ်…။

ကယ်လိုသူတွေ ရှိပါလျက်နဲ့
ရက်စက်တဲ့ စစ်အုပ်စုကြောင့်
လူ့ကရုဏာတရားတွေနဲ့ ဝေးခဲ့ရ
ပေးခဲ့ရတဲ့ အသက်တွေ
ဝိဉာဉ်တွေရဲ့ငိုရှိုက်သံ
တနိုင်ငံလုံး ကြားနေရ
ပင်လယ်ဝက ဒီတွန်ချိန်
ဆည်းဆာချိန်တွေ မှောင်လွန်းတယ်…။

(၃)
ကယ်ဆယ်ရေးတွေ လုပ်ပြီးပြီ…တဲ့
ဒါ ရီစရာမဟုတ်
ပြက်လုံးထုတ်ပြီး ပြောနေတာမဟုတ်ပါ
ဒုက္ခသည်တွေအတွက်
ရက်ပေါင်းများစွာ ကြာတဲ့အထိ
ချက်စရာ ဝက်စာဆန်
ရေစိုဆန်က နို့ဆီဗူးလေးလုံး
အာလူးက သုံးလုံး
စားအုန်းဆီက ငါးကျပ်သား
ဆားက လက်တခုပ်
ခေါက်ဆွဲခြောက်က နှစ်ထုပ်စီ
ကယ်ဆယ်ရေးတွေ လုပ်ပြီးပြီ…တဲ့…။

နိုင်င့တကာက ပို့လိုက်တဲ့
ဒုက္ခသည်တွေအတွက်
ရွက်ဖျဉ်တဲတွေ အမြောက်အများ
ဘယ်ဆီရောက်သွားကုန်ပြီလဲ…။

သောက်စရာ ရေသန့်ပုလင်း
အချိုရည်ပုလင်းနဲ့ ရေသန့်ဆေးပြား
အားဖြည့်အစားအစာနဲ့ ထမင်းဗူး
နို့မှုန့်ဗူးနဲ့ ဆေးခြင်ထောင်
နိုင်ငံခြားစောင်အမျိုးမျိုးနဲ့ အဝတ်အထည်တွေ
ဒုက္ခသည်တွေထံ မရောက်
ဘယ်ဆီရောက်ကုန်ပါပြီလဲ…။

နိုင်ငံမျိုးစုံက
လာလိုက်ကြတဲ့ ခေါက်ဆွဲထုပ်
ဆန်ပြုတ်ထုပ်နဲ့ ဆေးဝါးတွေ
သွပ်ပြားတွေနဲ့ မိုးကာစ
သံချောင်းကနေ မီးစက်အထိ
လေယာဉ်အပြည့်နဲ့ ပစ္စည်းတွေ
ဒုက္ခသည်တွေ မမြင်ရ
ဘယ်ဆီရောက်ကုန်ကြပြီလဲ…။

စစ်အစိုးရ ယုတ်မာပုံ
တိုင်းလုံးတုန်အောင် မြင်ကြရ
ကူညီကြမယ့် အကူအညီတွေ
သူတို့တွေကတဆင့် ပေးရမတဲ့…။

နိုင်ငံသားအချင်းချင်း
ကိုယ့်ပြည်တွင်းက အလှူရှင်
စေတနာရှင်တွေကိုတောင် ခွင့်မပြု
ဝင်ခွင့်မပြု၊ မသွားရ
သူတို့ကပဲတဆင့် လှူဒါန်းရမတဲ့…။

နိုင်ငံတကာအကူအညီတွေအပေါ်
မတော်မလျော် ကမ္ဗည်းထိုး
အစိုးရရဲ့စေတနာ
ဗိုလ်ချုပ်ကြီးများရဲ့စေတနာ…တဲ့
ယုတ်မာရာမှာ ကမ်းကုန်တယ်…။

(၄)
နိုင်ငံတကာက ကျွမ်းကျင်သူ
ကယ်ဆယ်သူတွေ မဝင်ရ
စစ်အစိုးရ လက်မခံ
ငြင်းဆန်ခဲ့တာ ဘာ့ကြောင့်လဲ…။

သူတို့တွေရဲ့ယုတ်မာမှု
အတုအယောင် ဆန္ဒခံယူပွဲ
မဲခိုးပွဲကို မြင်သွားမှာ
စိုးရမ်တာလည်း ပါသလို…
နအဖရဲ့ရက်စက်ပုံ
ပြောမယုံနိုင် ဇာတ်လမ်းတွေ
သေသေချာချာ သိသွားကြ
ဆိုးရွားလှတဲ့ ဒုက္ခတွေ
သေသေချာချာ မြင်သွားကြ
နအဖရဲ့အုပ်စိုးမှု
လူထုကြီးက ရွံရှာတာ
ပေါ်လာမှာတွေ စိုးရိမ်ပြီး
အချည်းနှီးနဲ့ လိမ့်နေတာ
တကမ္ဘာလုံး သိပါတယ်…။

လိမ်… လိမ်… လိမ်… ဆက်ပြီးလိမ်
ဘယ်လိုလိမ်မလဲ - လိမ်နေဆဲ
အလိမ်ပြေချိန် အရှိန်ရပ်တော့
သတ်ဖြတ်ခဲ့တဲ့ အမှုတွေ
ငတ်ပြတ်ခဲ့ရ အမှုတွေ
သေခဲ့ရတဲ့ အမှုတွေ
ပင်လယ်ရေနဲ့ ဆေးမရ
မိုးမှောင်ညကြီး ရှည်ခဲ့တာ
စစ်အာဏာရှင်တွေ တရားခံ
နိုင်ငံအတွက် ရင်နာတယ်…
နိုင်ငံအတွက် ရင်နာတယ်…။ ။

၊ဝင်းတင့်ထွန်း၊
၂၂၊ ၅၊ ၂၀၀၈
(မုန်တိုင်းဒဏ်သင့် အမိနိုင်ငံတော်သား ဗမာပြည်သားအားလုံးသို့)

No comments:

Post a Comment