23 November 2009

၁။ စကားနဲ့ မှော်အတတ် (ကဗျာသဘောတရား)


၁။ စကားနှင့် မှော်အတတ် (စာ ၅ မှ ၁၂)

ဒီစာတမ်းရဲ့အကြောင်းအရာက ကဗျာရဲ့ရင်းမြစ်မူလနဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်တယ်။ ဒါဟာ လူမှုသိပ္ပံ၊ စိတ်ပညာနဲ့ ဘာသာသိပ္ပံဆိုင်ရာ ပြဿနာဖြစ်တယ်။ ဒီလိုဖြစ်တဲ့အတိုင်းလည်း ဆွေးနွေးသွားပါမယ်။ ကဗျာကို ကဗျာသက်သက်အတွက်သာ အရသာခံရုံနဲ့ ရောင့်ရဲကြေနပ်ကြသူတွေအဖို့တော့ ဒီအစီအစဉ်ဟာ စိတ်ဝင်စားစရာမကောင်းသလိုလို ရှိကောင်းရှိနေပေလိမ့်မယ်။ ဒါပေမယ့် ကျနော့်ရဲ့အတွေ့အကြုံအရ ကဗျာဟာ သိပ္ပံနည်းကျကျ လေ့လာလိုက်ရင် ရော့ဖို့ဝေးစွ ပိုလို့ပဲ အရသာခံလို့ ကောင်းလာပါသေးတော့တယ်။ ကဗျာကို ပြည့်ပြည့်ဝဝ အရသာခံနိုင်ဖို့အတွက် ကဗျာဆိုတာ ဘာလဲဆိုတာကို နားလည်ရပေလိမ့်မယ်။ ကဗျာ ဘာလဲလို့ နားလည်ဖို့ ကဗျာ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ကြီးထွားလာတယ်ဆိုတာတွေကို စေ့ငုလေ့လာရပေလိမ့်မယ်။ ပြီးတော့တခါ ကမ္ဘာဦးခေတ်ကဗျာကို လေ့လာခြင်းကြောင့် ကျနော်တို့ခေတ်ကဗျာရဲ့ အနာဂတ်နဲ့ပတ်သက်လို့ အသုံးဝင်ဖွယ် သင်ခန်းစာတွေကို ရနိုင်ပေလိမ့်မယ်လို့လည်း ကျနော်ယုံကြည်တယ်။ ဒီအဆိုပြုချက်တွေ ဘယ်၍ဘယ်မျှအထိ မှန်တယ်ဆိုတာကို စာဖတ်သူဟာ ကိုယ်တိုင်ဆုံးဖြတ်ပါလိမ့်မယ်။ လောလောဆယ်မှာတော့ ကျနော့်အနေနဲ့ ဘာ့ကြောင့် ဒီသဘောထားမျိုး ရှိရတယ်ဆိုတာ ရှင်းလင်းတင်ပြပြီးတဲ့နောက် ဒုံရင်းအကြောင်းအရာကို ဆက်လက်ဆွေးနွေးသွားမယ်ဖြစ်ပါတယ်။

ကျနော် အကောင်းဆုံးသိတဲ့ကဗျာကတော့ အင်္ဂလိပ်၊ ဂရိနဲ့ အိုင်းရစ်ကဗျာဖြစ်တယ်။ ဒီသုံးခုကိုမှ တွဲပြီးသိရတာကတော့ မတော်တဆ ကြုံဆုံရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်ရပုံက ဂရိနဲ့အင်္ဂလိပ်ကဗျာတို့ဟာ ယဉ်ကျေးမှုခေတ်ကဗျာပိုင်းမှာ ရှေးဟောင်းရော ခေတ်သစ်အတွက်ပါ အကောင်းဆုံး စံနမူနာတွေဖြစ်ကြပြီး အိုင်းရစ်ကဗျာဟာ ဂရိကဗျာလောက် ရှေးပိုင်းမကျပေမယ်လို့ တနည်းတဖုံအားဖြင့် ကမ္ဘာဦးခေတ်ပိုင်းဆံနေတယ်။ ဒါကြောင့် ဒီသုံးခုက ကျနော့်ကို ရှည်လျားတဲ့ ရာဇဝင်ကြောင်းအမြင် ရရှိစေပါတယ်။

ဂရိနှင့်အင်္ဂလိပ်ကဗျာမှာ ကြီးကြီးမားမား ခြားနားချက်ကြီးတွေ ရှိကြတဲ့အနက် တခုကတော့ ရှေးခေတ်ဂရိတွေမှာ ကဗျာဆိုရင် ဂီတနဲ့ ရောဖက်နေခြင်းပဲဖြစ်တယ်။ အတီးသက်သက်ဂီတ၊ စကားလုံးမပါတဲ့ဂီတရယ်လို့ မရှိဘူး။ ကောင်းပေ့ဆိုတဲ့ ကဗျာအများစုဟာ ဂီတနဲ့တီးမှုတ်ဖို့ စပ်ဆိုခဲ့ကြခြင်းဖြစ်တယ်။ အိုင်းရစ်ကဗျာမှာလည်း ကဗျာနဲ့ဂီတ ပူးပူးကပ်ကပ် ရောထွေးယှက်တင်ရှိနေတယ်။ ဒါဟာ သာမန်ကျိုးကြောင်းဆက်စပ် တွေးခေါ်ပြောဆိုခြင်းမျှမဟုတ်ဘူး။ ဒီနေ့ထက်ထိ တကယ်မြင်တွေ့နေရတဲ့ကိစ္စပဲဖြစ်တယ်။ ပုံနှိပ်စာလုံးနဲ့ ကျနော်တွေ့ဖူးတာကြာပြီဖြစ်တဲ့ အိုင်းရစ်ကဗျာတချို့ကို လယ်သမားအဆိုကျော်တယောက်က ရှေးရိုးအစဉ်အလာ ဟန်ပန်အတိုင်း သီဆိုနေတာကို ပထမဆုံးအကြိမ် ကြားဖူးလိုက်ရတာကို ကျနော် မေ့နိုင်တော့မယ်မဟုတ်ပါဘူး။ ကျနော့်အဖို့ လုံးဝသစ်ဆန်းတဲ့ အတွေ့အကြုံတရပ်ဖြစ်နေပေတယ်။ ဒါမျိုးကို ကဗျာမှာရော ဂီတမှာရော တခါဖူးမျှ ကျနော်မကြားဖူးဘူး။

အိုင်းရစ်ကဗျာမှာ အခြားဝိသေသ လက္ခဏာတခု ရှိသေးတယ်။ ဒါဟာလည်း ကျနော့်အဖို့ အသစ်အဆန်းပဲဖြစ်တယ်။ စိတ်ထဲမှာ လေးလေးနက်နက် စွဲထင်ပြီးနေခဲ့ပါတယ်။ အင်္ဂလိပ်လူမျိုး အများအပြားအဖို့ရာမှာ ကဗျာဆိုတာ ပိတ်ထားတဲ့ စာအုပ်တအုပ်ပဲဖြစ်တယ်။ ကဗျာကို သိလည်းမသိကြ ဂရုလည်း မစိုက်ကြဘူး။ ကဗျာမှာ စိတ်ဝင်စားမှုရှိပါတယ်ဆိုတဲ့သူ အနည်းငယ်မှာပဲ ကဗျာဟာ သူတို့ရဲ့နေ့စဉ်ဘဝထဲကို များများစားစား ဝင်ရောက်နေတယ်လို့ပြောနိုင်သူ များများမရှိလှဘူး။ အိုင်းရစ်လယ်သမားတွေထဲမှာတော့ လုံးဝ ဒီလိုမဟုတ်ဘူး။ သူတို့အဖို့မှာတော့ ကဗျာဆိုတာ စာအုပ်တွေနဲ့ ဘာမှမဆိုင်ဘူး။ သူတို့အများစုဟာ စာမတတ်ကြဘူး။ ကဗျာဟာ သူတို့နှုတ်ဖျားပေါ်မှာ အသက်ရှင်နေတယ်။ ကဗျာဟာ ဘုံပစ္စည်းဖြစ်တယ်။ လူတိုင်း ကဗျာကို သိတယ်။ လူတိုင်း ကဗျာကို ချစ်တယ်။ နိစ္စဓူဝ စကားစမြည်ပြောဆိုကြရာမှာ ကဗျာဟာ အမြဲတစေ ပလုံထိုးပြီး ထွက်ပေါ်နေတယ်။ ဒါပေမယ့်ဖန်တီးမှုသဘောလည်း ပါသေးတာပဲ။ ထူးထူးခြားခြားဖြစ်ရပ်တခုကြုံလာတိုင်း အဲဒီဖြစ်ရပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သီချင်းတပုဒ် စပ်လိုက်ကြတယ်။ စပ်လိုက်ကြတယ်လို့ ဆိုလိုက်ရပေမယ့် ဒီစကားလုံးဟာ သင့်လျော်လှတာတော့မဟုတ်ဘူး။ ဒီသီချင်းတွေကို စပ်ကြရာမှာ ကျနော်တို့နားလည်တဲ့ စပ်နည်းမျိုး မဟုတ်ဘူး။ လက်တန်း ဆိုလိုက်ကြခြင်းသာဖြစ်တယ်။ အိုင်းရစ်ကျေးရွာအများအပြားမှာ မကြာလှမီကအထိ ရှေးရိုးစဉ်လာအတိုင်း သင်ကြားတတ်မြောက်ထားတဲ့ ကဗျာဆရာတဦး ရှိသေးတယ်။ သူဟာ ကျနော်တို့ခေတ်သစ် အင်္ဂလိပ်ကဗျာထက်တောင် နည်းစနစ်များသေးတဲ့ ကဗျာပုံစံတွေနဲ့ကိုပဲ ဈာန်ဝင်လာတာနဲ့ ရုတ်တရက် လက်တန်းထ,ပြီး ကဗျာတွေထုတ်လုပ်နိုငတဲ့ ပါရမီစွမ်းရှိတယ်။ ကျနော်အသိကျွမ်းဆုံး ကျေးရွာတရွာမှာ နာမည်ကျော်ကဗျာဆရာတဦးရှိတယ်။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က သေသွားရှာပါပြီ။ သူ့ကဗျာတွေဟာ လက်တန်းစပ်တွေချည်း၊ အခါအခွင့်ကြုံလို့ စပ်ဆိုလိုက်တာချည်း များတယ်။ သူသေတဲ့ညကဆိုရင် ခေါင်းကို တံတောင်နဲ့ထောက်ပြီး အိပ်ယာထဲမှာ လဲလျောင်းရင်း အစဉ်မပြတ် ကဗျာတွေ တသီတတန်းကြီး ရွတ်ဆိုသွားတယ်လို့ အိမ်သားတွေက ပြောပြလိုက်တာကို မှတ်မိပါသေးတယ်။

ဒီအတွေ့အကြုံတွေ တွေ့ကြုံရပြီးတဲ့နောက် ဂရိကဗျာဘက်ကို ဦးလှည့်ခဲ့တဲ့အခါမှာ ကျနော်ဟာ အေးခီးလုလို၊ ပင်ဒါလို ရှေးဂရိကဗျာဆရာတွေဟာ ကျနော်တို့လို ဖောင်တိန်နဲ့ စာရွက်နဲ့ တမင်ဖျစ်ညှစ်ထုတ်ပြီးတော့တာပဲ ကဗျာကို စပ်ဆိုခဲ့ကြတာလား၊ စာမတတ်ရှာတဲ့ အိုင်းရစ်ကဗျာဆရာကြီးလို ဈာန်ဝင်စားခိုက် စပ်ဆိုသွားကြတာလားဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို မမေးဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။

ဒီပုဂ္ဂိုလ်ဟာ ခြွင်းချက်ထားရလောက်အောင် ပါရမီထူးတဲ့ပုဂ္ဂိုလ်တော့မှန်တယ်။ သူဟာ သူ့အရင် လူသားဆက်က ကဗျာဆရာတဦးဦးထံမှာ မိမိရဲ့အတတ်ပညာကို လေ့လာသင်ယူခဲ့တဲ့ ကြေးစားကဗျာဆရာမှန်တယ်။ ဒါပေမယ့် ကြေးစားကဗျာဆရာနဲ့ တခြားပြည်သူတွေကြားမှာ တိကျတဲ့ နယ်ခြားမျဉ်းကြောင်း ဆွဲလို့မရတာကို မကြာမီ ကျနော်သိလာရတယ်။ အဆင့်အတန်း ကွာခြားမှုသာရှိတယ်။ တစုံတခုသော အတိုင်းအတာအထိတော့ သူတို့အားလုံး ကဗျာဆရာတွေချည်းပဲဖြစ်ကြတယ်။ သူတို့ပြောကြဆိုကြလေရာမှာ အမြဲတစေ ကဗျာအဖြစ် ရုတ်တရက် ပေါက်ကွဲသွားလေ့ရှိတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ လူသိတာထက် ကဗျာကို ပိုမိုသိရှိကြတာနဲ့အမျှ သာမန်လူဟာ ကဗျာဆရာဖြစ်နေတယ်။ ဥပမာတခု ပေးပါရစေ။ အများကြီးထဲက တခုပါပဲ။

တညနေသား အတ္တလန်တိတ် သမုဒ္ဒရာကြီးပေါ်မှာ မိုးပြီးတည်ရှိနေတဲ့ အဲဒီကျေးရွာထဲက ဖြတ်ပြီး လမ်းလျှောက်လာခဲ့တော့ ကျနော်ဟာ ကျေးရွာရေတွင်းကို ရောက်လာခဲ့တယ်။ အဲဒီမှာ ကျနော့်မိတ်ဆွေတဦးဖြစ်တဲ့ တောသူမကြီးကို တွေ့ရတယ်။ သူဟာ ရေပုံးတွေကို ရေဖြည့်ပြီးကာစပဲရှိပြီး ပင်လယ်ပြင်ပေါ် ငေးလို့ကြည့်နေတယ်။ သူ့ယောက်ျား သေရှာပြီ။ သူ့သား ၇ ယောက်က မက်ဆာခြူးဆက်နယ် စပရင်းဖီးလ်မှာ သူ့စကားအတိုင်း ပြောရရင် ‘လွင့်’နေကြတယ်။ လွန်ခဲ့တဲ့ လေးငါးရက်က သားတယောက်ဆီက စာရောက်လာတယ်။ သူ့ကို သူတို့ဆီ လိုက်ခဲ့ပါ၊ ဒါမှ စိတ်လက်ချမ်းချမ်းသာသာနဲ့ မသေခင် နေသွားရမယ်၊ လာဖို့သဘာတူရင် ခရီးစရိတ် ပို့လိုက်မယ် စသဖြင့် စာထဲမှာ တိုက်တွန်းထားတယ်။ ဒါတွေအကုန်လုံးကို ကျနော့်ကို အသေးစိတ်ပြောပြနေတယ်။ သူ့ဘဝကိုလည်း တောင်ကုန်းတွေဆီကနေ မြက်ခင်းတွေဆီ ဝေးဝေးလံလံသွားရပုံ၊ ကြက်တွေ ဆုံးရှုံးရပုံ၊ မဲမှောင် မီးခိုးထူလှတဲ့ တဲကလေး စသဖြင့် ခြယ်မှုန်းပြနေတယ်။ အဲဒီနောက် သူစိတ်ကူးယဉ်လို့ရတဲ့အတိုင်း အမေရိကန်ပြည်အကြောင်း ပြောပြနေပြန်တယ်။ လမ်းတွေပေါ်မှာ ရွှေကို ကောက်လို့ရနိုင်တဲ့ ရွှေတိုင်းပြည်တပြည်လို စိတ်ကူးပြတယ်။ ကော့ကို မီးရထားခရီး သွားရပုံ၊ အတ္တလန်တိတ် သမုဒ္ဒရာကြီးကိုဖြတ်ပြီး သဘောင်္ာစီးသွားရပုံ၊ အိုင်းရစ်မြေမှာပဲ ခေါင်းချသွားဖို့ တောင့်တမိပုံတွေကို တလွမ်းတဆွေး ပြောပြပါတယ်။ ပြောရင်းပြောရင်း သူဟာ စိတ်လှုပ်ရှားတက်ကြွလို့လာတယ်။ သူ့စကားအသုံးအနှုန်းဟာ ပိုလို့သွက်လာတယ်။ ပိုလို့ခမ်းခမ်းနားနားဖြစ်လာတယ်။ နိမ့်မြင့်သံညီ ဂီတသံပါပါဖြစ်လို့လာတယ်။ သူ့တကိုယ်လုံးဟာ အိပ်မက်မက်နေသူလို ဧယဉ်ကျူးနေသူလို ယိမ်းထိုးလို့လာတယ်။ အဲဒီနောက် ရယ်ရယ်မောမောနဲ့ ရေပုံးတွေကိုမ,ပြီ ကျနော့်ကိုနှုတ်ဆက် အိမ်ပြန်သွားပါရော။

ဘယ်လိုအနုပညာဟိတ်ဟန်မှ မထုတ်ရှာတဲ့ အမယ်အိုကြီးတဦးဆီက ကြိုတင်တွေးခေါ်ထားခြင်းမရှိဘဲ အခုလို ပေါက်ကွဲထွက်လာရာမှာ ကဗျာရဲ့လက္ခဏာအားလုံး ပါနေတယ်။ ဈာန်ဝင်စားခြင်းပေါ့။ ကဗျာဆရာတယောက် ဈာန်ဝင်စားတယ်ဆိုရာမှာ ဘာကိုဆိုလိုတာလဲ။

ဒီမေးခွန်းတွေ ကျနော့်စိတ်ထဲ အကောင်အထည်ပေါ်လာရာမှာ ကျနော်ဟာဖြင့် ကဗျာရဲ့ရင်းမြစ်မူလ ပြဿနာတရပ်လုံးမှာ အကျုံးဝင်လို့လာနေတာကို သဘောပေါက်လိုက်မိပါတယ်။ ဒါနဲ့ လုပ်ရမယ့်တခုသောအလုပ်ဟာဖြင့် စနစ်တကျလေ့လာဖို့ပဲဖြစ်တော့တယ်လို့ ကျနော် ဆုံးဖြတ်လိုက်မိတော့တယ်။ ဒီစာတမ်းမှာ တင်ပြမယ့်အချက်တွေဟာ ကျနော်ပြုလုပ်ပြီးသလောက် အဲဒီလေ့လာမှုတွေရဲ့အကျိုးတရားတွေပါပဲ။

(ဆက်လက်ဖော်ပြပါ့မယ်)

1 comment: