16 November 2009

ဘာသာပြန်သူ့အမှာ (ကဗျာသဘောတရား)


မာ့က်စ်ဝါဒနဲ့ကဗျာ (ကဗျာသဘောတရား)
မောင်သာနိုး (ဘာသာပြန်)
Marxism and Poetry by George Thomson

ဘာသာပြန်သူ့အမှာ

ကဗျာကို ဘာသာပြန်ရတာ ခက်ခဲတယ်လို့ဆိုရင် ကဗျာအကြောင်း ရေးထားတဲ့စာကို ဘာသာပြန်ရတာလည်း မလွယ်ပေဘူးဆိုတာ အလွယ်နဲ့ ရိပ်စားမိနိုင်ပါလိမ့်မယ်။ အကြောင်းနှစ်ကြောင်း ရှိပါတယ်။ တစ် - နမူနာအဖြစ် ထုတ်ပြထားတဲ့ကဗျာတွေ ပါနေတယ်။ ဒါတွေကို ဒုတိယဘာသာစကားဆီ တိတိကျကျ သယ်ယူပေးဖို့ မဖြစ်နိုင်ဘူး။ နှစ် - မူရင်းစာတမ်းက ဥရောပကဗျာကို အခြေခံထားပြီး ဆွေးနွေးထားတာဖြစ်ပါတယ်။ ဥရောပကဗျာနဲ့ ကျနော်တို့ဗမာကဗျာဟာ အခြေခံပုံစံမှာ လုံးဝ ကွဲပြားခြားနားနေပါတယ်။ သူတို့က အသံအနိမ့်အမြင့်ကို အဓိကထားတယ်။ ကျနော်တို့က ကာရန်ကို အဓိကထားတယ်။

ဒါဖြင့် သူတို့ဥရောပကဗျာအကြောင်းကို ကျနော်တို့ မလေ့လာထိုက်တော့ဘူးလား?

အင်္ဂလိပ်တွေမှာ အဆိုတခုရှိတယ်…
What do they know of English
Who only English know? တဲ့။
(အင်္ဂလိပ်စာ တခုထဲ သိတဲ့လူတွေရယ်
အင်္ဂလိပ်စာအကြောင်း ဘာသိကြမှာလဲကွယ်။)

ဒီသဘောပဲ။ ကျနော်တို့ကလည်း ဗမာစာအကြောင်း တကယ့်အဆင့်အတန်းမီမီ လေ့လာသုံးသပ်ကြ၊ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေကြတဲ့အခါမှာ ဗမာစာတခုထဲ အခန်းတံခါးပိတ် လုပ်နေလို့မဖြစ်ဘူး။ လက်ရှိ (ရှေးရော ခေတ်သစ်ပါ)ဗမာစာစုကို သုံးသပ်အကဲဖြတ်တဲ့နေရာမှာလည်း ဗမာနည်းတနည်းထဲနဲ့မဟုတ်ဘဲ ကမ္ဘာပေါ်မှာ အများတကာတွေ လုပ်ကြကိုင်ကြတာကို ဆည်းပူးနည်းယူရမယ်။ ရှေ့ကို ဆက်လက်ပြုစုကြရာမှာလည်း သူများတွေ ဘယ်လိုလုပ်နေကြလို့ ဘယ်အဆင့် ရောက်နေကြတယ်ဆိုတာ နားလည်သိရှိပြီး သူများနဲ့ရင်ဘောင်တန်းရုံမက သာလွန်အောင်ကို အားထုတ်နိုင်ကြရမယ်။ ဒါကို အမေကျော် ဒွေးတော်လွမ်းတယ်လို့ မတွင်ကျယ်တဲ့အပြောမျိုးနဲ့ လူလယ်လုပ်ပြောလို့လည်း မဖြစ်ဘူး။ နွားခြေရာခွက်ထဲက နောက်ချေးပိုးစိတ်မျိုးကို ကျနော်တို့ စွန့်လွှတ်ကြဖို့ကောင်းပြီ။

ဒီအမြင်နဲ့ ဒီစာအုပ်ကို ဘာသာပြန်ထုတ်ဝေပါတယ်။

ဥရောပကဗျာနဲ့ဗမာကဗျာ ပုံစံမှာ မတူပေတယ်လို့ တူတာတွေလည်း အများအပြားတွေရတာကို ဒီစာတ်းမှာ အထိုက်အလျောက် တွေ့ရပါလိမ့်မယ်။ ကဗျာဖြစ်ပေါ်လာပုံ ရင်းမြစ်မူလဟာ အတူတူဖြစ်စရာရှိပါတယ်။ အကြောင်းအရာနဲ့ပတ်သက်လို့လည်း တူတာတွေ ရှိပါလိမ့်မယ်။ ရှေ့ကိုမှန်းရာမှာလည်း တူကြရမှာပဲ။

ကဗျာအစ မှော်ကလို့ စာတမ်းရှင်က ဆိုပါတယ်။ ဒါကိုတော့ ကျနော်တို့ ဗမာကဗျာတွေက အများဝကီးထောက်ခံကြလိမ့်မယ်ထင်တယ်။ ကျနော်တို့ကဗျာမှာ လွမ်းတာ၊ တမ်းတာ၊ တောင့်တတာတွေ အင်မတန် ခေတ်ထတယ်မဟုတ်လား။ ဒါတွေဟာ မှော်ပဲပေါ့။ အထူးသဖြင့် ဒီနေရာမှာ လူထုကဗျာကို အဓိကထားရလိမ့်မယ်။ ကျနော်တို့လူထုကဗျာမှာ အတိုင်အဖောက်ဆိုရတာတွေ (ဥပမာ… ကောက်စိုက်တေးသံ)၊ ဒွေးချိုးပုံစံ အများစုတွေ့တာတွေ ကျနော်တို့စဉ်းစားကြဖို့ကောင်းတယ်။ ကဗျာအငွေ့ ကျောက်စာတွေ့ဆိုပြီး ကျောက်စာတခုထဲနဲ့တင် ပြီးလို့လည်း မဟန်သေးဘူး။ ကျောက်စာမှာ ကဗျာကို မှတ်တမ်းမတင်ကြပေဘူး။ နို့ပြီး ကဗျာရဲ့အစဟာ သီချင်းဖြစ်တယ်ဆိုတာမျိုးဟာ ကျနော်တို့ကဗျာအဖို့ အများကြီးမှန်တာပေါ့။ ခုထိပဲ ကျနော်တို့ကဗျာတွေကို တေးဆိုလို့ရနေတာပဲမဟုတ်လား။

ဂျော့သွမ်ဆန်က ကဗျာဟာ လုပ်အား ညာသံတွေက စတင်ပေါ်ပေါက်လာတန်ရာတယ်လို့ တွက်ပြထားပါတယ်။ ဒါကြောင့် ဘာသာစကားထက်ကိုပဲ အရင်ကျပေဦးမယ်လို့ဆိုတယ်။ ဒါ သူ့တယောက်ထဲအမြင်တော့ မဟုတ်ဘူး။ သူ့အရင် ဘာသာသိပ္ပံဆရာအများကလည်း ဒီအတိုင်းမြင်ကြတာပါပဲ။ ကျနော်တို့ဗမာတွေမှာလည်း “ရောကြိတ်လိုက် ဘသားကြိတ်လိုက်”စတဲ့ ညာသံတွေ၊ လက်တန်းစပ် စာသားတွေနဲ့ ညာသံပေးလေ့ရှိတာတွေ အလုပ်ခွင်တွေမှာ အပုံပဲရှိပါတယ်။ ဒါတွေကို နှိုင်းယှဉ်ထည့်ပြနေရင် ဘာသာပြန်တဲ့ဘောင်ကို ကျော်လွန်သွားမှာမို့ စာဖတ်သူကိုယ်တိုင်ပဲ အမျှင်တန်း တွေးဆသွားဖို့ ချန်ထားခဲ့ပါတယ်။ တကယ်ကတော့ ဒီစာတမ်းမှာ တင်ပြဆွေးနွေးထားတာတွေကိုအခြေခံပြီး ဗမာကဗျာရဲ့ရာဇဝင်ကြောင်းကို ပြန်ကောက်ပြကြရရင် ကောင်းမယ်။

သူ့စာတမ်းထဲမှာ ကာရန်အကြောင်း ထည့်ဆွေးနွေးမထားဘူး။ ဥရောပကဗျာမှာလည်း ကာရန်ကတော့ ရှိတာပါပဲ။ အဓိကမကျတာတခုပဲရှိတယ်။ (တချို့ ပါတောင် မပါဘူး။) ကျနော်တို့ကျတော့ ကာရန်ဟာ ကဗျာရဲ့အသက် ဆိုရမလောက်ဖြစ်နေတယ်။ ကာရန် ဘယ်လိုလုပ်ပေါ်လာသလဲ။ ဒါကို ကျနော်တို့က ဆက်လက်စူးစမ်းကြဖို့ကောင်းတယ်။ အကြမ်းမျဉ်း မှန်းဆရရင်တော့ ကာရန်ဟာ အများကြီးနောက်ကျပါလိမ့်မယ်။ ဗမာကဗျာ ပေါ်စက ကာရန်မပါဘူး။ ကျနော်တို့ လုပ်အားညာသံတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ (“တုတ်တုတ်ကြီးဟေ့ ဝဝကြီး၊ အားနဲ့စိုက်ရင် ခံနိုင်ရိုးလား”) ဒီလေ့လာရချက်ပေါ် အခြေခံပြီး ကျနော်တို့ကဗျာကို ပိုမိုလွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် စပ်ဆိုနိုင်အောင် ဘယ်လိုလုပ်ရရင် ကောင်းမလဲ။ ဗမာမှာ အသံနိမ့်မြင့်ဆိုတာ ရှိသင့်သလောက် ရှိတာပဲ။ ဒါကို ဘယ်လိုလုပ် စနစ်ချပြောကြမလဲ။ လေ့လာစရာတွေ ဖြစ်နေပါတယ်။

ဥရောပ “အက်ပစ်”နဲ့ပြိုင်ပြီး ဗမာမှာ မော်ကွန်းတို့၊ ဧချင်းတို့ ရှိနေပါတယ်။ ဒါတွေအကုန် “ရွှေနားတော်သွင်း”ရတာချည့်ပါပဲ။ ဒါပေမယ့် အက်ပစ်လို လက်တမ်းစပ် မဟုတ်ဘူး။ သားစဉ်မြေးဆက် ညွန့်သထက် ညွန့်အောင် မွမ်းမံရင်း သယ်ဆောင်လာကြတာလည်း မဟုတ်ဘူး။ ပြဇာတ်နဲ့ပတ်သက်လို့ကတော့ ဒေါက်တာထင်အောင်ရဲ့ “ဗမာပြဇာတ်”မှာ လေ့လာတင်ပြချက်တွေဟာ အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူက ဗမာအဆိုနဲ့အကကတော့ သူများတိုင်းပြည်တွေမှာလို ရှေးကမ္ဘာဦး လူထုအကတွေ၊ နတ်ကိုးကွယ်မှုတွေက ဆင်းသက်လာတာဖြစ်သော်လည်း ပြဇာတ်ကတော့ မဟုတ်ဘူး။ ဗမာပြဇာတ်ဟာ နတ်ကိုးကွယ်မှုက စခဲ့တာမဟုတ်ဘူး။ နိပါတ်ခင်းက စခဲ့တယ် စသဖြင့် ဆာဝီလျံရစ်ဂျဝေးကို ချေပရင်း ဆွေးနွေးထားပါတယ်။ ကျနော်တို့လူငယ်တွေ ဆက်လေ့လာစရာ လမ်းခင်းပေးခဲ့တာပါပဲ။

တချို့အခေါ်အဝေါ်တွေကို ဗမာလိုပြန်ယူတဲ့နေရာမှာ ဗမာတွေ အများအားဖြင့် နားလည်ပြီးရှိကြတာကို အခြေခံပြီး ပြန်ယူလိုက်ပါတယ်။ ဥပမာ… Inspiration ‘စိတ်တက်ကြွမှု’၊ ‘ဥဒါန်း’စသဖြင့် သုံးကြတာ တွေ့ဖူးပါရဲ့။ ‘စိတ်တက်ကြွ’တာတွေကလည်း များလွန်းနေပြီ။ ဟိုဟာလည်း စိတ်တက်ကြွ၊ ဒီဟာလည်း စိတ်တက်ကြွ ဖြစ်နေပြီ။ ‘ဥဒါန်း’ဆိုတာကလည်း မြတ်စွာဘုရား ကျူးရင့်တော်မူတာလို့ပဲ လမ်းပေါ်ကလူက နားလည်နေတော့တယ်။ အဲဒီတော့ အတော်များများ သုံးနှုန်းနေကြပြီဖြစ်တဲ့ ‘ဈာန်ဝင်’တာကိုပဲ ယူသုံးလိုက်ပါတယ်။ ‘ဈာန်ဝင်’တယ်ဆိုတာကလည်း စိတ်တက်ကြွနေတာပါပဲ။ Inspire ဖြစ်တယ်ဆိုတာ မူရင်းက နတ်ဝင်တာပါပဲ။ ဂရိတွေက ကဗျာနတ် ဝင်လာမှ ကဗျာစပ်နိုင်တယ်ဆိုတယ်။ ခေတ်သစ် စိတ္တပရိစ္ဆေဒဆရာတို့ကတော့ ငုပ်အောင်းနေတဲ့ စိတ်စေတနာတွေ လူးလွန့်အံထွက်လာရာ မသိစိတ်မှာ အခြေခံတယ်လို့ဆိုတယ်။ သဘောကတော့ ကဗျာစပ်ချင်စိတ် ပေါက်လာတာပါပဲ။ ကဗျာဆရာရဲ့စိတ်ကူးကို ‘ဈာန်’နဲ့ တင်စားလိုက်ပြီး ဈာန်ဝင်စားတယ်ပေါ့။ တချို့ ဗမာမှာမရှိတဲ့ စကားလုံးတွေကိုတော့ ဒီတိုင်းပဲ အသံဖလှယ်ယူလိုက်ပါတယ်။ ဥပမာ… ဘောလဒ်၊ အက်ပစ်၊ ထရက်ဂျီဒီ။

စာဖတ်သူကို အထူးတောင်းပန်ထားချင်တာကတော့ နမူနာကဗျာတွေပါပဲ။ စောစောက ပြောခဲ့သလို ဘာသာတခုက ကဗျာကို ဘာသာတခုမှာ အပြည့်အဝ ပြန်ဖော်ပြဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နမူနာပြထားတဲ့ ကဗျာတွေကလည်း သိပ်ခက်ခဲလေးနက်ပါတယ်။ မူရင်းအာဘော်မိအောင် ကျနော် ဗမာကဗျာလို မပြန်နိုင်စွမ်းပါဘူး။ ဒါကြောင့် အဓိပ္ပါယ်ပဲ စကားပြေနဲ့ ပြန်ပေးလိုက်ပါတယ်။ အဲဒီစကားပြေတောင် ဗမာလို ပြေပြစ်လိမ့်မယ်မဟုတ်ဘူးဆိုတာ ကျနော်သိပါတယ်။ ကျနော့်ရည်ရွယ်ရင်းကတော့ မူရင်းစာသား အဓိပ္ပါယ်ကို တိကျနိုင်သမျှ တိတိကျကျ သယ်ဆောင်ပေးရေးပါပဲ။ စာမချောတာကိုတော့ ခွင့်လွှတ်ကြပါ။ အသံနိမ့်မြင့်ကိုပြတဲ့နေရာမှာတော့ ဘာသာပြန်လို့မရဘဲ မူရင်းကို ထည့်ပေးလိုက်ပါတယ်။

နောက်ဆုံးတခု ပန်ကြားချင်တာကတော့ ဒီစာတမ်းကို မူရင်းရေးတဲ့ ခုနှစ်သက္ကရာဇ်ကို သတိပြုဖို့ပါပဲ။ ၁၉၄၆ ခုနှစ်ပါတဲ့။ အဲဒီတော့ ဒီစာတမ်းရေးတဲ့အချိန်နဲံ ဒီနေ့ ၁၉၆၆ အနှစ် ၂၀ အတွင်းမှာ ဧရာမ ပြောင်းလဲမှုကြီးတွေ ရှိနေပြီဆိုတာ သတိရှိစေချင်ပါတယ်။ ဒီစာတမ်းနောက်ပိုင်းမှာ ဆိုဗီယက်အာရှမှာ ရှေးရိုးပြည်သူ့ကဗျာကို ထိမ်းသိမ်းပုံ တင်ပြထားတယ်။ အဲဒါ ရှေးတုန်းကလို့သာ မှတ်လိုက်ကြပါ။ ခုဆိုရင်တော့ ရုရှမှာ အစစ ငါးပါးမှောက်နေတဲ့အထဲမှာ ယဉ်ကျေးမှုလည်း ပါဝင်နေပါပြီဆိုတာ သတိပြုကြဖို့ပါပဲ။

ဒီစာအုပ်ဖြစ်မြောက်ရေး အဖက်ဖက်က ကုညီကြသူ ရဲဘော်များ၊ မိတ်ဆွေများကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုပါတယ်။

မ၊ သ၊ န၊
မန္တလေး
မတ် ၂၇၊ ၁၉၆၆

No comments:

Post a Comment