12 May 2009

ဆရာဒဂုန်တာရာ (သို့မဟုတ်) ရွှေအိုရောင် ကောင်းကင်သစ်ပေါ်က တောက်ပတဲ့ ပန်းနုကြယ် (ဝင်းတင့်ထွန်း)

(၁)
တမျိုးသားလုံးရဲ့ အမျိုးသားယဉ်ကျေးမှုလမ်းကြောင်းပေါ်မှာ စာပေအနုပညာဟာ အင်မတန်အရေးပါလှတဲ့ အခန်းတနေရာက ရှိပါတယ်။ နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို အဲဒီနိုင်ငံ၊ အဲဒီလူမျိုးရဲ့ စာပေအနုပညာအဆင့်အတန်းကနေ လေ့လာအကဲခတ်ကြည့်ရှုနိုင်ပါတယ်။ အဲဒီလို အရေးပါလှတဲ့ စာပေအနုပညာတွေကို ဖန်တီးကြသူတွေဟာ စာပေအနုပညာရှင်ကြီးတွေပါ။ ခေတ်တိုင်းခေတ်တိုင်းမှာ စာပေအနု ပညာရှင်ကြီးတွေ ပေါ်ပေါက်ခဲ့ကြပေမယ့် အင်မတန်မှ ထူးချွန်ပြောင်မြောက်တဲ့ စာပေအနု ပညာရှင်ကြီးတွေကတော့ တော်တော်ကို ရှားပါးလှတယ်။ အထူးသဖြင့် စာပေအနုပညာ လမ်းမကြီးပေါ်မှာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူနဲ့ ကိုယ်ပိုင်လမ်းကြောင်းသစ် ဖောက်လုပ် ခင်းကျင်းပြီး ဂုဏ်ပြောင်ပြောင် ဖြတ်ကျော်ချီတက် လျှောက်လှမ်းနိုင်ခဲ့ကြတဲ့ စာပေအနုပညာ ရှင်ကြီးတွေမျိုးကတော့ ပိုလို့တောင် ရှားပါးလှပါတယ်။ အဲဒီလို ရှားရှားပါးပါး တွေ့ရမြင်ရ နိုင်တဲ့ ကြုံတောင့်ကြုံခဲ စာပေအနုပညာရှင်ကြီးမျိုးတွေမှာ …
သူ့လိုင်းနဲ့သူ တခေတ်မှာတယောက်လို့ ပြောရလောက်အောင် ကိုယ်ပိုင်လမ်း ကြောင်းသစ်ထွင်ပြီး ကိုယ့်မူကိုယ့်ဟန် ကိုယ့်သဏ္ဍာန်နဲ့ အောင်အောင်မြင်မြင်စိုက်ထူခင်း ကျင်းသွားနိုင်ရုံမက အများထုကပါ အလေးထားခြင်းခံရတဲ့ စာပေအနုပညာရှင်ကြီးမျိုးတွေ ထဲမှာ …
‘ဆရာဒဂုန်တာရာ’ပါပါတယ်။ ဒဂုန်တာရာလို့ခေါ်တဲ့၊ ကျနော်တို့တတွေ အလေးထား လေးစားကြတဲ့၊ ကျနော်တို့ရဲ့ဆရာ ‘ဆရာတာ’ပါပါတယ်။



(၂)
ကျနော့်ကို ဆရာတာဆီ ပထမဦးဆုံး စတင်ခေါ်ဆောင်သွားခဲ့သူကတော့ ‘ဆရာစွမ်း’ ပါ။
အဲဒီတုန်းက ဆရာဒဂုန်တာရာဟာ မင်းသားကြီး ကောလိပ်ဂျင်နေဝင်းနဲ့ မခင်မာလာ တို့အိမ်မှာ နေထိုင်နေတဲ့အချိန်ပါ။ ၁၉၈၀ ခုနှစ်ဝန်းကျင် ကာလလောက်ကပါ။ နွေရာသီရဲ့ တညနေခင်းဆိုတာတော့ အခုချိန်ထိ ကောင်းကောင်းမှတ်မိနေပါတယ်။ မင်းသားကြီး ကော လိပ်ဂျင်နေဝင်းဟာ စွပ်ကျယ်အင်္ကျီကို ပခုံးပေါ် လွှားထားရင်း အပေါ်ပိုင်း ကိုယ်တုံးလုံးချွတ်နဲ့ အိမ်ရှေ့တည့်တည့်မှာ ကုလားထိုင်တလုံးနဲ့ ထွက်ထိုင်နေရာက ကျနော်တို့ဝင်လာတာကို လှမ်းကြည့်ပြီး ဆရာစွမ်းကို ပြုံးပြပါတယ်။ “ခင်ဗျားတို့ဆရာကြီး အထဲထဲမှာ၊ အထဲထဲ မှာ…”လို့လည်း ပြောလိုက်ရင်း ဆရာတာ နေတဲ့အခန်းဆီ ပြုံးပြုံးကြီး လက်ဝှေ့ယမ်းပြ လိုက်ပါတယ်။ ညနေခင်းပေမယ့် နွေရာသီကာလကြီးဆိုတော့ အပူရှိန်အငွေ့တွေက တလှပ်လှပ်ဝေ့နေဆဲပါ။
ဆရာတာ့အခန်းထဲ ဝင်လိုက်ကြတဲ့အချိန်မှာတော့ အပြင်ကလောက် မပူတော့ဘဲ အပူသက်သာသွားသယောင် ခံစားလိုက်ရပါတယ်။ စာအုပ်ပုံ၊ စာအုပ်ထပ်၊ စာနယ်ဇင်း အမျိုးမျိုး ပတ်ချာလည်ကြားထဲကနေ ဆရာတာက သူ့ရဲ့ကိုယ်ပိုင်အပြုံးမြမြနဲ့ ကျနော်တို့ကို ဖွဖွလေး ကြိုဆိုနေပါတယ်။ သိသိသာသာရှည်လျားလွန်းလှတဲ့ ဘော်ငွေရောင် လှိုင်းတွန့်ပုံ ဆံပင်ရှည်ရှည်ကြီးတလူလူရဲ့အောက်မှာ ကျွဲကော်ကိုင်းအနက် မျက်မှန်ထူထူကြီး တပ်ထား တဲ့ ဆရာဒဂုန်တာရာရဲ့မျက်နှာဟာ မြင်ရရုံနဲ့ အနုပညာသမားစစ်စစ်တယောက်မှန်း ဖော်ပြ နေပါတယ်။ ဘော်ငွေရောင်ပြေးစ ဆံနွယ်ဆံခက်တချို့ဟာ ပခုံးပေါ်ဆီအထိ ခွေဝိုက်ဖြာဆင်း နေပါတယ်။ ဗမာပြည်လို လူ့အဖွဲ့အစည်းမျိုးမှာတော့ အသက် ၆၀ ဝန်းကျင်အရွယ် သာမန် လူကြီးတယောက် ထားလေ့ထားထမရှိတဲ့ ဆံပင်ပုံစံ။ ဒါကိုက တခြားသူ တပါးသူနဲ့ မတူတဲ့ ဒဂုန်တာရာပုံစံ၊ ဒဂုန်တာရာဟန်လို့ပဲ ပြောရမလားပါပဲ။ အဲဒီတုန်းက အသက် ၆၀ လောက် ဝန်းကျင် ရှိနေပြီဖြစ်ပေမယ့် မျက်စေ့မှုန်တာလောက်ကလွဲလို့ ဆရာတာရာဟာ တော်တော် ကို နုပျိုနေပါသေးတယ်။ စကားဝါသွေး မျက်နှာပြင်ပေါ်မှာ ပီရိသေသပ်လှတဲ့ နှုတ်ခမ်း နှစ်လွှာဟာ ပန်းနုသွေးရောင် ပြေးနေဆဲဖြစ်ပါတယ်။ စကားပြောသံကလည်း တိုးတိုးညင် ညင်။ ပြောဟန်ဆိုဟန် လေယူလေသိမ်း နုညက်သိမ်မွေ့တယ်လို့ အမှတ်အသားပြုထားရတဲ့ ဆရာဗန်းမော်တင်အောင်ရဲ့လေသံက တမျိုး။ ဆရာတာရဲ့လေသံ ပျော့ပျောက်းညင်သာမှုက တဘာသာလို့ပဲ ဖျတ်ကနဲ ခံစားလိုက်ရပါတယ်။
အဲဒီနေ့က ဆရာတာက စာအကြောင်း ပေအကြောင်းတွေကို တော်တော်ကလေး ပြောပြပါတယ်။ အဲဒီတုန်းက ဆရာတာရာက ‘မိုးဝေ’စာပေမဂ္ဂဇင်းမှာ ‘ဗညားသီဟ’နဲ့ စာပေစစ်တမ်းတွေကို ရေးနေချိန်။ ဗညားသီဟရဲ့ စာပေဝေဖန်ရေးဟန်ဟာ သမရိုးကျ စာပေဝေဖန်ရေးတွေနဲ့ မတူပါ။ ဟိုဟိုဒီဒီ ပြောချင်ရာတွေကို ဝေ့ကာဝိုက်ကာ ခင်းကာ ကျင်းကာ ပါးပါးနပ်နပ်ပြောဆိုပြီးမှ အဓိက ဦးတည်ဖော်ပြထားတဲ့ စာအုပ်အတွက် စာအုပ် ဝေဖန်ချက်ကို ဖျတ်ကနဲ ဖျတ်ကနဲလောက်သာ တို့ထိဖော်ပြသွားတဲ့ ဝေဖန်ရေးမျိုး ဖြစ်ပါတယ်။ ‘ဝေဖန်စရာ’အပေါ် တချိန်လုံးလုံး မီးမောင်းထိုးပြီးမထားဘဲ ဆလိုက်ထိုး ပြလိုက်တဲ့ ဝေဖန်ဖော်ပြဟန်မျိုးဖြစ်ပါတယ်။ မြင်လိုက်ရတာ တမျိုးသစ်ပြီး ပညာသားပါပါ လှပလွန်းလှပါတယ်။ ဆရာမြသန်းတင့်ရဲ့ ‘ကျနော် ဆက်၍ရေးချင်သော ဝတ္ထုများ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားသွားတဲ့ ဝေဖန်ဟန်က တမျိုးဖြစ်သလို၊ ဆရာတာရဲ့ ‘ဗညားသီဟ’ ဝေဖန်ဟန်က တဘာသာလို့ပြောရမှာပါ။ ဆရာမြသန်းတင့်က သူစိတ်ဝင်စားခဲ့တဲ့ နာမည်ကျော်ဝတ္ထုကြီးတွေအပေါ် အသစ်မြင် ဝေဖန်ရေးပုံစံတခု ထူထောင်ပြီး ဝတ္ထုတို တပုဒ်သဖွယ် ရေးသားဖော်ပြ ဝေဖန်ပါတယ်။ ဆရာတာကတော့ သူဝေဖန်တို့ထိပြချင်တဲ့ စာအုပ်စာစောင်တွေအပေါ် သူကျင်လည်ဖြတ်သန်းလာခဲ့ရာ အတွေ့အကြုံ အတွေးအမြင် နောက်ခံကားချပ်တွေနဲ့ ယှဉ်ဟပ်ပြီး လိုအပ်သလောက်လေးလောက်ပဲ ဖျတ်ကနဲ ဆလိုက် ထိုးပြ ဝေဖန်လေ့ရှိပါတယ်။ သမိုင်းမှန်ကူကွက်တွေကြားက ပန်းစကြာမှန်ပြောင်း လှည့်ပြဟန်လို့ပဲ ကင်ပွန်းတပ်ရမလား မသိပါ။ ပညာသားပါပါနဲ့ လှပနေတာကတော့ သေချာခဲ့ပါတယ်။
အဲဒီတုန်းက မဂ္ဂဇင်းစာမျက်နှာတွေပေါ်က ပေါ်ပင်ကလောင်ရှင်တချို့ရဲ့ စာတွေ အကြောင်းလည်း ရောက်သွားခဲ့ကြသလို ဆရာမြသန်းတင့်ရဲ့အဆက်မပြတ်ရေးနေတဲ့ ပင်တိုင် အခန်းဆက်ဆောင်းပါးတွေ အကြောင်းဆီလည်း ဖျတ်ကနဲ ရောက်သွားခဲ့ပါတယ်။ ‘ရှုမဝ’မှာလား အခန်းဆက်ရေးနေတဲ့ ‘လှိုင်းပြာက ပြောသော ဇာတ်လမ်းများ’ဆီ ဖျတ်ကနဲ ရောက်သွားတော့ ဆရာတာက… “အဲဒါတွေကတော့ ကိုမြသန်း သမဝါယမဂျာနယ်မှာ ရေးဖို့ကောင်းတာ…”လို့ပြောရင်း တချက်ပြုံးလိုက်တာလည်းမှတ်မှတ်ထင်ထင် တွေ့လိုက်ရပါ တယ်။ ရေးဟန်သားဟန် အနုပညာဆန်လွန်း၊ နုရွလွန်းသလောက် လေသံကအစ လူပုံပန်းဟန်က နုညံ့လွန်းလှ ပျော့ပျောင်းလှသလောက် နှလုံးသားထဲက ရပ်တည်ချက်အရ မူအရကတော့ တော်တော်ကို ခိုင်ကျည်သန်စွမ်းလှတာ ဖျတ်ကနဲ မြင်လိုက်ရပါတယ်။ ဆရာတာကိုယ်တိုင်ရဲ့ သခင်ဗဟိန်းကို ရေးဖွဲ့ခဲ့ဖူးတဲ့ စကားလုံးတွေနဲ့ပဲ ခဏငှါးသုံးရ မယ်ဆိုရင်… ဆရာတာကိုယ်တိုင်ကလည်း သံမဏိကြိုးမျှင်တမျှင်ပဲမဟုတ်လား။ ‘ပျော့လျှင် ဖယောင်း၊ မာလျှင် သံချောင်း အမျိုးအစား။ ဒဂုန်တာရာဟာ အနုသမား သို့သော် သံမဏိ။ သံမဏိကြိုးမျှင်တမျှင်…’လို့ပဲ ခံစားလိုက်ရပါတယ်။

(၃)
ဆရာတာ ကိုယ်တိုင်ကတော့ သူ့ကိုယ်သူ နိုင်ငံရေးသမားရယ်လို့ မသတ်မှတ်ပါ။ ဒါပေမယ့် ဆရာတာဟာ ဗမာပြည်ရဲ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ အထင်ကရ ဇာတ် ကောင်ကြီးတွေနဲ့အတူ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီး ယှက်နွယ်ပတ်သက်ရင်း သမိုင်းပေးတာဝန် တချို့ကို သူတတ်နိုင်တဲ့နေရာကနေ ပါဝင်အားဖြည့်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ တခါတရံ များ ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားလို့ မြိန်ရေယှက်ရေပြောဆိုနေသူ၊ တံဆိပ်ကြီးကြီး တပ်ထားသူတွေထက်တောင် နိုင်ငံရေးအမြင်၊ နိုင်ငံရေးရပ်တည်ချက်က ပိုမိုတောင့်တင်း ခိုင်မာနေတာ၊ ရှင်းရှင်းသန့်သန့်နဲ့ ပြတ်ပြတ်သားသား ကြည်ကြည်လင်လင်ဖြစ်နေတာ တွေ့ရတဲ့အပြင် သမိုင်းခေတ် ကာလတလျှောက် အရေးပါလှတဲ့ ကောင်းကျိုးပြုမှု၊ စွမ်း ဆောင်မှုတွေ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အထက်တန်းကျောင်းသားဘဝ (၁၉၃၆ ခုနှစ်) ကတည်းက ဂျူဗလီဟောမှာ ကျင်းပခဲ့တဲ့ ပထမဦးဆုံး နိုင်ငံလုံးဆိုင်ရာ ကျောင်းသား ညီလာခံကို ကျောင်းသားကိုယ်စားလှယ်တယောက်အဖြစ် တက်ရောက်ခဲ့ဖူးသူဖြစ်ပြီး တက္ကသိုလ်ရောက်တော့ (၁၉၃၉)မှာ တကသ အမှုဆောင်တယောက် ဖြစ်ခဲ့တဲ့အပြင် ၁၉၄၀ ပြည့်မှာ သမိုင်းဝင် နာမည်ကျော် ‘အိုးဝေ’မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ လုပ်ခဲ့သူဟာ ‘ကိုဌေးမြိုင်’ဆိုတဲ့ ဒဂုန်တာရာ (ဆရာတာ)ပါပဲ။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ တကသ၊ ဗကသရဲ့အခန်းဟာ အင်မတန်အစဉ်အလာကြီးလှသလို တကသ၊ ဗကသရဲ့ သမိုင်းမှာ အိုးဝေမဂ္ဂဇင်းရဲ့အခန်းဟာလည်း အစဉ်အလာကြီးလှပြီး နာမည်ကျော် အိုးဝေ မဂ္ဂဇင်းကြီးကို တာဝန်ယူ ကိုင်တွယ်ခဲ့ကြသူ၊ အိုးဝေမဂ္ဂဇင်း တာဝန်ခံဆိုသူတွေဟာလည်း သမိုင်းတင်ထားရတဲ့ သမိုင်းဝင် အစဉ်အလာကြီးသူတွေချည်းမဟုတ်လား။ ဆရာတာရဲ့ အရင် အိုးဝေကို ကိုင်ခဲ့ကြသူတွေဟာ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ ဦးညိုမြတို့လို အထင်ကရပုဂ္ဂိုလ်ကြီးတွေမဟုတ်လား။
ဗမာပြည် လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားမှုသမိုင်းမှာ တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရဖို့ ကြိုးပမ်းရာမှာ… သခင်အောင်ဆန်း၊ သခင်လှမြိုင် (ဗိုလ်ရန်အောင်)တို့ နှစ်ယောက် ရုပ်ဖျက်ပြီး ခရီးထွက်ခွါခြင်းမလုပ်ခင် တော်တော်စောစောကတည်းက ပထမဆုံး ကြိုးပမ်းခဲ့ကြသူ နှစ်ယောက်ရှိခဲ့ပါတယ်။ အဲဒါကတော့ သခင်ဗဟိန်းနဲ့ ဒဂုန်တာရာပါပဲ။ သခင်ဗဟိန်းကနေ အဖော်ခေါ်သွားလို့ ဆရာတာ လိုက်သွားရပြီး ရှမ်းပြည်မြောက်ပိုင်း သိန္နီ-သီပေါအထိ ရောက်ပြီးမှ ရှမ်းပုလိပ်တွေက တားလို့ လှည့်ပြန်ရတဲ့ခရီးစဉ်၊ မအောင်မြင်တဲ့ ခရီးစဉ် ဖြစ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ရန်အောင်တို့ခရီးစဉ်က ၁၉၄၀ ပြည့်ထဲ ဖြစ်ခဲ့ပြီး သခင်ဗဟိန်းနဲ့ဆရာတာတို့ခရီးစဉ်က ၁၉၃၉ ခုနှစ်ကတည်းက ဖြစ်ခဲ့ပါတယ်။ တနှစ်တိတိ စောခဲ့ပါတယ်။ အဲဒီခရီးစဉ်သာ အောင်မြင်ခဲ့မယ်ဆိုရင်လည်း ဆရာတာ တယောက်အနေနဲ့ စာပေနဲ့နိုင်ငံရေးကြား မျဉ်းကြောင်းပေါ်မှာပဲ ရပ်နေခဲ့ရာက နိုင်ငံရေးဖက် အလေးကဲခဲ့လေမလား တွေးဆဖွယ်ရာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို တိုင်းပြည်ရဲ့ အရေးကြီး နိုင်ငံ့ရေးရာတွေနဲ့ပတ်သက်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးတွေထဲမှာ ဆရာတာ တယောက် တတ်နိုင်ရာရာကနေ ပါဝင်ပတ်သက်ခဲ့တာတွေကတော့ မှတ်မှတ်သားသား ဖြစ်စရာတွေချည်း ဖြစ်ပါတယ်။
အင်္ဂလိပ် နယ်ချဲ့သမားရဲ့လက်အောက်၊ ကျွန်ပြုဖိနှိပ်ထားရမှုအလီလီအောက်ကနေ အလုပ်သမားလူတန်းစားရဲ့ တပ်ဦးပါတီကြီးအဖြစ် ဗမာပြည်ကွန်မြူနစ်ပါတီလို လျို့ဝှက် ကွန်မြူနစ်ပါတီကြီးတရပ် ပေါ်ပေါက်ဖွဲ့စည်းနိုင်ဖို့ တကယ်ကို တိုးတိုးတိတ်တိတ် ကြိတ်ဝိုင်း လေးတွေအဖြစ် လျို့ဝှက်ဆွေးနွေးညှိနှိုင်းခဲ့ကြတဲ့ စကားဝိုင်းတချို့မှာလည်း ဒဂုန်တာရာ ပါခဲ့ ဖူးသလို အင်္ဂလိပ်နယ်ချဲ့သမားကို ထောင်ထားဆန့်ကျင်ဖို့ သမိုင်းဝင်တပ်ပေါင်းစုကြီးအဖြစ် ‘ဗမာ့ထွက်ရပ်ဂိုဏ်း’လို အဖွဲ့ကြီး ဖွဲ့စည်းနိုင်ဖို့ စိုင်းပြင်းကြတဲ့ ပဏာမ အရေးကြီးအစည်း အဝေးပွဲတွေမျိုးမှာလည်း ပါဝင်တက်ရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်းတို့လို ပုဂ္ဂိုလ်တွေကအပြင် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျတို့လို ပုဂ္ဂိုလ်တွေကပါ ယုံယုံကြည်ကြည် ထဲထဲဝင်ဝင် သံယောဇဉ်ထား ချစ်ခင်ကြတာလည်း ခံခဲ့ရသူမျိုးဖြစ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေး ကာလကြီးအတွင်းက ဗမာ့တပ်မတော်က မသိမ်းပိုက်ရသေးတဲ့ နယ်မြေတွေအပေါ် လေယာဉ်ပေါ်ကနေ ကြဲချတဲ့၊ ဗမာ့တပ်မတော် ချီတက်လာလျှင် ပူးပေါင်းပါဝင်ဖို့ လှုံ့ဆော်ထားတဲ့ ‘တို့ဗမာအပေါင်းတို့…’လို့ ခေါင်းတပ်ထား တဲ့ စာရွက်ပါ စာသားတွေဟာ ဆရာတာရဲ့လက်ရာတွေပါ။ တိုင်းပြည် လွတ်လပ်ရေး မကြေ ညာနိုင်သေးခင် ဖဆပလခေတ်က ဖဆပလအဖွဲ့ကြီးရဲ့ဖဆပလ စာစောင်ပေါ်မှာ ကလောင် နာမည်တခုနဲ့ ဆောင်းပါးတွေ ရေးပေးဖဲ့ရဖူးသလို ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ရုံးမှာ ဗိုလ်လက်ျာ၊ ဗိုလ်စကြာတို့ရဲ့ အကူအညီတောင်းချက်ကြောင့် ဗိုလ်လောင်းသင်တန်း လျှောက်လွှာတွေကို စီစစ်ပေးရတဲ့ လုပ်မျိုးတွေတောင် ကူညီလုပ်ကိုင်ပေးခဲ့ရတာမျိုးတွေ လည်း ရှိခဲ့ဖူးပါတယ်။ ဗမာ့တပ်မတော်အတွက် ပြည်သူ့ဆက်ဆံရေးဌာန စီမံကိန်းမူကြမ်း ဆိုတာမျိုးကိုတောင် ၁၉၄၅ ခုနှစ်လောက်က ဗိုလ်ဇေယျကတဆင့် ဆရာတာ ရေးဆွဲပေးခဲ့ရ တာမျိုးလည်း ရှိပေမယ့် ကိုယ်တိုင် ရာထူးရာခံတခုခုယူပြီး လုပ်ရမှာမျိုးကိုတော့ ဆရာတာရာ ဝါသနာမပါပါလို့ပဲ ပြောရပါလိမ့်မယ်။ ဗမာ့တပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြား ရေးမှူးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ဝန်ကြီးလက်မှတ်နဲ့ စာထုတ်ခန့်အပ်တာကို လက်ခံရမှာစိုးတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မတွေ့ရအောင် ရှောင်တိမ်းရင်း ဗိုလ်ချုပ်နဲ့ ပက်ပင်းတိုးရတော့မလို ကြံကြံဖန်ဖန်သွားအကြုံမှာ စားပွဲအောက်အထိ ဝင်ပုန်းခဲ့ရဖူးသလို ၁၉၄၅-၄၆ က ဖဆပလခေတ် ဖဆပလပြန်ကြားရေးဌာနမှာ အလုပ်ဝင်လုပ်ဖို့ကိုလည်း ခေါင်းခါခဲ့ပြီး သူကိုယ်တိုင် အချစ်ဆုံး၊ အထင်ကြီးဆုံးဖြစ်တဲ့ သခင်ဗဟိန်းကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂမှာ ဒုတိယ ဥက္ကဋ္ဌအဖြစ်လုပ်ဖို့ တိုက်တွန်းခဲ့တာမျိုးကိုတောင် ငြင်းဆန်ခဲ့သူမျိုးလည်း ဖြစ်ပြန်တယ်။ ဆရာတာဟာ ရှေ့ကထွက်ပြီး လုပ်ဆောင်ရတာမျိုးထက် နောက်ကွယ်ကနေ လုပ်ဆောင် ပေးရတာမျိုးကို နှစ်သက်သူ။
ဆရာတာက သူ့ကိုယ်သူ နိုင်ငံရေးသမားမဟုတ်၊ အနုပညာသမားပါလို့ ဘယ် လောက်ပဲပြောပြော သူဖြတ်သန်းလာခဲ့တဲ့ သမိုင်းကာလတလျှောက် အရေးပါတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအတွင်းမှာ နိုင်ငံအတွက် မနည်းလှတဲ့ကောင်းမှုမျိုးစုံ ပြုခဲ့ဖူးသူဖြစ်ပါတယ်။ တချို့တချို့သော နိုင်ငံရေးသမားဆိုသူတွေထက်တောင် နိုင်ငံ့အတွက် နိုင်ငံရေးအလုပ်တွေ လုပ်ဆောင်ပေးခဲ့ဖူးသူမျိုးဖြစ်တယ်ဆိုတာ ဆရာတာအကြောင်း ထဲထဲဝင်ဝင်သိသူတွေက တော့ သိကြပါတယ်။
အမှန်တရားဘက်က ရပ်တည်တဲ့အခါမှာလည်း ပြတ်သားရမယ့်နေရာမှာ စံထားစရာ တွေ ရှိခဲ့ဖူးသူဖြစ်ပါတယ်။ ပမာအားဖြင့်… ၁၉၅၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ‘ဟန်ဂေရီ အရေးအခင်း’ကို ပြန်ကြည့်နိုင်ပါတယ်။ တိုးတက်တဲ့အမြင်အယူအဆရှိသူတွေလို့ ကြွေးကြော် နေကြတဲ့ လက်ဝဲသမားဆိုသူတွေ တော်တော်များများက ဆိုဗီယက်က ဟန်ဂေရီကို ကျူးကျော်ဝင်ရောက်ခဲ့တာကို မှန်ကန်သလိုလိုလုပ်နေကြတဲ့အချိန် ဒါမှမဟုတ် ရေငုံနှုတ်ပိတ် လုပ်သူက လုပ်နေကြတဲ့အချိန်မှာ ဆရာတာကတော့ ကန့်ကွက်ခဲ့ပါတယ်။ ဆိုဗီယက်ရဲ့ ဟန်ဂေရီအပေါ် ဝင်ရောက်ကျူးကျော်မှုကို လက်မခံနိုင်ကြောင်း၊ ကန့်ကွက်ကြောင်း ဖော်ပြခဲ့ ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်နိုင်ငံကြီးဟာ ကွန်မြူနစ်နိုင်ငံ၊ လက်ဝဲနိုင်ငံကြီးတခုအဖြစ် ပုံပေါ်နေချိန်ဖြစ်တဲ့အတွက် ဆိုဗီယက်ရဲ့ လုပ်ဆောင်မှုတွေကို ‘လက်ဝဲအချင်းချင်း ရိုင်းပင်းရ မယ်၊ နားလည်မှုရှိရမယ်’ဆိုတဲ့ဂိုက်မျိုးနဲ့ ဝိုင်းဝန်းပြီး နားလည်မှုပေးနေကြချိန် အင်မတန် များပြားနေချိန်မှာ ဆရာတာက လက်မခံနိုင်ကြောင်း တရားဝင် ကန့်ကွက်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးတခုမှာ တယောက်ထဲ ထပြီး ကန့်ကွက်နေတာကို ဆရာတာနဲ့ အင်မတန်ရင်းနှီးလှတဲ့ ဆရာတာရဲ့လူရင်းရဲဘော်တယောက်က လက်ကိုဆွဲပြီး ထိုင်တော့ဖို့ တောင်းပန်တာတောင် မရခဲ့ဘူးလို့ ကြားနာမှတ်သားရဖူးပါတယ်။ အမှန်တရားနဲ့ မကိုက် ညီဘူး၊ မမှန်ဘူးလို့ယူဆရင် တယောက်တည်းမကလို့ တခြမ်းတည်းဖြစ်ဖြစ် ရပ်ရဲတယ်ဆိုတဲ့ သတ္တိ ဆရာတာမှာ ရှိပါတယ်။ ရပ်လည်း ရပ်ခဲ့ဖူးတာတွေ ရှိပါတယ်။ အခုအခါမှာတော့ ဟန်ဂေရီကိစ္စ ဆိုဗီယက်ကြီး မှန်သလား၊ မှားသလားဆိုတာ လူတိုင်းလိုလို သိရှိ နားလည်နေကြပြီဖြစ်ပါတယ်။ နှစ်ပေါင်း လေးငါးဆယ် ကျော်လွန်ပြီးတဲ့အခါမှာတော့ သမိုင်း အဖြေ ပေါ်လွင်ခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရပ်တည်ချက်အရ ဘယ်သူတွေက မှန်လို့ ဘယ်သူတွေက မှားခဲ့ကြပါသလဲ။ ဆရာတာ မှန်ကန်ခဲ့ပါတယ်။ လူပုံ နွဲ့ပေမယ့် ရပ်တည်ချက်က မနွဲ့ခဲ့တာ သာဓကအဖြစ် ရှုမြင်နိုင်ပါတယ်။
ဆရာတာရဲ့စိတ်ဓါတ်ကို ဖျတ်ကနဲ မြင်ရနိုင်တဲ့ နောက်ထပ်သာဓကတခုကတော့ ‘နိုင်ငံ့ဂုဏ်ရည်’ကိစ္စ ဖြစ်ပါတယ်။
၁၉၈၀ ပြည့်နှစ်ထဲမှာ မဆလ စစ်အစိုးရ၊ ဗိုလ်နေဝင်းက နိုင်ငံ့ဂုဏ်ရည်ဘွဲ့တွေ ဖန်တီးပြီး နိုင်ငံရေးသမားဟောင်းကြီးတွေကို ပျားရည်နဲ့ ဝမ်းချပေးဖို့ လုပ်ပါတယ်။ ဆရာ ရာဂျန်တို့လို၊ သခင်ဗမောင်တို့လို ခြွင်းချက်အနည်းစုလောက်ကလွဲလို့ သမိုင်းဝင် နိုင်ငံရေး သမားဟောင်းကြီးတွေ အားလုံးနီးပါး နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ရကြပါတယ်။ သမိုင်းဝင်ပုဂ္ဂိုလ် တယောက်ဖြစ်တဲ့ ဆရာဒဂုန်တာရာကိုလည်း နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့် ပေးပါတယ်။ ပထမဆုံးအသုတ် နိုင်ငံ့ဂုဏ်ရည် ဘွဲ့ရသူတွေစာရင်း ကြေညာကတည်းက ဆရာဒဂုန်တာရာ့ နာမည် ပါပါတယ်။ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ရကြသူ နိုင်ငံရေးသမားတချို့ ဝမ်းသာသူတွေ ဝမ်းသာ ကြပေမယ့် ဆရာတာ ဝမ်းမသာခဲ့ပါဘူး။ တချို့များ စာရင်းကြေညာပြီးလို့ သတင်းစာပေါ် နာမည်ပါလာတာ သေချာပြီးကတည်းက အဲဒီအတွက် ဆုကြေးငွေကို ဘယ်လိုထုတ်ရမလဲ လို့ ဘဏ်တွေ ရုံးတွေ သွားမေးကြသူတွေတောင် ရှိနေကြချိန်မှာ ဆရာတာကတော့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေခဲ့ပါတယ်။ မဆလ စစ်အစိုးရ ဗိုလ်နေဝင်းက ပေးအပ် ချီးမြှင့်လိုက်တဲ့ အဲဒီ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဆိုတာကြီးကို မစင်ပုပ်လို သဘောထားပြီး နည်းနည်းလေးမှ မလိုချင် ငြင်းဆန်ဖယ်ရှားပစ်လိုက်သူတချို့ ရှားရှားပါးပါး ပေါ်ခဲ့ ရှိခဲ့တဲ့ အထဲမှာ ကျနော်တို့ရဲ့ဆရာ ဒဂုန်တာရာ ပါခဲ့ပါတယ်။
ဆရာက သွားမယူတဲ့အတွက် တာဝန်ရှိသူတွေက ဆရာတာဆီ လာပေးသွားကြရ တယ် ဆိုပါတယ်။ ဒါတောင် ဆရာတာက “မလိုချင်ဘူး။ ပြန်ယူသွားပါ”လို့ ပြောခဲ့ရာမှာ “ကျနော်တို့မှာ ပေးဖို့တာဝန်ပဲ ပါပါတယ်။ ပြန်ယူသွားဖို့ တာဝန် မပါပါဘူး”ဆိုပြီး တာဝန်ရှိသူ လာပေးသူတွေက ဒီအတိုင်းထားပြီး ပြန်သွားခဲ့ကြရတယ်ဆိုပါတယ်။ အဲဒီတုန်းက အဲဒီလို ပူပူနွေးနွေးကာလကြီးမှာ အဲဒီသတင်းကို တဟဲဟဲရယ်မောရင်း ပြောပြသူကတော့ ဆရာကြူး (ဆရာ မင်းလှညွန့်ကြူး)ပါ။ ဆရာကြူးက ကျနော်တို့နဲ့ထိုင်နေကျ လ္ဘက်ရည်ဆိုင်လေးမှာ ထိုင်ရင်း… “ကိုဌေးမြိုင်က မလိုပါဘူး ပြန်ယူသွားကြပါလို့ ငြင်းပေမယ့် ဟိုကောင်တွေက လာပေးဖို့ပဲပါတယ်၊ ပြန်ယူသွားဖို့မပါဘူးလို့ပြောပြီး ငွေထုပ်ကြီး ဒီအတိုင်းချပြီး ပြန်လစ် သွားကြသတဲ့ဗျ။ အဲဒါ သူ့ကို ကျနော် သွားပြီးနောက်ရရင် ကောင်းမလားတောင် တွေးမိ သေးတယ်။ ဘယ်လိုလဲဆိုတော့… ခင်ဗျား အဲဒါကြီး၊ အဲဒီအထုပ်ကြီး မလိုချင်ဘူးဆိုရင်လည်း လွှင့်တော့မပစ်လိုက်ပါနဲ့၊ အလကားဖြစ်မယ့်အစား ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဘေးက မြက်တွေဘာတွေရှင်းပြီး ဆေးလေးဘာလေး သုတ်ပစ်လိုက် သုံးပစ်လိုက်ရင် မကောင်းဘူး လားလို့… နောက်မလားလို့ဗျ။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ အဲဒါမှ ပိုပြီး ဒေါသထွက်ကုန်နိုင်တယ်။ ဆရာကြီးဂူမှာ ဒီလိုငွေမျိုးနဲ့ ရာရာစစ ခင်ဗျားမို့ပြောတယ်ဆိုပြီး စိတ်ဆိုးသွားနိုင်တယ်...”လို့ စီကာပတ်ကုံးပြောပြီး တဟဲဟဲနဲ့ ရယ်ပါတယ်။ အဲဒီကာလတွေ အတွင်းမှာ ‘ဆရာတာနဲ့ နိုင်ငံ့ဂုဏ်ရည်ဘွဲ့’အကြောင်း ဇာတ်လမ်းစုံကို ဟိုကဒီက နေရာ တချို့ကနေလည်း ကျနော်တို့တတွေ ကြားနာနေခဲ့ရတာတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာတာရဲ့စိတ်ဓါတ်နဲ့ နိုင်ငံ့ဂုဏ်ရည်ဘွဲ့အပေါ်သဘောထားကို ကျနော်တို့တတွေ ကောင်း ကောင်းကြားသိနေခဲ့ရပါတယ်။ ဘာပဲပြောပြော ဆရာတာ့အသဲနှလုံးကို ကျနော်တို့တတွေ နားလည်အသိအမှတ်ပြုခဲ့ရပါတယ်။

(၄)
၁၉၈၂ ခုနှစ်၊ နွေဦးကာလကြီးထဲမှာပဲ အုတ်ရိုးနဲ့သံတိုင်တွေကြား ကျနော် ရောက်ရှိသွားခဲ့ပါတယ်။
‘မူးယစ်ဝေသော နွေဦးညတွေ’မဖြစ်ခဲ့ရဘဲ ‘ရင်နာစရာ နွေဦးညတွေ’ဖြစ်ခဲ့ရရင်း ဆရာ ဗန်းမော်တင်အောင်နဲ့ ဆရာဒဂုန်တာရာတို့တတွေကိုလည်း အမှတ်ရစရာ ဖြစ်လာခဲ့ရ ပြန်ပါတယ်။ ဆိတ်ဖူးပန်းရနံ့တွေ ရမိလေတိုင်း ဆံဆတွေ တလူလူနဲ့ ဆရာတာရဲ့ ထူးထူးခြားခြားမျက်နှာကို ဖျတ်ကနဲ သတိရမိတတ်သလို ဆရာတာရဲ့ ‘ဆိတ်ဖလူးရနံ့ သင်းသောနေရာ’ဆိုတဲ့ အသုံးလေးကိုလည်း ပြေးပြေးမြင်မိတတ်ပါတယ်။
ဒီနေရာဟာ ဆရာဗန်းမော်တင်အောင်၊ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်တို့လို အနုပညာရှင်ကြီးတွေအပြင် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဦးစိန်ဝင်းတို့လို ကလောင်ရှင်ကြီးတွေလည်း ရောက်ခဲ့ရဖူး ဝင်ခဲ့ရဖူးတဲ့ နေရာတခုမဟုတ်လား။ ဒီနေရာကို ဆရာဗန်းမော်ကြီးက ‘နရသိန်’လို့ ခေါ်ဝေါ်တတ်ပြီး ဦးမြသန်းတင့်ကတော့ ‘ဘဝ တက္ကသိုလ်’လို့ ရည်ညွှန်းတတ်လေ့ရှိပါတယ်။ ဆရာတာကတော့ ‘ဆိတ်ဖူးရနံ့ သင်းသော နေရာ’တဲ့။ ဟုတ်ပါတယ်။ ဆိတ်ဖလူးရနံ့တွေ ရံဖန်ရံခါ ရတတ်ပါတယ်။ ဆိတ်ဖလူးရနံ့ဟာ အတူတူပဲဖြစ်မှာ ဖြစ်ပေမယ့် ဆရာတာ ရှူရှိုက်ခဲ့ရဖူးတဲ့ ဆိတ်ဖလူးရနံ့နဲ့ ကျနော်တို့ ရှူရှိုက်ခဲ့ရတဲ့ ဆိတ်ဖလူးရနံ့ဟာ တနေရာတည်း တပင်တည်းကလားဆိုတာကတော့ သိပ်မသေချာပါ။ နေရာအတူတူ အပင်အတူတူတွေကဆိုရင်တောင် အနှစ် ၂၀ လောက် အချိန်ကာလတွေ ကွာခြားနေခဲ့ကြပြီးပြီဆိုတော့ ဆိတ်ဖလူးပင်ရဲ့အရွယ်အစားနဲ့ သက်တမ်း အနုအရင့်ကတော့ တူတော့မှမဟုတ်ပါ။ ရနံ့အပြင်းအပျော့ အပေါ့အလေးတွေအထိ ကွာခြားမယ်ဆိုရင်လည်း ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ဆိတ်ဖလူးရနံ့ကတော့ ဆိတ်ဖ လူးရနံ့ပါပဲ။ ဆိတ်ဖလူးရနံ့တွေကို တဝေ့ဝေ့ ရမိလေတိုင်း ဖျတ်ကနဲ သတိရမိနေတတ် တာကတော့ ဆရာဒဂုန်တာရာကိုပဲ ဖြစ်ပါတယ်။ ‘တိုက်’ကနေ ‘အဆောင်’တွေဆီ ရောက်ရ တော့လည်း ကြမ်းပိုးကိုက်တာ ခံရတိုင်း ‘ထောင်ထဲမှာ တခြားသူတွေက ကြမ်းပိုးတွေကို ဖမ်းသတ်နေချိန်မှာ ကြမ်းပိုးတွေကို တကောင်ချင်း အသာအယာဖမ်းပြီး လွှတ်ဖို့ကြိုးစားနေတဲ့ ဆရာတာရဲ့အကြောင်း’ကို ပြေးပြေးပြီး သတိရနေခဲ့ဖူးပါတယ်။ ရပ်တည်ချက်အရ ပြတ်သား ခိုင်ကျည်သလောက် နှလုံးသားအရ ပျော့ပျောင်းနုညက်လွန်းလှသူတယောက်ရဲ့ တကယ့် ဘဝ ဖြတ်သန်းခဲ့ရမှုတွေအပေါ် ကျနော်ကတော့ လေးလေးစားစား တန်ဖိုးထား နားလည် သတိရမိနေခဲ့ပါတယ်။ ဆရာတာဟာ ‘ဆိတ်ဖလူးရနံ့သင်းသောနေရာ’လို့ဆိုတဲ့ ဒီအုတ်ရိုးနဲ့ သံတိုင်တွေကြားထဲမှာ ၁၉၆၃ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်ထိ ရောက်ရှိခဲ့ရ ဖြတ်သန်းခဲ့ရဖူးတဲ့ တကယ့်အနုပညာသမား နိုင်ငံရေးအကျဉ်းသားတဦးလည်း ဖြစ်ခဲ့ဖူးတယ် မဟုတ်လား။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့တွဲပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် လှုပ်ရှားမှုတွေအပြင် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုတွေအတွင်း ရှေ့တန်းအခန်းက ပါဝင်လှုပ်ရှားခဲ့သူဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို ချစ်လွန်းလှတဲ့ ဆရာတာ့ကို ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပြီးတိုင် ဖျက်သိမ်းပစ်လိုက်ပြီးတဲ့ နောက်ပိုင်း ထောင်ထဲထည့်ထားလိုက်တာဖြစ်ပါတယ်။
ကျနော်ကိုယ်တိုင် ထောင်ထဲ နေနေခဲ့ရစဉ်တလျှောက် ဘဝတူ ရဲဘော်တွေ၊ နိုင်ငံရေး သမားတွေနဲ့ စာပေအကြောင်း၊ အနုပညာအကြောင်း၊ သမိုင်းနဲ့ ဒဿနတွေအကြောင်း အခါအားလျော်စွာ လေးလေးနက်နက် ပြောမိဆိုမိတတ်ကြပါတယ်။ အဲဒီလိုစကားဝိုင်းတွေ ထဲမှာလည်း ဆရာဗန်းမော်တင်အောင်နဲ့ ဆရာဒဂုန်တာရာတို့ရဲ့နာမည်တွေဟာ ကျနော်တို့ တတွေ မှီငြမ်းကိုးကားခဲ့ရတဲ့ နာမည်တွေ မကြာခဏဖြစ်ခဲ့ရပါတယ်။ သတိရစရာတွေ ဖြစ်ခဲ့ရပါတယ်။
ကျနော် ထောင်ကနေ အပြင်ကို ရောက်လာခဲ့ရတဲ့အချိန်မှာ ဆရာတယောက် မြို့တော်ရန်ကုန်မှာ မရှိတော့ပါ။ ဆရာတာကိုယ်တိုင် ‘ကိုယ့်ကိုယ်ကို မဲဇာသို့ ပို့ခြင်း’လို့ ပြောလေ့ရှိပြီး ‘မဲဇာ’လို့ သတ်မှတ်ထားတဲ့ ‘မှော်ဘီ’မြို့ကို ပြောင်းရွှေ့ရောက်ရှိသွားပြီ ဖြစ် ပါတယ်။ ဆရာတာက ဆရာတာရဲ့တူမလေး မမြင့်မြင့်စိန်နဲ့အတူ လိုက်ပါနေထိုင်တာဖြစ်တဲ့ အတွက် မမြင့်မြင့်စိန် (သင်းမြစန္ဒီ)တာဝန်ကျရာ မှော်ဘီ ဘောလုံးစက်ရုံရှိရာအရပ် (ဆရာ တာ့အခေါ်) ကျေးလက်မဲဇာမှာ ခြေချနေထိုင်နေပြီဖြစ်ပါတယ်။
ဆရာတာ မဲဇာမှာနေတော့လည်း ဆရာတာကို ချစ်တဲ့ ကျနော်တို့တတွေဟာ ဆရာတာနေရာ မဲဇာအထိ ရောက်ကြပြန်ပါတယ်။ ကျနော် ထောင်ကထွက်ပြီး သိပ်မကြာမီ ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက မနုနုရည် (နုနုရည်-အင်းဝ)နဲ့ ကိုအောင်ကျော်တိုးတို့ ဇနီးမောင်နှံက ကားကအစ စီစဉ်ပေးပြီး တအုံတမကြီး ရောက်အောင် သွားဖြစ်ခဲ့ကြတာပါ။ ဆရာဂျမ်းလား၊ ဆရာစွမ်းလား တယောက်ယောက် ပါသေးတယ်လို့လည်း ရေးတေးတေး မှတ်မိနေပြီး သေသေချာချာမှတ်မိနေတာကတော့ အင်းစိန်ထောင်ထဲမှာပဲ ကျဆုံးသွားခဲ့ရရှာ ပြီဖြစ်တဲ့ ကိုသိန်းတင် ပါပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးတောင် မပေါ်သေးခင် ကာလမို့ သူလည်း အဲန်အယ်ဒီ ရန်ကုန်တိုင်း စည်းအဖွဲ့ဝင် မဟုတ်သေးရုံမက ‘တင် သိန်းမောင်’ဆိုတဲ့ ကလောင်နာမည်တောင် မတပ်ရ မမှည့်ရသေးပါ။ သူ့ရဲ့ကလောင်နာမည်ခွဲ ‘ပထဝီ မောင်တင်’ဆိုတာလည်း ဘယ်မှာမှ မပေါ်ပေါက်ရသေးပါ။ နောက်ထပ်အတူ ပါလာသူတယောက်ကတော့ ကိုမြင့်လှိုင်(ယ္ခု အမေရိကန်ရောက် ဒေါက်တာမြင့်လှိုင်)ပါ။ ကိုမြင့်လှိုင်က အဲဒီတုန်းက မြောက်ဥက္ကလာပဖက်မှာ အချိန်ပိုင်း ကျူရှင်ဆရာလုပ်နေရင်းက ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှာလည်း သရုပ်ပြဆရာလေး လုပ်နေတဲ့အချိန်ပါ။ သူလည်း အင်းစိန် နရသိန်ထွက်တယောက်ပါ။ ကားတစီးတိုက်စာ အပြည့်ပါလာကြတဲ့ ကျန်လူတွေကလည်း ထောင်ထွက်နဲ့ ကိုကိုးကျွန်းပြန် ရဲဘော်တွေချည်း ဖြစ်ပါတယ်။ တကသခေါင်းဆောင်ဟောင်း အကိုကြီး ကိုလှရွှေ (ဘိုကလေး ကိုလှရွှေ)ပါပါတယ်။ ကျွန်းပြန်တွေဖြစ်တဲ့ အကိုကြီး ကိုလှတင်အောင်၊ ကိုအောင်ဝင်းနဲ့ ဗိုလ်ဓမ္မကြီးတို့တတွေ လည်း ပါပါတယ်။ ဗိုလ်ဓမ္မကြီးဆိုတာကတော့ (အခု စာရေးဆရာမ နှင်းပန်းအိမ် ဖြစ်နေတဲ့)မသန္တာရဲ့အဖေပါ။ စာပေကို သိပ်ဝါသနာကြီးလွန်းလှသူဖြစ်ပါတယ်။ အားလုံးဟာ ဆရာတာအပေါ် လေးစားရင်းစွဲရှိပြီးသားတွေချည်း ဖြစ်ပါတယ်။
ဆရာတာက တအုံတမကြီး ရောက်လာတဲ့ ကျနော်တို့တတွေကို ဝမ်းမြောက်ဝမ်းသာ ကြိုပါတယ်။ တိုးတိုးညင်ညင်ပဲ ပြောတတ်ဆိုတတ်လေ့ရှိတဲ့ ဆရာတာရဲ့ ပင်ရင်းလေသံ ဖွဖွလေးပေါ်မှာတောင် ရွှင်လန်းတက်ကြွရိပ်တွေသန်းနေရင်း သိသိသာသာ ကြည်စင်နေပါ တယ်။ ဝတ်ထားတဲ့ အင်ဒိုးနီးရှားပါတိတ် အင်္ကျီပေါ်က ကနုတ်ပန်းနွယ်ပန်းခက်တဝေဝေနဲ့ အပြိုင် ဆရာတာရဲ့ ဒဂုန်တာရာမူပိုင် ဘော်ငွေရောင် ဆံပင်ရှည်ရှည်လျားလျားလွင့်လွင့်ဟာ လည်း လှိုင်းလိပ်နှယ် တလူလူလွင့်နေရင်း ဆရာတာရဲ့မျက်နှာဟာ သက်ဝင်ပန်းချီကား တချပ်နှယ် လန်းလန်းဆန်းဆန်း ရှင်သန်နေတာတွေ့ရပါတယ်။ ဆရာတာရဲ့အရွယ်နဲ့မမျှ အောင် ရှင်သန်လန်းဆန်းနုပျိုနေသေးမှုအပေါ် ကျနော်တို့တတွေလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်။
အဲဒီနေ့က ဆရာတာက ပြုံးပြုံးရွှင်ရွှင် လန်းလန်းဆန်းဆန်းဖြစ်နေရုံမက “အခု လာခဲ့ ကြသူတွေအားလုံးရဲ့ အမည်နဲ့ အသက်အရွယ် မွေးသက္ကရာဇ်တွေပါ အပြည့်အစုံ ရေးပေးခဲ့ ကြပါဗျာ။ တတ်နိုင်ရင် နေရာလိပ်စာသဘောလေးတွေပါ ရေးပေးခဲ့ကြပါ။ ကျနော် သိချင် တယ်။ မှတ်ထားချင်တယ်ဗျာ”လို့ ပြောတဲ့အတွက် မမြင့်မြင့်စိန်က ဗလာစာအုပ် အသစ် တအုပ်သပ်သပ် ယူလာပေးတဲ့အခါ (အရင်ကလည်း ခဏခဏရောက်နေတဲ့) မနုနုရည်တို့ လင်မယားအပါအဝင် ကျနော်တို့တတွေအားလုံးက တဦးစီ တဦးစီ မွေးနေ့သက္ကရာဇ်တွေပါ ပါဝင်တဲ့ ကိုယ်ရေးအချက်အလက်လေးတွေကို မှတ်တမ်းသဖွယ် ရေးပေးခဲ့ရပါတယ်။ မျိုး ဆက်အဆင့်ဆင့် ဖြတ်သန်းမှုတွေအပေါ် စိတ်ဝင်စားလေ့ရှိတဲ့ ဆရာတာဟာ ကျနော်တို့ တတွေရဲ့အသက်အရွယ်အလိုက် ဖြတ်သန်းကျော်လွှားခဲ့ရမှုတွေအပေါ်လည်း လေးလေး နက်နက် ပြန်လည်စိတ်ဝင်စားနေခဲ့ပါတယ်။ သူ့ရဲ့စာပေလက်ရာတွေအပေါ် ကျနော်တို့တ တွေရဲ့ တဦးချင်းစီ တဦးချင်းစီရဲ့ အကြိုက်နဲ့အမြင်တွေကိုလည်း စိတ်ဝင်စားလှစွာ ပြန်လည် သိရှိကြားနာလိုနေရင်း လေးလေးနက်နက် နားထောင်နေခဲ့ပါတယ်။ သူ့ရဲ့စာပေအနုပညာ လက်ရာအဖုံဖုံကြားထဲမှာ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဝေဖန်ရေး၊ ရုပ်ပုံလွှာ အရေးအဖွဲ့၊ စာပေသဘောတရား၊ သမိုင်းဖြတ်သန်းမှု၊ ဆောင်းပါးအထွေထွေ၊ ဘာသာပြန် … စတဲ့ စတဲ့ အင်မတန်များပြားလှတဲ့ လက်ရာအမယ်မယ်အဖုံဖုံတွေ ရှိတဲ့အထဲမှာ ကျနော်တို့တတွေက ဘာကိုအကြိုက်နှစ်သက်ဆုံး၊ အားအရဆုံး၊ အသိအမှတ်အပြုဆုံးလဲဆိုတာကိုလည်း စိတ် ထားနှိမ့်ချစွာနဲ့ ရိုးရိုးသားသား သိချင် နားလည်ချင်နေခဲ့ပါတယ်။ အဲဒီတုန်းက ကျနော် ကတော့ ဆရာတာရဲ့လက်ရာတွေထဲမှာ ကျနော့်အကြိုက်ဆုံးကတော့ `ရုပ်ပုံလွှာ’လို့ပဲ ပြောခဲ့ဖူးပါတယ်။ (အခုချိန်ထိလည်း အဲဒီတုန်းကနဲ့ဆိုရင် အနှစ် ၂၀ ကျော်ကျော် ကြာပြီ ဖြစ်ပေမယ့် ဆရာတာ့ လက်ရာတွေအပေါ်မှာ ကျနော့်အကြိုက်ဆုံးဟာ မပြောင်းမလဲ ‘ရုပ်ပုံလွှာ’အရေးအဖွဲ့တွေပဲ ဖြစ်နေပါသေးတယ်။) ဆရာတာရဲ့ ‘ဒို့ခေတ်ကိုတော့ ရောက်ရ မည်မှာ မလွဲပါ’သမိုင်းနောက်ခံ ဝတ္ထုရှည်ကြီးနဲ့ ပတ်သက်လို့ကတော့ အခုမှ ဇာတ်လမ်းအစ လောက်ပဲ ရှိသေးတော့ ဘယ်သူကမှ ဘာမှထူးထူးခြားခြား မပြောဆိုလိုကြသေးပါ။ ဆက်ပြီး တော့သာ ရေးဖို့ အားလုံးလိုလိုက တိုက်တွန်းခဲ့ကြပြီး ဆက်လက်ဖတ်ရှုနိုင်ဖို့ စောင့်လင့်နေခဲ့ ကြပါတယ်။ (အခုချိန်ထိပဲ ဆိုပါတော့။) ကျနော်တို့တတွေက ဆရာတာကို သိလိုရာရာ မှန်သမျှကိုလည်း မေးခဲ့ကြပါတယ်။
“ပြည်ပ နိုင်ငံခြားအဆက်အသွယ်ရဖို့ သွားကြတဲ့အခါ၊ တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရဖို့ တရုတ်ပြည်ခရီးကို သွားကြတဲ့အခါ သခင်ဗဟိန်းနဲ့ ဆရာတာရာတို့ရဲ့ ၁၉၃၉ ခုနှစ်၊ ခရီးဟာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ကော်မီတီက တာဝန်ပေးချက်အရ ဒါမှမဟုတ် ဘယ်သူတွေရဲ့mandate အရ သွားခဲ့ကြပါသလဲ”ဆိုတဲ့မေးခွန်းမျိုးကအစ သမိုင်း ဆိုင်ရာ သိလိုရာရာတွေကိုလည်း မေးခဲ့ကြပါတယ်။ အနုပညာဆိုင်ရာအရ ‘နွေနှောင်း ရွက်ကျန်’လို ကိစ္စလေးတွေမျိုးကနေ ‘မုဆိုး စိုင်သင်’ကိစ္စ၊ ‘ကာရန်မဲ့မဲ့ မမဲ့မဲ့၊ အဘိဓမ္မာ မမဲ့ဖို့’ဆိုတာမျိုးတွေအထိ စိတ်ဝင်စားစရာ မေးခွန်းမျိုးစုံကိုလည်း မေးခဲ့ကြပါတယ်။ ဆရာက တခုချင်း တခုချင်းကို အေးအေးဆေးဆေး လေးလေးနက်နက် ဖြေပါတယ်။ သမိုင်း ဆိုင်ရာကိစ္စမျိုးတွေကို ပြောတဲ့နေရာမှာတော့ ဆရာရဲ့ရုပ်ပုံဟာ သိသိသာသာကို ဖြေးလေး သွားပြီး မျက်မှန်ကြီးအစုံအောက်က ရီမှုန်လွန်းနေရှာပြီဖြစ်တဲ့ မျက်လုံးအစုံဟာလည်း ခံစား ချက်တွေနဲ့အတူ ပိုမိုမှုန်ဝေရီဆိုင်းတွဲ့နေပါတော့တယ်။ အတိတ်ကို ပြန်ခေါ်နေတဲ့ မျက်နှာပြင်ဟာ သိသိသာသာကို ငေးငေးလျလျဖြစ်သွားတာကိုလည်း မကြာခဏတွေ့လိုက် ရပါတယ်။ တော်တော်ကို ခံစားတတ်မှု၊ ရင်ခုန်တတ်မှု ပြင်းရှလွန်းတတ်သူလို့ အသိအ မှတ်ပြုထားရတဲ့၊ အင်မတန်မှ အနုပညာဆန်လွန်းလှတဲ့ အနုပညာရှင်ကြီးရဲ့ အနုပညာ ဆန်ဆန် မျက်နှာပြင်ဟာ ငေးငေးငူငူဖြစ်ဖြစ်သွားတဲ့အခါ အတွေးသမား၊ အငေးသမား တယောက်ရဲ့ရုပ်ပုံ ပိုမိုပေါ်လွင်လာတတ်ပြီး အဘိဓမ္မာရှင်တယောက်ရဲ့မျက်နှာအဖြစ်လည်း မကြာခဏ ကူးပြောင်းနေတာ တွေ့လိုက်ရပါတယ်။ ဆရာတာဆိုတာ တကယ့်ကဗျာဆရာ အစစ်တယောက်လည်းပဲ မဟုတ်လား။ တကယ့်ကဗျာဆရာအစစ်ဆိုတာ အနုပညာရှင် လည်း ဖြစ်သလို အဘိဓမ္မာရှင်လည်းပဲ ဖြစ်တယ်မဟုတ်လား။

(၅)
ကျနော် ထောင်ကထွက်လာပြီးတဲ့နောက်ပိုင်း ဆရာတာဆီကို လူတွေအများကြီး တအုံတမကြီးနဲ့ သွားကြပြီးတဲ့နောက်ပိုင်း ကျနော်တယောက်တည်းလည်း ဆရာတာရဲ့ မဲဇာတောကို အကြောင်းကြောင်းနဲ့ ရောက်ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးကာစ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီး ပေါ် ထွန်းလာအပြီး နိုင်ငံရေးပါတီတွေအသီးသီး ပေါ်ထွန်းလာစ ကာလမှာလည်း ကျနော် ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆရာတာက သူ့ရဲ့မူပိုင် အပြုံးမြမြနဲ့ပဲ “ဟိုတလောကတော့ ကိုအောင်ဝေးတို့တတွေ လာသွားကြတယ်ဗျ”တဲ့။ “အဲဒီတုန်းက အကြီးအကျယ်ကာလကြီး မဟုတ်လား။ ကိုအောင်ဝေးတို့က ခေါင်းမှာ ပုဝါနီတွေဘာတွေ ပတ်လို့”လို့ မမြင့်မြင့်စိန်က လည်း ပြုံးပြုံးကြီး ပြောလာပြန်တော့ ဆရာတာက ထပ်ပြီး လှလှပပပြုံးနေပြန်တာ တွေ့ရ ပြန်ပါတယ်။ အဲဒီတုန်းက ဆရာတာက… “မျက်စေ့က တော်တော်ကို မကောင်းတော့ဘူး။ မျက်စေ့အစား နားကိုပဲ ပိုပြီးအသုံးပြုနေရတယ်။ အဲဒီတော့ သတင်းတွေကိုတော့ တော် တော်ကို စုံအောင်နားထောင်ဖြစ်နေတယ်။ ရေဒီယိုတလုံးနဲ့ ဗမာလိုလွှင့်နေတဲ့ဟာတွေ မှန်သမျှအပြင် အင်္ဂလိပ်လို လွှင့်နေတာတွေရော ဘာရော၊ သတင်းတွေကတော့ စုံနေ အောင်ကို နားထောင်ဖြစ်ပါတယ်။ နားကိုပဲ နားရော မျက်စေ့ရော လုပ်ထားလိုက်ရသလို ဖြစ်နေတယ်။ ခက်တာက စာဖတ်ချင်တဲ့ဒုက္ခပဲ”လို့ စိတ်မကောင်းစရာ ပြောရှာတယ်။ ကျနော်က ဆရာ့မျက်နှာကို ငေးကြည့်မိရင်း ပင့်သက်ကို ဖွဖွလေး ခိုးပြီး ချမိတယ်။ “ကိုယ်တိုင်က စာဖတ်လို့မရတော့ မြင့်စိန်ကို ဖတ်ပြဖို့ ခိုင်းရတယ်။ သူကလည်း ဖတ်ပြရှာ ပါတယ်။ ဒါပေမယ့် သူ့ကို ဖတ်ပြဖို့ခိုင်းရတာဆိုတော့ ဆယ်ပုဒ်လောက် ဖတ်ချင်ရင်တောင် နှစ်ပုဒ်သုံးပုဒ်လောက်ပဲ စဉ်းစဉ်းစားစား ခိုင်းရတယ်။ သူ့စိတ်အခြေအနေက ဘယ်လိုရှိနေ သလဲ၊ ချက်ရ ပြုတ်ရ အိမ်ကိစ္စတွေအပြင် သူ့လုပ်ငန်းခွင်က အခြေအနေတွေကကော ကောင်းရဲ့လား၊ စိတ်အခြေအနေ ဘယ်လိုများရှိနေလိမ့်မလဲဆိုတာ နည်းနည်းတွက်ဆပြီးမှ ခိုင်းရတော့ ဆယ်ခါလောက် ခိုင်းချင်ရင်တောင် နှစ်ခါသုံးခါလောက်ပဲ ဖြစ်ဖြစ်သွားရတာပေါ့”လို့ တိုးတိုးညင်ညင်လေးနဲ့ ပြောပြတယ်။
အဲဒီနေ့က ဆရာတာနဲ့အတူ ကျနော်မှတ်မှတ်ရရ နှစ်ယောက်သား ထမင်းစားဖြစ် ခဲ့ပါတယ်။ မမြင့်မြင့်စိန်က ဆရာတာနဲ့ကျနော့်အတွက် ထမင်းဝိုင်းကို ပြင်ပေးပြီး သူကတော့ မစားသေးဘဲ နေပါတယ်။ ကျနော်က ဆရာတာ ထမင်းစားတာကို သေသေချာချာ ဂရု စိုက်ကြည့်နေမိရင်း ကျနော့်အမေရဲ့အဖေ ကျနော့်အဖိုးနဲ့ ကျနော် ကလေးဘဝက ထမင်း အတူစားခဲ့ရတာတွေကို မှတ်မှတ်ရရ ပြန်သတိရနေမိတယ်။ ကျနော့်အဖိုးက အသက် ၇၀ လောက်မှာ မျက်စေ့ကောင်းကောင်းမမြင်ရှာတော့ပါ။ အမေက ထမင်းပွဲပြင်ပေးရင် အဖိုးကို ကူရင်း ကျနော်လည်း ထမင်းအတူ လိုက်စားရပါတယ်။ အဖိုးက ကောင်းကောင်း မျက်စေ့ မမြင်တော့ အဲဒါက ဘာဟင်းဆိုတာ ပြောပြောပြရင်း မကြာမကြာ ဟင်းခပ်ပေးရပါတယ်။ ဟင်းချို ဒါမှမဟုတ် ချဉ်ရည်ဟင်းလို ဟင်းရည်သောက်ပန်းကန်ကိုတော့ ပန်းကန်ကြီးကြီးနဲ့ ထည့်ထားပြီး အဖိုးအနီးမှာ ကပ်ချထားပေးရပါတယ်။ ဟင်းရည်သောက်တာကိုတော့ အဖိုးက သူ့ဟာသူ ခပ်ပါတယ်။ ဒါပေမယ့် မျက်စေ့က မကောင်းတော့ ပန်းကန်ထဲကဇွန်းကို လူကောင်းတယောက်လို ဖျတ်ကနဲ တန်းတန်းမတ်မတ် ကောက်ပြီး အလွယ်တကူ ကိုင်နိုင်တာတော့မဟုတ်ပါ။ ပန်းကန်နှုတ်ခမ်းဘေးကို လက်ကလေးနဲ့ထိပြီး လက်ကလေးနဲ့ မသိမသာ ခပ်ဆဆလေးပတ်ပြီး စမ်းရင်း ဇွန်းကို စမ်းမိ ထိမိသွားတော့မှ ဇွန်းကို အိနြေ္ဒမပျက် ကောက်ကိုင်လိုက်နိုင်တာမျိုး ဖြစ်ပါတယ်။ ဆရာတာရဲ့ ဇွန်းကို ကိုင်လိုက်ပုံ ကိုင်လိုက်နည်းဟာကလည်း မျက်စေ့မကောင်းရှာတဲ့ ကျနော့်အဖိုး ကောက်ကိုင်လိုက်ပုံမျိုးနဲ့ ဆင်ဆင်တူနေပါတယ်။ ဆရာတာကို အနီးကပ် ဂရုတစိုက်ကြည့်လိုက်မိရင်း ကျနော့်မှာ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်လိုက်မိပါတယ်။ ဆရာတာကတော့ သိမယ်မဟုတ်ပါ။
အကြောင်းဆုံတိုင်းလိုလို ရင်ထဲမှာ အမှတ်တရဖြစ်နေရတဲ့ ဆရာတာနဲ့ပတ်သက်ပြီး ကျနော့်ရဲ့အမှတ်အရဆုံး ခရီးတခေါက်လည်းပဲ ရှိပါသေးတယ်။
အဲဒါကတော့ ဆရာတာရဲ့လက်ရာ စာမူကို ပင်တိုင်ရေးပေးဖို့ စာမူသွားတောင်းခဲ့ရတဲ့ ခရီးဖြစ်ပါတယ်။ ကျနော့်ရဲ့မိတ်ဆွေတဦးက ဂျာနယ်တစောင်ထုတ်ဖို့ လုပ်ဆောင်နေရာမှာ ပါသင့်ပါထိုက်တဲ့ စာရေးဆရာကြီးတွေရဲ့ စာမူကို အပါတ်စဉ် မှန်မှန်ရနိုင်ရေးအတွက် ကျနော်ကပဲ တာဝန်ယူပြီး သူနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ မေတ္တာရပ်ခံရာကနေ ဆရာ တာဆီက စာမူမှန်မှန်ရဖို့ ကျနော် သွားခဲ့ရတာဖြစ်ပါတယ်။ ဆရာတာနဲ့ အေးအေးဆေးဆေး နှစ်ယောက်သား စကားပြောခွင့် ကြာကြာရခဲ့ပါတယ်။ ကျနော်ပြောပြတဲ့ ထုတ်ဝေချင်တဲ့ ဂျာနယ်ရဲ့အနေအထားနဲ့ ဂျာနယ်ကို တာဝန်ယူထုတ်ဝေမယ့်သူရဲ့အခြေအနေကို ဆရာက သေသေချာချာနားထောင်ပြီး ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီတုန်းက နိုင်ငံတကာ့အခြေအနေတွေက စစ်အေးခေတ်ရဲ့နိဂုံးဆီ ဦးတည်ရွေ့ လျားနေစပြုပါပြီ။ ဆိုဗီယက်က ဂလပ်စနော့နဲ့ ပယ်ရီစထွိုက်ကာတွေအပြင် ‘ဗဟုဝါဒ’ဆိုတဲ့ အသံတွေလည်း စီစီညံအောင် ကြားနေရစပြုပါပြီ။ ရေဒီယိုတလုံးနဲ့ သတင်းဌာနပေါင်းစုံက သတင်းမျိုးစုံကို သူများတွေထက်တောင် ပိုပြီးနားထောင်နေဖြစ်ခဲ့တဲ့ ဆရာတာဟာ ပြည်တွင်းက ဒီမိုကရေစီလှိုင်းခတ်သံတွေသာမက ပြည်ပနေရာပေါင်းစုံက နိုင်ငံတကာ့ ဒီမိုကရေစီရေစီးကြောင်းကြီးရဲ့အသံတွေကိုပါ အဆက်မပြတ်လိုလို သိရှိကြားနာနေခဲ့ရပြီး ပြီဖြစ်ပါတယ်။ ငယ်စဉ်ကျောင်းသားဘဝကတည်းက အောက်တိုဘာတော်လှန်ရေးရဲ့ အမြောက်သံနောက်မှာ ဗမာပြည်ကို မာ့က်စ်-လီနင်ဝါဒ စတင်ရောက်လာစ ရှေးဦးကာလ လောက်ကတည်းက သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်းတို့နဲ့အတူ (အထူး သဖြင့် ချစ်ခင်နားလည်မှုအရှိဆုံးဖြစ်တဲ့ သခင်ဗဟိန်းနဲ့အတူ)မာ့က်စ်ဝါဒကို စိတ်ပါဝင်စားစွာ လေ့လာလိုက်စားခဲ့ဖူးတဲ့ ဆရာတာရာဟာ သဘောတရားနဲ့အဘိဓမ္မာတွေကိုလည်း စိတ်ဝင် စားရုံမက ကိုယ်တိုင်လည်း အဘိဓမ္မာရှင်တပိုင်းမျှ ဖြစ်နေတဲ့ ဆရာတာဟာ နိုင်ငံတကာ့ အခြေအနေ၊ မာ့က်စ်ဝါဒအခြေအနေတွေအပေါ်မှာလည်း လေးလေးနက်နက် တွေးဆရှုမြင် ကြည့်နေတာတွေလည်း တော်တော်ကို ရှိနေလိမ့်မယ်ထင်ပါတယ်။ ဆရာတာက မျက်နှာကို အပြင်ဘက်ဆီ ငေးနေသလိုလို၊ ဆုံးစမရှိ တွေးနေသလိုလိုရှိရာက ကျနော့်မျက်နှာဆီ တည့်တည့်မတ်မတ်ကြည့်လိုက်ပြီး… “ကျနော် ပင်တိုင်ရေးပေးမယ်။ ‘မာ့က်စ်ဝါဒသစ်’ဆိုတဲ့ ခေါင်းစဉ်နဲ့ကို ရေးပေးမယ်။ ကလောင်နာမည်ကိုလည်း ဒဂုန်တာရာနဲ့မရေးဘဲ ‘မောင်…………’ နဲ့ပဲ ရေးမယ်။ အဲဒါကိုတော့ ဘယ်သူ့မှ မပြောနဲ့နော်”လို့ ပြောလာပါတယ်။ ဖြေးဖြေးချင်း တလုံးချင်း ပြောလိုက်တဲ့အသံဟာ တိုးတိုးညင်းညင်းပေမယ့် ပီပီသသ ကြည်ကြည်မြမြနဲ့ လေးနက်နေပါတယ်။
ကျနော်လည်း တော်တော်ကို ဝမ်းသာသွားမိပါတယ်။ အဲဒီနေ့က ဆရာတာရဲ့ မဲဇာကျေးလက်ကနေ ရန်ကုန်ကို ပြန်လာခဲ့ရတဲ့အချိန်ထိ ကြုံရာစီးလာခဲ့ရတဲ့ ခရီးသည် ဘတ်စ်ကားကြီးပေါ်မှာ ဆရာတာ ရေးပေးမယ့် ‘မာ့က်စ်ဝါဒသစ်’… ‘မာ့က်စ်ဝါဒသစ်’ဆိုတဲ့ ခေါင်းစဉ်ဟာ ကျနော့်သွေးကြောအားလုံးကို လှုပ်နှိုးထုပုတ်ရင်း ကျနော်နဲ့အတူ စီးမျောလိုက် ပါလာခဲ့ပါတယ်။ ဆရာတာ ဘာတွေရေးပြမလဲ၊ ဆရာတာရဲ့တွေးတတ်၊ မြင်တတ်၊ ခံစား တတ်မှုတွေကိုလည်း ယုံကြည်နားလည်နေမိရင်း ရှုဒေါင့်အသစ်ကနေ ရေးပြမယ့် ဆရာတာ ရာရဲ့အတွေးအခေါ်အမြင်အယူအဆသစ်တွေကိုလည်း ကြိုတင်စိတ်ဝင်စားနေမိခဲ့ပါတယ်။
ဒါပေမယ့် ကျနော်တို့မျှော်လင့်သလို မဖြစ်ခဲ့ရပါ။ ဂျာနယ်ထုတ်ဖို့ တဖက်တလမ်းက နေ ပြင်ဆင်ကြိုးပမ်းနေဆဲ ကာလမှာပဲ ထုတ်ဝေမယ့်သူကိုယ်တိုင် နရသိန်ထဲ စောစောစီးစီး ရောက်ရှိသွားခဲ့ရသလို ကျနော်ကိုယ်တိုင်လည်း အဖမ်းမခံရအောင် တချိုးတည်းနဲ့ ဝရမ်း ပြေးဘဝ ရောက်ခဲ့ရတဲ့အပြင် ပြည်တွင်းမှာတောင် နေလို့မရ၊ ပြည်ပအထိ လစ်ခဲ့ရပါတော့ တယ်။ အဲဒီကတည်းက ဆရာတာနဲ့ တွေ့ခွင့်ကြုံခွင့် စကားပြောခွင့်မရတော့တာလည်း အနှစ် ၂၀ နီးပါးလောက်တောင် ရှိပါပြီ။
ဆရာ့လက်ရာတွေမှန်သမျှ ရနိုင်သလောက် အဝေးကပဲ ဖတ်ရှုနေရပါတယ်။ ဆရာ့ အသံကို ရံဖန်ရံခါ လေလှိုင်းတွေပေါ်ကပဲ နားဆင်နေရပါတယ်။
ဆရာ့ရဲ့ ပင်ရင်းနှလုံးသားထဲက လာတဲ့ ‘ငြိမ်းချမ်းရေး - ညီညွတ်ရေး’ဆိုတဲ့အသံဟာ အရင်ကထက်တောင် ပိုပြီးကျယ်လောင်လာသလိုလည်း ခံစားလိုက်ရပါတယ်။ ဆရာ့ရဲ့ ဒဿနဆန်ဆန်စကား “ရန်သူမရှိ - မိတ်ဆွေသာရှိ၊ မုန်းသူမရှိ - ချစ်သူသာရှိ”ဆိုတာကို ကျနော်တို့တတွေ တတ်နိုင်သလောက် နားလည်နိုင်အောင် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်နေ မိပါတယ်။

(၆)
ကျနော့်တဦးချင်း ခံစားနားလည်မှုအရ ပြောရရင်တော့ ဆရာတာဟာ တကယ့် အနုပညာရှင်ကြီးတယောက်ပါ။
တကယ့် ငြိမ်းချမ်းရေးသမားကြီးတယောက်ဖြစ်သလို ပြည်သူ့ဘက်က ပြည်သူ့ရှေ့ ဆောင် တယောက်လည်းပဲ ဖြစ်ပါတယ်။
တပြိုင်နက်တည်းမှာ အဟောင်းအဆွေးတွေကို ဖြိုပစ်၊ အသစ်အသစ်တွေကို ဖန်တီး ချင်တဲ့ တကယ့်အသစ်ဖန်တီးရှင်တယောက်လည်းပဲ ဖြစ်ပါတယ်။ ဆရာဒဂုန်တာရာဟာ စာပေနယ်မှာ ‘တာရာ’ကို ထွန်းညှိခဲ့သလို ‘စာပေသစ်’ကို ရှေ့ဆောင်ကြွေးကြော်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရာအသစ်တွေကိုသာမက စကားလုံးအသစ်တွေကိုပါ ထွင်ဖို့ အားသန်ခဲ့သူ ဖြစ်တဲ့အတွက် ဝေဖန်ရှုတ်ချသူတွေလည်း ရှိခဲ့သလို တွင်ကျန်ရစ်ခဲ့တာတွေလည်း ရှိပါတယ်။
‘ဝေါ့ဒစ္စနေ အပြာ’နဲ့ ‘ဝတ်လစ်စလစ် လမ်းမ’တို့ကို နှာခေါင်းရှုံ့သူတွေ တော်တော် များများရှိခဲ့ပေမယ့် ‘ပင်မရေစီး’၊ ‘ခေတ်ပြိုင်ခံစားမှု’နဲ့ ‘အလှဗေဒ’ဆိုတဲ့ စကားလုံးသစ်တွေက တော့ စာပေနယ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြရပြီဖြစ်တဲ့ ဆရာတာရာရဲ့ ကောင်းမှုပြုချက်တွေပဲမဟုတ်လား။ ပန်းချီနဲ့အရောင်တွေကိုလည်း အနုစိတ် ချစ်တတ် မြင်တတ် ခံစားတတ်လွန်းတဲ့ဆရာဟာ အသစ်မြင်ရှုဒေါင့်ကနေ တီထွင်မှုရှိရှိလည်း ဖော်ပြသုံးစွဲတတ်သူဖြစ်ခဲ့တယ်။ ‘ရွှေအိုရောင်’၊ ‘ပန်းနုရောင်အို’ဆိုတာတွေအပြင် လကို တောင် ‘လစိမ်း’လို့ မြင်တတ် ဖော်ပြတတ်ခဲ့တာ ဆရာတာပဲမဟုတ်လား။ ပန်းချီကိုလည်း ဝါသနာထုံခဲ့ဖူးတဲ့ဆရာတာဟာ သူခံစားရတဲ့အတိုင်း အရောင်အမြင်အယူအဆတွေနဲ့ ပန်းချီ ကားတွေ ဆွဲခဲ့ဖူးတာ ရှိပါတယ်။ ဆရာတာတို့ရဲ့မဲဇာကျေးလက်က ဧည့်ခန်းဆောင်လေးထဲ မှာ ဆရာတာရဲ့လက်ရာ ‘မဲနယ်တောင်’ပန်းချီကားကို ကျနော် တွေ့ရဖူးပါတယ်။ ရှမ်း ပြည်ထဲက နေရာတခုရဲ့ရှုခင်းကို ပကတိအမြင် အရောင်တွေအတိုင်း ရေးဆွဲထားတာ မဟုတ်ဘဲ စိတ်အမြင်အရောင်တွေအတိုင်း ရေးဆွဲထားတယ်ဆိုတဲ့ အဲဒီပန်းချီကားလေးဟာ တမူထူးခြားသစ်လွင်နေပါတယ်။ ဂီတသမားလည်း အင်မတန်ဖြစ်ချင်ခဲ့ဖူးတဲ့ ဆရာတာဟာ စန္ဒယားခလုတ်တွေနဲ့ ထိတွေ့ညှိငင် တီးခတ်ရတဲ့အခါမှာကော…။ သာမန်အတိုင်း တီးခတ် ရတာကို မနှစ်သက် ထွင်လုံး ကွန့်လုံးလေးတွေနဲ့ တီးရတာကိုမှ မွေ့လျော်သူ။ အကွက်ရိုး အတိုင်း တီးခတ်ရင်တောင် အကွက်ရိုးအပေါ် အကွက်စိပ်စိပ် တွဲလုံးများများလေးနဲ့ တီး ခတ်တတ်သူအဖြစ်၊ အသစ်အသစ်တွေကို တီထွင်မှုရှိရှိ တီးခတ်ချင်သူအဖြစ် ဂီတ ကျွမ်းကျင်သူတွေကတောင် မှတ်ချက်ပေးခြင်းခံရသူမျိုး ဖြစ်ခဲ့တယ်။ ဆရာတာဟာ အရောင်တွေကို ခွဲခွဲခြားခြား နားလည်မြတ်နိုးခဲ့သလို သံစဉ်တွေနဲ့လည်း နွေးနွေးထွေးထွေး ရင်းနှီးကျွမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။
စာပေ၊ ဂီတ၊ ပန်းချီဆိုတဲ့ အနုပညာရပ်တွေအားလုံးနဲ့ ရင်းနှီးကျွမ်းဝင် ချစ်ခင် မြတ်နိုးခဲ့သူဖြစ်ပေမယ့် ဆရာတာ ပေါ်လွင်ထင်ရှားခဲ့တာကတော့ စာပေအနုပညာနယ်မှာပါ။ အများက လေးလေးစားစား အသိအမှတ်ပြု နေရာပေးခဲ့ကြတာကလည်း စာပေအနုပညာ နယ်မှာပါ။ ဗမာပြည် စာပေအနုပညာလောကမှာ ကဗျာဆရာ၊ စာရေးဆရာအချင်းချင်းက တောင် အနုပညာခွန်အား ကြီးမားလှသူတယောက်အဖြစ် အသိအမှတ်ပြုရပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြီးရင် စာပေသြဇာ အကြီးမားဆုံးသော တကယ့်ရှေ့ဆောင် ကလောင် ရှင်ကြီးတွေစာရင်းမှာ ရှေ့ဆုံးတန်းကနေ စာရင်းသွင်းထားရမယ့် အနုပညာရှင်ကြီး တယောက်ကတော့ ‘ဒဂုန်တာရာ’ဆိုတာ အားလုံးက လက်ခံကြလိမ့်မယ်ထင်ပါတယ်။ ဗမာ ပြည် စာပေအနုပညာဘဏ္ဍာတိုက်အတွင်း ဆရာဒဂုန်တာရာရဲ့ တီထွင်ဖန်တီးမှုရှိရှိ စာပေ အနုပညာလက်ရာတွေဟာ သမိုင်းကာလတလျှောက် တရိပ်ရိပ်တိုးပွား ဖြည့်ဆည်းနိုင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။
ကဗျာမှာ ‘အလင်္ကာ’ကနေ ‘မာယာ’အလယ် - ကနေ့အထိ၊ ဝတ္ထုမှာ ‘မေ’ကနေ ‘ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ’၊ ‘ကြယ်ရိပ်ပန်းနု’၊ ‘စိမ်းမြဧရာ’အလယ် - ကနေ့အထိ၊ ရုပ်ပုံလွှာအဖွဲ့အနွဲ့ စကားပြေမှာ ‘အောင်ဆန်း သို့မဟုတ် အရိုင်း’နဲ့ စလိုက်တဲ့ ‘ရုပ်ပုံလွှာ’ကနေ ‘ဖျတ်ကနဲ တွေ့ရသော ရုပ်ပုံလွှာကားချပ်များ’အလယ် - ကနေ့အထိ ရေးဖွဲ့ခဲ့တဲ့ ရုပ်ပုံလွှာ ပေါင်းများစွာ၊ စာပေလက်ရာ ကဗျာထွေထွေအတွင်း ဆရာတာရာရဲ့ မနည်းလှတဲ့ စာပေ အနုပညာ စံထားစရာတွေကိုလည်း ကျနော်တို့တတွေ တွေ့မြင်ခံစား ရင်ခုန်ခဲ့ကြရရင်း ဆရာတာအပေါ် ကျနော်တို့တတွေ လေးလေးနက်နက် တန်ဖိုးထားခဲ့ရပါတယ်။
ဗမာပြည် စာပေအနုပညာ မိုးကောင်းကင်ပေါ်မှာ ဆရာတာဟာ ဧရာမ ကြယ်စင် တပွင့် ဖြစ်ပါတယ်။ ကျနော်ကတော့ ဆရာတာကို ‘ရွှေအိုရောင် ကောင်းကင်သစ်ပေါ်က တောက်ပတဲ့ကြယ်ပွင့်ကြီး’အဖြစ် ရှုမြင်ပါတယ်။
တကယ်က ဆရာဒဂုန်တာရာရဲ့ကလောင်အမည် ‘တာရာ’ဆိုတာကိုက အများ ပြည်သူလူထုတွေကတော့ ‘ကြယ်’နဲ့တွဲပြီး ‘ကြယ်တာရာ’လို့ပဲ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ တကယ်က ‘တာရာ’ဆိုတာ ကြယ်တပွင့်တည်းတောင် မကပါ။ တောက်ပထွန်းလင်းနေတဲ့ ‘ကြယ်စုကြီး’ဖြစ်ပါတယ်။ ကြယ်စင်တန်း၊ ကြယ်စုကြီးဖြစ်ပါတယ်။ အလင်းရောင်ဟာ တခု တည်းတောင် မကပါ။ အဘိဓါန်တွေမှာတော့ ‘တာရာ’ဆိုတာ ကြယ်အစု (constellation)ပဲ ဖြစ်ပါတယ်။ ဆရာတာရဲ့ ‘ဗဟိန်း သို့မဟုတ် ကဗျာ’ရုပ်ပုံလွှာကို အင်္ဂလိပ်လို ဘာသာ ပြန်ဆိုပေးခဲ့ဖူးတဲ့ သူကြီးဂေဇက် ဦးခင်မောင်ကတော့ ဆရာတာရာကို “တာရာဆိုတာ လှုပ်ရှားနေတဲ့ ဂြိုလ်နက္ခတ်တခုပဲ။ ရပ်နေတာမဟုတ်ဘူး”လို့ အနက်ဖွင့်လှစ်ပြောဆိုခဲ့ဖူး တယ်ဆိုပါတယ်။
ကျနော်ကတော့ ဆရာဒဂုန်တာရာကို ‘ရွှေအိုရောင် ကောင်းကင်သစ်ပေါ်က တောက်ပတဲ့ ကြယ်တပွင့်’အဖြစ်၊ ကြယ်စင်အဖြစ် ရှုမြင်ခံစားလိုက်ရပြီးတဲ့နောက် ကြယ်ရဲ့အရောင်ကိုပါ ဖော်ပြချင်လာပါတယ်။ ဆရာတာကိုယ်တိုင်က ‘ပန်းနုရောင်အို’နဲ့ ‘ပန်းနုရောင် နှစ်ကာလများ’ဆိုတာကို ဖွဲ့ဆိုခဲ့ဖူးတဲ့အပြင် ‘ပန်းနုရောင်ကို ကျနော်ချစ်သည်’လို့ ဖော်ပြခဲ့ဖူးတာတွေကိုလည်း အမှတ်ရမိပြီး ဆရာတာကို ဆရာတာချစ်တဲ့ အရောင်တွေနဲ့ပဲ ဂုဏ်ပြုချင်လာပါတယ်။ ဆရာတာဟာ တောက်ပတဲ့ ကြယ်တပွင့်၊ ပန်းနုရောင် ကြယ်တပွင့်၊ ပန်းနုကြယ်။
ဆရာတာရဲ့ စာပေအနုပညာတွေမှာ ကျနော် အနှစ်သက်ဆုံးအဖွဲ့အနွဲ့တခုဖြစ်တဲ့ ‘ရုပ်ပုံလွှာ’ရေးဟန်တွေမှာ ဆရာတာ ခေါင်းစည်းတပ်လေ့ရှိတဲ့ ဆရာ့ဟန်အတိုင်း ဆရာ့ကို လည်း မှတ်မှတ်ရရ ပြန်လည်ခေါင်းစဉ်တပ်ပြီး ဂုဏ်ပြုလိုက်ပါတယ်။ အဲဒါကတော့…
‘ဆရာဒဂုန်တာရာ (သို့မဟုတ်) ရွှေအိုရောင် ကောင်းကင်သစ်ပေါ်က တောက်ပတဲ့ ပန်းနုကြယ်’
‘ဆရာဒဂုန်တာရာ (သို့မဟုတ်) ရွှေအိုရောင် ကောင်းကင်သစ်ပေါ်က တောက်ပတဲ့ ပန်းနုကြယ်’။ ။

၊ဝင်းတင့်ထွန်း၊
၂၇၊ ၃၊ ၂၀၀၈

No comments:

Post a Comment