18 February 2009

ဒဿနပုံပြင် အမှတ် (၃) ဖရဲသီး သရဲကြီးမဟုတ်ပါ (နေမင်းနီ)


တကျောင်းတထုံးသာပ
ခေါင်းအုံးစရာ ချည်အရှုတ် နှစ်ထုပ်ကယ်နဲ့
မပြေမပြုတ် မလှုပ်ရအောင်
အထည်အစုတ်အနုတ် တထည်လွှမ်း
ချမ်းသလားကွဲ့ရှင်မ
အရင်ညက ပုံပြင်
ဇာတ်ဆုံးအောင် မဆင်ပေမယ့်
သက်ဘုန်းမောင် သီပြမယ့်
ဒီတညရဲ့ ပုံပြင်ကတော့…
"တော့နှယ်
မောလည်း မောနိုင်ဘူး"
ရှူး တိုးတိုး
စိတ်မဆိုးပါနဲ့ရှင်မရာ
တဒင်္ဂသာ မအိပ်ပါနဲ့
နင်ကသာ စိတ်ပါရင်
သိပ်မကြာပါဘူးကွာ…
တခါကပေါ့
ရွာလည်အကျူး
ဦးတည့်ရာလျှောက်
လူတယောက်ပေါ့…
"ဟောတော့
ပြောရော့မယ်တခါ
အဲဒါက ပြီးပြီးသား…"
ရောမသွားပါနဲ့
ဒါက တမျိုး
မင်း ဘယ်ဆိုးလို့လဲ
နည်းနည်းတော့ မှတ်မိသား…
ထားလိုက်ပါကွာ၊ ဒါကတယောက်
တယောက်မှ တယောက်ထဲ
အဖော်ကွဲလို့
အပျော်စဲရရှာတဲ့
ရော်လဲရွက်ဝါ
တောက်!
ကဗျာဆန်လိုက်တာ ရှင်မရာ…
ဒီလိုနဲ့ ထွက်အလာ
ရွာတရွာအရောက်
ရွာခံတယောက်က ပြောတယ်…
"ဒီမယ်မိတ်ဆွေ
ဒီရွာနေ ဒီရွာစား
ကြိုက်သလို နားပါ…
ဒါပေမယ့်တဆိတ်
ရွာရိပ်က အပြင်ထွက်
ဟို အခင်းဘက်ကိုတော့
အလျဉ်းမကပ်မိစေနဲ့…
အဲ့ဒီမှာ တပ်စွဲ
သဘက်သရဲ အနက်မဲကြီးတကောင်
အကြောင်အကျားနဲ့
ထောင်လွှားနေတတ်တယ်…"
"ဘယ်လိုဗျ…ဘယ်လို
ဟို…သရဲ…ဟုတ်လား
ကျုပ် မကြားဖူးပေါင်ဗျာ
လာပါခဏ လိုက်ပြစမ်းပါ…"
"ဒါဆိုလာ
အဲဒီမှာ စခန်း
သရဲကြီး သောင်းကျန်းနေတာ
ဟို ချောင်းကမ်းလေး အစပ်မှာ…"
လိုက်ပြရှာတဲ့ ရွာသားတစု
ပုနေအောင် ကုတ်
တုန်လှုပ်နေကြရတဲ့သရဲ
ပြူးဖြဲကြည့်လိုက်တော့မှ…
"ဟ! ဒါလားက သရဲကြီး
မှတ်ထား အဲဒါ
ဖရဲသီးကွ…ဖရဲသီး
-ခွီးတဲ့မှပဲ
အစေ့နဲ့အခွံထွေး
ကျန်တာ အကုန်လွေးလို့ရတယ်
ဒီမယ် ကျုပ်စားပြမယ်…"ဆို
အထုပ်ကြားက အဆောင်ဒါးနဲ့
အကြောင်အကျား ဖရဲသီးကို
ခွဲပြီး ခွဲပြီး ခြမ်း
တရွှမ်းရွှမ်း စားပြလိုက်သတဲ့…
ဝါးမရတဲ့ ဖရဲခွံကို
သဲအစွန်မှာချ
ခပ်လှမ်းလှမ်းက ကြည့်နေတဲ့လူအုပ်
တခါတည်း တပ်ဆုတ်ပြီး…
"ဘီလူးကြီးဟေ့…ဘီလူးကြီးဟ
သရဲကိုတောင် စားပြတဲ့ ဘီလူးကြီးဟ
ပြေးကြ…ပြေးကြ…"
ဟဲ့…ရှင်မ
ရှင်မ…။ ။

-နေမင်းနီ-
(ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။)

No comments:

Post a Comment