23 March 2010

ကဗျာသဘောတရား (မာ့က်စ်ဝါဒနဲ့ကဗျာ)


စကားနဲ့မှော်အတတ် (စာ ၁၂ မှ ၁၈)

ကမ္ဘာဦးခေတ် ကဗျာကို စာနဲ့ရေးသားထားတဲ့ ရှေးခေတ်စာပေတွေထဲမှာ လေ့လာလို့ရမယ်မဟုတ်ဘူး။ သူ့သဘာဝကိုယ်၌က စာနဲ့ရေးထားတာမဟုတ်ဘူး။ စာပေမတိုင်မီခေတ်က ဖြစ်ပေတယ်။ ချွင်းချက်ထားရမယ့် အချို့နေရာတွေမှာသာ စာနဲ့ချပြီးရေးထားခြင်းဖြစ်တယ်။ ကနေ့ခေတ်ရှိ လူရိုင်းတွေရဲ့နှုတ်ဖျားပေါ်မှာ တွေ့ရှိနေတဲ့အတိုင်းပဲ လေ့လာရမှာဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ လူ့အဖွဲ့အစည်းအကြောင်း ဘာတခုမှမသိဘဲနဲ့လည်း ဒီလူတွေရဲ့ကဗျာကို နားလည်နိုင်မယ်မဟုတ်ဘူး။ နောက်ပြီး ကဗျာဆိုတာ ထူးခြားတဲ့စကားတမျိုးဖြစ်ပေတယ်။ ကဗျာရဲ့ ရင်းမြစ်မူလကို လေ့လာမယ်ဆိုရင် စကားရဲ့ရင်းမြစ်မူလကို လေ့လာရလိမ့်မယ်၊ ဒါဟာလည်း လူသားကိုယ်တိုင်ရဲ့ ရင်းမြစ်မူလကိုပဲ လေ့လာရလိမ့်မယ်လို့ ဆိုလိုတယ်။ ဘာလို့လဲဆိုတော့ စကားဆိုတာ လူ့ရဲ့ထူးခြားတဲ့ဝိသေသ လက္ခဏာတွေထဲက တခုဖြစ်နေတာကိုး။ အစဆီကိုပဲ ပြန်ပြီးကောက်ကြရပေလိမ့်မယ်။


လူ ဘယ်လိုပေါ်လာတယ်ဆိုတာကို ပြည့်ပြည့်ဝဝ နားလည်ဖို့ ကျနော်တို့ အလှမ်းဝေးလျက်ပဲ ရှိကြသေးတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေ သဘောတူညီထားတဲ့ အခြေခံအချက်တချက်ဖြင့် ရှိရဲ့။ လူဟာ အဓိကသဘောလက္ခဏာကြီး နှစ်ရပ်အားဖြင့် တိရိစ္ဆာန်တွေနဲ့ ကွဲပြားခြားနားနေတယ်။ လက်နက်ကိရိယာနဲ့ ဘာသာစကားပါပဲ။ (ကိုးကားချက်အညွှန်း ၁။ ။ ဂျီ အဲလိယော့ စမစ် "လူအဆင့်ဆင့် ဖြစ်ပေါ်လာပုံ" ၁၉၂၄။ ဖရက်စရစ် အိန်ဂဲလ် "သဘာဝရဲ့အနုပဋိလောမ" ၁၉၄၀။ ကေ ဗြူခါ "Arbeit and Rhythmus" ၁၈၉၆။ အာရ် အေ အက်စ်ပေးဂျက် "လူ့စကား" ၁၉၃၀)

ပရိုင်းမိတ် (မျောက် စတဲ့ မူလသတ္တဝါ)တွေက အနိမ့်စား ကျောရိုးပါတဲ့ သတ္တဝါတွေနဲ့ ခြားနားနေတဲ့အချက်ကတော့ မတ်မတ်ရပ်နိုင်ခြင်းနဲ့ ရှေ့ခြေတွေကို လက်အဖြစ် အသုံးပြုတတ်ခြင်းပဲဖြစ်တယ်။ ဒီဖြစ်ပေါ်တိုးတက်မှုဟာ ဦးနှောက်ထဲက ဆုံလည်အင်္ဂါအစိတ်အပိုင်းများရဲ့ တဆင့်ဆင့် တိုးတက်ကောင်းမွန်လာမှု ပါဝင်ပြီး သူတို့ရဲ့ပတ်ဝန်းကျင်က ထူးခြားတဲ့အခြေအနေများကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်တယ်။ သူတို့တတွေဟာ တောတွင်းတိရိစ္ဆာန်များဖြစ်လေတော့ သစ်ပင်ပေါ်နေရတယ်ဆိုရင် ဖျပ်လပ်ဖို့၊ အမြင်နဲ့အထိအတွေ့ ကျကျနနပူးတွဲလုပ်ဆောင်ဖို့၊ မျက်စေ့နှစ်လုံးနဲ့ တပြိုင်နက် ကြည့်မြင်တတ်ဖို့၊ ကြွက်သားနဲ့ အသေးစိတ်ချုပ်ကိုင်တတ်ဖို့ လိုလာတယ်။ လက်တွေ ဖြစ်ပေါ်တိုးတက်လာတာနဲ့တပြိုင်နက် ဦးနှောက်ကို ပြဿနာအသစ်တွေ၊ အလားအလာအသစ်တွေနဲ့ ရင်ဆိုင်စေရတယ်။ ဒီလိုနဲ့ စကတည်းကပဲ လက်နဲ့ဦးနှောက် အဓိကဆက်သွယ်မှု ရှိခဲ့တယ်။

လူဟာ ပရိုင်းမိတ်တွေမှာ ဒုတိယအမြင့်မားဆုံးဖြစ်တဲ့ လူမျောက်တွေနဲ့ခြားနားတဲ့အချက်ကတော့ လမ်းလျှောက်တတ်ခြင်းနဲ့ မတ်တတ်ရပ်နိုင်ခြင်းပဲဖြစ်တယ်။ လမ်းလျှောက်တတ်တာဟာ သစ်တောထဲက ထွက်လာတော့ မြေကြီးပေါ်ကို ဆင်းခဲ့ရလို့ လို့ အချို့က ယူဆတယ်။ ဘယ်လိုကြောင့်ပဲဖြစ်စေ အဓိကအချက်ကတော့ လူမှာ လက်နဲ့ခြေ လုပ်ငန်းပိုင်းခြားမှု ပြီးပြတ်လို့သွားခြင်းပါပဲ။ လူ့ရဲ့ ခြေချောင်းလေးတွေဟာ ကိုင်ဖမ်းနိုင်စွမ်း ကင်းမဲ့လို့သွားတယ်။ လူ့ရဲ့လက်ချောင်းလေးတွေဟာ မျောက်တွေမှာမရှိတဲ့ အသေးစိတ် ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်စွမ်း ရှိလာတယ်။ မျောက်တွေဟာ တုတ်တို့ ခဲတို့ကို ကိုင်တွယ်နိုင်ပါရဲ့။ ဒါပေမယ့် လူ့ရဲ့လက်ကသာ ဒါတွေကို လက်နက်ကိရိယာတွေဖြစ်အောင် ပုံဖော်နိုင်စွမ်းရှိလေတယ်။

ဒီအဆင့်ဟာ ဆုံးဖြတ်ချက်ပေးမယ့်အဆင့်ဖြစ်တယ်။ နေထိုင်မှု နည်းလမ်းအသစ်တခုကို ဒါက လမ်းဖွင့်ပေးခဲ့တယ်။ လက်နက်ကိရိယာတွေ ကိုင်ဆောင်ပြီး သူဟာ ကိုယ့်အစားအစာကို ယူစားရုံမဟုတ်တော့ဘဲ ထုတ်လုပ်လို့လာတယ်။ သဘာဝက ပေးကမ်းထားတာကို ဆွဲယူရုံမဟုတ်တော့ဘဲ မြေကိုတူး၊ အပင်စိုက်၊ ရေလောင်း၊ အသီးအနှံရိတ်၊ အစေ့တွေကိုကြိတ်၊ မုန့်ဖုတ်လို့လာတယ်။ သူဟာ သဘာဝကို ထိန်းချုပ်ဖို့ လက်နက်ကိရိယာတွေကို သုံးလာတယ်။ သဘာဝကို ထိန်းချုပ်ဖို့ကြိုးစားရင်း သဘာဝဆိုတာ သူ့ဆန္ဒနဲ့ သီးခြားကင်းလွတ်ပြီး ကိုယ်ပိုင်နိယာမတရားတွေနဲ့ပါလားလို့ သဘောပေါက်လာတယ်။ သင်္ခါရတရားတို့ ဖြစ်ကြ ပျက်ကြပုံကို သိမြင်လာတာနဲ့အမျှ ဒါတွေဖြစ်ပျက်အောင် ဘယ်လိုလုပ်ရမယ်ကိုပါ သိနားလည်လာတယ်။ သဘာဝရဲ့နိယာမတရားတွေရဲ့ ရုပ်ဘဝလိုအပ်ချက်ကို အသိအမှတ်ပြုလာတာနဲ့အမျှ မိမိအလိုကိစ္စပြည့်ဝရေးအတွက် သူတို့ကို အသုံးချနိုင်တဲ့ အစွမ်းသတ္တိကိုပါ ရရှိလို့လာတယ်။ သူတို့ရဲ့ကျေးကျွန်မဟုတ်တော့ဘဲ သခင်ဖြစ်လာပြီးဖြစ်တယ်။

အခြားတဖက်ကလည်း နိယာမတရားတွေရဲ့ရုပ်ပိုင်းလိုအပ်ချက်ကို အသိအမှတ်ပြုဖို့ မစွမ်းနိုင်ဘဲရှိတာနဲ့အမျှ မိမိပတ်ဝန်းကျင်က ကမ္ဘာကြီးကို စိတ်ဆန္ဒစေစားမှုနဲ့ ပြောင်းလဲလို့ရနိုင်တော့မှာလို့ ရှုမြင်လာတယ်။ ဒါဟာ မှော်အတတ်ရဲ့အခြေခံပါပဲ။ မှော်အတတ်ဆိုတာဟာ တကယ့်အတတ်ရဲ့ချွတ်ယွင်းချက်တွေကို အစားထိုးစရာ လှည့်စားတဲ့အတတ်လို့ ဖော်ပြရလိမ့်မယ်။ ဒါမှမဟုတ် ဒိထက် တိတိကျကျဆိုရရင် တကယ့်အတတ်ကို စိတ်ပိုင်းအမြင်နဲ့ကျင့်သုံးခြင်းပါပဲ။ မှော်အတတ်နဲ့ စီရင်တယ်ဆိုရာမှာ အရိုင်းအစိုင်းလူတွေဟာ သူတို့ဖြစ်စေလိုတဲ့သဘာဝဖြစ်ရပ်ကို အတုခိုးပြုလုပ်ခြင်းအားဖြင့် မိမိတို့ရဲ့ပတ်ဝန်းကျင်မှာ မိမိတို့ရဲ့ဆန္ဒကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားကြည့်ကြခြင်းပဲဖြစ်တယ်။ မိုးကို လိုချင်ရင် တိမ်တွေစုရုံးနေကြဟန်၊ မိုးချုံးဟန်၊ မိုးတဖွဲဖွဲရွာကျဟန် အတုခိုးပြီး ပြုလုပ်တဲ့အကကို ကကြတယ်။ ဒီတိုင်းပြည်မှာတောင်မှ တချို့တောကျတဲ့နယ်တွေမှာ ရန်သူရဲ့ရုပ်ပုံကို ဖယောင်းနဲ့ပြုလုပ်ပြီး အပ်ကလေးတွေ ထိုးသွင်းတာတို့၊ မီးပေါ်မှာ အရည်ပျော်စေတာတို့ စသဖြင့် ပြုလုပ်တဲ့လူတွေအကြောင်း ရံဖန်ရံခါ ကြားကြရတယ်။ ဒါဟာ မှော်အတတ်ပါပဲ။ ကိုယ်လိုချင်တဲ့အဖြစ် (မုန်းနေတဲ့သူ သေခြင်း)ကို အတုပြုလုပ်ခြင်းပါပဲ။ (ကိုးကားချက်အညွှန်း ၂။ ။ဂျေ ဘီ ဟယ်ရီဆန် "ရှေးခေတ် အနုပညာနဲ့ကျင့်ထုံး" ၁၉၁၃)

အစပိုင်းမှာ ကုန်ထုတ်လုပ်ရေးအလုပ်ဟာ စုပေါင်းအလုပ်ဖြစ်တယ်။ လက်တွေအများကြီး အတူစုပေါင်းလုပ်ကိုင်ကြတာပဲ။ အဲဒီလိုအခြေအနေတွေမှာ လက်နက်ကိရိယာတွေ သုံးပြုလာတာကြောင့် ဆက်သွယ်ရေးနည်းလမ်းအသစ်တခု ဖြစ်ပေါ်လာစေတယ်။ တိရိစ္ဆာန်တွေရဲ့အော်သံတွေဟာ အင်မတန်ဘောင်ကျဉ်းတယ်။ လူမှာကျတော့ အသံပီမြည်ပြီးလာတယ်။ အလုပ်လုပ်နေတဲ့လူစုရဲ့လှုပ်ရှားမှုတွေကို ထိန်းကိုင်ပေးတဲ့ နည်းလမ်းတရပ်အဖြစ် အသုံးချပြီး စနစ်တကျ ဖြစ်စေခဲ့ကြတယ်။ ဒီလိုနဲ့ လက်နက်ကိရိယာတွေ တီထွင်ရင်း လူဟာ စကားကိုပါ တီထွင်ခဲ့တယ်။ ဒါမှာလည်း လက်နဲ့ဦးနှောက် အဆက်အသွယ်ကို ကျနော်တို့ တွေ့ကြရပြန်တယ်။

ကလေးငယ်လေးတဦး ကစားစရာ တူတချောင်းကို ကိုင်တွယ်ဖို့ ပထမဆုံးအကြိမ် ကြိုးပမ်းနေပုံကိုကြည့်ရင် ကမ္ဘာဦးဆီက လက်နက်ကိရိယာတွေ ကိုင်တွယ်ဖို့ကြိုးပမ်းကြရာမှာ ဘယ့်ကလောက် စိတ်ဓါတ်အင်အား အသုံးပြုရှာကြရမယ်ဆိုတာကို ခန်ပမှန်းလို့ကြည့်နိုင်တယ်။ သူငယ်တန်း ဂီတအဖွဲ့တခုက ကလေးငယ်တွေလို လူစုဟာ အတူလုပ်ကိုင်ကြရာမှာ ခြေလက်တွေ လှုပ်ရှားတိုင်း၊ တုတ်တွေ ကျောက်ခဲတွေကို ထောင်းထုတိုင်း အားလုံး တညီတညာ ရွတ်ဆိုကြတဲ့ မပီတပီအော်သံနဲ့ စည်းဝါးကိုက်ပေးကြပေလိမ့်မယ်။ အဲဒီလို ပါးစပ်က လိုက်ပေးမှုမပါဘဲ အလုပ်လုပ်လို့ ရမယ်မဟုတ်ဘူး။ ဒီလိုနဲ့ စကားဟာ ကုန်ထုတ်လုပ်ရေးလက်တွေ့နည်းလမ်းအဖြစ် ထွက်ပေါ်ခဲ့ရတာပါပဲ။ (ကိုးကားချက်အညွှန်း ၃။ ။ဘီ မာလီနော့စတီး "သန္တာဥယျာဉ်များနဲ့ သူတို့ရဲ့မှော်စွမ်း" ၁၉၃၅ တွဲ ၂၊ စာ ၂၃၂။ စီ ဂျေ အော့ဂ်ဒင်နဲ့ အိုင် အေ ရစ်ချဒ်တို့ရဲ့ "အဓိပ္ပါယ်ရဲ့အဓိပ္ပါယ်" ၁၉၂၇ မှ 'ကမ္ဘာဦးခေတ် ဘာသာစကားများမှ အဓိပ္ပါယ်ပြဿနာ')

လူသားရဲ့ကျွမ်းကျင်မှု တိုးတက်လာတာနဲ့အမျှ ပါးစပ်နဲ့လိုက်ပေးရတာလည်း လက်တွေ့လိုအပ်ချက်အဖြစ်က ရပ်စဲသွားတယ်။ အလုပ်သမားတွေဟာ တဦးချင်း လုပ်ကိုင်နိုင်လာကြတယ်။ ဒါပေမယ့် စုပေါင်းလုပ်ဆောင်မှုကိရိယာကတော့ ပျောက်ပျက်မသွားဘူး။ တကယ့်အလုပ်ကို မစတင်ခင် ကကြတဲ့ ဇာတ်တိုက်မှုတခုအနေနဲ့ ကျန်ရစ်ခဲ့တယ်။ အရင်က လုပ်ငန်းနဲ့ခွဲခွါလို့ မရစကောင်းတဲ့ စုပေါင်းချိန်ကိုက်ယူရတဲ့ လှုပ်ရှားမှုတွေကို ပြန်လည်ကပြကြတဲ့ အကတမျိုးပါပဲ။ ဒါဟာဖြင့် ကနေ့အထိ အရိုင်းအစိုင်းတွေ ကပြလို့နေကြသေးတဲ့ သဏ္ဍာန်တု ကကွက်ပဲပေါ့။

တချိန်ထဲမှာ စကားဟာ တိုးတက်ဖြစ်ထွန်းလာတယ်။ လက်နက်ကိရိယာတွေ ကိုယ်တွယ်ရေးမှာ လိုက်ဖက်လုပ်ရတဲ့ လမ်းညွှန်တခုအဖြစ်နဲ့ စတင်ခဲ့ရာက ကျနော်တို့နားလည်နေတဲ့ ဘာသာစကားမျိုး ဖြစ်လာပါတယ်။ လုံးဝ ပီပီမြည်မြည်ရွတ်ဆိုရတဲ့၊ လုံးဝ အသိနှဲ့ယှဉ်တဲ့ တဦးနဲ့တဦး ဆက်သွယ်ရေးနည်းလမ်း ဖြစ်လာတယ်။ သဏ္ဍာန်တုအကမှာတော့ ရွတ်ဆိုရတဲ့အပိုင်းအဖြစ် ဆက်လက်တည်ရှိနေပြီး မှော်အတတ်ဆိုင်ရာကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားသေးတယ်။ ဒီလိုနဲ့ ဘာသာစကားအားလုံးမှာ ပြောပုံပြောနည်း နှစ်နည်း တွေ့ကြရတယ်။ အချင်းချင်း နေ့စဉ် သာမန်ဆက်သွယ်ရေးနည်းလမ်းဖြစ်တဲ့ ရိုးရိုးစကားရယ်၊ ပိုမိုလေးနက်ပြီး စုပေါင်းရွတ်ဆိုရတာနဲ့ ပိုမိုသင့်မြတ်တဲ့၊ စိတ်ကူးယဉ်ဆန်တဲ့၊ နိမ့်မြင့်သံ ညီညွတ်တဲ့၊ မှော်သဘောပါတဲ့ အသုံးအနှုန်းတခုဖြစ်တဲ့ ကဗျာစကားရယ်လို့ ဖြစ်ပါတယ်။

(ဆက်လက် ဖော်ပြပါမယ်)

1 comment:

  1. လာဖတ်သွားပါတယ်ဗျာ
    ကျေးဇူးပါ

    ReplyDelete