.jpg)
.jpg)
၉ ကြိမ်မြောက် တောင်အာရှနိုင်ငံများ စာပေပွဲတော် (SAARC Festival of Literature)ကို မတ်လ ၁၃ ရက်ကနေ ၁၆ ရက်နေ့ထိ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ကျင်းပခဲ့တဲ့နေရာကတော့ ကမ္ဘာ့အံ့ဖွယ်များထဲက တခုအပါအဝင်ဖြစ်တဲ့ တာ့ခ်ျမဟာ (Taj Mahal)အဆောက်အဦကြီး တည်ရှိရာ အိန္ဒိယပြည် မြောက်ပိုင်း အာဂရာ (Agra)မြို့မှာ ဖြစ်ပါတယ်။
ဒီစာပေပွဲတော်ကို သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်ကတည်းက SAARC လို့ခေါ်တဲ့ တောင်အာရှဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးရဲ့အဓိက အစိတ်အပိုင်းဖြစ်တဲ့ Foundation of SAARC Writers and Literature (FOSWAL)ကနေ ကမကထပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အစပိုင်းမှာတော့ SAARC အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာနဲ့ မားလ်ဒိုက်ဖ်နိုင်ငံတွေသာ ပါဝင်နိုင်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံကိုတော့ နောက်ပိုင်းမှာ ဖိတ်ကြားပါဝင်စေခဲ့ပါတယ်။ ဒါကြောင့် နှစ်စဉ် စာပေပွဲတော်ကို ၈ နိုင်ငံလုံး ပါဝင်တက်ရောက်နိုင်ခဲ့ရာမှာ ခုနှစ် ၂ဝဝ၉ ခုနှစ်မှာတော့ ဗမာပြည်ကိုပါ ဖိတ်ကြားတက်ရောက်စေခဲ့ပါတယ်။
ဗမာပြည်ဟာ SAARC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ဖိတ်ကြားရတဲ့အကြောင်းကတော့ တောင်အာရှရဲ့ယဉ်ကျေးမှုတွေဟာ အာဖဂန်နစ္စတန်ကနေ ဗမာပြည်ထိ ဆက်နွှယ်ပြန့်နှံ့နေတယ်ဆိုတဲ့ စဉ်းစားချက်ကြောင့် ဒီလို စာပေယဉ်ကျေးမှုဖလှယ်ပွဲကို ဖိတ်ကြားရတာဖြစ်တယ်လို့ဆိုပါတယ်။ ဗမာပြည်က အထင်ကရ စာရေးဆရာတွေဖြစ်ကြတဲ့ နေဝင်းမြင့်နဲ့ ဂျူးကို ဖိတ်ကြားခဲ့ပေမယ့် နှစ်ဦးစလုံး မတက်ရောက်နိုင်ခဲ့ကြပါဘူး။ ဆရာနေဝင်းမြင့်ထံမှ အကြောင်းတစုံတရာ ပြန်ကြားတာမရှိခဲ့ပေမယ့် ဆရာမ ဂျူးအနေနဲ့ ဆရာမရဲ့အသက် ၉၈ နှစ်အရွယ် ဖခင်ကြီးကို အနီးကပ်ပြုစုစောင့်ရှောက်နေရလို့ မလာနိုင်တော့တဲ့အကြောင်း ပြန်ကြားလာပါတယ်။ ဒါ့အပြင် ဆရာမက “သက်ကြီးရွယ်အို မိဘများကို ပြုစုစောင့်ရှောက်ခြင်းဟာ (တောင်အာရှ)ဒေသကြီးတခုလုံးက ကျမတို့အားလုံးအတွက် အင်မတန်အရေးကြီးတဲ့ တာဝန်တရပ်ဖြစ်ပါတယ်။”လို့ အကြောင်းပြန်ကြားစာထဲမှာ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။
ဒီနှစ်ပွဲတော်ကိုတော့ အဓိကအားဖြင့် ‘အကြမ်းဖက်မှု’ (Terrorism)အန္တရာယ်အပေါ် အဓိကထား ဆွေးနွေးကြပါတယ်။ တောင်အာရှဒေသတခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒီအန္တရာယ်ကို စာရေးဆရာ၊ ကဗျာဆရာ၊ ပညာတတ်အတန်းအစားများအနေနဲ့ ဘယ်လိုတုန့်ပြန်ကာကွယ်နိုင်မလဲဆိုတဲ့အချက်ကို ဆွေးနွေးကြတာ တွေ့ရပါတယ်။ စာတမ်းဖတ်ချိန်တွေက ကြာပြီး ပြန်လည်ဆွေးနွေးချိန်တွေက နည်းလွန်းတော့ ထမင်းစားချိန်၊ လ္ဘက်ရည်သောက်ချိန်၊ နားနေချိန်တွေမှာ နီးစပ်သလို ဆွေးနွေးရတာများပါတယ်။
အာဂရာမြို့ရဲ့ ဟိတ်ဟန်မကြီးတဲ့ တထပ်တိုက် Grand Hotel ခန်းမမှာ နေ့စဉ် ၄ ရက်ဆက်တိုက် ကဗျာတွေရွတ်ကြ၊ စာတမ်းတွေဖတ်ကြနဲ့ မတူညီတဲ့အတွေ့အကြုံတွေနဲ့ ပြဿနာတွေကို ခံစားနားလည်လာရပါတယ်။ ‘အကြမ်းဖက်မှု’ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြပါတယ်။ အဘိဓါန်ထဲက၊ ဘဝလက်တွေ့ထဲက။ SAARC ရဲ့ ညီလာခံတွေထဲမှာ နိုင်ငံရေးသမားတွေ မပါဘူးဆိုတဲ့ စာပေပွဲတော်၊ ကဗျာပွဲတော်လို့ဆိုပေမယ့် သတင်းတွေထဲမှာ လောလောလတ်လတ် အကြမ်းဖက်မှုကို ရင်ဆိုင်နေရတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖဂန်နစ္စတန်တို့က ကဗျာဆရာတွေရဲ့ ခြောက်ခြားဖွယ်ကဗျာတွေ၊ အေးချမ်းတဲ့ မဲလ်ဒိုက်ဖ်လို နိုင်ငံက ရိုမန်းတစ်ကဗျာတွေ၊ ဘူတန်ဒုက္ခသည်တွေဆီက အိမ်အလွမ်းတွေ၊ နီပေါက တောင်တန်းပြာနဲ့အောင်လံနီ တလွင့်လွင့်ဝေ့သံတွေဟာ သက်ဆိုင်ရာတိုင်းပြည်တို့ရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေတွေကို ရင်ခုန်နေမိကြတာတွေ့ရပါတယ်။
ဗမာပြည်ကိုယ်စား အဖိတ်ကြားခံရတဲ့ ဆရာတို့နှစ်ယောက်အပြင် ပြည်ပရောက် စာနယ်ဇင်းသမားတွေထဲကလည်း ၃ ဦး အဖိတ်ကြားခံရလို့ သွားတက်ခဲ့ကြပါသေးတယ်။ ဒီဗီဘီသတင်းထောက် ကိုခင်မောင်စိုးမင်း၊ မဇ္ဈိမသတင်းထောက် ကိုမျိုးမြင့်အောင်နဲ့ ကျနော်(နေမင်းနီ)တို့ပါ။ ဒေသခံသတင်းထောက်တွေရဲ့မေးမြန်းချက်ကို ဖြေရတော့ ကျနော်တို့ဗမာပြည်မှာ Terrorism လို့ခေါ်တဲ့ အကြမ်းဖက်မှုမျိုးတော့ မရှိကြောင်း၊ သို့သော် ‘နိုင်ငံတော်အကြမ်းဖက်မှု’ (State Terrorism)သဏ္ဍာန်နဲ့တော့ စစ်အစိုးရက ကျင့်ကြံနေကြောင်း ရှင်းပြဖြစ်ခဲ့ပါတယ်။
ဗမာပြည်ကိုယ်စား ကဗျာရွတ်ဆိုခွင့် ၂ ကြိမ်ရရှိခဲ့လို့ ၂ ပုဒ်ရွတ်ဆိုပြခဲ့ပါတယ်။ ဘာသာစကားအရသာ ခံစားနိုင်ဖို့ မူရင်းဗမာလိုရော၊ အင်္ဂလိပ်ဘာသာပြန်ကိုပါ ရွတ်ဆိုခိုင်းတာပါ။ ကျနော့်အနေနဲ့ ကိုယ်လေးစားတဲ့ဆရာကြီးတွေရဲ့မာစတာပိစ် ကဗျာတွေကို ရွတ်ဆိုပြလိုက်ချင်တာပါ။ (ဥပမာ… ဆရာစွမ်းရဲ့ အနီနဲ့အပြာထဲက တပုဒ်ပုဒ်ပေါ့) သို့ပေတဲ့ သူတို့စည်းကမ်းက ပင်ကိုယ်ရေး ကဗျာတွေကိုသာ ရွတ်ဆိုခွင့်ရှိတာမို့ (ကိုယ့်ထက် ဘာသာစကားကျွမ်းကျင်သူတွေကို အင်္ဂလိပ်လို ဘာသာအပြန်ခိုင်းပြီး) ကိုယ့်ကဗျာကို ကိုယ်တိုင်ရွတ်ဆိုပြခဲ့ပါတယ်။
သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ
သူငယ်ချင်းရာ
သစ္စာပန်းပု၊ သွေးနဲ့ထုပြီး
ငါ… အခု စာရေးလိုက်တယ်…။
မင်းရဲ့ငယ်ပေါင်း၊ သံစဉ်ပြောင်းပြီး
ကျောင်းတော်ကိုခွါ၊ ကာရန်မဲညစ်
တော်လှန်ပစ်ဖို့ ကြိုးစားနေတယ်…။
ဒီအချိန်မယ်
လွယ်အိတ်လေး၊ စင်္ကြန်ဘေးမှာ
ချေးညှော်ကပ်လျက်၊ ထားရက်သူကို
စောင့်ကြိုနေတာ မြင်မိမယ်…။
ထိုင်ခုန်အိုရွဲ့ ၊ ပိုးမျှင်ဖွဲ့လို့ 
တိုးသဲ့ရှိုက်သံ
ရံဖန်ရံခါ ကြားမိမယ်…။
ဒို့ကိုချစ်လှ၊ ဆရာမလည်း
တမ်းတပူဆွေး
ဟိုအဝေးက ကျောင်းပြေးလေးကိုလေ…။
ကျောင်းရှေ့ကလမ်း၊ တမာတန်းမှာ
ခြေရာတခု၊ သမိုင်းပြုဖို့ 
သွန်းထုပုံဖော်နေရော့မယ်…။
ကျောင်းဝတ်ဖြူစိမ်း၊ ဒီဇာတ်သိမ်းပြီး
ဖယ်တိမ်းခွဲခွါ၊ နေခဲ့ကြာလည်း
ပညာမုန်း၍ မဟုတ်ပါ…။
ခေါင်းလောင်းချိုမြ၊ အချက်ပြသော်
ခန်းဝမဝင်၊ ဟိုးအပြင်မှာ
ရောက်နေတာလည်း
ပညာမုန်း၍ မဟုတ်ပါ…။
ငါ့နာမည်အုပ်၊ မင်နီသုတ်ပြီး
ကျောင်းထုတ်ခံရ၊ ဒီကိစ္စလည်း
ငါ့စာညံ့၍ မဟုတ်ပါ…။
ပညာရှာရင်း၊ ပြည်သူတွင်းမှာ
သက်ဆင်းမိတော့
ငါသိဉာဏ်စဉ်၊ အသဲပြင်မှာ
စွဲထင်နှိပ်ကပ်
'ငါ့ရပ်တည်ချက်၊ ပြည်သူ့တွက်'လို့
တသက်ဘဝ၊ ပုံခဲ့ရပြီ
ခဏလွမ်းစိတ် ကျောင်းရိပ်ဆီ…။
စစ်အတွင်းမှာ
လူဖြစ်လာရ၊ တို့ဘဝလည်း
ငယ်ကသင်တွေး
ကျေးညီနောင်လို၊ ဟိုဒီကွဲကွာ
ယုံကြည်ရာလည်း
တွယ်ရာကိုင်းပေါ် တည်ကြတယ်…။
ငယ်စဉ်အခါက
ငါတို့အတွက်၊ ရည်မှန်းချက်လေ
'ဆေးတက္ကသိုလ်'တဲ့
ခုလိုချိန်မှ၊ တက်ခဲ့ရပြီ
'ဘဝတက္ကသိုလ်'၊ ငါ့ကုသိုလ်ပေါ့
ဟို့ဟိုအဝေးကို ရောက်ခဲ့ပြီ…။
ဝေးခဲ့ရပြီ
ကျောင်းတော်ဆီကို
တချီအိပ်မက်၊ တချက်တွေးပြင်
လွမ်းမိရင်လည်း
မြင်ဆဲဖန့်ဖန့်၊ ဆွတ်ပျံ့ပျံ့လေ
မိုးနံ့နှင်းနံ့ ကြူနေဆဲ….။
နေလိုထွန်းပပြီး
လလိုရွှန်းမြခဲ့တဲ့ တက္ကသိုလ်
ခုတော့
နေလို လလို
ဝေးခဲ့ရပြီပေါ့ တက္ကသိုလ်…။
သူငယ်ချင်း
မင်းလက်သီးဆုပ်နဲ့
မျက်ရည်သုတ်လိုက်ပါကွာ…။ ။
၊နေမင်းနီ၊
09 April 2009
တောင်အာရှ စာပေပွဲတော်
07 April 2009
လွမ်းကြပါတော့ ရဲဘော်တို့ရေ (သခင်ဗသိန်းတင် ၁၉၁၄-၉၇) ဝင်းတင့်ထွန်း

၁။
“ရဲဘော်တို့
မိတ်ဆွေတို့
ပြည်သူလူထု အပေါင်းတို့…”
စိမ်းစိမ်းညို့ညို့ တောင်တန်းတွေကို ဖြတ်ကျော်
သံလွင်ပေါ်ကနေ ဧရာဝတီ
ဒုဋ္ဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း
မြစ်ရိုး၊ ချောင်းဖျား
ရှိုကြား၊ လယ်ကွင်း
အိမ်တွင်း၊ တဲတွင်း
ဆားကျင်း၊ သတ္တုတွင်း
မိုင်းတွင်းတွေထဲ
လူထုထဲအနှံ့
ဖြန့်ကျက်လိုက်တဲ့ အသံ
ထားဝယ်သံ ဩဩကြီးနဲ့
ဥက္ကဋ္ဌကြီးရဲ့ အဖွင့်နှုတ်ခွန်း
ပထမဆုံးသော
ပြည်သူတရပ်လုံးသို့မိန့်ခွန်းဟာ
မြယာတောလယ် ကြွေခ
ကြယ်စင်မြများကို အလေးပြုရင်း
အရှင်းလင်းဆုံး ဖော်ပြ
အလယ်ရိုးမရဲ့ ဗဟိုချက်
ရှမ်းကုန်းပြင်မြင့်ဘက်က ဆက်ခံ
တော်လှန်တဲ့ သမိုင်းကြောင်း
သွေးသစ်လောင်း နှိုးဆော်
“ရဲဘော်တို့…
ကြိုးစင်ပေါ်မှာ
ထောင်ထဲမှာ
တရားရုံးမှာ၊ အချုပ်ဂါတ်ထဲမှာ
ဘယ်နေရာမှာဖြစ်ဖြစ်
ဘယ်နေရာရောက်ရောက်
ဘယ်တော့မှ ဒူးမထောက်ရဘူး
ဒူးမထောက်ရဘူး
ဒူးမထောက်ရဘူး…”တဲ့
ရင်ထဲကို စူးဝင်
နားဆင်လိုက်ရ
ဘယ်တော့မှ မမေ့စရာ
ဒါ
ဥက္ကဋ္ဌကြီးရဲ့အသံ
ဒုတိယမ္ပိ ကြားမိဖူးခြင်းပါ…။
ပထမဆုံးအကြိမ်က
ကျနော့်အသက်က ဆယ့်သုံးလေးနှစ်
၁၆၉၇ ခုနှစ်
ဗမာပြည်မှာ ဆန်ပြဿနာ စပေါ်တဲ့နှစ်
တရုတ်-ဗမာ အရေးအခင်း ဖော်တဲ့နှစ်
ပီကင်းအသံ လေလှိုင်းကြားက
ဥက္ကဋ္ဌကြီးရဲ့ စကားပြောသံ
သာမန် အလယ်တန်း ကျောင်းသားလေးအဖြစ်
လှစ်ကနဲ တဝက်တပြက်
လျပ်တပြက် ကြားဖူးတယ်…။
၁၉၈၁
‘မင်းရန်အောင်’ထိုးစစ် ပြီးတဲ့နောက်ပိုင်း
တတိုင်းပြည်လုံးသို့ ရှင်းပြချက်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ခဲ့ရတဲ့ဇာတ်ကြောင်း
ပြည်သူအပေါင်းသို့ တင်ပြချက်
သမိုင်းစာမျက်နှာထက် တင်ထားရမယ့်
ဗမာပြည်မှာ
ပါတီစုံ ဒီမိုကရေစီ ကျင့်သုံးရေး
ပြည်တွင်းစစ် ရပ်စဲရေး
အမျိုးသားသွေးစည်းညီညွတ်ရေး တောင်းဆိုသံ
အမိနိုင်ငံရဲ့ရှေ့ရေး မျှော်တွေးထောက်ရှု
လူထုအကျိုးစီးပွားဘက်က
ထာဝရရပ်တည်ရင်း ရှင်းလင်းမြွက်ဟ
ဥက္ကဋ္ဌကြီးရဲ့ စကားသံ
‘ပြည်သူ့အသံ’ နားထောင်ရင်း
အမှောင်တွင်းကနေ ကြားရ
ဒါ… တတိယမြောက် အကြိမ်ပါ…။
၁၉၈၉
မုတ်သုန်မိုးက သည်းထန်ဆဲ
စစ်ဘီလူးသရဲများရဲ့ ကောင်းမှုနဲ့
၈၈ ခုနှစ် အရေးတော်ပုံကြီးအတွင်း
ကွန်မြူနစ်ပါတီတွင်း ခေါင်းဆောင်ကြီးများရဲ့
လူထုလှုပ်ရှားမှု ဒီရေအပေါ် အကဲဖြတ်ချက်
လေးလေးနက်နက် ဆွေးနွေးနေဟန်
အပြန်အလှန်ပြောဆိုနေကြပုံတွေ
ဗီဒီယိုအခွေကနေတဆင့်
ထုတ်လွှင့်ပြတာ ကြည့်ရရင်း
ကြယ်နီဦးထုပ် တဝင်းဝင်းနဲ့ဥက္ကဋ္ဌ
ခပ်ဖွဖွ ပြုံးပြီးပြော
ကိုယ့်ကိုများ ပြောလိုက်သလားထင်ရ…
“ကျနော်တို့ရဲဘော်တွေက
လက်ဝဲကျလိုက်တာ
မဆလထဲ ဝင်လုပ်ခိုင်း အလုပ်လုပ်ခိုင်းရင်
မလုပ်ချင်ကြဘူး…”တဲ့
ရေရှည်အမြင်နဲ့တော်လှန်ရေး
အလေးပေးဖွင့်ဟ
ဥက္ကဋ္ဌကြီးရဲ့ စကားသံ
စတုထ္ထမ္ပိ ကြားဖူးတယ်…။
ဥက္ကဋ္ဌကြီးကို ကျနော်ဟာ
တခါမှ မတွေ့ဖူးပါ
ဒါပေမယ့် သိနေတယ်…
ဥက္ကဋ္ဌကြီးနဲ့ကျနော်ဟာ
တခါမှ စကားမပြောဖူးပါ
ဒါပေမယ့် ကြားနေတယ်…။
၂။
သခင်ဗသိန်းတင်ဆိုတာ
တို့ဗမာအစည်းအရုံးဝင်
သခင်တယောက်အဖြစ်ကနေ
ဥရောပတစ္ဆေကြီးရဲ့ ဝိဉာဉ်ကို
သခင်အောင်ဆန်း၊ သခင်သန်းထွန်း
သခင်ဗဟိန်းတို့နဲ့အတူတူ
ဂုဏ်ယူစွာ ပူးကပ်
ကြီးမြတ်တဲ့ပါတီ
စတင်တည်ခဲ့တဲ့သူတွေထဲ
မျိုးစေ့ကြဲသူတယောက်အဖြစ် စာရင်းထိုး
မော်ကွန်းထိုးရမယ့် ပုဂ္ဂိုလ်တဦးပါ…
မြေအောက်ပါတီအဖြစ်
အကျစ်လစ်ဆုံး တည်ဆောက်
အပြောင်မြောက်ဆုံး ဖွဲ့စည်း
ဘုံခရီးကို ချီတက်ရင်း
ဆင်းရဲချို့ငဲ့
ပစ္စည်းမဲ့တို့ရဲ့အကျိုး
သယ်ပိုးရှေ့ဆောင်
အမှောင်ထဲက ကြယ်နီ
အမိပြည်ရဲ့ လွတ်လပ်ရေး
နယ်ချဲ့ဆန့်ကျင်ရေးတာဝန်
ကြေကြေပြွန်ပြွန်ထမ်းခဲ့တယ်…။
တကမ္ဘာလုံး
အုံးအုံးကြွက်ကြွက်ဖြစ်ရ
ဖက်ဆစ်ဝါဒ ခေါင်းထောင်
မာန်တစောင်စောင်နဲ့ ပေါ်လာ
ချိန်ဘာလိန်တို့ လေပြေထိုး
အရိုးအရင်းတွေ ချကျွေးပစ်
မြူးနစ်စာချုပ်တွေ ချုပ်နေစဉ်
ဒီမီထရော့ အစီရင်ခံစာ
ဗမာပြည်ကွန်မြူနစ်များ နားလည်
နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ရာက
ဝင်လာတဲ့ ဂျပန်ဖက်ဆစ်
ဘီလူးအသစ်တွေကိုလည်း မောင်းထုတ်ရေး
ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲ
ရဲရဲရင့်ရင့် သမိုင်းကြောင်း
သွေးနဲ့လောင်းပြီး ကမ္ဗည်းဆင်
ကြယ်ဖြူတပွင့် အလံနီကို တင်တဲ့အခါ
သခင်ဗသိန်းတင်ဟာ
တိုင်း ၅ မှာ နိုင်ငံရေးမှူး
တပ်ဦးက ပါခဲ့တဲ့
တကယ့် ခေါင်းဆောင်တဦး ဖြစ်ခဲ့တယ်…။
ဂျပန်ကို မောင်းထုတ်ပြီး
ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးသွား
ဆင်းမလားရောက် မျက်နှာဖြူဟာ
စက္ကူဖြူစီမံကိန်းကို တကိုင်ကိုင်နဲ့
အမိနိုင်ငံတွင်း ပြန်ရောက်
နောက်တခေါက် ကျွန်ပြုရန်
ကုလားဖန် အလီလီထိုး
အမျိုးမျိုးညစ်ပတ်
ကိုလိုနီဇာတ်ကို ဆက်ပြီးက
အမှောင်ညကြီး ရှည်ချိန်မှာ
အမိဗမာပြည်ရဲ့ မိုးသောက်ရေး
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်
တူတံဇဉ်ကို လွှင့်ထူရင်း
အဝင်းပဆုံး ရွှန်းပြက်
လင်းလက်ခဲ့ကြတဲ့ ကြယ်နီတွေထဲ
သခင်ဗသိန်းတင်လည်း ပါခဲ့တယ်…။
၃။
လွတ်လပ်ရေးကြီး
ကြေညာအပြီး
အမျိုးသားသွေးစည်းညီညွတ်ရေး
ဟစ်ကြွေးရမယ့်အချိန်မှာ…
ကျောက်ကြီးပေါက် အရောက်တက်
လက်နက်ကိုင်တော်လှန်ရေး
ဟစ်ကြွေးပြီး ဖော်ခဲ့ရ
ရိုးမကို သက်သေတင်
အာဏာရှင်တွေနဲ့ ပြိုင်ဆိုင်ရင်း
‘ရန်ပုံခွင်း’နဲ့ စခဲ့ရ
‘သမိုင်းဇ’နဲ့ ကြယ်နီ
အစချီကတည်းက ပါဝင်
သခင်ဗသိန်းတင်ဆိုတာ
ရာသက်ပန် တော်လှန်ရေးသမား
မားမားမတ်မတ် ပြခဲ့တယ်…။
နောက်ပိုင်း
ဂန္ဓာလရာဇ်တိုင်းဆီ ခရီးဖေါက်
အဝေးရောက်တာဝန်
ကြေပြွန်အောင် ထမ်းဆောင်ရင်း
ပြတ်သားခြင်းနဲ့ ပျော့ပျောင်းမှု
စံပြုလောက်အောင် ပေါင်းစပ်
မြင့်မြတ်တဲ့ နာယကဂုဏ်
အပြည့်စုံဆုံး ခေါင်းဆောင်ကောင်း
ကွန်မြူနစ်ကောင်းစစ်စစ် ဖြစ်ခဲ့တယ်…။
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး
အရေးတော်ပုံကြီးတလျှောက်
မှတ်ကျောက်တင် အစမ်းသပ်ခံ
တူတံဇဉ်အလံကို မြဲမြဲဆုပ်
အုပ်စိုးသူအဆက်ဆက်နဲ့ ယှဉ်ပြိုင်
အမိနိုင်ငံအပေါ် ချစ်မြတ်နိုး
ကွေ့ချိုးပေါင်းများကို ကျော်ဖြတ်
ကြီးမြတ်တဲ့ တော်လှန်ရေးသမားပီသစွာ
ဂုဏ်ပြောင်စွာ အားထုတ်ရင်း
အလင်းတေးတွေ သီခဲ့တယ်…။
သက်ရှိထင်ရှား
ရှိနေသား အချိန်မှာပဲ
လက်ထဲက တူတံဇဉ်အလံ
ခေါင်းဆောင်ကိုင်စွဲလာခဲ့တဲ့ တော်လှန်ရေးအလံ
ပါတီရဲ့ အောင်အလံကို
မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း
နည်းလမ်းတကျ အပ်နှံ
ဆက်ခံသူတွေကို အားပေးရင်း
ရင်တွင်းကလာတဲ့ စကားလုံးတွေနဲ့
နှလုံးသွေးတွေပါ စီးမျော
ဟောဒီလို ပြောခဲ့ရှာတယ်…
“ရဲဘော်တို့ … အခုအချိန်ဟာ
ပါတီရဲ့ တော်လှန်ရေးအလံကို
မျိုးဆက်သစ်များထံ
အပ်နှံရမယ့်အချိန် ရောက်ပါပြီ”…။
၎။
နှင်းတွေ…
ကြွေနေဆဲ
မျက်ရည်ဝဲနေတဲ့ ကောင်းကင်
ရှိုက်သံဝင်နေတဲ့ ပန်းပွင့်
ရင်နင့်စဖွယ် မှိုင်းလျ
အေးလွန်းလှတဲ့ ဆောင်းလယ်ရက်
ရော်ရွက်တွေ ချွေနေတုန်း…
မဆုံးနိုင်တဲ့ မြူလှိုင်းတွေ
တရိပ်ရိပ် ဝေနေတုန်း…
နောက်ဆုံး ခွန်းဆက်တရား
မြွက်ဟထားပြီးသားမို့လား မပြောတတ်
နောက်ထပ်
နှုတ်ဆက်စကားလေးတောင် ထပ်မဆို
ရဲဘော်တွေအားလုံးကို ခွဲခွါ
ငြိမ်သက်စွာ အနားယူသွား
သေတမ်းစာလေးပဲ ထားခဲ့တယ်…။
တပြည်လုံးသိတဲ့ ကြယ်နီ
ပါတီတခုလုံးရဲ့ ဥက္ကဋ္ဌ
ရတဲ့ ခွင့်ပြုငွေလေးတောင် ကုန်အောင်မသုံး
အခြိုးခြံဆုံး နေထိုင်
အခိုင်မာဆုံး ရိုးသားမှုနဲ့
စံပြုလောက်အောင် ဖြူစင်
သူတော်စင်တယောက်လို စားသောက်ရင်း
ခေါင်းအုံးအောက်မှာ ချန်ပြီးသား
ငွေသား ယွမ်ငွေလေးက နှစ်ထောင့်ငါးရာ
အသုံးအဆောင် ပစ္စည်းပစ္စယာလေးတွေက ခပ်နဲနဲ
အင်္ကျီဘောင်းဘီလေးတွေပဲ ကျန်ခဲ့တယ်…။
ဥက္ကဋ္ဌကြီးရဲ့ ရုပ်ကလာပ်ပေါ်
ကြီးမြတ်တဲ့ တူတံဇဉ်အလံ
လွှမ်းရံပြီး ဖုံးအုပ်
အရိုးကုပ်ဆုံး ဈာပန
ပကာသန တခုမှမပါ
ပြာချပြီး သင်္ဂြိုလ်ရင်း
အံတင်းဖြေဆည်ခဲ့ရတယ်…။
အရိုးစ ပြာအိုးကို
ရိုကျိုးစွာ ဆောင်သယ်
မြစ်လယ်မှာ အသာမျှော
လှိုက်မောစွာ ရှုငေးရင်း
တင်းထားရတဲ့ ပင့်သက်တွေ
မြောက်ပြန်လေပေါ် သွန်ချ
တစတစ…။
ရေလယ်ကြောမှာ
သင်္ဘောနဲ့ သုံးပါတ်ပါတ်
သုံးထပ်သုံးကြိမ် အလေးပြုရင်း
ဖြေးဖြေးချင်း လှည့်ကာ
အရိုးပြာအိုးငယ်ကို ဦးခိုက်
တိုက်ပွဲထဲက အာဇာနည်
ပြည်သူတွေရဲ့ သူရဲကောင်း
ခေါင်းဆောင်ကောင်းကြီးရဲ့ အရိုးပြာတွေဟာ
ရေစီးမှာ ပျော်ဝင်
မြစ်ပြင်ကနေ ပင်လယ်
ပင်လယ်ကနေ သမုဒ္ဒရာ
တရွေ့ရွေ့ ဖြာဆင်း
အမိဗမာပြည်ရဲ့ အတွင်းဆီ
တနင်္သာရီ၊ ထားဝယ်၊ မြိတ်
ဇာတိရိပ် မွေးမြေအထိ
ရောက်ရှိပျံ့နှံ့နေပါစေ…။
၅။
ဝေချင်ပါလျက်
အဝေခက်ခဲ့ ဖိတ်စာ…
လာချင်ပါစေလျက်
အလာခက်ခဲ့ ရဲဘော်…
ခေါ်ချင်ပေလျက်
အခေါ်ခက်ခဲ့ မိတ်ဆွေ…
ချွေချင်ပေလျက်
အချွေခက်ခဲ့ မိန့်ခွန်း…
သွန်းထုချင်ပေလျက်
အသွန်းခက်ခဲ့ ရုပ်ထု…
ပြုချင်ပေလျက်
အပြုခက်ခဲ့ အလေးနီ…
စီချင်ပါလေလျက်
စီခက်ခဲ့ စာတမ်း…
ကမ်းချင်ပါလေလျက်
အကမ်းခက်ခဲ့ ယပ်တောင်…
ဆောင်ချင်ပါလေလျက်
အဆောင်ခက်တဲ့ ရုပ်ကလာပ်…
စပ်ချင်ပါလေလျက်
အစပ်ခက်ခဲ့ ကဗျာ…
ချပါလေလျက်
အချခက်ခဲ့ လွမ်းပန်းခွေ…
မဝေနိုင်ခဲ့တဲ့ ဈာပန…
ရှောင်သွေခဲ့ရတဲ့ ဈာပန…
ဖြေဆည်ခဲ့ရတဲ့ ဈာပန…
ခုမှ… ခုမှ…
လွမ်းကြပါတော့ ရဲဘော်တို့ရေ
လွမ်းပါရစေတော့ ရဲဘော်တို့ရေ
အမိမြေရဲ့ ဝေးရာမှာ
ကြွေသွားရှာတဲ့ ကြယ်နီ
‘သခင်ဗသိန်းတင်’ဆိုတဲ့ ကြယ်နီကို
ကမ္ဘာတည်သရွေ့ မော်ကွန်းတင်ကြပါ…။ ။
၊ဝင်းတင့်ထွန်း၊
၇၊ ၃၊ ၁၉၉၉
10 March 2009
ဖက်ဆစ်တော်လှန်ရေး အမှတ်တရ (ဝင်းတင့်ထွန်း)
၊တော်လှန်ရေး မစမီ၊
‘ရဲဘော်သိန်းတန်’…တဲ့
တော်လှန်တဲ့ သူရဲကောင်းဟာ
ခေါင်းတခြား ကိုယ်တခြား
ဖက်ဆစ်များရဲ့ဓါးချက်အောက်
မတွန့်မဖောက် စတေးခံ
အမိနိုင်ငံအပေါ် သစ္စာရှိ
စစ်ကိုင်းတံတားကြီး သိပါတယ်…
ဧရာဝတီ ငိုခဲ့ရတဲ့ အဲဒီနေ့
ဘယ်တော့မှ မမေ့ကြဖို့ မှတ်တမ်းတင်ထားပါ…။
လက်ပံတန်း ဦးဘတင်ကနေ
သခင် သခင်မ
အာရှလူငယ်များ အပါအဝင်
ရဟန်းရှင်လူ အမြောက်အများ
ကင်ပေတိုင်များရဲ့လက်ချက်အောက်
အသက်ပျောက်ခဲ့ရတာတွေလည်း မနည်းလှ
ရင်နာစရာ ကောင်းလှတယ်…။
၊တော်လှန်ရေးနိဒါန်း၊
ပဲခူး စံပြတပ်ရင်းက
တပ်ရင်းမှူး ဗိုလ်ကျော်ဇောရဲ့ကုတင်ပေါ်မှာ
သခင်စိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်း
ရည်မှန်းချက်ရှိရှိ ပြင်ဆင်ကြရာက
‘ဖတပလ’ဆိုတဲ့ သန္ဓေသား
ဖက်ဆစ်လှံစွပ်ကြားမှာ အခြေတည်
ကလလရေကြည် စခဲ့တယ်…။
ကွန်မြူနစ်ပါတီ
ဗမာ့တပ်မတော်
ပြည်သူ့အရေးတော်ပုံပါတီ
ဟန်ချက်ညီညီ ပေါင်းစည်း
‘ဖဆပလ’ကြီး ပေါ်ထွန်းလာခဲ့တယ်…။
၊တော်လှန်ရေးကြီးအတွင်း၊
‘လွတ်လပ်မှ အမျှဝေပါ…’တဲ့
ကြေကွဲစွာ မှာကြားရင်း
အံကိုတင်းပြီး အသက်ပေး
မော်ကွန်းရေးသွားကြတဲ့ အာဇာနည်တွေဟာ
ဟောဒီ…တော်လှန်ရေးကြီးထဲမှာပါ…။
“ငါတို့အရိုးတွေပေါ်မှာ
ခေါင်းပေါင်းစတွေ တထောင်ထောင်နဲ့
နိုင်ငံရေးခေါင်းဆောင်တွေ စည်းစိမ်ခံ
တော်လှန်ရေးအပေါ် သစ္စာဖောက်
လွတ်လပ်ရေးလမ်းကြောင်း ပျောက်ခဲ့ရရင်
ရောက်ရာဘဝကနေ ကမ္ဘာမကြေ
လက်စားချေသွားမယ်ဟေ့…”လို့ ကျိန်စာတိုက်
သေနတ်ကို ပိုက်ပြီး စစ်မြေအတွင်း
ရင်မြေကတုတ်ခင်းပြီး ရှေ့ကိုတက်
အသက်နဲ့လဲပြီး စွန့်ခဲ့ကြ
ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေဟာ
ဟောဒီ…တော်လှန်ရေးကြီးထဲမှာပါ…။
နိုင်ငံရေးသမား
တပ်မတော်သား
အလုပ်သမား - လယ်သမား
ကျောင်းသားနဲ့ ရဟန်း
နိုင်ငံတဝှန်းက မျိုးချစ်တွေ
ကျရာနေရာကနေ ပါဝင်ပြီး
ဟောဒီတော်လှန်ရေးကြီးအတွင်း စွန့်ခဲ့တာ
အမိဗမာပြည်ရဲ့လွတ်မြောက်ရေး
လွတ်လပ်ရေးကြီးအတွက်သာမက
လောကပါလနဲ့ ဗြဟ္မစိုရ်တရား
တရားမျှတမှုနဲ့နိုင်ငံတော်
ပေါက်ဖွားပေါ်ထွန်းလာရေး ဖြစ်ပါတယ်…။
၊တော်လှန်ရေးအပြီး - လွတ်လပ်ရေးကြီးနောက်၊
ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ဂုဏ်အရှိန်နဲ့
အဟုန်တထိန်ထိန် ဆက်ပြီးသွေး
လုံးဝလွတ်လပ်ရေးဆီ ဆက်ပြီးရှု
မျက်မှောက်ပြုနိုင်ကြတော့တဲ့အချိန်မှာ…..
ပထမဆုံးသော လွတ်လပ်ရေးနေ့အထိမ်းအမှတ်
အလံတော်တဖျပ်ဖျပ် စင်မြင့်ထက်
အကျအန တက်ပြီးထိုင်နေကြ
‘လွတ်လပ်သော မြန်မာနိုင်ငံတော်အစိုးရ’…တဲ့
ခေါင်းပေါင်းစ တထောင်ထောင်နဲ့
အဆောင်အယောင်တွေ အပြည့်ဆွဲ
အိနြေ္ဒကြီး တခွဲသားနဲ့လူတွေထဲ
ဖက်ဆစ်တော်လှန်ရေးကြီးထဲတုန်းက ပါဖူးသူ
လူဆယ်ဦး ပြည့်အောင်တောင်မရှိ ဆိုပါကလား…။
လွတ်လပ်ရေး ကြေညာပြီးစ
ဖက်ဆစ်တော်လှန်ရေးနေ့ ညစာစားပွဲကြီး
စားပြီးလို့မှ လက်မခြောက်သေးချင်
ရင်နာစရာ မိုက်ရိုင်း
သမိုင်းတကွေ့အဖြစ်
ပြည်တွင်းစစ်
တရားခံအစစ်တွေဟာ ဘယ်သူလဲ
တရားခံအစစ်တွေဟာ ဘယ်သူလဲ…။
ဖက်ဆစ်တော်လှန်ရေး သူရဲကောင်း
နိုင်ငံ့သားကောင်းတချို့
သူပုန်လို့ အမည်တွင်
သောင်းကျန်းသူလို့ စာရင်းတင်
ကမ္ဗည်းဆင်သွားခဲ့ရ
ရိုင်းလှတဲ့အဖြစ်
တရားခံအစစ်တွေက ဘယ်သူလဲ…။
ခုချိန်ထိလည်း
ကြေကွဲစရာ အဖြစ်ဆိုးနဲ့
ရင်ကျိုးစရာတွေချည်း ကြုံနေရ
ဖက်ဆစ်ဟောင်းကနေ ဖက်ဆစ်လက်သစ်
စစ်အာဏာရှင်စနစ်အလီလီရဲ့လက်အောက်
မိုးမသောက်နိုင်သေးတဲ့ နိုင်ငံတော်
လင်းကြက်ဆော်ဖို့ ဝေးနေဆဲ
ရောင်နီပေါ်ဖို့ ဝေးနေဆဲ…။
ဖက်ဆစ်တော်လှန်ရေး သူရဲကောင်းတို့ရဲ့ကျိန်စာ
မှာတမ်း
ရည်မှန်းချက်
ပျက်ခဲ့ပြီလော…ပြည့်ပြီလော
အတိတ်တောအုပ်ထဲက ပဲ့တင်သံ
တညံညံ ကြားနေရ
မတ်လ ရောက်တိုင်း ပိုကျယ်လာ…။
ဟိုတုန်းက
ဖက်ဆစ်တော်လှန်ရေးရဲ့အောင်ပွဲကို
အရှက်နည်းသူတွေက အချောင်ပိုက်
ကြောင်တောင်နှိုက်တာ ခံခဲ့ရသလို
အခုကျတော့
စစ်ဓါးပြတွေက မောင်ပိုင်စီး
တော်လှန်ရေးနေ့ကြီးရဲ့နေရာ
စစ်တပ်နေ့ကြီးပါလို့ အတင်းထူ
သူခိုးတွေက လူလူဟစ်
ဖက်ဆစ်
လက်သစ်…။
မူလဖက်ဆစ်တော်လှန်ရေးကြီးရဲ့ပဲ့တင်သံ
တကျော့ပြန် ကြားနေရဆဲ…
ဒုတိယ ဖက်ဆစ်တော်လှန်ရေးကြီးအတွက်
ရက်ချိန်း ထပ်မံရွေးကြရဦးမလား
သမိုင်းဒဏ်ရာများနဲ့ အမိပြည်
မျက်ရည်ရှိုက်သံ မဆုံးနိုင်သေးပါတကား…။ ။၊ဝင်းတင့်ထွန်း၊
၁၈၊ ၁၊ ၂ဝဝ၅
(မှတ်ချက်။ ။၂ဝဝ၅ ခုနှစ်က ဖက်ဆစ်တော်လှန်ရေးနေ့ အနှစ် ၆ဝ ပြည့်အတွက် အမှတ်တရ ရေးခဲ့ ဖော်ပြခဲ့တဲ့ကဗျာ)
သိက္ခာနှစ်ထပ်နဲ့လူ (ဝင်းတင့်ထွန်း)
(၁)
ငါဟာ
လေးစားအပ်စရာ ဂုဏ်ဒြပ်နဲ့
သမိုင်းဆိုတဲ့ ဇာတ်ခုံပေါ်မှာ
သိပ်အရေးပါလှတဲ့ကောင်တော့ မဟုတ်ပါဘူး…။
ဒါပေမယ့်
နိုင်ငံရေးအပေါ်ထားတဲ့ ငါ့သစ္စာ
အနုပညာအပေါ်ထားတဲ့ ငါ့သစ္စာ
ရင်ထဲမှာ အစဉ်မပြတ်
“သိက္ခာနှစ်ထပ်နဲ့လူ ဟေ့”
ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု
အမြဲဂရုပြုပြီး ခံယူထားခဲ့တယ်…။
(၂)
‘လူဟာ
နိုင်ငံရေးသတ္တဝါ’…တဲ့
ရိုးသားစွာ လက်ခံ
အဲဒီစံအတိုင်း
နိုင်ငံရေးသမားတပိုင်းဖြစ်တဲ့ငါ
နိုင်ငံရေးလှုပ်ရှားမှုများစွာမှာ ပျော်ဝင်
အမိနိုင်ငံရဲ့သမိုင်းစဉ်မှာ
(သမိုင်းဝင်ပုဂ္ဂိုလ်တယောက် မဟုတ်ပေမယ့်)
ရောက်ရာအရပ်ကနေ ထမ်းသယ်ပိုး
သမိုင်းကွေ့ချိုးတိုင်းမှာ … ငါပါတယ်…။
ယုံကြည်ချက်အတွက်
အသက်နဲ့ လောင်းကြေးထပ်
စိတ်ဓါတ်ကို တံခွန်ထူ
ပြည်သူအပေါ် သစ္စာရှိ
အမိနိုင်ငံကို ငါချစ်ရင်း
နေဝင်းရဲ့မဆလ
ရာဇာပလ္လင်ပေါ်ကနေ ပြုတ်ကျရေး
ဘဝတွေ စတေးပြီး တိုက်ခဲ့ကြ
ပြင်းထန်လှတဲ့ တိုက်ပွဲဒီရေစီးတလျှောက်
ငါတယောက်လည်းပဲ ပါပါတယ်…။
မဆလရဲ့
မလှပတဲ့ ခေတ်တလျှောက်
ဒူးမထောက်တမ်း တိုက်ခဲ့ကြ
ဆန့်ကျင်ခဲ့ကြတဲ့သူတွေထဲ
ငါတယောက်လည်းပဲ ပါပါတယ်…။
မဆလရဲ့
မလှပတဲ့ ခေတ်တလျှောက်
ဒူးမထောက်တမ်း တိုက်ခဲ့ကြ
ဆန့်ကျင်ခဲ့ကြတဲ့သူတွေထဲ
ဘယ်သူတွေပဲ ပါသလဲ
ရဲရဲပြောစမ်းပါ…။
အဲဒီထဲမှာ
ငါတို့ပါတယ်
ငါပါတယ်…။
ငါဟာ
စစ်အာဏာရှင်စနစ်ကို မုန်းခဲ့တယ်
အဲဒီအတွက်
ရက်စက်တဲ့ မဆလ က
အလှပဆုံး ဆီးလ်တံဆိပ်နဲ့
ခပ်နှိပ်ပြီး ဆုချ
ငါ… ဆုတဆု ရခဲ့တယ်…
ရခဲ့တဲ့ ဆုလာဘ်
နှလုံးသားနဲ့ မှတ်တမ်းတင်
ထာဝစဉ် ဂုဏ်ယူစရာပ
ပုဒ်မ ‘၅/ည’… တဲ့
ငါးည မက
ငါးလ မက
လကနေ နှစ်တွေဆောင်း
ရက်ပေါင်း ထောင်ကျော်စွာ
နရသိန်ထဲမှာလည်း စံခဲ့ဖူးပါတယ်…။
တရားရုံးမှာ
ထောင်ထဲမှာ
စစ်ကြောရေးမှာ
ညှဉ်းပန်းရေးစခန်းမှာ
ရောက်လေရာမှာ အရှုံးမပေး
နှလုံးသွေးနဲ့ သက်သေတင်
(နေဝင်း စစ်ခွေးမှန်သမျှ)
ဆန့်ကျင်ခဲ့ပါတယ်…။
၁၉၈၈
ပြည်သူချစ်တဲ့ ကျောင်းသားတွေက
အသက်သွေး မြေကျခံ စတင်လိုက်တဲ့
တိုက်ရဲသူ ပြည်သူတရပ်လုံးရဲ့
အကြီးမြတ်ဆုံးသော မှတ်တိုင်သစ်
ရှစ်လေးလုံး အရေးတော်ပုံကြီး
မြေတုန်ဟီးအောင် ပေါ်ထွန်းလာတဲ့အခါမှာလည်း
ငါ… ဂုဏ်ယူစွာနဲ့ ပါခဲ့တယ်…။
ပြည်သူတွေရဲ့စိတ်ဓါတ်ကို
သေနတ်နဲ့ဖြိုခွင်း
နေဝင်းရဲ့အိမ်တော်ပါ
တောကြောင်တကောင် တက်လာပြီး
ဗမာပြည်ကို အမှောင်ချ
‘နဝတ’တဲ့
မဆလရဲ့မယားပါသား
မတရား မင်းမူ
ပြည်သူအပေါ် ဗိုလ်ကျ
တဖက်က သေနတ်
တဖက်က ပါးစပ်နဲ့
မအပ်မရာတွေ ဟောလိုဟော
မတတ်တာတွေ ပြောလိုပြော
တသောသော တညောင်ညောင်နဲ့
မာရှယ်လောကို အလံထောင်ပြီး
မျက်နှာပြောင်ပြောင်နဲ့ အုပ်စိုးနေချိန်မှာလည်း
ငါဟာ
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်
စစ်ဘုရင်များကို ဖြိုချရေး
ဒီမိုကရေစီအရေးတွေအတွက် ပါခဲ့တယ်…။
ပြည်သူတွေရဲ့ဆန္ဒပန်း
လှပစွာ ပွင့်လန်းရေး
ဘဝပေးပြီး ငါဆောင်ရွက်
ပြည်သူဘက်က ငါရပ်တည်
ငါ့တိုင်းပြည်ကို ငါချစ်တယ်…။
ငါ့တိုင်းပြည် သာစေကြောင်းအတွက်
ပြည်သူ့သံဃာအပေါင်းကို ငါဦးတင်
ခွပ်ဒေါင်းရှင်လေးများကို ငါအားဖြည့်
ဇွဲသတ္တိနဲ့ ငါရွက်ဆောင်
ဒေါင့်စုံအောင်လည်း ထမ်းခဲ့ဖူးပါတယ်…။
အဲဒီတွေအတွက်
လက်နက်နဲ့ နဝတ
မုန်းမာန်ရှ ရန်ငြိုးဆင်
သတင်းစာရှင်းလင်းပွဲတွင် ထည့်ပြီးပြော
တောရော မြို့ပါအနှံ့ လိုက်ဖမ်းပြီး
မဲမဲမြင်ရာ ထင်ရာရမ်းတော့
ငါ… ဝရမ်းပြေးဘဝလည်း ရောက်ခဲ့ရဖူးပါတယ်…။
ဒါပေမယ့်
ဘာတွေနဲ့ပဲ ဖြစ်ခဲ့စေ
ဘယ်ဘဝအခြေရောက်ရောက်
ဘယ်ဒေသတွေပေါက်ပေါက်
မပျောက်နိုင်တဲ့ ငါ့စိတ်ဓါတ်
အပြတ်သားဆုံး ဆက်ပြီးထူ
ငါ့ပြည်သူကို ငါချစ်တယ်…။
ငါ့ပြည်သူအတွက်
ပေးဆပ်နိုင်သမျှ ပေးသွားမယ်…။
ငါ့တိုင်းပြည်အတွက်
ထမ်းရွက်နိုင်သမျှ ထမ်းသွားမယ်…။
ငါဟာ
ဘာကောင်မှတော့ မဟုတ်ပါဘူး
ဒါပေမယ့်
ဒီမိုကရေစီကို ငါလိုတယ်
ငြိမ်းချမ်းရေးကို ငါကြိုမယ်
အမျိုးသားသွေးစည်းညီညွတ်ရေးကို ငါဆိုမယ်…။
(၃)
ဒီမိုကရေစီကို ငါလိုတယ်…
ဒီမိုကရေစီ
ဘာဒီမိုကရစီလဲ
ဘယ်လိုဒီမိုကရေစီလဲ
ခွဲကြည့်ချင် ခွဲကြည့်
တွဲကြည့်ချင် တွဲကြည့်
(ရိချင်ရိ…ကလိချင်ကလိ)
အဖိနှိပ်ခံ ပြည်သူတရပ်လုံးရဲ့
ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး
မွေးရာပါ ရပိုင်ခွင့်
ရှိသင့်ရှိထိုက်တဲ့ လိုအပ်ချက်
အမှန်တရားအတွက် ရှင်သန်ရန်
အာမခံနိုင်မယ့် ဒီမိုကရေစီ
အဲဒီ ဒီမိုကရေစီမျိုး … ငါလိုတယ်…။
ဒီမိုကရေစီဆိုတာ
အင်္ဂါကြီးက ဘယ်နှစ်ရပ်
မှတ်ကျောက်ကြီးက ဘယ်နှစ်ခု
စံပြုရမှာက ဘယ်လိုဟာ
ဘာ ညာ
ဘာကမှ မပြောချင်
စစ်အာဏာရှင် ဖက်ဆစ်အောက်က
ဒို့ပြည်သူတွေ လွတ်မြောက်ရေး
ဒီမိုကရေစီရေးကို တောင်းဆိုတယ်…။
ငြိမ်းချမ်းရေးကို ကြိုဆိုမယ်…
ဘာငြိမ်းချမ်းရေးလဲ
ဘယ်လိုငြိမ်းချမ်းရေးလဲ
ပြည်တွင်းစစ် ရပ်စဲရေး
ပြည်တွင်းငြိမ်းချမ်းရေး
ကမ္ဘာ့ငြိမ်းချမ်းရေးအထိ ဆိုလိုတယ်…။
ဒို့နိုင်ငံမှာ
ပြည်တွင်းစစ်ကြီးဟာ ကြာပါပြီ…။
တိုက်ပွဲနဲ့ ယမ်းနံ့
သွေးနံ့နဲ့ ဗုံးမိုး
အဆိပ်ခိုးနဲ့ စစ်တလင်းပြင်
အမိရင်ပြင်တလျှောက်
သွေးပေါက် သွေးစက်တွေလည်း ထပ်နေပြီ…။
ယမ်းနံ့နဲ့ အဆိပ်ခိုး
ဗုံးမိုးနဲ့ သွေးစက်တွေကြား
မြေဇာပင် ပြည်သူများရဲ့ဘဝ
ဒုက္ခပင်လယ်အတိလွှမ်း
စိတ်ဝမ်းကြေကွဲစရာ
ဒဏ်ရာဗလပွနဲ့ အမိနိုင်ငံ
ကျည်သင့်ခံခဲ့ရတဲ့ အမေ့နှလုံး
ဘယ်တော့မှ ပြုံးနိုင်မှာလဲ
ရင်ထဲမှာ မျှော်လင့်ရင်း
ပြည်တွင်းစစ်ဖြစ်ခဲ့ရတဲ့ အတိတ်ကြောင်း
ပြန်ပြောင်းကြည့်ကြပါ…။
လွတ်လပ်ရေးကြေညာစာတမ်း
ရှင်လူရဟန်းတို့ ဖတ်ကြည့်ဆဲ…
ဖက်ဆစ်တော်လှန်ရေးနေ့ ညစာစားပွဲကြီး
စားပြီးလို့ လက်မသုတ်ရသေးခင်
ဘဝရှင်မင်းတရား
အာဏာရှင်ရူးများရဲ့ပယောဂနဲ့
ပြည်တွင်းစစ်ကြီး စခဲ့ရပါတယ်…။
လွတ်လပ်ရေးကြီးရဲ့ရသကို
ခေါင်းပေါင်းစ တထောင်ထောင်နဲ့
အဆောင်အယောင်တွေ အပြည့်ဆွဲ
ဘယ်သူတွေပဲ ခံစားကြပါသလဲ…။
လွတ်လပ်ရေး
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားလွတ်မြောက်ရေး
အမိနိုင်ငံရဲ့အရေးတွေအတွက်
အသက်ကိုစွန့်လှူ
ပြည်သူအပေါ် သစ္စာရှိ
ကိုယ်ကျိုးမကြည့်တမ်း စွမ်းဆောင်ခဲ့
အမေချစ်တဲ့ အမေ့သားအချို့
‘သူပုန်’လို့ အကြေညာခံရ
သူပုန်ဘဝကို ရောက်ရတယ်
သူပုန်လမ်းကို ရွေးရတယ်…။
ဖိနှိပ်မှုတွေ ရှိတဲ့အခါ
အုံကြွမှုဟာ တရားပဲ…။
လွတ်လပ်ရေးကြေညာစာတမ်းမှာ
တခမ်းတနားဖော်ပြ
‘လောကပါလ’
‘ခွင့်တူညီမျှ’ဆိုတဲ့စကားလုံး
သေဆုံးကြေမွ
လက်တွေ့ဘဝနဲ့ မကိုက်ညီ
ယုံကြည်မှုတွေ ကွဲပြား
ကွာဟမှုတွေ ကြီးမားလာတဲ့အခါ
လက်နက်ကိုင်ထားတဲ့ အုပ်စိုးသူကို
မျက်နှာမူ ရင်ဆိုင်ဖို့
လက်နက်ကိုင်တော်လှန်ရေးမျိုးစုံ ပေါက်ဖွား
ချောက်ကမ်းပါးထဲထိ သေနတ်သံ
တောလုံးညံအောင် အနှံ့ဆက်
ချိုးငှက်ကူသံ ပျောက်ခဲ့ရ
ပြည်တွင်းစစ်မီး တောက်ခဲ့ရပါတယ်…။
အဲဒီတော့
ဒီပြည်တွင်းစစ်မီး
စပြီး ဖန်တီးသူဟာ
ဘယ်သူတွေပါလဲ…။
ဒီပြည်တွင်းစစ်ကြီးကို အရှိန်မြှင့်
ဒဏ်ရာဆင့်အောင် လုပ်ကြတာ
ဘယ်သူတွေပါလဲ…
ဒီပြည်တွင်းစစ်ကြီးကို လက်ညှိုးထိုးပြီး
စစ်တန်ခိုးတွေ ထပ်ပြီးထောင်
စစ်ခေါင်းဆောင်တွေ အာဏာထူ
ပြည်သူကတော့ မွဲပြာကျ
ချမ်းသာသွားကြသူတွေဟာ
ဘယ်သူတွေပါလဲ…ဘယ်သူလဲ…။
ပြည်တွင်းစစ်နဲ့လုပ်စား
ပြည်တွင်းစစ်နဲ့ တန်ခိုးထွား
ကြီးပွားနေကြသူတွေကတော့
ပြည်တွင်းစစ်အား မွေးထားချင်
ငြိမ်းချမ်းရေးဆိုရင် “လက်နက်ချ”တဲ့
တရားမျှတနိုင်မယ့် ငြိမ်းချမ်းရေး
စစ်မာန်သွေးနဲ့ ဖြိုနေတယ်…။
နိုင်ငံရေးကြောင့် ဖြစ်တဲ့ပြဿနာ
နိုင်ငံရေးနဲ့ အဖြေရှာလို့ရပါတယ်…
နိုင်ငံရေးကြောင့်ဖြစ်တဲ့ ပြည်တွင်းစစ်
နိုင်ငံရေးအရင်းအမြစ်ကို အခြေခံ
မှန်မှန်ကန်ကန် အဖြေရှာရင်း
ပြည်တွင်းစစ် ရပ်စဲရေး
ပြည်တွင်းငြိမ်းချမ်းရေးဟာ လိုပါတယ်…။
တရားမျှတ
ပြည်သူ့ဆန္ဒလည်း ကိုက်ညီစွာ
အမိနိုင်ငံ သာစေကြောင်း
သွန်းလောင်းပြီး ပုံဖော်သွေး
စစ်မှန်တဲ့ငြိမ်းချမ်းရေးမျိုးကို ငါကြိုတယ်…။
အမျိုးသားသွေးစည်းညီညွတ်ရေးကို ငါဆိုမယ်
အမျိုးသားသွေးစည်းညီညွတ်ရေးဆိုတာ
နိုင်ငံတိုင်းမှာ အလိုအပ်ဆုံး
အခိုင်မာဆုံး တည်ဆောက်
ထွန်းတောက်ရှင်သန်နေဖို့ လိုပါတယ်…။
သွေးစည်းမှု ပျက်လေတိုင်း
နိုင်ငံ့သမိုင်းဟာ အကျည်းတန်
ဘေးရန်ပေါင်းစုံ သင့်ရတယ်…
သွေးစည်းမှု တက်လေတိုင်း
နိုင်ငံ့သမိုင်းဟာ ခြိမ့်ခြိမ့်ညံ
အောင်ပွဲသံတွေ ဝေခဲ့တယ်…။
တန်းတူမှု
ညီမျှမှု
တရားမျှတမှုအပေါ် အခြေခံ
အမိနိုင်ငံတခုလုံးပေါ် သစ္စာထား
ပြည်သူတရပ်လုံးရဲ့အကျိုးစီးပွားများအတွက်
အမျိုးသားသွေးစည်းညီညွတ်ရေးဟာ လိုအပ်တယ်…။
ခြစားတဲ့ ‘ပြည်တော်သာ’
‘ခေတ်ပြောင်းတော်လှန်ရေး’ဆိုတာနဲ့
‘စပ်ကူးမတ်ကူးကာလ’ဆိုတာတွေကြား
ပြည်သူများရဲ့ဘဝ
နင်းပြားဘဝက ရှေ့မတက်
တိုင်းပြည်ကြီးလည်း ပျက်လုခမန်း ဖြစ်နေပြီ…။
နိုင်ငံတော်သစ် တည်ဖို့ရာ
အမျိုးသားသွေးစည်းညီညွတ်ရေးဟာ
အုတ်မြစ်ဖြစ်ပါတယ်…။
နိုင်ငံတော်ရဲ့အနာဂတ်အတွက်
စစ်အာဏာရှင်စနစ်ဟာ အန္တရာယ်…။
အမျိုးသားသွေးစည်းညီညွတ်ရေး တည်ဖို့ရာ
ပြည်တွင်းစစ်ပြဿနာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြရမယ်…။
ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ရာ
ဒီမိုကရေစီဟာ
အခြေခံလိုအပ်ချက် ဖြစ်ပြန်တယ်…။
ဒီမိုကရေစီသစ် တည်ဖို့ရာ
ပြည်တွင်းငြိမ်းချမ်းရေးဟာ လိုပြန်တယ်…။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး
ဒီမိုကရေစီအရေး
ငြိမ်းချမ်းရေး
အမျိုးသားသွေးစည်းညီညွတ်ရေး
ဘုံအရေးတော်ပုံကြီးဟာ ပူးနွှယ်ဆက်
အမိနိုင်ငံအတွက် မနက်ဖန်
ရင်ခုန်သံနဲ့မျှော်ရည်ရင်း
ခြေလှမ်းပြင်းပြင်း ငါလျှောက်ရဦးမယ်…။
(၄)
ငါဟာ
အနုပညာသမားတယောက် ဖြစ်ပါတယ်…။
အနုပညာကို မြတ်နိုး
အနုပညာမျိုးစေ့ နှလုံးသားနဲ့
ပြည်သူကြားမှာ
ငါ မွေးဖွားလာခဲ့တယ်…။
ငါ့အမိ ငါ့အဖ
ငါ့ဘဝ
ဆင်းရဲလှပါတယ်…။
ငါ့ရပ်…ငါ့မျိုး
ကျေးတောမျိုးမို့
ချို့တဲ့လှစွာ
ဖြတ်သန်းလာရ
ငါ့ဘဝ
နွမ်းပါးလှပါတယ်…။
ဒါပေမယ့်
အနုပညာတော့ မဆင်းရဲ
ဘဝမွဲပေမယ့် ချမ်းသာပါတယ်…။
အနုပညာကို တန်ဖိုးထား
အနုပညာနှလုံးသားနဲ့ရှင်သန်
ဘဝပင်လယ်အတွင်း ငါကူးခတ်
လန်းဆတ်တဲ့ အနုပညာပန်းပွင့်များ
ငါ့ပြည်သူအား နှင်းအပ်ဆက်
အနာဂတ်အတွက် ပန်းတွေပျိုး
အနုပညာမိုးကြီး ရွာလိုက်ချင်
ပန်းပေါင်းတရာ အလှဆင်စေရေး
နှလုံးသွေးနဲ့ လောင်းပါ့မယ်…။
(၅)
နှလုံးသွေးနဲ့ ဖြည့်လောင်းထားတဲ့
ကလောင်တချောင်းရဲ့ထိပ်ဖျားက
စီးကျလာတဲ့ အနုပညာတရပ်ဟာ
ဟောဒီကမ္ဘာတခုလုံးကို ရနံ့ခင်း
ဖြန့်ခင်းပစ်လိုက်နိုင်တယ်လို့ ငါယုံတယ်…။
အနုပညာတရပ်ရဲ့စွမ်းအားဟာ
ဒါးမြှောင်တလက်ရဲ့အစွမ်းထက်လည်း ကြီးပါတယ်…။
အနုပညာတရပ်ရဲ့စွမ်းအားဟာ
တီအန်တီယမ်းအား အသိန်းအသောင်းနဲ့
မီဂါတန်ဗုံး အလုံးပေါင်းများစွာထက်လည်း ပြင်းနိုင်တယ်…။
အနုပညာဆိုတာ နေတစင်း
အနုပညာဆိုတာ လတစင်း
အလင်းပေါင်းများစွာကိုလည်း စေနိုင်တယ်…။
ဒါကြောင့်…ငါဟာ
အနုပညာကို တန်ဖိုးထား
အနုပညာသမားတယောက် ဖြစ်ရတာ
ဝမ်းသာစွာနဲ့ ဂုဏ်ယူတယ်…။
နိုင်ငံရေးသမားတယောက်အနေနဲ့
မျက်မှောက်ခေတ်ရဲ့နိုင်ငံ့သမိုင်းကို
ကျရာအပိုင်းကနေ ကုန်းရုန်းထမ်း
ခရီးကြမ်းကြီး လျှောက်ခဲ့ဖူးသလို…
အနုပညာသမားတယောက်အနေနဲ့လည်း
ရောက်ရာအရပ်ကနေ ကလောင်ထမ်းပြီး
အမိနိုင်ငံအဝှန်းလုံးရဲ့အနာဂတ်ရေး
ငါ့ကလောင်ကို သွေးနဲ့ဖြည့်
အနုပညာအသိနဲ့ ငါဖော်ကျူး
ဦးလည်မသုန် ပါဖူးတယ်…။
၁၇၊ ၈၊ ၈၈
ဒီရေသစ်နဲ့ရှစ်လေးလုံးကို
အလှဆုံးထောက်ခံ
တော်လှန်တဲ့အနုပညာသမားရဲ့ကြေညာချက်
သမိုင်းတကွက် မှတ်တမ်းတင်
အနုပညာရှင်ပေါင်းစုံရဲ့လက်မှတ်တွေကြား
အနုပညာသမားတယောက်ဖြစ်တဲ့ ငါ
ဂုဏ်ပြောင်စွာနဲ့ လက်မှတ်ထိုး
ဒေါင်းအိုးတဝေဝေ တွန်ဖို့ ပါခဲ့တယ်…။
အနုပညာရှင်များရဲ့ချီတက်ပွဲ
ဝက်ဝက်ကွဲအောင် ဆင်တဲ့အခါ
အနုပညာရှင်များ ဆိုင်းဘုတ်အောက်က
အားမာန်ထုတ်ပြီး ငါကြွေးကြော်
အရေးတော်ပုံကြီးရဲ့ဒီရေအတွင်း
အလင်းသစ်အတွက် ငါ ပါခဲ့တယ်…။
ကဗျာဆရာများရဲ့စိမ်ခေါ်သံ
‘တိုက်ပွဲခေါ်သံ ကဗျာများ’
ပြည်သူကြားသို့ ဆက်တဲ့အခါ
ကဗျာနဲ့လည်း ငါ ပါတယ်…။
နဝတဆိုတဲ့ နေဝင်းတပ်
မတရားသတ်ဖြတ်ပြီး အတင်းတက်လာ
ဗမာပြည်ကြီး အမှောင်ကျ
မိုးမှောင်ညကြီး အလွန်ရှည်
ကြယ်ပွင့်လေးတွေက တဖျပ်ဖျပ်
ဝေဒနာအထပ်ထပ် ရင်မှာဆင့်
ရင်နင့်စရာ ဖြစ်ရချိန်မှာလည်း…
ပြည်သူ့သံဃာတော်မြတ်များရဲ့အာဘော်
အရေးတော်ပုံကြီးကို ဆက်ပြီးဆောင်
‘အလင်းရောင်’ နဲ့ ‘ဥတ္တမ’
သံဃာ့သမဂ္ဂီအတွက် ကဗျာများ
အနုပညာအားနဲ့ ငါဖြည့်စွမ်း
ကျရာအခန်းက ပါခဲ့တယ်…။
‘ရိုးမရေစီး’
‘ဒီရေစီး’ နဲ့
‘ဗဟိန်း’ နဲ့ ‘လယ်သမား’
တော်လှန်ရေးစာစောင်များရဲ့စာမျက်နှာ
စာကဗျာများစွာ ငါရေးဖွဲ့
အနုပညာနဲ့လည်း တာဝန်ကျေခဲ့တယ်…။
အရေးတော်ပုံကြီးရဲ့ဂုဏ်ရောင်ကို
ငါ့ကလောင်နဲ့ ရင့်ကျူးဖော်
‘၁၃၅ဝ ပြည့် အရေးတော်ပုံကြီး’ဆိုတဲ့ ကဗျာရှည်ကြီးတအုပ်
အားမာန်ထုတ်ပြီး သီကုံးရင်း
ပြည်သူအတွင်းသို့ အပ်နိုင်ခဲ့
အနုပညာသမားတယောက်ရဲ့ဘဝမှာ
အဲဒီကဗျာအတွက် ငါ ဂုဏ်ယူတယ်…။
နိုင်ငံတခုလုံးသို့ တိုင်တည်
‘မိခင်ဗမာပြည်’ဆိုတဲ့ ကဗျာတအုပ်
ခွပ်ဒေါင်းလေးများက ထုတ်ဝေခဲ့
အဲဒီကဗျာအတွက်လည်း ငါဂုဏ်ယူ
ငါ့ပြည်သူကို ပေးခဲ့တယ်…။
‘နဝတ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှု’
ကမ္ဘာ့ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းကို ငါကိုးကား
အချက်အလက်များစွာနဲ့ ငါပြုစု
လူထုဘက်က စာတမ်းတစောင်
ညအမှောင်ရဲ့လှံစွပ်တွေအကြား
အမှန်တရားအတွက် တင်ပြခဲ့ဖူးတယ်…။
ငါ့ပြည်သူအတွက်
ထက်နိုင်သမျှ ထက်နေအောင်
ငါ့ကလောင်ကို ငါသွေးရင်း
သွေးနဲ့ခင်းတဲ့ လမ်းမပေါ်
ဖြတ်ကျော်ကာ ငါချီတက်
ငါ့လက်နက်ဟာ ငါ့ကလောင်
သည်မိုးမှောင်တုန်း မပုန်းလို…။
(၆)
ငါဟာ
ကလောင်တလက်ကို
သေနတ်တလက်ထက် ချစ်ခဲ့တယ်…။
ကဗျာတပိုဒ်ကို
အသပြာတသိုက်ထက် တန်ဖိုးထား
နှလုံးသားနဲ့ ချစ်ခဲ့တယ်…။
အနုပညာပစ္စည်း တမှုန်တစကို
ရတနာအသီးသီး တပုံတမထက် တန်ဖိုးထား
နှလုံးသားနဲ့ ချစ်ခဲ့တယ်…။
အဲဒီလို နှလုံးသားနဲ့
မွေးဖွားပြီး တည်ဆောက်
လူလားမြောက်လာခဲ့ရတဲ့ ငါ
အာဏာကို မမှန်းဆ
အသပြာကို မတမ်းတ
ဘာကမှ မဖြစ်ချင်
အနုပညာရင်ခွင်ဦးမှာ ငါခိုနား
အနုပညာပန်းခင်းကြားမှာ ငါရှင်သန်
အမိနိုင်ငံကိုပဲ ဂုဏ်တင့်စေချင်တယ်…။
(၇)
‘ဂေါ်ကီ’ဟာ
မဟာအောက်တိုဘာတော်လှန်ရေးကို
နှလုံးသွေးနဲ့ သူဖြည့်လောင်း
ကလောင်တချောင်းနဲ့ တပ်မှူးလုပ်
ရန်သူယုတ်များအပေါ် စစ်ပွဲဆင်ခဲ့တယ်…။
‘ချက်ကော့’ဟာ
နားကြပ်တစုံထက်
ကလောင်တလက်ကို ကိုင်စွဲပြီး
ပြည်သူများထဲက ရင်ခုန်သံ
နရီမှန်အောင် တိုင်းခဲ့တယ်…။
‘လူရွှန်း’ဟာ
ဆေးထိုးအပ်ကို ဘေးဖယ်ရှား
တရုတ်ပြည်သူများရဲ့ဝေဒနာ
ပျောက်စေရာ ပျောက်စေကြောင်း
ကလောင်တချောင်းနဲ့ ဆေးကုသ
ရောဂါအဝဝကို တိုက်ခဲ့တယ်…။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ
ရိုင်းပြတဲ့ နယ်ချဲ့
ရက်စက်တဲ့ ဖက်ဆစ်
ညစ်ပတ်တဲ့ မျိုးဖျက်များအပေါ်
ခေါင်းမဖော်နိုင်အောင် ဒရကြမ်းနှက်
ပြည်သူ့အတွက်တော့ မေတ္တာလောင်း
ကလောင်တချောင်းနဲ့ အလံထူ
အညွန့်တလူလူနဲ့ ဇာတိမာန်
ပဲ့တင်ညံအောင် နှိုးဆော်သွေး
ကမ္ဘာ့ငြိမ်းချမ်းရေးအထိ ဆောင်ခဲ့တယ်…။
အဲဒီ…အဲဒီလို
လူ့ဘောင်ကို ချစ်မြတ်နိုး
ပြည်သူ့အကျိုးကို ထမ်းသယ်ဆောင်
ပြည်သူ့ကလောင်များရဲ့အနန္တအစွမ်း
ပီတိတလျှမ်းလျှမ်းနဲ့ ငါအားကျ
လေးစားလှစွာ ကြည်ညိုတယ်…။
“မိခင် ဂီတ ကဗျာ
အနုပညာကိုမှ မချစ်မြတ်နိုးတတ်တဲ့သူဟာ
တိုင်းပြည်နဲ့လူမျိုးအပေါ်လည်း
ချစ်တတ်လိမ့်မယ်မဟုတ်
ကျွန်ုပ် မယုံပါ…”တဲ့
‘ဆူဘတ်ချန္ဒြာဘို့စ်’ ရဲ့စကား
နှလုံးသားနဲ့ပါ ငါလက်ခံ
ဧဝကန်အဖြစ် ယုံကြည်တယ်…။
(၈)
ငါဟာ
လေးစားအပ်စရာ ဂုဏ်ဒြပ်နဲ့
သမိုင်းဆိုတဲ့ ဇာတ်ခုံပေါ်မှာ
သိပ်အရေးပါလှတဲ့ကောင်တော့ မဟုတ်ပါဘူး…။
ဒါပေမယ့်
နိုင်ငံရေးအပေါ်ထားတဲ့ ငါ့သစ္စာ
အနုပညာအပေါ်ထားတဲ့ ငါ့သစ္စာ
ရင်ထဲမှာ အစဉ်မပြတ်
“သိက္ခာနှစ်ထပ်နဲ့လူ ဟေ့”
ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု
အမြဲဂရုပြုပြီး ခံယူထားပါတယ်…။ ။-ဝင်းတင့်ထွန်း-
၁၂၊ ၅၊ ၁၉၉၁
07 March 2009
ကျွန်ုပ်တို့၏ ဖွင့်ဟဝန်ခံချက် (နေမင်းနီ)
တော်လှန်ရေးသမားဆိုတာ
မိမိကိုယ်ကို ခြွေချ
တတ်နိုင်သမျှ ခြွေချ
အဲဒီက အပိုင်းအစတွေနဲ့
ပြည်သူကို ရွှေချချင်သူတွေပါ...
ပုဂ္ဂလအခွင့်အရေးထက်
ရုပ်ဓမ္မက ဖွင့်ပေးတဲ့
တော်လှန်ရေးကို ယုံကြည်တယ်...
တော်လှန်ရေးသည် ပထမ
တော်လှန်ရေးသည် ဒုတိယ
တော်လှန်ရေးသည် တတိယ
တုနှိုင်းလို့မရတဲ့
လူ့လောကသစ်အတွက်ဆိုရင်
လေးသင်္ချေနဲ့ကမ္ဘာတသိန်းမက
ထာဝရ ပေးဆပ်သွားမယ့်သူတွေပါ...။ ။
(ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း
အထိမ်းအမှတ်စာစောင်ငယ် ၂ဝဝ၁ ခုနှစ်တွင် ဖော်ပြပြီး။)
-နေမင်းနီ-
ဦးညွှတ်လိုက်ပါတယ် ရဲဘော် (ဝင်းတင့်ထွန်း)
(၁)
ကွမ်းလေး တမြုံ့မြုံ့နဲ့
ပါးစုန့်ဖောင်းဖောင်း မျက်နှာပေါ်မှာ
မာယာဆိုတာမရှိ
အာဏာဆိုတာ မကြည့်
ပကတိရိုးသားမှုနဲ့
လူထုအကျိုးသာ ဦးထိပ်ရည်
ကိုယ့်တိုင်းပြည်ရဲ့လွတ်မြောက်ရေး
သွေးနဲ့ပေးပြီး သွန်းလောင်းရင်း
သွေးနဲ့ခင်းတဲ့လမ်းပေါ်
ရဲဘော်… အသက်ပေးခဲ့ပြီ…။
(၂)
ဗမာပြည်ရဲ့သမိုင်းမှာ
သမိုင်းဝင်ဝင် မဝင်ဝင်
မော်ကွန်းတင်တင် မတင်တင်
အမြင်ရှင်းပြတ် အသိပြတ်တယ်
စိတ်ဓါတ်ကို သံခဲတင်
ထာဝစဉ်စွန့်လွှတ်မှုနဲ့
လူထုကို အလုပ်အကျွေးပြု
လူထုသားကောင်းအစစ်ဆိုတာ
‘ငါ’ကို မြှုပ်နှံနိုင်တဲ့သူပါ
အဲ့ဒီမှာ
ခင်ဗျားပါတယ်
ရဲဘော်ပါတယ်…။
(၃)
ဦးကင်းစိန်ရေ…
အင်းစိန်အကျဉ်းထောင်ထဲကနေ
သေတဲ့အထိ
အသိတရားကို ဆုပ်ကိုင်
သံတိုင်များကို ခွင်းဖောက်
သော့ခလောက်တွေကို ရိုက်ချိုး
ခွေးဆိုးတွေကို ဆန့်ကျင်
ခင်ဗျားဝိဉာဉ်ဟာ
ဘယ်လောက် လေးစားစရာကောင်းလဲဆိုတာ
ကျနော် သိပါတယ်
ကျနော် ဦးညွှတ်လိုက်ပါတယ်…။ ။
၊ဝင်းတင့်ထွန်း၊
ရွှေလီမှာ.... (ဝင်းတင့်ထွန်း)

(၁)
‘ရွှေလီ…’တဲ့
နေခြည်က အနှိုး
ဗျောက်အိုးသံ တဒိုင်းဒိုင်းနဲ့
စိန့်တိုင်းရဲ့နံနက်ခင်း
အလင်းနဲ့အမှောင်
အရောင်တွေ ရောယှက်
စိတ်ပျက်စရာလား
စိတ်တက်စရာလား
အိပ်မက်ပမာအလား
ခပ်ဝါးဝါး မှိုင်းလျ
ဥက္ကဋ္ဌကြီးမော်ရဲ့ပဋိပက္ခကျမ်း
ရယ်သွမ်းနေသယောင်ပါပဲလေ…။
“နီးဟောင်…”တဲ့
ဖီးပြောင်နေတဲ့ မျက်နှာနဲ့
ဂန္ဓာလရာဇ်ရဲ့လောင်ပန်း
ကွမ်းတုံ လောင်ပန်း
စန့်ဟိုင် လောင်ပန်း
ဖူးကျင့် လောင်ပန်း
ရှန်းကန် လောင်ပန်း
ကျောက်တန်းမှာ လမ်းသလား
ဗမာ ကုလား တရုန်းရုန်း
ရှုံးသူရှုံး မြတ်သူမြတ်
ပြုံးတဲ့သူပြုံး ငတ်တဲ့သူငတ်
နယ်စပ်ကုန်သွယ်ရေးရဲ့တံခါးပေါက်မှာ
တံခါးမခေါက်ဘဲ ဝင်လာကြ
ကျောက်သမားများရဲ့စုစည်းရာ
ဒါ… ရွှေလီ… ရွှေလီ…။
ခန္တီး၊ ဖားကန့်၊ တာမခန်
မော်ဟန်၊ မော်လူး၊ ပူတာအို
မှော်အို၊ မှော်ဟောင်း၊ မှော်စစ်
မှော်သစ်တကာက ကျောက်
ရွှေလီရောက်သလို…
ရန်ကုန်၊ မန္တလေး
ကလေး၊ မုံရွာ
ကသာ၊ ဗန်းမော်
အင်းတော်၊ ကောလင်း
မိုးညှင်း၊ မိုးကောင်း
မိုးမိတ်၊ မိုးကုတ်
ပခုက္ကူ၊ ရွှေဘို
အူတာအို၊ မြစ်ကြီးနား
အထက်သား၊ အောက်သား
ပြည်နယ်သား
ဒေသအများအပြားက လူတွေ
ရွှေလီမြေ ရောက်လာကြ
ဘဝတွေက အဖုံဖုံ…
ကုန်သည် ပွဲစား
ကျောက်သမား၊ ကားသမား
မူးယစ်ဆေးဝါး
ရိုက်စား နှိုက်စား
ခါးနဲ့ ပြည့်တန်ဆာ
ဖါခေါင်း၊ ငတို
ဒလျှို ဒလံ
အမှန်အကန်ရော
အကြံအဖန်ရော
ဘဝအမောပေါင်းစုံ
နိဗ္ဗာန်ဘုံ၊ ငရဲခန်း
ဇာတ်လမ်းများစွာတို့ရဲ့ရွှေလီမြေ…။
ရွှေလီမှာ ညား
ရွှေလီ လင်မယား…တဲ့
အငှါးမဟုတ်
တရားမရှုတ်
အတူလုပ် အတူဖွေ
အတူနေ အတူလည်
မူဆယ်ရောက်ရင် ကိုယ့်ဟာကိုယ်
ဘယ်လိုမှ မပတ်သက်ကြေး
အပေးအယူ ရဲရဲ
လစ်ဗင်းတူဂဲသားထက် အဆင့်မြင့်
ခေါင်းဝင့်မပျက် စုံတွဲတွေ
ဘာဥပဒေ ဥပဒက်
စာရွက်စာတမ်းမှလည်း မလိုဘူး…။
နေညိုလို့ မိုးချုပ်ရင်
ညောင်ညိုပင်အုပ်အုပ် အဝိုင်းဘေးမှာ
ဗျိုင်းငေးပြီး ငါးရှာသလို
ဝမ်းစာကို ရမ္မက်နဲ့လှယ်ဖို့
ကြေကွဲဖွယ် မြင်ကွင်း
လိင်နဲ့ရင်းပြီး လိင်ဝန်ဆောင်
သားကောင်က မုဆိုး
မုဆိုးလည်း သားကောင်
အသားအရောင်အမျိုးမျိုး ရုပ်ပုံတွေ
လှုပ်ရှားနေတာ မြင်နိုင်တယ်…။
“အကိုကြီး … ပစ္စည်းကောင်းတယ်လေ”
ရီဝေတဲ့အပြုံး
ပေါင်လုံးဖြူဖြူ ဗလာလှပ်
မီနီစကတ် ခပ်တိုတို
ရှိုက်ဖိုကြီးငယ် ကောက်ကြောင်းကြွနဲ့
ခပ်ဟဟ ဖိတ်ခေါ်
ပျော်လိုသူတွေကို ငံ့လင့်
ခါဖေးတင့်၊ အနှိပ်ခန်း
ကာရာအိုကေခန်းနဲ့ နိုက်ကလပ်
တဖျပ်ဖျပ် မီးအရောင်
မှောင်တလှဲ့ ဝင်းတချီ
ရီတီတီနဲ့ မူးနိုင်တယ်…။
ဘာ…
ဒါ… တရုတ်ပြည်လား
အိန္ဒိယကား မှားဆိုက်ရော့သလား
ကုလားများစွာတွေ့နိုင်
ကွမ်းယာဆိုင် ထမင်းဆိုင်
လ္ဘက်ရည်ဆိုင်ကနေ ကျောက်ဆိုင်အထိ
မိတဲ့နေရာ ခြေကုတ်ပြု
မြက်နုရာ ရှာကြရင်း
သတင်းဆက်သွယ်ရေး မီဒီယာခေတ်မှာ
အသက်မွေးမှု မီဒီယာစနစ်တွေလည်း သိပ်မြန်ဆန်
နိုင်ငံဆိုတဲ့ နယ်နိမိတ်မျဉ်း
တဖြည်းဖြည်း ကျဉ်းပြီးလာ
ဝါးကန့်လန့်တွေ တဖျပ်ဖျပ်…။
ရွှေလီဆိုတာ
တရုတ်ပြည်ရဲ့မြို့တမြို့
ကိုယ့်မြေ ကိုယ့်ရေမဟုတ်
သူ့အုပ်ချုပ်ရေးနဲ့သူ
သူ့မူနဲ့သူ့ဟန်
နိုင်ငံရပ်ခြားတခုပေါ့…။
ဟိုတုန်းကတော့ နိုင်ငံခြားဆိုတာ
သွားရတာကိုက ဂုဏ်တဂုဏ်
ရောက်ဖူးရုံနဲ့ ဘာပြန် ညာပြန်
ဟိတ်ဟန်လုပ်စရာ
လက္ခဏာဆရာနဲ့ တွေ့ရင်တောင်
“ဆရာရယ် … ဖောရိန်းလိုင်းလေးများ
မပါဘူးလား…”
နိုင်ငံခြား ရောက်မရောက်
သင်္ဘောသားလေးလောက်မှ ဖြစ်ရဖြစ်ရ
ခုကျတော့လည်း
တဖွဲဖွဲဝင်လာကြ
သူတောင်းစားကတောင် နိုင်ငံခြားရောက်
ခွေးလည်းရောက်၊ လိပ်လည်းရောက်
ပြည့်တန်ဆာလည်း ရောက်တယ်လေ…။
“ဟင်… နင် မပြန်သေးဘူးလား
ရောက်နေတာ ကြာပြီလား…”
“ကြာတော့ ကြာပြီလေ
အခြေအနေလေးတွေ အသာချောင်း
တကွက်ကောင်းလေး စောင့်နေတာ…”တဲ့
ဟိုတယ်ကောင်းကောင်းမှာ သေချာတည်း
ငါးသုံးလုံး ခဲထားတဲ့ မိန်းမ
ဖွဖွလေး ပြုံးနေတယ်…။
ဟိုတုန်းကတော့ နိုင်ငံရေးသမား
အတွေးအခေါ် ခြစားပြီးတဲ့နောက်
ဖောက်ပြန်သွားလိုက်တာ
မကောင်းတာ အကုန်လုပ်
မဟုတ်တာ အကုန်ဆော်
ပုပ်အဲ့ နံစော်နေသူတွေလည်း တွေ့နိုင်တယ်…။
တရုတ်စကား မတတ်တတတ်နဲ့
တတ်သယောင် ဟန်ဆောင်
“ဟောင်… ဟောင်… ဟောင်”နဲ့
လူပါ ဟောင်စော်နံ
အော့ကြောလန်စရာ ပွဲစား
ဝဲစားတွေလည်း သိပ်စုံတယ်…။
ပွဲညွန့်မကျန် အိမ်မပြန်…တဲ့
ကြံဖန်ပြီး ဈေးတွေခေါင်း
လူပါ ခေါင်းတဲ့ ပွဲစား
ဟဲန်းချိန်းကြီး တကားကားနဲ့
‘ကျုံးတဲ့’သောက်
မျက်စိနောက်စရာတွေလည်း တွေ့ရမယ်…။
ကျောက်ပွဲစား၊ သစ်ပွဲစား
ငါးပွဲစား၊ ကားပွဲစား
ဂဏန်းပွဲစား၊ လိပ်ပွဲစား
ခွေးပွဲစား၊ လူပွဲစား
တခါမှ မကြားဖူးတဲ့ ပွဲစား
ရွှေလီမှာ ကြားရမယ်…
ဝယ်သူနဲ့ ရောင်းသူကြား
ပွဲစားရဲ့အခန်း
အံ့မခန်း ထက်မြတ်
ကုန်သည်ထက် အမြတ်ကျန်
ဟိတ်ဟန်ကောင်းသူတွေ ရှိသလို
နေညိုလို့ တမိုးချုပ်
ထီးစုတ်လို့ ဖိနပ်သာပါး
တပွဲမှ မစားရတဲ့ ပွဲစား
တနပ်ထဲစားပြီး ရေသာသောက်
ဗိုက်ခြောက်နေသူတွေလည်း တွေ့နိုင်တယ်…။
အရင်ကတော့ ကျောက်ကုန်သည်
နောက်တော့ ခွေးကုန်သည်
ခုတော့ ‘…’ကုန်သည်
ဝယ်လိုသမျှ အကုန်ပို့
အိတ်စပို့ရော အင်ပို့ပါ
မြတ်မယ့်ဥစ္စာ အကုန်လုပ်
တရုတ်ငွေဈေး ဘယ်လောက်လဲ
ဗမာငွေဈေး ဘယ်လောက်လဲ
ငွေလဲတန်းမှာ လမ်းသလား
အိတ်ကြီးတကားကားနဲ့ တွေ့နိုင်တယ်…။
ကုတ်အင်္ကျီကြီး တဖားဖား
နက်ကတိုင်ကြီး တလွှားလွှားနဲ့
ဥရောပတိုက်သားဝတ်စုံ သေချာဝတ်
ဘောင်းဘီမချွတ်တော့တဲ့ ကိုငကြွား
ပုဆိုးဝတ်ရင် ကိုယ်တောင် ယားသတဲ့
ဗမာပြည်သားစစ်စစ်ကနေ ဘဝပြောင်း
ဖွတ်ကဖြစ်တဲ့ မိချောင်းတွေ
ရွှေလီရေမှာ ပျော်နေကြ
မြစ်မ ပင်လယ် စိတ်ညစ်ဖွယ်…။
“အား ယားယား…”တဲ့
ကုလားပါးစပ်က တရုတ်စကားထွက်
ဝက်သားမုန်းသူနဲ့
ဝက်သားကြိုက်သူတွေ
ရွှေလီမြေမှာ အတူဆုံ
ကြုံသလို ဆက်ဆံရင်း
ထမင်းလုတ်ကြီးကြီး စားရရေး
ဘာသာရေးကို ခဏထား
လူမျိုးရေးတွေ ခဏထား
ဝက်အူချောင်း လှန်းထားတဲ့အနီးမှာ ၇၈၆ ဆိုင်
ဝက်ခေါက်ကင်ဆိုင်နားက မဆလာနံ့
စည်းရိုးကန့်ပြီး တားမရ
လောကကြီးရဲ့သရော်ချက်
ခါးသက်သက်လေး ပြုံးနိုင်တယ်…။
(၂)
တံခါးဖွင့်လိုက်တဲ့အကျိုး
မြိုးမြိုးမျက်မျက် စားရ
ခဏချင်းနဲ့ ကြီးပွား
ချမ်းသားသူတွေ များလာသလို
တံခါးဖွင့်လိုက်မှ
အရင်က အခွင့်အရေးတွေ ဆုံးရှုံး
လုံးလုံးကြီးခြားနား
လူတန်းစား ကွာဟချက်
ဘဝဂ်နဲ့ အဝီစိပမာ
ချမ်းသာသူတွေ ငေးကြည့်ရင်း
သက်ပြင်းတွေ တွင်တွင်ချ
ကျေးလက်ကနေ မြို့ပေါ်တက်
နယ်စပ်ဖက် ရောက်လာ
ရွှေလီဖက် ရောက်လာ
ကြုံရာကို အကုန်လုပ်
ဇာတ်ရှုတ်တွေလည်း အမျိုးမျိုး
တိုးတက်မှုနဲ့ဆုတ်ယုတ်မှု
နှစ်ခုစလုံးရဲ့ဟန်ချက်
ပြက်ပြက်ထင်ထင် မြင်ရမယ်…။
အလုပ်ပေးမယ့်သူ
အလုပ်ခေါ်မယ့်သူ
ဟိုလူလာ ခေါ်နိုးနိုး
ဒီလူလာ ခေါ်နိုးနိုးနဲ့
အားကိုးတကြီး မျှော်လင့်ရင်း
ဘဝတူအချင်းချင်း စုပြီးထိုင်
ငိုင်တဲ့သူရော မှိုင်တဲ့သူပါ
ကျေးလက်က လာကြ
လယ်ယာလုပ်ငန်း ပါးတဲ့အချိန်
အပိုချိန်လုပ်ငန်း
ကျဘန်းအလုပ်နဲ့ ငွေစုရေး
ဈေးကွက်စီးပွားရေးဆိုတဲ့ ခေတ်ကြီးထဲမှာ
သနားစရာ မျက်နှာထားနဲ့
ရိုးသားတဲ့ တရုတ်မလေးတွေ
ကြိုးစားချင်တဲ့ တရုတ်လူငယ်လေးတွေ
ရွှေလီရဲ့လမ်းဘေး
ကားဂိတ်ကြီးရဲ့မနီးမဝေးမှာ
စိတ်မကောင်းစရာလည်း တွေ့နိုင်တယ်…။
မိုးဦးကျ မှိုတွေပေါက်သလို
ဆောက်လိုက်ကြတဲ့ တိုက်သစ်တွေ
မရေနိုင်လောက်အောင် ဟောတလုံး ဟောတလုံး
မဆုံးနိုင်လောက်အောင် ပေါ်ပေါက်
ဘယ်ဖောက်သည် ဘယ်လိုမျှော်
ဘယ်အပေါ် ဘယ်လိုတွက်
ဘယ်ဈေးကွက် ဘယ်လိုကြံ
တဖက်နိုင်ငံကတော့ ဗမာပြည်
ရွှေလီတဖက်ကမ်းဟာ မူဆယ်လေ…။
ကြယ်ဂေါင်ကနေ ကြည့်လိုက်ရင်
လှမ်းမြင်နေရတဲ့ မူဆယ်ဟာ
လွမ်းမောဖွယ် နွမ်းလျ
မထနိုင်သေးတဲ့ ကလေးငယ်လို
တောင်အိုကြားမှာ အိပ်နေဆဲ
‘၂၁ ရာစု’ထဲမှာဖြင့် နိုးတန်ကောင်း
ဘာမှမပြောင်းလဲသေးတဲ့ ရှမ်းအိမ်တွေ
ကြေကွဲစရာ ဝပ်လျှိုး
မိုးထိုးနေတဲ့ ရွှေလီတိုက်တွေအောက်
ပျောက်သွားတော့မတတ်
နယ်စပ်ရဲ့တဖက်တချက်
ကျောက်တိုင်ကြီးရဲ့တဖက်တချက်
နယ်စပ်မြေချင်း ဆက်နေပါလျက် မြင်ကွင်းချင်းခြား
ဘယ်တော့များမှ တူနိုင်လိမ့်
တသိမ့်သိမ့် ရင်ခုန်သံ
စည်းချက်မြန်စွာ မေးနေတယ်…။
မူဆယ်၊ ဆယ်လန့်၊ နမ့်ခမ်း
ရှမ်းရွာလေးတွေကနေ
ရွှေလီအထိ စက်ဘီးနင်း
မီးသွေးခြင်းကြီးတွေနဲ့ ရှမ်းမတွေ
ထင်းတွေကို ကျောမှာပိုး
ပလိုင်းအမျိုးမျိုးနဲ့ ကချင်မတွေ
တခါတလေ
ခေါင်းပေါင်းကြီးတွေ တလူလူနဲ့
ဘာလူမျိုးရယ် မကွဲပြား
ရှမ်းပြည်ဖက်က တိုင်းရင်းသား
ယူနန်ပြည်က တိုင်းရင်းသား
စားစရာလေးများ လာရောင်းသူ
ဆေးမြစ်ဆေးရွက် လာရောင်းသူ
ပျားရည် အရက် လာရောင်းသူ
လက်မူ လက်ထည် လာရောင်းသူ
လူမျိုးလည်းစုံ အသွေးစုံတယ်
ရောင်စုံအရပ် ရွှေလီမြေ…။
‘ရွှေလီရေ နောက်ကျိကျိ
သောက်မိက မပြန်နိုင်…’တဲ့
ဘာလို့ မပြန်နိုင်သလဲ
အလုပ်အကိုင်တွေ အခြေကျ
နေရထိုင်ရ အဆင်ပြေ
လိုလေသေးမရှိ စီးပွားတက်
တရက်ထက် တရက် ကြီးပွားမြန်
သိပ်ပြီးဟန်လွန်းလို့ပဲ မပြန်နိုင်သလား
ဘိုင်ငျပြီး စီးပွားပျက်
အရှက်ရစရာ တပုံတပင်နဲ့
မယုံချင်စရာ ဘဝရှုံး
လူလုံးတောင် ကောင်းမကျန်
ဘာမှ မဟန်တော့လို့ပဲ မပြန်နိုင်သလား
မပြန်နိုင်သူတွေတော့ အလွန်များ
တနေ့တခြား အလွန်စည်
ရွှေလီရဲ့မနက်ဖြန်ဟာ
ဗမာနိုင်ငံနဲ့လည်း ဆက်စပ်နေပါတယ်…။
ရွှေလီဆိုတာ
ဟိုး… အရင့်အရင်အခါက
ဘာမှမဟုတ်တဲ့ တော်မြို့လေး
လယ်ယာလေး မဖြစ်စလောက်နဲ့
မွဲခြောက်ခြောက်ဘဝကနေ
ဒီရေပမာ တဟုန်တိုးတက်
ဗမာပြည်ဘက်ဆီ လမ်းကြောင်းဖွင့်
အဆင့်ဆင့် အသင့်ပြင်
ကုန်ချောတင်ရာ တံခါးပေါက်
ကုန်ကြမ်းရောက်ရာ မုခ်ဦးဝ
အခုကျ ရွှေလီဆိုတာ
ဧရာမ မြို့ကြီးတမြို့
စာရင်းတို့ထားပြီး အထူးဇုံရဲ့
ကုန်သွယ်ရေး အချက်အချာ
တရုတ်-ဗမာ နယ်စပ်အတွက်
ဆခြအသွက်ဆုံး ဆင်ကြီးတကောင်
အစွယ်တထောင်ထောင်နဲ့ဖြစ်လာတယ်…။
ဝင်လာနေတဲ့ ကားကြီးတွေပေါ်မှာ
ဗမာပြည်ရဲ့ကျွန်းသစ်
သစ်ရိုင်း၊ သစ်ယဉ်၊ သစ်မာ
ပျဉ်းကတိုး၊ အင်ကြင်း၊ ပိတောက်
ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ
စားစရာ ရေထွက်၊ မြေထွက်၊ ခြံထွက်မကျန်
ကောက်ပဲသီးနှံကနေ ဆံပင်အထိ
ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်ကနေ
ဖန်းခါးသီးခြောက်၊ ဆီးသီးခြောက်အထိ
ကုန်ခြောက် ကုန်စိမ်း
အကုန်သိမ်းဝယ်တယ်
သယ်ကြ ချကြ တင်ပို့ကြနဲ့
ရွှေလီကနေ အတွင်းပိုင်း
မဟာတံတိုင်းတောင် ကျော်သွားမယ်…။
ထွက်သွားတဲ့ ကားကြီးတွေပေါ်မှာ
ဘီယာနဲ့အရက်
စီးကရက်နဲ့ဆေးဝါး
ကြွေပန်းကန်ပြား၊ ကြွေပန်းကန်
ပန်ကာ၊ ဓါတ်ဗူး၊ ဓါတ်ခဲ
အဖိုးနည်း အထည်လိပ်
အိပ်ယာခင်းနဲ့ ပေါင်းအိုး
မီးကြိုး၊ မီးချောင်း၊ မီးသီး
စက်ဘီးနဲ့ ပလက်စတစ်
လျှပ်စစ်ပစ္စည်း၊ ဘိလပ်မြေ
ရွှေလီကနေ စီးဆင်းသွား
ဗမာပြည်တလွှား နယ်စုံရောက်
ကျေးလက်ရောက်အောင် ပို့လိမ့်မယ်…။
ရွှေလီဆိုတာ
တရုတ်ဘာသာနဲ့ကျ ‘ရွေ့လိ’
ရွေ့ဆိုတာက ကံကောင်းခြင်း
လိဆိုတာက လှပခြင်း
ကံကောင်းပြီး လှပ
အဓိပ္ပါယ်ရသနဲ့ ရွှေလီမှာ
ငွေစည်ကာ ကံလည်းကောင်း
ဘဝအကြောင်း လှပသူတွေရှိသလို
နေညိုလို့ ဆည်းဆာရုတ်
ဒီလိုနဲ့ တမိုးချုပ်တော့မယ်
လုပ်သမျှ အကုန်ရှုံး
ဘဝပါ လုံးပါးပါး
အမှားပေါင်းစုံ လုံးချာရိုက်
ခေါင်းစိုက်သွားသူတွေလည်း တွေ့ရမယ်…။
ရွှေလီဆိုတာ
စီးပွားရှာလို့ လွယ်သလို
ကိုယ်ကျင့်အဘိဓမ္မာ ခပ်မွဲမွဲ
ကိုယ်ခံအား နည်းခဲ့ရင်
မထင်မှတ်နိုင်အောင် လူဖြစ်ရှုံး
ပျက်သုဉ်းစရာ ဗလပွနဲ့
ဖျက်ဆီးမယ့်အရာတွေကလည်း အများသား
ဖိုးသမားဖြစ်ဖို့ အလွန်လွယ်
ဘိန်းစားဖြစ်ဖို့ အလွန်လွယ်
အရက်သမားဖြစ်ဖို့ အလွန်လွယ်
ဒုစရိုက်သမားဖြစ်ဖို့ အလွန်လွယ်
AIDS သယ်ပို့ယာဉ်တွေကလည်း ပေါလွန်းလှ
နယ်စပ်ဘဝမို့ လိုင်းပေါင်းစုံ
တုန်လှုပ်စရာတွေလည်း မြင်ရမယ်…။
တော်တီ…တော်တီ…နဲ့
မီးနီ မီးဝါ တဖျပ်ဖျပ်
ဥသြသံရှည် တရစပ်နဲ့
အသတ်ခံရမယ့် သေဒဏ်သမားကို
ကားနဲ့ပါတ်ပြီး မြို့ကိုပြ
ကြည့်ကြ…ကြည့်ကြ
မကြာခဏ သေဒဏ်ပေး
ဖိုးနှိမ်နင်းရေးတွေ ဒီလောက်လုပ်
ဒုစရိုက်အရှုတ်တွေကို ဒီလောက်ခွင်း
ရှင်းလင်းပစ်နေတဲ့ကြားက
တားမရအောင် ဖိုးက ထွက်
ရွှေတြိဂံနဲ့ ဆက်နေတဲ့ ဒီနေရာ
တရုတ်-ဗမာနယ်စပ်ရဲ့အဓိကမြို့
ရွှေလီမြို့ဟာ နာမည်ကျော်…။
ရွှေလီမှာ
ရွှေလည်တွဲပြီး
ပျော်ပွဲဝင်နိုင်တဲ့သူတွေ ရှိသလို
ရွှေလီမှာ ကြွေပြီအသဲနဲ့
ငိုပွဲဆင်ရသူတွေလည်း ရှိပါတယ်…။
ရွှေလီဆိုတာ
တရုတ်-ဗမာ နယ်စပ်စခန်းအပြင်
တိုင်ရှမ်းတို့ရဲ့အထူးအုပ်ချုပ်ခွင့်ဒေသ
ဂျန်းဖော ကချင်တို့ရဲ့အထူးအုပ်ချုပ်ခွင့်ဒေသ
ဒါကြောင့် ကြည့်လိုက်စမ်း…
ရှမ်းတို့ရဲ့သင်္ကေတ
လှပတဲ့ ဥဒေါင်းနဲ့
ကချင်အပေါင်းရဲ့မနောတိုင်
ခိုင်ခိုင်မာမာ စိုက်ထူထား
ရည်ညွှန်းထားတာ တွေ့နိုင်တယ်…။
ရွှေလီမှာ
ရှမ်းဗမာတို့ရဲ့သင်္ကြန်ပွဲ
တရုတ်တွေလည်း နွှဲကြသလို
တရုတ်တွေရဲ့နှစ်သစ်ကူးပွဲ
ရှမ်း ကချင်တွေလည်း ကျင်းပ
ရိုးရာသဘာဝနဲ့ယဉ်ကျေးမှု
လူ့အဖွဲ့အစည်းအတွင်း ကူးဆက်
စည်းချက်နဲ့ ရှမ်းအိုးစည်
နရီနဲ့ မနောအက
တရုတ်ဂီတနဲ့ ဗမာသီချင်း
ရွှေလီအတွင်း ပေါင်းဆုံ
ရွှေလီလမ်းဆုံရဲ့ရုပ်ပုံကား
ဆေးသားစုတ်ချက် ထူလွန်းတယ်…။
နမ်းခမ်းက ကချင်နဲ့
ရွှေလီက ကချင်
မူဆယ်က ရှမ်းနဲ့
ရွှေလီက ရှမ်း
ဈေးတန်းထဲမှာ အတူထိုင်
‘ဗမာနိုင်ငံသား’ဆိုတဲ့ မှတ်ပုံတင်ကဒ်
‘တရုတ်နိုင်ငံသား’ဆိုတဲ့ မှတ်ပုံတင်ကဒ်
တံဆိပ်ခတ်ထားတာချင်း မတူပေမယ့်
ကဒ်ပြားလေးတွေ အိတ်ထဲထား
ရှမ်းစကားနဲ့ ရှမ်းလိုပြော
ကချင်စကားနဲ့ ကချင်လိုပြော
တသောသောနဲ့ ရယ်ကြသံ
ဘာသာပြန်ဖို့ မလိုပါဘူးလေ…။
ဗမာပြည်က သရက်နဲ့
တရုတ်ပြည်ထွက် ပန်းသီး
ဗမာဆီးသီးနဲ့ တရုတ်သစ်တော်
တရုတ်လိမ္မော်နဲ့ ဗမာသံပုရာ
အသီးတန်းမှာ အတူဆုံ
ကွမ်းငုံတတ်လာတဲ့ ကိုတရုတ်နဲ့
ခေါက်ဆွဲပြုတ် ကြိုက်လာတဲ့ ကိုဗမာ
ထမီဝတ်လာတဲ့ တရုတ်မနဲ့
စကဒ်တကြွကြွ ဗမာမိန်းကလေး
ရောထွေးလိမ်ယှက်
ကူးစက်စိမ့်ဝင်
ခင်ဗျား ဘယ်လိုထင်သလဲ
ယဉ်ကျေးမှုဆိုတာဟာလည်း
ဆွဲထားလို့မရ
ကုန်သွယ်လှုဆိုတာလည်း
ဆွဲထားလို့မရ
၂၁ ရာစုကတော့ လာနေပြီ
ရွှေလီရဲ့မြင်ကွင်း
ခံစားကြည့်ရင်း ရင်ခုန်တယ်…။
(၅)
အရည်လိုင်း၊ အသားလိုင်း
အထည်လိုင်း၊ ခဲလိုင်း
လက်ကောက်လိုင်း၊ အပွင့်လိုင်း
အစိမ်းလိုင်း၊ အနီအပြာလိုင်း
ကျောက်လိုင်းအမျိုးမျိုးအပြင်
အခွံပြင် ရိုက်စား
ကပ်သား ဖောက်ထည့်
အင်နဲ့ တရေကူ
လည်သူ စားတမ်း
ကျောက်တန်း ကျောက်ဈေး
ကျောက်သွေး ကျောက်ဖြတ်
မပြတ်လှုပ်ရှား
ကျောက်သမားများရဲ့ရွှေလီဟာ
ကျောက်သမားတွေနဲ့ ဝေစည်ကာ
ကျောက်အပေါ်မှာ ဗဟိုပြု
ဝန်ဆောင်မှု လုပ်ငန်းစုံ
အဖုံဖုံသော စီးပွားရေး
ကုန်သွယ်ရေး ဂိတ်ဝကြီးတခု ဖြစ်လာတယ်…။
ကျောက်အရောင်းအဝယ် ပွင့်လန်း
ရောင်းပန်း ဝယ်ပန်း လှတဲ့အခါ
ဟိုတည်တကာ လူတွေပြည့်
စားသောက်ဆိုင်ဟူသရွေ့စည်ကား
ဈေးတန်းတလွှား အရောင်းအဝယ်လိုက်
ကုန်တိုက်တွေလည်း အရောင်းအဝယ်တိုး
အစိုးရလည်း အခွန်ဝင်
ပျော်ရွှင်စရာတွေလည်း ဝင်ငွေကောင်း
သူတောင်းစားတောင် အူစိုတယ်…။
ကျောက်အရောင်းအဝယ်ဈေးကွက်
အေးစက်သွေ့ခြောက်
ကျောက်ဈေးတွေ ထိုးကျ
မလှမပတဲ့အခါ
တည်းခိုခန်းတွေမှာ လူကြဲကြဲ
စားပွဲဟောင်းလောင်း စားသောက်ဆိုင်
ဈေးဆိုင်တွေလည်း အရောင်းထိုင်း
နေရာတိုင်းရဲ့အဆင်မပြေမှု
တခုတခု ဂယက်ရိုက်
မီးအမြိုက်ခံလိုက်ရတဲ့ ပန်းပင်တပင်လို
အိုစာသွားတဲ့ ရွှေလီကို
မျက်နှာညိုညိုနဲ့ မြင်ရမယ်…။
“ဟေ့… ကျောက်သမားတွေ
မင်းတို့ပြောနေတာက သိန်းစကား သောင်းစကား
မင်းတို့စားရတဲ့ ငါ့ကွမ်းကြွေး
ပြန်လည်း ပေးကြဦးကွာ…”တဲ့
ကွမ်းယာသည် ကုလားကြီးရဲ့
ရှုံ့မဲ့ပြီးတော့ အကြွေးတောင်းသံ
တခါတရံ ကြားနိုင်တယ်…။
ရွှေလီရဲ့နံနက်ခင်းမှာ
ဈေးခြင်းကြီးနဲ့ လုံမပျို
လုံချည်တိုတိုနဲ့ ကချင်မလေး
အသားဖွေးဖွေးနဲ့ တရုတ်မတွေကြား
ဗမာ ကုလား လူမျိုးစုံ
ရောင်းကုန် ဝယ်ကုန်တွေကို ဖလှယ်ကြ
စားကြ သောက်ကြ သွားလာကြ
ကားတွေကလည်း တဝီဝီ
ထော်လာဂျီတွေလည်း တဝုန်းဝုန်း
တရုန်းရုန်းနဲ့ စက်ဘီးများ
တရုတ်ဆိုက္ကားကြီးတွေလည်း ဥဒဟို
ပျားအုံကြီးကို တုတ်နဲ့ထိုးထားသလို
အလိုလိုလှုပ်ရှား
တဝမ်းတခါးအတွက် ရှာသူရော
တခမ်းတနားအတွက် လာသူရော
လူကောင်းရော လူဆိုးပါ
ဖြူနီညိုဝါ ကြောင်ကြောင်ကျားနဲ့
အသားအရောင်များက စုံသလို
ဘာသာစကားအမျိုးစုံကိုလည်း ကြားရမယ်…။
ရွှေလီရဲ့နေ့လည်ခင်းမှာ
ဘီယာသောက်နိုင်သူက ဘီယာသောက်
မာကျောက်ကစားသူက မာကျောက်ကစား
လ္ဘက်ရည်သမားက လ္ဘက်ရည်ဆိုင်ထိုင်
ကျူတံကိုင်ပြီး ဘိလိယက်ကစားသူက ဘိလိယက်ကစား
တီဗီဂိမ်းရုံများကလည်း နေရာတိုင်း
လောင်းကစားဝိုင်းအဖြစ် ဖွင့်လှစ်ထား
ဗမာ ကုလားတွေ ဝင်ထိုးကြ
ရောင်းထားသမျှ ကုန်သူကုန်
မယုံနိုင်အောင် စွဲသူစွဲ
မွဲကြသူတွေက တပုံတပင်
ရုံရှင် တရုတ်ကြီးကတော့ ခပ်ပြုံးပြုံး
ဗမာစာလုံးကြီးကြီးနဲ့ ရေးဆွဲချိတ်
“ဗမာမိတ်ဆွေများကို ကြိုဆိုပါတယ်”…တဲ့
တနေရာဝယ်… ၃၆ ကောင်ဒိုင်
ဆိုင်ဆိုင် မဆိုင်ဆိုင် အတိတ်စိမ်းပေး
တရုတ်လို ရှမ်းလို ရေးရုံမက
ဗမာလိုပါ ရေးထားတာက
“ဘာသာခြားနဲ့ ညားမှာစိုး
လာခိုးလှည့်ပါ အစ်ကိုရယ်”…တဲ့
အဓိပ္ပါယ်အမျိုးမျိုးနဲ့ အနက်လှန်
နက်ဖန် အတိတ်စိမ်းတမျိုး တွေ့မယ်…။
ရွှေလီမြို့ရဲ့ညနေခင်း
လမ်းလျှောက်ရင်း စည်းဝါးရိုက်
ပွတြိုက်ဖို့ ချိန်းသူချိန်း
ကျောက်ဗန်းသိမ်းပြီး အိမ်အပြန်
ဟင်းရံဟင်းရွက် ဝယ်သူဝယ်
ဈေးတန်းလှည့်လည် ပတ်သူပတ်
ရပ်ထားတဲ့ ကားတွေပေါ်က
ခရီးသည်ခေါ်တဲ့ ကားသမားတွေအသံ
သံပုရာရည်သည် တရုတ်မလေးတွေရဲ့
ငေးငေးရီရီ မျက်လုံးနဲ့
သောက်ပါဦးလား… ဖိတ်ခေါ်နေဟန်
ဟင်းပန်းကန် တပုံကြီးနဲ့ ထမင်းဝိုင်း
ခါးလေးကိုင်းပြီး ကြိုနေတဲ့ ဧည့်ကြို
ပိုက်ဆံတွေကို ရေနေတဲ့ ငွေလဲမိန်းမ
ဝသူရော ပိန်သူရော
ထောသူရော မောသူရော
သောသူရော ငိုင်သူပါ
မျက်နှာတွေ အန်ကျ
ဘဝထိုထိုတို့နဲ့ ရွှေလီလေ…။
သမာအာဇီဝ ထမင်းတလုတ်အတွက်
တရုတ်တရုတ်ချင်းသာမက
ဗမာက ခိုင်းခိုင်း
ကုလားက ခိုင်းခိုင်း
ခိုင်းသူက ခုံပေါ်ထိုင်
စတိုင်ကျကျ ခြေထိုးပေး
ဟန်ရေးတခွဲသားနဲ့ ထိုင်နေစဉ်
ယဉ်ယဉ်ကျေးကျေး ခေါင်းလေးငုံ့
ဖုံမှုန့်မှန်သမျှ သေချာခါ
အောက်ကထိုင်ကာ ချွေးတပြိုက်ပြိုက်
ဖိနပ်တိုက်ပေးနေတဲ့ တရုတ်မလေး
ရိုးသားသူလေးတွေကို မြင်ရ
တွေ့ရတဲ့အခါ
ဝေဒနာတမျိုး ရင်မှာထင်
နာကျင်ဆို့နင့်လာမိတယ်…။
ရွှေလီမြို့ရဲ့ညယံခင်းမှာ
ပျင်းလို့အဖော်ရှာမလား
ခဏမယား၊ တညမယား
တလမယား
အပြမယားတောင် ဈေးညှိနိုင်သတဲ့
အသားကင်ဆိုင်လေးတွေက အလျှိုလျှို
ညောင်ညိုပင် ဒေါင်းရုပ်ရှေ့မှာ
မမေ့စရာ မှတ်တမ်းတင်
ကင်မရာ မီးရောင်တွေ တဖျပ်ဖျပ်
ပလက်ဖောင်းကွက်လပ်တိုင်းမှာက ကာရာအိုကေ
ခုံလေးတွေ ရှေ့မှာချ
ဘာဆိုကြမလဲ အဆင်သင့်
လည်တိုင်တဝင့်ဝင့် တေးဆိုသူ
သွားရည်စာစားသူတွေကလည်း အများသား
ဗီဒီယိုသွားသူ၊ ရုပ်ရှင်သွားသူ
အငွေ့တလူလူနဲ့ ခေါက်ဆွဲဆိုင်
အရက်ဆိုင်လေးတွေက မှိုလိုပေါက်
အပူသောက်မလား အအေးသောက်မလား
အမှောင်ကြားမှာ ခေါင်းချင်းရိုက်
(တခါတခါ) ဖိုးရှိုက်နေသူတွေလည်း တွေ့နိုင်တယ်…။
ရွှေလီရောက်ရင်
ငါးခြောက်တောင် အမြီးလှုပ်သတဲ့
ဟုတ်မဟုတ်တော့ မပြောတတ်
နိုက်ကလပ်ထဲက သက်ကြားအို
သမီးပျိုအရွယ်လေးတွေနဲ့ တွဲက
ညည့်နက်မှ ပြတဲ့ ရုပ်ရှင်ကား
‘ကြို့ဘား’နဲ့ တွဲဆက်
အရက်မူးသူရော
ရမ္မက်မူးသူရော
တကြောတည်း မြင်နိုင်
အသားကင်ဆိုင်က အညှော်နံ့
မိတ်ကပ်နံ့တွေ စွန်းပေ
“အစ်ကိုကြီးရေ … ဈေးဦးပေါက်”…တဲ့
ကြောက် ကြောက်စရာပဲ
တည်းခိုခန်းကြီးတွေအားလုံး
မီးလုံးရောင်စုံ အမျိုးမျိုးဆွဲ
ညထဲက ဖိတ်ခေါ်သံ
သံစဉ်မျိုးစုံ လွှင့်နေတယ်…။
ဆိုက္ကားကို ဂိတ်မှာရပ်
စာဖတ်နေတဲ့ ဆိုက္ကားသမား
ရိုးရိုးသားသား ဈေးရောင်းရင်း
မပျင်းမရိ အင်္ကျီထိုး
ဇာပန်းထိုးနေတဲ့ တရုတ်မ
ကျောပေါ်က ကလေးငယ်ကို ပိုး
ထမ်းပိုး တဖက်တချက်က သစ်သီးတောင်းနဲ့
ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်
ချွေးဖြိုင်ဖြိုင်နဲ့ မောရှမ်းမ
ဘဝအနေ သန့်စင်လွန်း
ချီးမွမ်းစရာတွေလည်း တွေ့နိုင်တယ်…။
တောင်ခြေက မနောကွင်း
နှစ်စဉ်ကျင်းပ မနောပွဲ
ကချင်အားလုံး နွှဲပျော်ကြ
အကပေါင်းစုံ မြင်နိုင်သလို
ဒေသခံ မောရှမ်းတို့ရဲ့
ပန်းကပ်ပွဲနဲ့ တာသင်္ကြန်
ရိုးရာဟန် အစဉ်မပြတ်
ရွှေလီရပ်မှာ အတူဆုံ
ဗမာကုန်သည်တို့ရဲ့ကထိန်သဘင်
ပဒေသာပင်တွေနဲ့ လာတဲ့အခါ
ရှမ်းရွာလေးတွေက ထမင်းကျွေး
သွေးချင်းတွေလို ဧည့်ဝတ်ခံ
အပြန်အလှန် စိတ်ရွှင်လန်း
ဟန်းဆာကျောင်း၊ မြို့ဟောင်းကျောင်း
မန်တုံကျောင်း
ဗုဒ္ဓဘာသာအပေါင်းရဲ့ကြည်ညိုရာ
ပီတိဖြစ်စရာတွေလည်း ရှိပါတယ်…။
ဗမာစကား မတတ်တတ်နဲ့
အထပ်ထပ် ကော်ဆဲ
နယ်စပ်ရုံးထဲက ပုလိပ်
မနိပ်လှသူတွေလည်း ရှိသလို
လိုအပ်သမျှ ရေးဖြည့်ပေး
လ္ဘက်ရည်ဖိုး ပေးတာတောင် မယူ
ကူညီတတ်သူတွေလည်း ရှိပါတယ်…။
“လောင်မြဲင်း…လောင်မြဲင်း”…နဲ့
နားကြားပျင်းကပ်စရာ တွင်တွင်ခေါ်
ဗမာအပေါ် အထင်သေး
မျက်နှာပေးကိုက သောက်မြင်ကတ်စရာ
ဒို့ဖက်မှာကျ
ခေါ်လိုက်ရတဲ့ ပေါက်ဖော်ကြီး
လက်သီးနဲ့ စွတ်ထိုးချင်
လူမြင် အံချင်စရာတွေလည်း ကြုံနိုင်တယ်…။
တရုတ်ပြည်မှာ
ဘာမှ ဈေးကောင်းတာမဟုတ်ဘူး
တရုတ်နဲ့ ပစ္စည်းကောင်း
ရောင်းလို့တန်တာမဟုတ်ဘူး
ကိုယ်ဦးရင် ကိုယ်ကဆော်…တဲ့
မတော်တရော် တရားထောင်
ခပ်ပြောင်ပြောင် စကားသံနဲ့
ကိုယ်အကျင့်တန်တာ အသာဖုံး
ဟိတ်လုံးကြီးကြီးနဲ့ ရိုက်စားတွေ
ရွှေလီမြေကို ခြေကုတ်ပြု
ထုသွားကြတာလည်း ကြားရမယ်…။
တရုတ်က ဆော်လိုက်တော့
ခါးကော့အောင် ခံရရင်း
ရင်းခဲ့သမျှ အကုန်ပြုတ်
စာချုပ်ဆိုတာကလည်း မရှိ
ကတိဆိုတာကလည်း မမှန်
ပြန်စရာတောင် စရိတ်ကုန်
ကုန်သည်ကနေ ပွဲစားဖြစ်
ပွဲစားကနေ ကူလီဖြစ်
ညစ်ပတ်မှုတွေလည်း ကြားရမယ်…။
ကျောက်ကုန်သည်ရဲ့‘အရင်း’ဆိုတာ
အမြတ်ပါ ပါပြီးတဲ့
အပြတ်လှီး အပြတ်ခွါ
ပွဲစားအဘိဓမ္မာတွေကလည်း ရှိသလို
“အကိုရယ်…တကယ်ပါ
ဒီတခါ မကိုက်ဘူး
မထူးတော့လို့သာ ရောင်းတာပါ…” နဲ့
မူယာမာယာနဲ့ ပွဲခလျှော့
ဘယ်တော့မှ မြတ်တယ်မပြောတဲ့ ကုန်သည်
ပြီးတော့မှ မြေဝယ်ပြန်ပြီကြားရ
မကြာမီ တိုက်တည်ပြန်ပြီကြားရ
ကားက ဘယ်နှစ်စင်း
ခြံဝင်းက ဘယ်နှစ်ခုမြောက်
ကျောက်လောကရဲ့ပုံပြင်တွေ
ဟောဒီမြေမှာ ကြားနိုင်တယ်…။
ဒီလိုနဲ့ ရွှေလီဟာ
ပုံပြင်များစွာ ကြားနာရင်း
ဇာတ်လမ်းများစွာ ဖွားသစ်
အချစ်နဲ့ တွေ့သူတွေ့
အသစ်နဲ့ မွေ့သူမွေ့
ဒူးပွေ့ပြီး ဖက်သူဖက်
မူးမေ့ပြီး ပျက်သူပျက်
ယုံကြည်ချက်နဲ့နေသူရော
မုန်ရည်ကွက်နဲ့ ပွေသူရော
မောစရာတွေလည်း ရင်မ
သောစရာတွေလည်း မြင်ရ
ဘဝထိုထိုတို့ရဲ့ရုပ်ပုံများ
ကောင်းစားပြီး တိုးတက်သူ
ခေါင်းပါးပြီး ကျိုးပျက်သူ
လောင်းကစားပြီး ဖိုးမက်သူ
ရောင်းစားပြီး ချိုးဖျက်သူ
ကြိုးစားသူ နိုးကြားသူ
ပိုးစားသူ သိုးသွားသူ
……..သူ
…….သူ
လူပေါင်းများစွာတို့ကို မြင်နေရ
နံနက် နေ့ညတွေနဲ့ တရားရှု
ဖြစ်မှုပျက်မှုအားလုံး သိနေတယ်…။
ဒီလိုနဲ့ ရွှေလီဟာ
လာသမျှကို လက်သင့်ခံ
ဟန်သူရော မဟန်သူရော
တန်သူရော မတန်သူရော
ထောသူရော မောသူရော
ကြောသူရော သောသူရော
ပြောချင်သလို ပြောကြပါစေ
သူ့သဘာဝနဲ့သူ ကြီးပြင်း
ရာစုသစ်အတွင်းဆီ ရှေ့ရှု
လူ့သက်တမ်းတခုဆိုတာ…
လူ့ဘဝရဲ့အောင်မြင်မှုတခုဆိုတာ
ဘာမှကြာလိုက်တာမဟုတ်ဘူး
ဒါပေမယ့် ‘ရွှေလီ’ဆိုတဲ့
မြို့တခုရဲ့နာမည်ဟာ
နေရာတခုရဲ့သက်တမ်းဟာ
(တော်လ်စတွိုင်း ပြောသလိုပါပဲ…)
ကာလများစွာ ရှင်သန်ရင်း
စီးဆင်းရွေ့လျားနေမှာ သေချာတယ်…။
ဘာပဲဖြစ်ဖြစ် ရွှေလီဟာ
လာသမျှကို လက်သင့်ခံ
ပြန်ချင်သူတွေကိုလည်း မတား
တရားရထားပြီး သူတော်စင်လို
ရင်ခွင်ကို ကျယ်ကျယ်ဖွင့်
သင့်တင့်အောင် နှလုံးသွင်း
အတက်အဆင်းများတဲ့ ခရီးကြမ်းမှာ
ဝရမ်းပြေး ကဗျာဆရာကို
ကြိုဆိုကာ နေခွင့်ပေး
နွေးနွေးထွေးထွေး ပွေ့ဖက်
ကဗျာဆရာအတွက်တော့ ကျေးဇူးရှင်
ကျေးဇူးတင်ပါတယ် ရွှေလီရေ…
ကျေးဇူးတင်ပါတယ် ရွှေလီရေ…။ ။၊ဝင်းတင့်ထွန်း၊
-စကားလုံး ရှင်းလင်းချက်-
နီးဟောင် = ‘မင်္ဂလာပါ’ တရုတ်စကား နှုတ်ခွန်းဆက်
စန့်ဟိုင် = ရှန်ဟိုင် တရုတ်စကား
လောင်ပန်း = သူဌေး (ဗမာစကားနဲ့ ‘လောပန်း’ဟု ပြောနေကြ)
ခါဖေးတင့် = ကော်ဖီဆိုင်
ကြို့ဘား = အရက်ဆိုင်
လောင်မြဲင်း = ဗမာ (ယဉ်ကျေးမှုရေချိန်နိမ့်သောသူများက ဗမာလူမျိုးကိုခေါ်သောစကား)
ဟောင် = ဟုတ်ကဲ့၊ အင်း၊ ကောင်းတယ်
ကျုံးတဲ့ = တရုတ်ပြည်ရဲ့နာမည်ကြီး ဘီယာတမျိုး
21 February 2009
ယူကလစ်များ (နေမင်းနီ)
လေညှင်းလာရင်
'မြေသင်း'ပါတယ်…
ကဗျာတွေ ရှူရှိုက်
မိုးပေါက်လေး လိုက်အလာ
သိပ်မကြာလိုက်ပါဘူး…
ဝူးဝူးဝေါဝေါနဲ့ 
အရူးစကားပြောသလို
ဟိုကဝိုက် ဒီကတိုက်နဲ့ 
ဗြုန်းစားကြီးဆိုက်လာတာ
မုန်တိုင်းကြီးပါလား…။
ဖြိုးဖြိုးဖြောင်းဖြောင်း
ဝိုးဝိုးဝေါင်းဝေါင်းနဲ့ 
ဗြောင်းဆန်အောင် မွှေနှောက်ပစ်
ကုတ်ခြစ်ဆွဲရမ်း
ဖျန်းကနဲ ရွှဲ
ဗြန်းကနဲ ကွဲ
ဂျွမ်းကနဲ လဲ
တဟဲဟဲ မာန်တိုက်
ကိုက်ဖဲ့ဆုတ်ဖြဲပြီး
လက်သည်းချွန်တဝင်းဝင်းက
ဒင်းကနဲ ထိုးစိုက်လိုက်တယ်…။
မုန်တိုင်းအစွမ်းပြအပြီး
ကျနော် လမ်းမကြီးဆီ ထွက်ခဲ့တယ်…
တဖက်တချက်မှာ
ဗျာ… လဲနေလိုက်ကြတာ
ဧရာမ ယူကလစ်ပင်ကြီးတွေပါလား…။
လူနေအရပ်မှာ
အပူစပ်စပ်
မီးဟပ်အောင် အားပေး
မီးမွှေးတဲ့အပင်မျိုး…။
ရှိသမျှမြေဆီ
သူ့ ဆီမှာရောက်
ရေသောက်လည်းကျူး
ဘီလူးလို သစ်ပင်…။
အပေါ်သာ ထောင်တက်
ကိုင်းခက်က မဖြာ
ဘာအရိပ်မှမထွက်
အလကားသက်သက်အပင်…။
သူ့ အနားမှာ
ဘာပင်မှမရှင်
သစ်ပင်ချင်း ခေါင်းပုံဖြတ်သမို့ 
မကပ်ရဲကြပါဘူး…။
ဒီယူကလစ်ပင်တွေလေ
မုန်တိုင်းဝင်မွှေတော့
ညွှတ်ကော့လို့ ဘယ်ညာယိမ်း
မထိမ်းနိုင်တဲ့ အတိမ်းအစောင်းမှာ
ဂျိန်း… ဂျောင်းဆို… ကျိုးကျ
တချို့ အမြစ်က ကျွတ်ထွက်
တချို့ ထက်ပိုင်းပြတ်
ကိုင်းဆတ်တဲ့ အမျိုးပေကိုး…။
လမ်းပေါ်ကအဖြစ်
ယူကလစ်ဆိုတာ
မူစနစ်ရဲ့သရုပ်
ဂုတ်သွေးစုပ်သူတို့ 
ယူကလစ်ရဲ့လမ်းအတိုင်း
မုန်တိုင်း တခါကြမ်းရင်
မြေပြင်မှာ လဲကျလို့ 
ထင်းစတွေ ဖြစ်သွားမယ်…။
အဲဒီအခါကျမှ
ကောင်းကင်က ကြည်လင်
မြေပြင်က သန့် ရှင်း
လေညှင်းက မွှေးညက်
ယူကလစ်အကိုင်းအခက်တွေနဲ့ 
ထမင်းချက်ဖို့ မီးမွှေးရဦးမယ်…။
ကျနော်
မုန်တိုင်းကို ကြိုဆိုနေပါတယ်…။ ။
-နေမင်းနီ-
(၁၀၊ ၆၊ ၂၀၀၀)
ကဗျာဆရာ၏ သေတမ်းစာ (နေမင်းနီ)
ငါ့မသာ
ဖျာနဲ့အုပ်
တုတ်လျှိုထမ်း
ကမ်းမှာမျှော ငါးပေါရာ...။
ငါ့အလောင်း
ခေါင်းမဖွဲ့
ဖဲ့ရွဲ့မြှုပ်
ပုပ်ဆွေးကာ မြေသြဇာ...။
ဈာပန
ပြာချ
မလာကြနဲ့
ငါက ဘာကောင်ဟုတ်တော့တုန်း...။ ။
-နေမင်းနီ-
၂၇၊ ၅၊ ၂၀၀၆
(ရေးဖော် ကဗျာဆရာ ခက်ကျော် ကွယ်လွန်ခြင်းအမှတ်တရ)
အနုပညာ (နေမင်းနီ)
ရသတစက်
ရင်မှာသက်သော်
အိပ်မက်အိုးများ ပြည့်သတည်း....။ ။
-နေမင်းနီ-
၂၀၊ ၈၊ ၂၀၀၀
နံက် ၀၂း၄၀ နာရီ
20 February 2009
သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ
သူငယ်ချင်းရာ
သစ္စာပန်းပု၊ သွေးနဲ့ထုပြီး
ငါအခု စာရေးလိုက်တယ်...။
မင်းရဲ့ငယ်ပေါင်း၊ သံစဉ်ပြောင်းပြီး
ကျောင်းတော်ကိုခွါ
ကာရန်မဲညစ်
တော်လှန်ပစ်ဖို့ ကြိုးစားနေတယ်...။
ဒီအချိန်မယ်
လွယ်အိတ်ကလေး၊ စင်္ကြန်ဘေးမှာ
ချေးညှော်ကပ်လျက်၊ ထားရက်သူကို
စောင့်ကြိုနေတာ မြင်မိမယ်...။
ထိုင်ခုံအိုရွဲ့၊ ပိုးမျှင်ဖွဲ့လို့
တိုးသဲ့ရှိုက်သံ
ရံဖန်ရံခါ ကြားမိမယ်...။
ဒို့ကိုချစ်လှ၊ ဆရာမလည်း
တမ်းတပူဆွေး
ဟိုအဝေးက ကျောင်းပြေးလေးကိုလေ...။
ကျောင်းရှေ့ကလမ်း၊ တမာတန်းမှာ
ခြေရာတခု၊ သမိုင်းပြုဖို့
သွန်းထုပုံဖော်နေရော့မယ်...။
ဟိုတခါက
ငါတို့အတွက်၊ ရည်မှန်းချက်လေ
'ဆေးတက္ကသိုလ်'တဲ့
ခုလိုချိန်မှ၊ တက်ခဲ့ရပြီ
'ဘဝတက္ကသိုလ်'၊ ငါ့ကုသိုလ်ပေါ့
ဟို့ဟိုအဝေးကို ရောက်ခဲ့ပြီ...။
ဝေးခဲ့ရပြီ၊ ကျောင်းတော်ဆီကို
တချီအိပ်မက်၊ တချက်တွေးပြင်
လွမ်းမိရင်လည်း
မြင်ဆဲဖန့်ဖန့်၊ ဆွတ်ပျံ့ပျံ့လေ
မိုးနံ့နှင်းနံ့ ကြူနေဆဲ...။
ကျောင်းဝတ်ဖြူစိမ်း၊ ဒီဇာတ်သိမ်းပြီး
ဖယ်တိမ်းခွဲခွါ၊ ထားခဲ့တာလည်း
ပညာမုန်း၍ မဟုတ်ပါ...
ခေါင်းလောင်းချိုမြ၊ အချက်ပြသော်
ခန်းဝမ၀င်
ဟိုးအပြင်မှာ၊ ရောက်နေတာလည်း
ပညာမုန်း၍ မဟုတ်ပါ...
ငါ့နာမည်အုပ်၊ မင်နီသုတ်ပြီး
ကျောင်းထုတ်ခံရ၊ ဒီကိစ္စလည်း
ငါ့စာညံ့၍ မဟုတ်ပါ...။
ပညာရှာရင်း၊ ပြည်သူတွင်းကို
သက်ဆင်းမိတော့
ငါ့သိဉာဏ်စဉ်၊ ငါ့သဲပြင်မှာ
စွဲထင်နှိပ်ကပ်
'ငါ့ရပ်တည်ချက် ပြည်သူ့တွက်'လို့
တသက်ဘဝ၊ ပုံခဲ့ရပြီ
ခဏလွမ်းစိတ် ကျောင်းရိပ်ဆီ...။
စစ်အတွင်းမှာ
လူဖြစ်လာရ၊ ဒို့ဘဝလည်း
ငယ်ကသင်တွေး၊ ကျေးညီနောင်လို
ဟိုဒီကွဲကွာ၊ ယုံကြည်ရာလည်း
တွယ်ရာကိုင်းပေါ် တည်ကြတယ်...။
နေလို ထွန်းပပြီး
လလို ရွှန်းမြခဲ့တဲ့ တက္ကသိုလ်...
ခုတော့
နေလို လလို
ဝေးခဲ့ရပြီပေါ့ တက္ကသိုလ်...။
သူငယ်ချင်း
မင်းလက်သီးဆုပ်နဲ့
မျက်ရည်သုတ်လိုက်ပါကွာ...။ ။
-နေမင်းနီ-
၁၉၉၁ (အိုက်ဇော၊ မီဇိုရမ်)
သူငယ်ချင်းရာ
သစ္စာပန်းပု၊ သွေးနဲ့ထုပြီး
ငါအခု စာရေးလိုက်တယ်...။
မင်းရဲ့ငယ်ပေါင်း၊ သံစဉ်ပြောင်းပြီး
ကျောင်းတော်ကိုခွါ
ကာရန်မဲညစ်
တော်လှန်ပစ်ဖို့ ကြိုးစားနေတယ်...။
ဒီအချိန်မယ်
လွယ်အိတ်ကလေး၊ စင်္ကြန်ဘေးမှာ
ချေးညှော်ကပ်လျက်၊ ထားရက်သူကို
စောင့်ကြိုနေတာ မြင်မိမယ်...။
ထိုင်ခုံအိုရွဲ့၊ ပိုးမျှင်ဖွဲ့လို့
တိုးသဲ့ရှိုက်သံ
ရံဖန်ရံခါ ကြားမိမယ်...။
ဒို့ကိုချစ်လှ၊ ဆရာမလည်း
တမ်းတပူဆွေး
ဟိုအဝေးက ကျောင်းပြေးလေးကိုလေ...။
ကျောင်းရှေ့ကလမ်း၊ တမာတန်းမှာ
ခြေရာတခု၊ သမိုင်းပြုဖို့
သွန်းထုပုံဖော်နေရော့မယ်...။
ဟိုတခါက
ငါတို့အတွက်၊ ရည်မှန်းချက်လေ
'ဆေးတက္ကသိုလ်'တဲ့
ခုလိုချိန်မှ၊ တက်ခဲ့ရပြီ
'ဘဝတက္ကသိုလ်'၊ ငါ့ကုသိုလ်ပေါ့
ဟို့ဟိုအဝေးကို ရောက်ခဲ့ပြီ...။
ဝေးခဲ့ရပြီ၊ ကျောင်းတော်ဆီကို
တချီအိပ်မက်၊ တချက်တွေးပြင်
လွမ်းမိရင်လည်း
မြင်ဆဲဖန့်ဖန့်၊ ဆွတ်ပျံ့ပျံ့လေ
မိုးနံ့နှင်းနံ့ ကြူနေဆဲ...။
ကျောင်းဝတ်ဖြူစိမ်း၊ ဒီဇာတ်သိမ်းပြီး
ဖယ်တိမ်းခွဲခွါ၊ ထားခဲ့တာလည်း
ပညာမုန်း၍ မဟုတ်ပါ...
ခေါင်းလောင်းချိုမြ၊ အချက်ပြသော်
ခန်းဝမ၀င်
ဟိုးအပြင်မှာ၊ ရောက်နေတာလည်း
ပညာမုန်း၍ မဟုတ်ပါ...
ငါ့နာမည်အုပ်၊ မင်နီသုတ်ပြီး
ကျောင်းထုတ်ခံရ၊ ဒီကိစ္စလည်း
ငါ့စာညံ့၍ မဟုတ်ပါ...။
ပညာရှာရင်း၊ ပြည်သူတွင်းကို
သက်ဆင်းမိတော့
ငါ့သိဉာဏ်စဉ်၊ ငါ့သဲပြင်မှာ
စွဲထင်နှိပ်ကပ်
'ငါ့ရပ်တည်ချက် ပြည်သူ့တွက်'လို့
တသက်ဘဝ၊ ပုံခဲ့ရပြီ
ခဏလွမ်းစိတ် ကျောင်းရိပ်ဆီ...။
စစ်အတွင်းမှာ
လူဖြစ်လာရ၊ ဒို့ဘဝလည်း
ငယ်ကသင်တွေး၊ ကျေးညီနောင်လို
ဟိုဒီကွဲကွာ၊ ယုံကြည်ရာလည်း
တွယ်ရာကိုင်းပေါ် တည်ကြတယ်...။
နေလို ထွန်းပပြီး
လလို ရွှန်းမြခဲ့တဲ့ တက္ကသိုလ်...
ခုတော့
နေလို လလို
ဝေးခဲ့ရပြီပေါ့ တက္ကသိုလ်...။
သူငယ်ချင်း
မင်းလက်သီးဆုပ်နဲ့
မျက်ရည်သုတ်လိုက်ပါကွာ...။ ။
-နေမင်းနီ-
၁၉၉၁ (အိုက်ဇော၊ မီဇိုရမ်)
19 February 2009
၂၁ ဖဲဝိုင်း (နေမင်းနီ)
'တွမ်တိဝမ်း'ဆိုတာ
တကယ့် ရင်ခုန်စရာဝိုင်း...။
တထိုင်ထဲနဲ့
အပိုင်ဆွဲသွားနိုင်သလို
တညထဲနဲ့
ဘဝကွဲသွားနိုင်တယ်လေ...။
ဝေပါနှစ်ချပ်နဲ့
အသေအချာပြတ်နိုင်သလို
တပိုထပ်ဆွဲလို့
ကြေကွဲရတာတွေလည်းရှိတယ်...။
တချို့ဆို
တပိုထပ်ဆွဲလို့
ဆယ်ဖဲတက်လာတာတောင်
ထက်မ ထောင်ကောင်းတုန်း
ရင်ထဲမှာတော့ တဒုန်းဒုန်းပေါ့...။
တချို့ကျ
ခဏခဏဆွဲ
လက်ထဲမှာ အသေးတွေစု
ငါးခုမြောက် ရိုက်ချက်မှာ
ဖိုက်ကဒ် အောင်သွားတတ်တယ်လေ...။
ကျုပ်လက်ထဲမှာတော့
ဝေပါလေး နှစ်ချပ်
ထပ်ဆွဲရမှာလို မဆွဲရမှာလိုနဲ့
ဆယ့်ခုနှစ်ပွင့်...ဗျ
လက်က တပြင်ပြင်
ရင်က တဒုတ်ဒုတ်
ရှုတ်ပါတယ် ကဲ
မဆွဲရဲရင်လည်း
ပွဲထဲကို မ၀င်ကြေး
၎...၃...၂..၁...
ဖြစ်ချင်ရာ ဖြစ်စမ်းဟယ် ကဲ
ဆယ်ဖဲတော့ မတက်နဲ့...။ ။
-နေမင်းနီ-
(၁၁၊ ၈၊ ၁၉၉၁)နံက် ၀၉း၄၀
၁၇ နှစ်မြောက် မွေးနေ့
'တွမ်တိဝမ်း'ဆိုတာ
တကယ့် ရင်ခုန်စရာဝိုင်း...။
တထိုင်ထဲနဲ့
အပိုင်ဆွဲသွားနိုင်သလို
တညထဲနဲ့
ဘဝကွဲသွားနိုင်တယ်လေ...။
ဝေပါနှစ်ချပ်နဲ့
အသေအချာပြတ်နိုင်သလို
တပိုထပ်ဆွဲလို့
ကြေကွဲရတာတွေလည်းရှိတယ်...။
တချို့ဆို
တပိုထပ်ဆွဲလို့
ဆယ်ဖဲတက်လာတာတောင်
ထက်မ ထောင်ကောင်းတုန်း
ရင်ထဲမှာတော့ တဒုန်းဒုန်းပေါ့...။
တချို့ကျ
ခဏခဏဆွဲ
လက်ထဲမှာ အသေးတွေစု
ငါးခုမြောက် ရိုက်ချက်မှာ
ဖိုက်ကဒ် အောင်သွားတတ်တယ်လေ...။
ကျုပ်လက်ထဲမှာတော့
ဝေပါလေး နှစ်ချပ်
ထပ်ဆွဲရမှာလို မဆွဲရမှာလိုနဲ့
ဆယ့်ခုနှစ်ပွင့်...ဗျ
လက်က တပြင်ပြင်
ရင်က တဒုတ်ဒုတ်
ရှုတ်ပါတယ် ကဲ
မဆွဲရဲရင်လည်း
ပွဲထဲကို မ၀င်ကြေး
၎...၃...၂..၁...
ဖြစ်ချင်ရာ ဖြစ်စမ်းဟယ် ကဲ
ဆယ်ဖဲတော့ မတက်နဲ့...။ ။
-နေမင်းနီ-
(၁၁၊ ၈၊ ၁၉၉၁)နံက် ၀၉း၄၀
၁၇ နှစ်မြောက် မွေးနေ့
ကိုင်တွယ်ခြင်း (နေမင်းနီ)
ကံရဇာငယ်
စေတီတည်သလို
ပြီးစလွယ် ဖြေရှင်း
ကြည်ညိုခြင်းတော့ မရနိုင်...။
မော်စီတုန်းကြီး
ပဲသီးခူးသလို
တပင်ပြီးမှ တပင်ကူး
ဗူးတောင်းကြီး ပြည့်သွားတယ်...။ ။
-နေမင်းနီ-
ရဲဘော် (သို့) ရေးဖော်သို့ (နေမင်းနီ)
ညဥ့်နက်လေလေ
မနက်ရောက်ဖို့ နီးလေလေပဲ
မဲပစေ
နက်ပစေ
မှောင်ပစေ
ကဗျာဆရာတွေ အိပ်မနေနဲ့...။ ။
-နေမင်းနီ-
အရုဏ် (၂) (နေမင်းနီ)
ညလွန်ဖန်ပြာ
ကောင်းကင်မှာလျှင်
ထံတျာငှက်ကြိုး နှိုးပြီကို...။
ကောင်းကင်နှမ
ဆံမြိတ်ချလို့
လမင်းစံပယ်
တပွင့်ငယ်လျှင်
ဆံနွယ်အစွန်း ယွန်းပြီကို...။ ။
-နေမင်းနီ-
အရုဏ် (၁) (နေမင်းနီ)
ကောင်းကင်မဲမဲ
ထိုးခွဲ
ဆုတ်ဖြဲ
နီနီရဲရဲ...။
အလင်းရည်ပက်
ကျေးငှက်
သင်းခက်
ဥဒေတယံကျက်...။ ။
('ရှစ်လေးလုံးဘွဲ့'ရေးတဲ့ ကိုငြိမ်းဝေသို့)
-နေမင်းနီ-
ရာစုသစ် ဆုတောင်း (နေမင်းနီ)
သစ်ရွက်တရာ
မြေသြဇာလေ
တရာမိုးသက်
ရွက်သစ်ထွက်ပြီး
နှင်းစက်တရာ အေးပါစေ...။ ။
-နေမင်းနီ-
18 February 2009
အိမ်ရှင် (နေမင်းနီ)
ငါ့နောက်မှာ မင်း
သင်းနေတဲ့ စံပယ်
သွယ်သွယ်လေး ပန်ထားတယ်...။
ငါ့ရှေ့မှာ လှိုင်း
အရိုင်းပြင် အနာဂတ်
တထပ်ကြီးရှိတယ်...။
ငါ့ရင်မှာ ကဗျာ
ဝေဒနာအစုံထည့်လို့
ဧည့်ခံနေတယ်...။ ။
-နေမင်းနီ-
အဝင်ခက် အထွက်ခက် ရာစု (နေမင်းနီ)
နှစ်ဆယ်ရာစုရဲ့
တခုတည်းသော လက်ကျန်
သက္ကရာဇ် နှစ်ထောင်…။
နောက်ဆုံးမိုးသက်
နောက်ဆုံး သစ်ရွက်
နောက်ဆုံး နှင်းစက်
အရာရာကို နှုတ်ဆက်ဖို့ 
လက်ပြချိန်လေးပဲ ကျန်တော့တယ်…။
ဒီရာစုရဲ့ 
အနုဆုံးသက်တမ်းမှာ
ကမ္ဘာစစ်ကြီးတွေ ဖြစ်ခဲ့တယ်…။
စစ်ပူ စစ်အေး
စစ်အတွေးတွေနဲ့ 
စစ်ရေးနဲ့ ဆုံးဖြတ်
စစ်ပြေးတွေကလည်း အုံးအုံးကြွက်ကြွက်…။
"ယမ်းခိုးနဲ့တိမ်၊ ရောယှက်လိမ်၍
တိမ်နဲ့ယမ်းခိုး၊ တောင်ကိုမိုးသော်…"
ဆရာမင်းသုဝဏ်ခင်ဗျား
လေးစားစွာ ပြင်ဆင်လိုက်ရပါတယ်…။
စစ်မှန်သမျှ ဆန့်ကျင်ပြီး
စစ်မှန်သမျှ ဂလန့်မြင်နေခြင်းမဟုတ်ပါ…
စစ်မှန်သမျှ သိမ်းကြုံးပြီး
နလဗိန်းတုံး ဆန့်ကျင်နေခြင်းမဟုတ်ပါ…
ကတုတ်ခံတပ် ကျနော်ရပ်တာဟာ
စစ်အာဏာဖီဆန်လို့ 
ဒီမိုကရေစီရည်သန်တဲ့
တော်လှန်စစ်ဖက်ကပါ…။
စစ်တို့ရဲ့အဓိက
ပဋိပက္ခပါ…
ဒါတွေကို မရှင်းနိုင်ရင်
စိတ်ကူးယဉ်ငြိမ်းချမ်းရေး
တွေးကြည့်ဖို့တောင် မရေရာပါဘူး…။
ကိုလိုနီဝါဒနဲ့ 
စခဲ့ရတဲ့ရာစု
သူ့ပဋိသန္ဓေဟာ
အဇာတသတ်မှန်း
တန်းတန်းကြီး သိလျက်သားနဲ့ 
သတိပျက်ပြားပြီး
ညှစ်အားတွေပေးလို့ 
တော်လှန်ရေးကို မွေးခဲ့တယ်…။
နယ်ချဲ့ ဘီလူး
အစွယ်ပြူးမှန်သမျှ
သံဝရနည်းနဲ့ 
ခံချပြီးသကာလ
ဘီလူးက ရုပ်ဖျက်
မင်းသားမျက်နှာဖုံးစွပ်နဲ့ 
လွတ်လပ်စွာ သောင်းကျန်းတော့တယ်…။
သြော်…
လွယ်တဲ့သညာပြုရရင်
နယ်ချဲ့ ရာစုပေါ့…
အလျော်အကန်သညာပြုရရင်
တော်လှန်ရာစုပေါ့…။
ကဲ…
ရာစုအသစ်ကို
တခါထုဆစ်ဖို့ 
ဘာစုလစ်တွေ မွှန်းမလဲ…။ ။
-နေမင်းနီ-
(၂၀၀၀)
ဆေး (နေမင်းနီ)
ကမ္ဘာလောကကြီးဟာ
သူ့တာဝန်တွေကို ထမ်းဆောင်ဖို့ 
ငါတို့ကို ရွေးချယ်လိုက်တယ်…။
တာဝန်တွေကတော့ကွာ
တခြားမဟုတ်ပါဘူး
ကမ္ဘာကြီးကို ပြောင်းပစ်ဖို့ပါ…။
အစပထမတော့
ရုပ်ဓမ္မကျကျ
သူက ပြဋ္ဌာန်းခဲ့တယ်…
ဇာတ်လမ်းတွေ ရှုတ်ထွေး
သူ့တံတွေး သူမမျိုနိုင်ဘဲ
အစိုင်အခဲကြီး တစ်
သူ့မှာ အဖြစ်မရှိတော့ဘူးတဲ့…။
သူကသွန်းထု
သူပြုသမျှ နုခဲ့ရတဲ့
မနုဿလူ့ဇော
ဇာတ်ကြောကို သယ်လာပြီ…။
ထွင်လိုက်ထုတ်လိုက်
ထင်လိုက်လုပ်လိုက်နဲ့ 
ဘုတ်သိုက်ကြီးဖြစ်နေတဲ့
လူတွေရဲ့ လောဘ
အတောသတ်လို့ ရပါ့မလား…။
ပြောင်းဖို့ရာ လိုအပ်ရင်
သူ့အပ်နဲ့ သူ့အစုတ်
ဆက်စပ်လို့ ချိုးဖြုတ်ရလိမ့်မယ်…။
ရေကြောင့် ရွှံ့ ဖြစ်
ရွှံ့ ညစ်ရင် ရေနဲ့ဆေး
ကလေးတောင် သိတယ်…။ ။
-နေမင်းနီ-
ပီသုံးလုံး (နေမင်းနီ)
ပီးပဲလ်
ပါတီ
ပိုယဲ့ထြီ
ပီသုံးလုံးအတွက် အသက်ရှင်…။
အလုပ်သမား၊ လယ်သမား
လူလတ်တန်းစား
အဖိနှိပ်ခံများဆိုတဲ့
ကြီးမားတဲ့ ထုကြီးတခု
ပီးပဲလ်ဆိုတဲ့ ပြည်သူလူထုကြီးပေါ့…။
ရန်ငါပြတ်ပြတ်
စည်းသတ်မှတ်ပြီး
အပြီးသတ်တိုက်ပွဲအတွက်
ပိုင်းဖြတ်မှုလည်းရှိ
မိမိကိုယ်ကိုလည်း ဝေဖန်
အခြေခံမူ ပြန်မပြင်
စံတင်လောက်တဲ့ပါတီ
သမာသမဂ္ဂ၀ါဒီမို့ 
ငါ ကြည်ညိုစိတ်ညွှတ်တယ်…။
ကကြီး ခကွေး
စာလုံးလေးတွေနဲ့ 
နှလုံးသွေးကို ဖော်ထုတ်
ခဏတဖြုတ် အလှကနုတ်ထက်
ဓမ္မအဟုတ် ဘဝသရုပ်ကို
ဆုပ်ဆုပ်ပိုင်ပိုင် တင်ပြ
ရှရှမြမြ ဝေဖန်
မြေဆံဆံ ရေဆန်လမ်းက
ထောင်ကျွမ်းတဲ့
ကလောင်စွမ်းတွေကိုလေ…။
ပီးပဲလ်
ပါတီ
ပိုယဲ့ထြီ
ပီသုံးလုံးအတွက် အသက်ရှင်…။ ။
-နေမင်းနီ-
၂၅၊ ၄၊ ၂၀၀၇
မီးလျံရဲရဲ မီးခဲနီနီ (နေမင်းနီ)
ထိုတော
ပြောရုံသာ တော
ဘာပေါသလဲဆိုရင်
ဆူးချဉ်နဲ့ သျှားစောင်းလက်ပတ်
ကြက်ဆူနဲ့ အမည်မမှတ်တဲ့
ပူပူစပ်စပ် လူသူပြတ်သနဲ့ 
ထူထပ်တဲ့ ဆူးခက်
မြက်ရိုင်းနဲ့ ကိုင်းကြမ်း
'ခွေးသေးပန်း'ပင်တွေပါပဲ…။
တောမဟုတ်ပေမယ့်
သမုတ်တော့ တော…
တောမမှတ်ပေမယ့်
ပညတ်တော့ တော…
ဒီတောလေဗျာ
နွေတရက်မှာ
ကိုင်းခက်တွေ ခြောက်သွေ့ 
မြေငွေ့ တွေ ခြောက်ခမ်း
ရွက်ကြမ်းတွေ ခြောက်ကပ်
ဖြောက်ဖျပ်…ဖြောက်ဖျပ်နဲ့ 
လေအခတ်မှာ
ထိုးသတ်လို့  ကျိုးပြတ်ကုန်ကြ
ခဏကြာတော့
လောင်စာလည်း မတို့ 
ရှို့ သူလည်း မရှိ
ညှိသူလည်း မပါ
ဆူးကြားမှာ ကြယ်တပွင့်
နှစ်ပွင့် … သုံးပွင့်
တပွင့်ပြီးတပွင့်ပွား
တဖွားပြီးတဖွားထ
အဲဒီကစပြီး
မီးတောက်တွေ ကူးယှက်
မီးလက်တွေ သွယ်ထိုး
မီးခိုးတွေ အူအူထလို့ 
ပြာကျသွားခဲ့ပါသတဲ့…။
မီးညွန့် ငွေ့ ငွေ့ 
မသေ့တသေ၊ မီးလောင်မြေမှာ
သူအနာဂတ်၊ ဆုံးဖြတ်ပေးဖို့ 
ကျနော်တို့ဟာ
ဘာကိုရွေးချယ်ကြမလဲ…
ကဲကဲ… မြေကိုတူးဆွ
အငုတ်အစတွေ ကော်ထုတ်
တောအုပ်တခုပျိုး
ခင်ဗျားကို အားကိုးပါတယ်…။ ။
(ဇွန် ၆ အလုပ်သမားသပိတ်ကြီးအား ဂုဏ်ပြုလျက်)
-နေမင်းနီ-
(၆၊ ၆၊ ၂၀၀၀)
ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ (နေမင်းနီ)
ယုံကြည်ချက်နဲ့ အမှန်တရား
ခြားနားလိုက်တဲ့အခါ
အဖြေဟာ သုည
(ဒီလိုနဲ့ )
သူပုန်ထဖြစ်ခဲ့ပါတယ်…။
ဆယ်ကျော်သက်ရွယ်မို့ 
'ငယ်ဖြူ'လို့ ပဲ ဆိုပါတော့…။
ငယ်သူမို့လည်း
ဘယ်သူမဆို ဆရာတင်
ပြည်သူကို ဘဂဝါအမြင်နဲ့ 
အာဏာရှင်ကို စည်းပြတ်
ရပ်တည်ချက်ဟာ ကြီးမြတ်
အပြီးသတ်အောင်ပွဲကို ရည်သန်ခဲ့တယ်…။
ရှင်သန်ခဲ့တဲ့ နှစ်သုံးဆယ်မှာ
ကျောင်းပညာက ဆယ့်ငါးနှစ်
ဘဝတက္ကသိုလ်က ဆယ့်ငါးနှစ်
ကျုပ် လူတတ်ကြီးဖြစ်ပြီလား…။
ဘ၀ရဲ့ အစူအစဉ်မှာ
တော်လှန်ရေးထဲ စီးဝင်ပြီး
မီးပင်လယ်နဲ့ ဒါးတောင်တန်းကို
အောင်ပွဲရမယ်ဆိုတာ
သေချာနေတဲ့အတွက်
ဆက်လက်ချီတက်ရပါဦးမယ်…။ ။
-နေမင်းနီ-
ကြယ်နီများစွာရဲ့အရုဏ် (နေမင်းနီ)
ပြည်တွင်းစစ်က တဝက်
ဖက်ဆစ်နယ်ချဲ့တို့က တဝက်
ရာသက်ပန်ဆုတောင်းကြီး မကောင်းခဲ့ရှာလို့လား
နှစ်တရာဟာ နိုင်ငံရေး
နှစ်တရာဟာ အမျိုးသားရေး
နှစ်တရာဟာ တော်လှန်ရေးပါ…
အရုဏ်တက်မယ်ကြံတိုင်း
မိုးမှောင်က ကျ
အောင်ပွဲအခမ်းအနားအစ
တိုက်ပွဲသစ်က ထပ်ပေါ်
ရှော်လိုက်တဲ့ ကံကြမ္မာနှယ်…။
ဒီတိုင်းပြည်ဟာ
အာဏာရှင်အပြောင်းအလဲအပြင်
ဒီမိုကရေစီ အရည်ကျဲကျဲလည်း
နည်းနည်းတော့ ကြုံဖူးတယ်…
အငုံအဖူးလေးကိုမှ
ခုန်ခူးလိုက်ကြတာဗျို…
အကိုင်းကိုညွှတ်
ပန်းကိုဆွတ်မည်
လက်လွှတ်ရမှာ စိုးသတဲ့…
အကိုင်းလည်းကျိုး
ပန်းလည်းညှိုးတော့
'တွေးမိတိုင်း အရိုးနာရတယ်'
အဖိုးဆရာဖေရဲ့
ကဗျာကဝေ ပညတ်ကြောင့်
ဓါတ်သက်များ ပါရော့သလား
လင်မယား ရန်ဖြစ်တော့
မီးဖိုချောင် ခွေးစာဖြစ်တော့တာပေါ့…။
သမဆိုင် ပစ္စည်းပေးသလို
လွတ်လပ်ရေးနဲ့ တွဲယူလိုက်ရတဲ့
ပြည်တွင်းစစ်မီးပူပူဟာ
အာဏာရှင်အဆိပ်ခွက်ကို
ချက်ပြုတ်ပေးခဲ့တယ်လေ…
ခွေးသားဆို ကြော်မကောင်းလို့ 
ဆိတ်ခေါင်းကို ဆိုင်မှာချိတ်
အရိပ်မထွက်လို့ ဘီလူးမှန်း သိတော့မှ
ဘီလူးလက်က ကလေးကို
မဟော်သဓာ ယူပေးနိုးနဲ့ 
မျှော်ကိုးတဲ့သူတွေလည်း ရှိရဲ့ 
သတိကောင်းသူများကတော့
အသားအနာခံပြီး
ကာကွယ်ဆေး ထိုးပေးခဲ့ကြတယ်…။
မုန်း၍မဟူ
ချစ်ရသူတွေမို့ 
တဂူထဲမှာ နှစ်ကောင်မအောင်း
လက်ခမောင်းခတ်
စည်းပြတ်ပြတ် တံတွေးဆွတ်
နည်းနည်းမှ ဦးမညွှတ်ခဲ့ကြဘူး…
ညနေရီ မှန်ကွဲစတွေဟာ
ညအခါ မိုးပေါ်တက်ပြီး
လက်ကနဲ ဝင့်ခဲ့ကြတယ်လေ…။
ဖိနှိပ်မှုဆိုတာ သိချင်ရင်
အာဏာရှင်ဆိုတာ သိချင်ရင်
စံနမူနာတင်ရမယ့်တိုင်းပြည်…
ဒီမိုကရေစီဆိတ်သုဉ်း
ပြည်တွင်းစစ်မီး တဟုန်းဟုန်းနဲ့ 
အုန်းကနဲ ဒိုင်းကနဲ
ပေါက်ကွဲထွက်လာတဲ့
သပိတ်တိုက်ပွဲ အာခံပွဲ
ဖီဆန်ပွဲတွေဟာ
ကျည်ဆံကလွဲလို့ 
နည်းနည်းမှ တုန့်ပြန်မှုမရှိ
သူ့ကိုယ်သူ သိနေတဲ့ပြည်သူဟာ
ကျည်ဆံကိုလည်း ရှာခဲ့ဖူးတယ်…။
ရိုးပြက်တွေကြားမှာ
မြရာတောတခိုမှာ
ဟိုမှာဒီမှာ
စုတ်ချာချာ တလက်နှစ်လက်နဲ့ 
စက်သေနတ်ကို အာခံ
လေယာဉ်ပျံကို လှမ်းထု
ကျွမ်းလုလု ရိုးမရယ်
မြသားကြယ်စင်တွေကို
သင်ဘယ်လိုလက်ခံပြီး
မနက်ဖြန်ကို ယုံခဲ့ရတာလဲ…။
ပြည်သူကို ဦးထိပ်ပန်
သူပုန်သကန်ဖြစ်ခဲ့ရတဲ့ ကြယ်နီ…
ပြည်သူကို သစ္စာဆို
တောခိုခဲ့ရတဲ့ ကြယ်နီ…
ပြည်သူကို ရင်မှာပိုက်
ကြိုးတိုက်ထဲက ကြယ်နီ…
ပြည်သူကို တိုင်တည်ကျိန်
နရသိန်ထဲက ကြယ်နီ…
ပြည်သူကို သစ္စာတိုင်
ရေကြည်အိုင်က ကြယ်နီ….
ပြည်သူအတွက် မြေတခြားမှာ
ကြွေသွားရှာတဲ့ ကြယ်နီ…
စစ်တောင်း သံလွင် ဧရာဝတီ
ရွှေလီနဲ့ မုတ္တမ
မြစ်များစွာသို့ ခ
ကြွေကျခဲ့ရတဲ့ ကြယ်နီ…
ပြည်သူတွေအနာဂတ်မှာ
ပုံအပ်ခဲ့တဲ့ ကြယ်နီ…
ပြည်သူ့ရင်ခွင်မှာ
ထာဝရရှိနေမယ့်ကြယ်နီ…
……………………..
…………………….
ဒီကြယ်နီများစွာဟာ
အရုဏ်တွေကို ကိုယ်စားပြု
လွတ်မြောက်မှုရဲ့ သင်္ကေတ
တော်လှန်ရေး စခန်းဝကို
အမြဲလမ်းပြပေးနေတယ်…။
မကြာခင် လေပြင်းကျ
မိုးမှောင်ကို ခွါချ
အရုဏ်ဟာ ကြည်မြ
အဲဒီအခါကျမှ
အညတရ တောက်ပခဲ့တဲ့ကြယ်နီတွေကို
ရေစက်သွန်းချ
အမျှပေးဝေကြပါစို့ …။ ။
-နေမင်းနီ-
နှစ်သစ်ဖိတ်စာ (နေမင်းနီ)
နှစ်အဟောင်းမှာ
အရာရာကိုနှုတ်ဆက်
ခရီးထွက်ကြရအောင်…။
နှစ်အသစ်မှာ
အရာရာကိုပွေ့ဖက်
စစ်ထွက်ကြရအောင်…။ ။
-နေမင်းနီ-
ကျုပ်အိမ်နံက် (နေမင်းနီ)
ဘုရားကျောင်းက
ခေါင်းလောင်းလှုပ်နှိုး၊ မိုးကုတ်ကျိုးသော်
မိရိုးဖလာ၊ ကိုးကွယ်ရာထင့်
ခရစ်သျှနာ ရာမ၊ ကျောင်းတော်ဝ၌
ကျားမပျိုအို
ရေအိုးကိုယ်စီ၊ နေမင်းဆီသို့
မြှောက်ချီကော်ရော်
ပူဇော်သမှု နေ့တိုင်းပြု၏…။
အိမ့်ရှင်ကုလား၊ သူ့မယားလည်း
အားကြီးစောထ၊ ညှော်နံ့စပြီ
မြို့ပြကျီးကန်း၊ ဓါတ်ကြိုးတန်းမှာ
ဇတ်ရမ်းဆတ်ဆတ်၊ အစာဟပ်ပြီ
ရပ်ကွက်စောင့်ကုလား၊ တဆိုင်းနားပြီး
ကားဆေးဖုန်သုတ်၊ သူဆက်လုပ်သော်
လေမှုတ်ခရုသင်း နေ့တိုင်းညှင်း၏…။
ဇွန်းသံခွက်သံ၊ ရေကျသံနဲ့
ဟွန်းသံဟဲသံ၊ ခွေးရိုက်သံတို့
ညံညံပွက်ကာ၊ လန့်နိုးလာသော်
ကဗျာအိပ်မက် နေ့တိုင်းပျက်၏…။
ထွက်ထွက် ထထ
အိမ့်ရှင်မ…
သမီးလှ သေးဟ
လျှော်ချေပ…။ ။
-နေမင်းနီ-
(၂၀၀၇)
မိုးသံဖြောက်ဖြောက် ကိုးသံပေါက် (နေမင်းနီ)

တော်လေးဝကျန်
ပဉ္စမံ
သက်နှံဘဝ ကြင်ဖော်ပ…။
ထမီစုတ်စုတ်
အိမ်မှုလုပ်
တကုပ်ကုပ်နဲ့ အိမ့်ရှင်မ…။
အာခေါင်ခြစ်ကာ
ဟစ်ငိုတာ
ဗိုက်ဆာပါစ သမီးလှ…။
ထမင်းတဆုပ်
အာလူးပြုတ်
ရိုက်ပုတ်ကျွေးရ မျက်ရည်စ…။
အူခြောက်သုံးခွေ
စိုဖို့လေ
ဖေဖေတာဝန် ရှိပါတယ်…။
(ချစ်သမီး)
ကြီးရင်ကျောင်းထား
စုငွေကြား
ငါးဆယ်တန်လေး နုတ်ခဲ့တယ်…။
(အပြန်လမ်း)
ဆန်ကြမ်းတထုပ်
ပဲတဆုပ်
ငရုတ်ထောင်းဖို့ ရခဲ့တယ်…။
နွားနို့တခွက်
သမီးတွက်
ကျိုချက်တိုက်ဖို့ ရခဲ့တယ်…။
ပဲဟင်းရည်က ပူပူကျဲ
ငရုတ်ထောင်းက ရှူရှူရှဲ
သမီးလေးက ရှူရှူရွှဲ…။ ။
-နေမင်းနီ-
(၂၀၀၇) မိုးတရက်
နေမင်းနီ၏ လမင်းငယ် (နေမင်းနီ)
လာဆုံကြရတာကိုက
တစပြင်ကြီးမှာပါ…။
ဘ၀အသိအမြင်ကို
အလှဝိဉာဉ် ရင်မှာချိတ်ပြီး
ပိုက်စိတ်တိုက် ရှာဖို့ရာကလည်း
ဖြစ်နိုင်ခဲလှပါဘိခြင်းကွယ်…။
အလှမြူရိပ်မှာ
ဘ၀အပူသိပ်ပြီး
မှေးအိပ်ဖို့ ဆိုတာကရော
ရှာကြံပြောလို့တော့ ရတာပေါ့…။
သူတကာတွေ ငိုကြွေးလို့ 
ဟိုဘေး ဒီဘေး ဆိုက်နေချိန်မှာ
မင်းနဲ့ငါ ပွေ့ ပိုက်
နမ်းရှိုက်ယုယနေဖို့ဆိုတာ
သိပ်ရက်စက်ရာရောက်ပါတယ်လေ…။
ဒီစစ်တွေကြားမှာ
ဒီအချစ်တွေ ပွားနိုင်ဖို့ဆိုတာ
'ဗားတော့ဗရက်'ကတော့
မေးငေါ့မှာ သေချာတယ်…။
တကယ်တော့လည်း
ချစ်ခြင်းမေတ္တာဆိုတာ
ဖြစ်ခြင်းဖြစ်လာရင်
သူ့အလွှာနဲ့သူမှပါ
သူ့ဘဝမှာ သူရပ်
သူ့အမှတ်ပေးစည်းမျဉ်းနဲ့ သူ
အဲသလို မူသတ်မှတ်ပြီးသားမို့ 
ဒို့များက မျက်စိမှိတ်
ကြိတ်ချစ်နေကြမယ်ဆိုတာ
စိတ်ညစ်စေကြရုံပါပဲ…။
ငါတို့ရဲ့ဘဝ
ငါတို့ မရနိုင်တော့မှန်း သိလိုက်ရတဲ့အခါ
ငါလေ…
သံသရာကိုတောင် ယုံချင်လာပြီကွဲ့ …။
အလှတရားခရီးမှာ
ဘဝရထားစီးပြီး
ဘသားကြီး နှင်ပါလေ…လို့ 
ဘုရားသခင်လား ဘယ်သူလား
ဆုံးမသွားတာတော့ ကြားဖူးရဲ့ 
ငါ့နားမှာ အဆိပ်တက်
အဲဒါ… ငါ့အိပ်မက်ပေါ့…။
ဒီတော့ကွယ် ညီမ
ငြင်းဆိုလို့ မရတဲ့
ရုပ်ဓမ္မရဲ့ ပြဋ္ဌာန်းချက်ကို
ဘဝလမ်းသက်သက်အဖြစ်
ယုံကြည်ချက်ပွေ့ ပြီး
စွေ့ ကနဲ ခုန်တက်
ခရီးတခု ဆက်ရမယ့်ငါ့မှာ
ပန်းနုရောင် လမင်းအဖြစ်နဲ့ 
မင့်နှုတ်ခမ်းတွေကို
မူးယစ်နေလို့ မဖြစ်တော့ဘူးကွယ်…။
ငါ့စခန်းနဲ့ ငါ့လမ်း
ငါ့ငြမ်းနဲ့ ငါ့နန်းကို
တလှမ်းချင်းဖြစ်ဖြစ်
တထစ်ချင်း တက်တက်
အဲဒီက ဆူးခက်ကလေးတွေဟာ
မင်းရဲ့ လက်ချောင်းလေးတွေလိုပေါ့…။
မင်းလမ်းတာ မင်းခရီး
မင်းနည်းနဲ့ မင်းနှင်လို့ 
မင့်အမြင် မင့်အတွေး
မင့်ရှေ့ ရေး မင်းရွေးချယ်
အင်း… ခက်တော့ ခက်တယ်ကွယ်
မင့်အရွယ် မရင့်တယ်မို့ 
အပွင့်ငယ် လွှင့်လွယ်လှပါဘိသနဲ့ 
မကြည့်ရက်တာတွေကိုတော့များ
ကြားတောင် မကြားရက်ဘူးကွယ်…။
အကယ်၍ပေါ့
ငါ့စကားအလင်္ကာတွေကို
မင့်ဘုရားသခင်သာ ကြားမယ်ဆိုရင်
ဆုတောင်းလိုက်ချင်စမ်းပါဘိ
"မင်းရယ် ငါရယ်
အဘယ်သို့ သော စစ်ကာလမှာမှ
ပြန်မဆုံကြစတမ်းပေါ့ကွယ်…"…။ ။
-နေမင်းနီ-
(၃၀၊ ၁၀၊ ၂၀၀၁) မဲဟောင်ဆောင်
ရာဇဝင်များကို သတ္တုချခြင်း (နေမင်းနီ)
ဒီလှိုင်းခက်ထန်
မြစ်နက်သန်များ
တံတားထိုးကြသည်...။
တံတားဆိုတာ
အလာအသွား
လူအများကို
ပြားပြားစင်းခံ
အနေမှန်သတဲ့...။
ဟုတ်တယ်နော်...
လူပေါ် တံတားရောက်
လူက အောက်ရောက်
လူ့အောက်က မြစ်
ဒီအတိုင်းဖြစ်နိုင်မလား
ဟားဟား...။
တံတားတခု
ရှိတည်မှုဟာ
သဘာဝဆန်ဆန်နဲ့
ပဓါနအမှန်ဖြစ်တယ်ဆိုတာ
(ဟောဒီကဗျာက...)
အာမခံတယ်ဟေ့...။ ။
-နေမင်းနီ-
('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)
ချီတက်ပွဲ (နေမင်းနီ)
ငှက်ကလေးတွေ
နေကိုပြေးတိုက်
သိပ်မိုက်ကန်းတယ်...။
တောင်စွယ်တောအုပ်
နေကိုမြှုပ်တဲ့
သုဿန်ကြီးလိုဖြစ်တော့မယ်...။ ။
-နေမင်းနီ-
('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)
တည်ဆောက်ရေး (နေမင်းနီ)
အုတ်တချပ် ဆင့်ဆင့်
သဲတပွင့် ဖြည့်ဖြည့်
ပြည့်စုံမှုဆိုတာ
ခင်ဗျားမပါဘဲ မရဘူး...။
အုတ်တချပ်ကွဲကွဲ
သဲတပွင့်လျော့လျော့
အသဲပျော့တဲ့အထဲမှာ
ခင်ဗျားပါလို့မဖြစ်ဘူး...။ ။
-နေမင်းနီ-
ညီညွတ်ရေး (နေမင်းနီ)
လက်ညှိုးတချောင်း
အားကောင်းနေတယ်...
လက်မတချောင်း
အားကောင်းနေတယ်...
လက်ငါးချောင်းနဲ့
ပေါင်းရမယ့် လက်သီးဆုပ်
အားယုတ်နေသလား...။ ။
-နေမင်းနီ-
('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)
အညတရ (နေမင်းနီ)
တပွင့်တရွက်
အသစ်ထွက်သော်
မြေထက်မှာပင် လူမြင်၏...။
ခိုင်မာဖျစ်ညှစ်
မြေကိုချစ်သည့်
အမြစ်ကြမ္မာ ဆိုးလှဘိ...။ ။
-နေမင်းနီ-
('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)
အန်အယ်ဒီဘွဲ့ (နေမင်းနီ)
ပြည်သူ့ပါတီ
အန်အယ်ဒီဟေ့...။
မုန်တိုင်းကိုဆန်
ငှက်တို့မာန်နဲ့
လေဆန်ကိုနှင်
လှေအသွင်နဲ့
ပင်မြင့်သလောက်
လျှပ်မကြောက်ဘဲ
တောက်လျှောက်ချီတက်သွားမယ်ဟေ့...။ ။
-နေမင်းနီ-
('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)
မီးပင်လယ်ကို ဖြတ်လိုသူသို့ (နေမင်းနီ)
မေ ၂၇ (နေမင်းနီ)
မမေ့ဘူး
နေ့ထူးတဲ့ ဒီအခါ...။
အကြောင်းရန်ရှာ မောင်းပြန်ဝမှာ
သောင်းညံစွာ ဗြောင်းဆန်ပြခဲ့တဲ့
ဆန္ဒသစ္စာ...။ ။
-နေမင်းနီ-
('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)
ရွက်ကျပင်တို့၏သမိုင်း (နေမင်းနီ)
တရွက်ကြွေရင်
ကြွေတဲ့တရွက်
မျိုးဆက်ဖွင့်ချ
လောကအားလုံး ရဲရဲနီ...။ ။
-နေမင်းနီ-
('နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီး။)
လျှာနဲ့သွား (၁) (နေမင်းနီ)
ယောက်ျားတယောက်ဟာ
ပေါက်ပြားပေါက်ရုံပဲ အသုံးကျသတဲ့
အတုံးအအ
အဖြုန်းအနတွေ...လို့
အမုန်းစတွေနဲ့ ရန်စ
တန်ပါ့ မဘုရား...။
မယားနဲ့နွား
မသနားရဘူး...တဲ့
အားဗလမှူးများရဲ့
စကားက အစူးသား
ဟေ့! မကြားကြဘူးလား...။ ။
-နေမင်းနီ-
('ချိုးလင်းပြာ'မှာ ဖော်ပြပြီး။)
ဒဿနပုံပြင် အမှတ် (၅) သစ္စာရှာဖို့ ငါမီးထွန်းမယ် (နေမင်းနီ)

သစ္စာကို မမြင်ခြင်း
အ၀ိဇ္ဇာမြူနှင်းတွေက
အတင်းပိတ်ဆို့ထားသတဲ့
'ကိုစောညိန်း'ရဲ့ လက်ရာ
'သစ္စာ…'ဆိုတဲ့သီချင်း
မင်း ကြားဖူးမှာပေါ့…
ကမ္ဘာကမ္ဘာ့တလွှားမှာ
ရှာမှရှားတဲ့
ကဗျာဆရာ့မယားပေပဲ…
ကဲကဲ ရှင်မ
မမြင်ရတဲ့ အကန်းတယောက်
သူဘယ်လို လမ်းလျှောက်သလဲဆိုတာ
မြူစိုစို ကြမ်းပေါက်နဲ့
တူနှစ်ကိုယ် နန်းအောက်မှာ…
"လာပြန်ပြီ ရှင့်စကား
တရားမှတ်လို့ သည်းခံ
ညည်းပြန်တော့လည်း ဘရိတ်မပေး
စိတ်အတွေးနက်လို့
အိပ်ရေးပျက်ရတယ်ဆိုတာ
ကျမ လက်ခံနိုင်ပါတယ်…
ဘယ်လိုတော် ခုဟာက
အရည်မရ အဖတ်မရ
ဝဋ်ရှိသမျှ နားညည်း
ချမ်းချမ်းစီးစီးတော်…"
ဪ… တရက်တလေ ဓမ္မရိပ်မှာ
အိပ်စရာ အဆင်သင့်
မင့်မို့လို့ ငြင်းရက်တယ်…
အင်း… ခက်တယ်ကွယ်
မင့်နှယ်နှယ် တခါကပေါ့
အကျိုးဆော့ အကန်းမော့ ဆိုသလို
ဟိုဟိုဒီဒီ ထင်ရာစိုင်းနေတဲ့
အမြင်ချာ ဘလိုင်းကြီးတယောက်
တုတ်ကောက်နဲ့ လျှောက်သွား…
"ဒါက ဘာစကားလဲ…"
ဟဲဟဲ… တင်စားတာပါကွာ
အကြင်နာအပြောတွေကို
အလင်္ကာသဘောနဲ့
ယှဉ်စရာ လောသွားလို့ပါ…
ဒီလိုကွယ် တခါက
ဘယ်နေရာ ဘယ်လမ်းကြား
ဘယ်အိမ်နား ဘယ်သစ်ပင်
ဘယ်နှစ်လှမ်း လှမ်းရင် ဘယ်ရောက်
ဘယ်အိမ်အောက် ဘယ်ခွေးရှိတယ်ဆိုတာ
တပ်အပ်ကို သိထားတဲ့
ဘုရားစူး မျက်ကန်းတယောက်
ဒုတ်ကောက်တချောင်းနဲ့
အဟုတ်လျှောက်ညောင်းနေသတဲ့…
အဲ့ဒီမှာတရက်
"ကန်းသက်ရင့်လို့
လမ်းထွက်လင့်ကစား
လမ်းကြားမှာ မီးမရှိလို့
ခင်ဗျားအတွက် ကိစ္စမရှိဘူး
မီးထွန်းမှ မြင်ရမယ့်
လမ်းထဲက လူတွေအတွက်
မီးခွက်လေးတလုံးတော့ ဆောင်ထား
ဒါမှ ခင်ဗျားကို ၀င်မတိုက်မိမှာ…"လို့
ပညာရှင်တယောက်က အကြံပေးသတဲ့
နှစ်ပြန်တွေးစရာတောင် မလိုတဲ့
ဉာဏ်ပြေးတဲ့အကြံကောင်းမို့
လက်ခံလိုက်ပါသတဲ့…
ဒီလိုနဲ့ နောက်တရက်
ဘယ်လက်က မီးခွက်
ညာလက်က ဒုတ်ကောက်နဲ့
ရွာရိုးကိုးပေါက်
လျှောက်သွားနေတုန်း
ဗြုန်းကနဲဆို
ငနဲတယောက်က ၀င်အတိုက်…
"ဟကောင်ရ
မမြင်ဘူးလားကွ…
ငါ့လို ကန်းထားရင်လည်း
ငါ့လို စမ်းသွားပါလား…
မီးထွန်းထားတာတောင် မမြင်ရအောင်
ဗမာလို မိုက်လို့တိုက်တာလား
ရခိုင်လို မိုက်လို့တိုက်တာလား…"
လမ်းကြားငယ် အမြှောင်လေးမှာ
တောင်ဝှေးနဲ့ ရမ်းရွယ်ရင်း
လှမ်းတွယ်လိုက်တဲ့ သူ့စကားက
ဘုအသွားတွေ အပြည့်ပေါ့…
"ဟောတော့်…
တော့်အကန်းကလည်း
အဟော့ရမ်းသား…"
အေး… အဲဒါကို ကြားသွားတဲ့
ဟိုငနဲသားကလည်း
ပက်ကနဲ ပြန်ပြောလိုက်တာပေါ့…
"ဘယ်မှာလဲ ခင်ဗျားမီး
ငြိမ်းနေတဲ့ မီးခွက်ကြီးကို
အညောင်းခံပြီး ကိုင်လာတာ
အံ့ပါ့ဗျာ…"တဲ့
ဒါပါပဲ ရှင်မ
မမြင်ရတဲ့ အလွန်ကမ်းကို
ပြင်မရတဲ့ အစွံအကန်းတွေနဲ့
ကျွံမှန်းကြည့်လို့လည်း မရ
အခွံစမ်းကြည့်လို့လည်း မ၀လေတော့
ညွန်လမ်းမှာ နစ်လိုနစ်
ပြွန်နှုတ်ခမ်းမှာ တစ်လိုတစ်
သလွန်နန်းမှာ ယစ်လိုယစ်
ဖြစ်ချင်ရာ ဖြစ်နေကြတဲ့ ဒီလောကကြီးမှာ
ဖြစ်ချင်တာတွေ ဖြစ်မလာဘဲ
မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ
စိတ်ပျက်အားငယ်တယ်ဆိုတာ
အချိန်ဖြုန်းတာပါပဲ…
မဖြစ်ချင်တာတွေတောင်မှ
ဖြစ်လာကြသေးတာပဲကွာ
ဖြစ်ချင်တာတွေဟာ
ဘာကြောင့်ဖြစ်မလာရမှာလဲ…
ကဲကဲ… အိပ်စို့
ဒို့အဖို့ အိပ်မက်တွေကို
ဟောဟိုမြူနှင်းတွေက
ဆောင်ကြဉ်းပေးကြပါလိမ့်မယ် ရှင်မရယ်…။ ။
-နေမင်းနီ-
('ပန်းစကား'မဂ္ဂဇင်း အမှတ် ၂၁ တွင် ဖော်ပြပြီး။)
ဒဿနပုံပြင် အမှတ် (၄) ဆင့်နားရွက်တွင်းက ပိုးပုရွက်အကင်း (နေမင်းနီ)

အရက်သမားရယ်လို့လည်း
အတွက်မမှားလိုက်ပါနဲ့
တခွက် တဖလားတောင်မှ
အရှက်တရားနဲ့
ရက်ခြားခြားမျိုသမို့
အို့…နံသလားကွဲ့ရှင်မ
မခံစားချင်လှရင်လည်း
ဉာဏ်ကစားကာ တင်ပြမယ်
နင်ခဏတာ နှလုံးသွင်း…
"နံလိုက်လေခြင်း…နံလိုက်လေခြင်း"လို့
သည်းခံခြင်း ဝိပဿနာအမှုနဲ့
ကြည့်မှတ်ကာ ရှုပေရော့
တခါကပေါ့…
"တော့်ဖာသာပြော
(ဟောရင်းသာ ပျံလွန်တော်မူမည်
ဆံဖြူဖြူတခွက်ကယ်မျှ
ထွက်လိမ့်မည်မထင်)…"
ကြင်နာလှချည်လား ရှင်မရယ်
အရင်ညက ဖရဲသီး
ပွဲပြီးအောင်တောင် မစောင့်
ငါ့မှာဖြင့် စနိုးစနောင့်နဲ့
အောင့်သက်သက်ကြီးကွာ…
တကယ်ပါ ဒီတခါ
ရယ်စရာ နိဂုံးမို့
ပြုံးနေမှာ မင့်မျက်နှာ
သေချာပါတယ်…
ဒီလိုကွယ် တခါက
ဧရာမ ဆင်ကြီးတကောင်
တောင်နှစ်လုံးကြားက
ချောက်ကမ်းပါးတခုကို
အိုမင်းရိရွဲ့
ယိုင်နဲ့နေတဲ့ ကြိုးတံတားနဲ့
ကိုးယိုးကားယား ဖြတ်သွားသတဲ့…
မြင်ရဲ့လား မျက်စိထဲ
ကဲကဲ…ဒီလိုကြည့်…
ဘယ်အိတော့…ညာပြောင်း
ညာစောင်းတော့…ဘယ်ချ
ဘယ်ကျတော့…ညာမြောက်
ညာထောက်တော့…ဘယ်မြင့်
သစ်ရွက်ကြွေ လေမှာလွင့်သလို
ဟိုယိမ်း ဒီနွဲ့နဲ့
ကိုယ်အထိန်းသာ မညီခဲ့ရင်
ရှင်မရယ်…
အောက်မှာကလည်း
နည်းတဲ့ချောက်ကြီးမှမဟုတ်တာ
အသူတရာ မဟူရာမှုန်းသလို
အဖြူအပြာ အငူလွှာအဆုံးကို
လုံးလုံးမမြင်ရဘူးကွဲ့…
ဒါပေမယ့် သူ့ခမျာ
လာလမ်းကိုလည်း မလှည့်နိုင်
ထိုင်နေလို့ကလည်း မဆန့်
ကလန့်ကလား မတန့်မနားဘဲ
အရဲတင်းလျှောက်
ဘယ့်ကလောက် ရင်ခုန်လိုက်မလဲ…
နည်းနည်းချင်းလှမ်း
အရဲအတင်း ကြမ်းလို့ကတော့
လွမ်းစရာလေးပေါ့ ရှင်မရယ်…
ဆင်မယဉ်သာ ဆိုသလို
အညင်တကာ့ အညင်သာလှမ်း
ဒီလိုနဲ့ ဟိုဖက်ကမ်းကို
စမ်းမိတဲ့အခါမှာတော့…
ပေါ့ပါးစွာ သက်ပြင်းအချ
ဘယ်တုန်းက ဘယ်လို
ခိုကပ်ပါလာတယ်မသိ
နားထဲမှာ ယားကျိယားကျိနဲ့
ပိစိကွေး ပုရွက်ဆိတ်
သူ့ကိုလာ မိတ်ဆက်သတဲ့…
"ကျုပ်နဲ့ခင်ဗျား
ဖြတ်လျှောက်သွားလိုက်တာ
ဗျာ… တံတားကြီးကို လှုပ်ရမ်း
တကယ့် စွန့်စားခန်းကြီးပါပဲ"…တဲ့
ကဲ…ဘယ့်နှယ့်လဲရှင်မ
ကျင့်သားရသွားပလား
လင့်တရားဓမ္မတွေနဲ့
အရင့်အခါးဘဝတွေကို
ကစဥ့်ကလျား လွင့်ပါးစေပြီး
မညည်းမငြူ ခရီးအတူဆက်ရှာတဲ့
အမြည်းမဟူ သည်းအူသက်လျာရဲ့
တရက်တခါ ပက်စရာ အရက်မှာ ရေနှင့်ရော
မတတ်သာ စွက်ကာ အမျက်အနာတွေဖြင့်ပေါ့…။ ။
-နေမင်းနီ-
(ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။)
ဒဿနပုံပြင် အမှတ် (၃) ဖရဲသီး သရဲကြီးမဟုတ်ပါ (နေမင်းနီ)

တကျောင်းတထုံးသာပ
ခေါင်းအုံးစရာ ချည်အရှုတ် နှစ်ထုပ်ကယ်နဲ့
မပြေမပြုတ် မလှုပ်ရအောင်
အထည်အစုတ်အနုတ် တထည်လွှမ်း
ချမ်းသလားကွဲ့ရှင်မ
အရင်ညက ပုံပြင်
ဇာတ်ဆုံးအောင် မဆင်ပေမယ့်
သက်ဘုန်းမောင် သီပြမယ့်
ဒီတညရဲ့ ပုံပြင်ကတော့…
"တော့နှယ်
မောလည်း မောနိုင်ဘူး"
ရှူး တိုးတိုး
စိတ်မဆိုးပါနဲ့ရှင်မရာ
တဒင်္ဂသာ မအိပ်ပါနဲ့
နင်ကသာ စိတ်ပါရင်
သိပ်မကြာပါဘူးကွာ…
တခါကပေါ့
ရွာလည်အကျူး
ဦးတည့်ရာလျှောက်
လူတယောက်ပေါ့…
"ဟောတော့
ပြောရော့မယ်တခါ
အဲဒါက ပြီးပြီးသား…"
ရောမသွားပါနဲ့
ဒါက တမျိုး
မင်း ဘယ်ဆိုးလို့လဲ
နည်းနည်းတော့ မှတ်မိသား…
ထားလိုက်ပါကွာ၊ ဒါကတယောက်
တယောက်မှ တယောက်ထဲ
အဖော်ကွဲလို့
အပျော်စဲရရှာတဲ့
ရော်လဲရွက်ဝါ
တောက်!
ကဗျာဆန်လိုက်တာ ရှင်မရာ…
ဒီလိုနဲ့ ထွက်အလာ
ရွာတရွာအရောက်
ရွာခံတယောက်က ပြောတယ်…
"ဒီမယ်မိတ်ဆွေ
ဒီရွာနေ ဒီရွာစား
ကြိုက်သလို နားပါ…
ဒါပေမယ့်တဆိတ်
ရွာရိပ်က အပြင်ထွက်
ဟို အခင်းဘက်ကိုတော့
အလျဉ်းမကပ်မိစေနဲ့…
အဲ့ဒီမှာ တပ်စွဲ
သဘက်သရဲ အနက်မဲကြီးတကောင်
အကြောင်အကျားနဲ့
ထောင်လွှားနေတတ်တယ်…"
"ဘယ်လိုဗျ…ဘယ်လို
ဟို…သရဲ…ဟုတ်လား
ကျုပ် မကြားဖူးပေါင်ဗျာ
လာပါခဏ လိုက်ပြစမ်းပါ…"
"ဒါဆိုလာ
အဲဒီမှာ စခန်း
သရဲကြီး သောင်းကျန်းနေတာ
ဟို ချောင်းကမ်းလေး အစပ်မှာ…"
လိုက်ပြရှာတဲ့ ရွာသားတစု
ပုနေအောင် ကုတ်
တုန်လှုပ်နေကြရတဲ့သရဲ
ပြူးဖြဲကြည့်လိုက်တော့မှ…
"ဟ! ဒါလားက သရဲကြီး
မှတ်ထား အဲဒါ
ဖရဲသီးကွ…ဖရဲသီး
-ခွီးတဲ့မှပဲ
အစေ့နဲ့အခွံထွေး
ကျန်တာ အကုန်လွေးလို့ရတယ်
ဒီမယ် ကျုပ်စားပြမယ်…"ဆို
အထုပ်ကြားက အဆောင်ဒါးနဲ့
အကြောင်အကျား ဖရဲသီးကို
ခွဲပြီး ခွဲပြီး ခြမ်း
တရွှမ်းရွှမ်း စားပြလိုက်သတဲ့…
ဝါးမရတဲ့ ဖရဲခွံကို
သဲအစွန်မှာချ
ခပ်လှမ်းလှမ်းက ကြည့်နေတဲ့လူအုပ်
တခါတည်း တပ်ဆုတ်ပြီး…
"ဘီလူးကြီးဟေ့…ဘီလူးကြီးဟ
သရဲကိုတောင် စားပြတဲ့ ဘီလူးကြီးဟ
ပြေးကြ…ပြေးကြ…"
ဟဲ့…ရှင်မ
ရှင်မ…။ ။
-နေမင်းနီ-
(ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။)
ဖရဲသီး သရဲကြီးမဟုတ်ပါ (ဒဿနပုံပြင် အမှတ် ၃) (နေမင်းနီ)
ဒဿနပုံပြင် အမှတ် (၂) စုစုစည်းစည်း ကြီးကြီးကျယ်ကျယ် (နေမင်းနီ)

သူငယ်တိတ်ဆိတ်
လရောင်ရိပ်ဝယ်
အိပ်ချိန်မကျ
အိမ့်ရှင်မကို
ခဏ ပုံပြောပြချင်တယ်...
တခါကပေါ့
'အိုင်းမ'ဆိုတဲ့ ရွာတရွာ
အစဉ်အလာအရ
လယ်ယာလက်လုပ်
ဝမ်းစာထုတ်ကြသတဲ့...
အဲ့ဒီမှာတရက်
ပေါက်ပြားတလက်နဲ့
ကန်သင်းဖျက်ဖို့
ထွက်လာကြတဲ့ လူနှစ်ယောက်
ရွာ့ပြင်ကို အရောက်မှာ...
မျက်ထောက်လျှာတွဲ တဟဲဟဲနဲ့
မဲနက်တဲ့ ခွေးရူး
သူတို့ရှေ့စူးစူးမှာ
တရှူးရှူးနဲ့ လာနေသတဲ့...
"ဒါနဲ့ ..."
ဒါနဲ့ကွာ သူတို့
ကိုင်းညို့တဲ့ သစ်တပင်
တယောက်က အရင်တက်
တယောက်က မှင်သက်
(ဒါပေမယ့် ရုတ်တရက်)
လက်ထဲက ပေါက်ပြားနဲ့
ခွေးရူးကို တအားပိုင်း
ဗိုင်းကနဲဆို ခွေးရူး လဲ
အဲတော့မှ တယောက်ဆင်း
ရွာဘက်ကို ပြန်ချဉ်းကြသတဲ့...
သင်းတို့နှစ်ဦး တမြူးမြူးနဲ့
ဖိုးထူးကို ပြော...
"ဟောဟိုက ခွေးရူး
ရွာဖက်ကို မကူးတာ
ငါတို့နှစ်ယောက် အကယ်ထောက်လို့"...တဲ့
ဒါနဲ့ဖိုးထူး
ရွာလယ်ကူးပြီး
ချက်ကြီးကိုပြော...
"ငါတို့တောမှာ
ငါရယ်...ဟိုလူနှစ်ယောက်ရယ်
ခွေးရူးကို တွယ်လိုက်တာ
တခါထဲ အသက်ထွက်
ဒို့သုံးယောက် ရိုက်ချက်ပေါ့"...တဲ့
ဒါနဲ့ချက်ကြီး
အိမ်အနီးက
အရီးသွယ်။ အရီးကြွယ်တို့ကို
ဖောက်သယ်တဆင့်
ပခုံးဝင့်ပြီး...
"ခွေးရူးကြီးတော့
ရွာနီးစပ်ချုပ်၊ ၀င်မယ်အလုပ်မှာ
ကျုပ်နဲ့ဖိုးထူး၊ နောက် လူနှစ်ဦးက
ပူးပေါင်းနှိမ်နင်း၊ ရွာမြေမနင်းတာ
ဟင်း... တော်သေးတာပေါ့"...တဲ့
ကာလရယ်ကြာ၊ အဲဒီရွာကို
ဒေါက်တာတယောက်၊ ဆေးစစ်ရောက်တော့
ဝင်ရောက်မျှော်ဖူး
ရွာဦးကျောင်းမော်၊ ဆရာတော်က
ရောက်စဒေါက်တာ၊ ဒါယိကာကို
စပ်ရာစကား၊ ပြောစဉ်ကြားမှာ...
"တခါကပေါ့...
ရွာကိုရန်လို၊ ခွေးရူးညိုကြီး
ရွာအနီးမှာ၊ ချဉ်းကပ်လာတော့
တရွာလုံးစု၊ ညီညွတ်မှုနဲ့
ထုကြထောင်းကြ၊ နှိမ်နင်းလိုက်ကြတာ
ငါတောင် သင်းပိုင်ကျွတ်မတတ်"...တဲ့
ကဲ... ဘယ့်နှယ့်လဲရှင်မ
အိပ်ချင်လှပလား
ဝှါးကနဲသမ်း
မောင့်ဇာတ်လမ်းကို
တခန်းရပ်စေချင်ပြီပေါ့...။ ။
-နေမင်းနီ-
(ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။)
ဒဿနပုံပြင် အမှတ် (၁) အိပ်မက်လှလှ မက်ပါစေ (နေမင်းနီ)
နားထောင်ကွယ် ရှင်မ
ပုံပြောပြမယ်
တခါကပေါ့
ရိုးအတဲ့ လူတဦး
သန့်စင်တဲ့စိတ်ကူးနဲ့
ခြေဦးတည့်ရာ
ထွက်လာခဲ့သတဲ့...
"ဘာအတွက်လဲမောင်"
ကြောင်တယ်လို့ပဲပြောပြော
ပေါတယ်လို့ပဲတွက်တွက်
သူ့ရည်ရွယ်ချက်က
လောကရဲ့အဖြစ်အပျက်
ကျိုးကြောင်းဆက်စပ်မှုနဲ့
ပြုပြင်မလို့..တဲ့...
"အို့ ... ဘယ်လို ဘယ်လို"
ဆိုလိုတာက
အချနဲ့အချီ
ညီရမယ်ပေါ့
နောက်တော့ ရှင်းသွားမှာပါ
အသာလေးနားထောင်
မောင်ပြောပြမယ်...
ခုနက လူပေါ့
မော့မော့ငေးငေးနဲ့
မကြာလိုက်သေးခင်
ဖရုံစင်တခု
ဘုကြည့်ကြည့်လိုက်ပြီး
"ဟိုက်! မဖြစ်သေးဘူး
နွယ်က သေးသေးနဲ့
ကြီးလေးတဲ့ ဒီအသီး
ဘယ်နည်းနဲ့မှ ခွင့်မလွှတ်နိုင်
ကိုင်တွယ်ကာ ငါရှင်းမဟဲ့"လို့
စာရင်းတို့ထားလိုက်သတဲ့...
"ဘယ့်နှယ့်လူကြီးလဲ"
ကဲကဲ နေဦး
ဆုံးအောင်နားထောင်
တောင်ကြည့်မြောက်ကြည့်နဲ့
ရှေ့တည့်တည့်က ညောင်ပင်
ဆင်ခြင်လိုက်ပြန်တယ်...
"အယ်... အပင်က ကြီးပြီး
အသီးကျမှ သေးတယ်
အေး... ဟုတ်ပြီ ဟုတ်ပြီ
ဒီအသီး နေရာမှာ
တခါ ငါတွေ့ဖူးတဲ့
ဟိုအပင်က အသီး...
ဒီအသီးလေးတွေကို ဟိုမှာတပ်
ဒါမှ လိုက်ဖက်မှာ..."
ဒါပေမယ့် သူ့ခမျာ
ဗိုက်ဆာလာတာနဲ့
ပါလာတဲ့ စားမြိန်ထုပ်
အုပ်ပစ်လိုက်ပြီး
ညောင်ပင်ကြီးရဲ့ခြေရင်း
မှေးစင်းလို့ကောင်းတုန်း
ဗြုန်းကနဲဆို
ဟိုထိပ်ဖျားက ညောင်စေ့
သူ့မေးစေ့ပေါ် တည့်တည့်ကျ
"အောင်မယ်လေးဗျ"ဆိုပြီး
ကုန်းကနဲ အထ
တခဏလောက် ဆင်ခြင်လိုက်တယ်...
"အကယ်၍သာ
ဒီနေရာမှာ
ဟိုအသီးကြီးသာဆို
အလို! ခက်ရချည်ရဲ့..."
အဲ့ဒီတော့မှ
နောင်တတွေ တသီးကြီးနဲ့
"သစ်ပင်ကြီးတို့ရာ
ငါ တောင်းပန်ပါတယ်ကွာ"လို့
လာလမ်းအတိုင်း ပြန်လှည့်
ရွာပြန်ခဲ့ရတယ်ဆိုပဲ...
ကဲကဲ အိပ်တော့ကွယ်ရှင်မ
မနက်ကျရင်
အလုပ်ရှင်အတွက်
ယက္ကန်းစင် တက်ရမှာမို့
စက်တော့ကွယ် ဒီညချမ်းမှာ
ပန်းတာတွေ လျှောစေဖို့
နမ်းကာလေ ပြောမယ်
ရှင်မရေ... မန်းထာအော...။ ။
-နေမင်းနီ-
(မန်းထာအော = ချင်းဘာသာစကားတွင် 'အိပ်မက်လှလှ မက်ပါစေ')
ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။

