07 May 2009

ရေဆန်တက်နှင့် လေဆန်ငှက် (ဝင်းတင့်ထွန်း)

အို… လှေငယ်ရှင်
ရေဆန်လမ်းလည်း လှော်ရသေး
လှေကွဲကြီးလည်း ဖြစ်နေသေး
ရွက်တိုင်ကလည်း ကျိုးနေသေး
ဝဲကတော့ထိုး၊ ရေလှိုင်းဆိုးကြား
တက်ကျိုးနဲ့သာ၊ လှော်ရပါလည်း
လှော်ခက်ရဲစွ
ဘယ်ကအားမာန် ရသနည်း…
ဘယ်အတွက် အသင်လှော်သနည်း…။



လှေငယ်ရှင်။ ။တဖက်ကမ်း၌
အောင်ပန်းရှိသည်၊ ငါယုံကြည်၍
ယုံကြည်မှုမှ၊ အားမာန်ရကာ
လှော်ခဲ့ပါသည်
ရှေ့မှာပန်းတိုင် ငါမြင်ပြီ…။

အို… လေဆန်ငှက်
လေဆန်လမ်းလည်း ပျံရသေး
ဒဏ်ရာကလည်း ရခဲ့သေး
တောင်ပံကလည်း ကျိုးနေသေး
သွေးတွေစီးဖြာ၊ ရင်နာနာဖြင့်
ပျံကာနေရ၊ သွားနေရလည်း
ပျံသန်းရဲစွ
ဘယ်ကအားမာန် ရသနည်း…
ဘယ်တွက်အသင် ပျံသနည်း…။

လေဆန်ငှက်။ ။ တဖက်ကြော၌
ပန်းတောရှိသည်၊ ငါယုံကြည်၍
ယုံကြည်မှုမှ၊ အားမာန်ရကာ
ပျံခဲ့ပါသည်
ရှေ့မှာတောရိပ် ငါမြင်ပြီ…။ ။


၊ဝင်းတင့်ထွန်း၊
၁၉၈၃၊ အင်းစိန်ထောင်


No comments:

Post a Comment