19 May 2009

အနီပွင့် (မောင်လှဝင်း - မြင်းခြံ)

ငါ့ကဗျာ
ဘယ်ကလာ
ဘယ်မှာပွင့်မှာလဲ…။

သေနတ်စွဲဆုပ်
တုတ်ခိုင်စေးထန်း
ကြမ်းတမ်းတဲ့လက်
အဲဒီလက်ဟာ
နုညက်ကြွရွ
ဖူးမြသန္ဓေတည်
မူယာခြယ်ရောင်သွေး
ဆေးရောင်ကြွယ်ဝ
အလှခံစား
ပန်းများပွင့်စေနိုင်ပါ့မလား…။



ကိစ္စမရှိ
ထိတွေ့ဘဝ
မခံစားရတာ
တောင်ပေါ်မှာ ပြည်သူများ
ဝန်းကျင်မှာ ရဲဘော်များ
ရှေ့ကိုသွားတော့ သေနတ်သံ
ရန်သူနဲ့စစ်ခင်း
အရင်းအနှီးများစွာ
ငါ့မှာရှိတယ်…။

ဧရာကိုလွမ်း
ဗေဒါလမ်းဖြာ၊ တမာပိတောက်
မရောက်တာကြာ၊ ပြည်ရွာကို လွမ်းဆဲ
ငါတမ်းတဆဲ ပြည်သူ
လူမှုဘဝနိမ့်ကျ အဖိနှိပ်ခံ
ဝေးလံသောအရပ်မှ
မျှော်နေ ခေါ်နေတဲ့အသံများ
သမိုင်းရှည်လျားဖြစ်စဉ်မှ
အာဇာနည်ဝိဉာဉ်များနဲ့
တော်လှန်သူတို့ရဲ့
နောက်ဆုံးဆန္ဒ
နောက်ဆုံးတေးသံစဉ်များ
နီလွင်တဲ့ ကြွေးကြော်သံများ
နားထဲ ကြားဆဲ
ရင်ထဲစွဲမြဲလျက်ပါ
အရင်းအနှီးများစွာ ငါ့မှာရှိတယ်...။

ညတညမှာ
ငါမွေးလာတော့
ရှည်ကြာလွန်းလှ၊ အဲဒီညမှာ
ဆုံးစမမြင် ကျင်လည်ခဲ့ရ…။

အဲဒီလောက်ဟာ
မဲမှောင်လှ၊ ခါးသီးလှတယ်
ဆူးရှကြမ်းတမ်း၊ ဆင်းရဲလမ်းမှာ
ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း
ရွံရှာခြင်း
စက်ဆုတ်ခြင်း
နာကျည်းခြင်းတွေ
စီးဆင်းပွတ်တိုက် ဒီခေတ်ကျပ်ထဲ
အနေလည်းကြာ
ဘဝလည်း နာခဲ့
ငါ့ရဲ့ပင်ကိုယ်အရင်းအနှီး
သွေးချင်းချင်းနီခဲ့တာ
ဒဏ်ရာမကျက်သေးပါဘူး…။

ဒီအရင်းအနှီး၊ သွေးစည်းကြောင်းထဲမှာ
ကဗျာများစွာ၊ ဖူးပွင့်လာမယ်
ယုံကြည်တယ်…။

ဆင်းရဲသားရဲ့
မာကျောနေတဲ့ မျက်နှာပြင်
ဒဏ်ရာထင် အမာရွတ်တွေနဲ့
ပြည့်နှက်နေတဲ့ နှလုံးသား
အဲဒီနှလုံးသားထဲမှ
အားယူကွဲထွက်၊ ပက်ကြားအက်လို့
အက်ကြောင်းထဲမှ၊ တစစနဲ့
ရုန်းကြွတိုက်ခိုက်၊ မိုးတပြိုက်မှာ
ပန်းပွင့်လာမည်
အပွင့်နီများ…။ ။

-မောင်လှဝင်း(မြင်းခြံ)-
၃၀၊ ၁၀၊ ၁၉၇၉
‘အောက်တိုဘာနှင်းပွင့်’ကဗျာစာအုပ်
ဗဟိုဆေးကျောင်း

No comments:

Post a Comment