18 February 2009

ဒဿနပုံပြင် အမှတ် (၂) စုစုစည်းစည်း ကြီးကြီးကျယ်ကျယ် (နေမင်းနီ)


သူငယ်တိတ်ဆိတ်
လရောင်ရိပ်ဝယ်
အိပ်ချိန်မကျ
အိမ့်ရှင်မကို
ခဏ ပုံပြောပြချင်တယ်...
တခါကပေါ့
'အိုင်းမ'ဆိုတဲ့ ရွာတရွာ
အစဉ်အလာအရ
လယ်ယာလက်လုပ်
ဝမ်းစာထုတ်ကြသတဲ့...
အဲ့ဒီမှာတရက်
ပေါက်ပြားတလက်နဲ့
ကန်သင်းဖျက်ဖို့
ထွက်လာကြတဲ့ လူနှစ်ယောက်
ရွာ့ပြင်ကို အရောက်မှာ...
မျက်ထောက်လျှာတွဲ တဟဲဟဲနဲ့
မဲနက်တဲ့ ခွေးရူး
သူတို့ရှေ့စူးစူးမှာ
တရှူးရှူးနဲ့ လာနေသတဲ့...
"ဒါနဲ့ ..."
ဒါနဲ့ကွာ သူတို့
ကိုင်းညို့တဲ့ သစ်တပင်
တယောက်က အရင်တက်
တယောက်က မှင်သက်
(ဒါပေမယ့် ရုတ်တရက်)
လက်ထဲက ပေါက်ပြားနဲ့
ခွေးရူးကို တအားပိုင်း
ဗိုင်းကနဲဆို ခွေးရူး လဲ
အဲတော့မှ တယောက်ဆင်း
ရွာဘက်ကို ပြန်ချဉ်းကြသတဲ့...
သင်းတို့နှစ်ဦး တမြူးမြူးနဲ့
ဖိုးထူးကို ပြော...
"ဟောဟိုက ခွေးရူး
ရွာဖက်ကို မကူးတာ
ငါတို့နှစ်ယောက် အကယ်ထောက်လို့"...တဲ့
ဒါနဲ့ဖိုးထူး
ရွာလယ်ကူးပြီး
ချက်ကြီးကိုပြော...
"ငါတို့တောမှာ
ငါရယ်...ဟိုလူနှစ်ယောက်ရယ်
ခွေးရူးကို တွယ်လိုက်တာ
တခါထဲ အသက်ထွက်
ဒို့သုံးယောက် ရိုက်ချက်ပေါ့"...တဲ့
ဒါနဲ့ချက်ကြီး
အိမ်အနီးက
အရီးသွယ်။ အရီးကြွယ်တို့ကို
ဖောက်သယ်တဆင့်
ပခုံးဝင့်ပြီး...
"ခွေးရူးကြီးတော့
ရွာနီးစပ်ချုပ်၊ ၀င်မယ်အလုပ်မှာ
ကျုပ်နဲ့ဖိုးထူး၊ နောက် လူနှစ်ဦးက
ပူးပေါင်းနှိမ်နင်း၊ ရွာမြေမနင်းတာ
ဟင်း... တော်သေးတာပေါ့"...တဲ့
ကာလရယ်ကြာ၊ အဲဒီရွာကို
ဒေါက်တာတယောက်၊ ဆေးစစ်ရောက်တော့
ဝင်ရောက်မျှော်ဖူး
ရွာဦးကျောင်းမော်၊ ဆရာတော်က
ရောက်စဒေါက်တာ၊ ဒါယိကာကို
စပ်ရာစကား၊ ပြောစဉ်ကြားမှာ...
"တခါကပေါ့...
ရွာကိုရန်လို၊ ခွေးရူးညိုကြီး
ရွာအနီးမှာ၊ ချဉ်းကပ်လာတော့
တရွာလုံးစု၊ ညီညွတ်မှုနဲ့
ထုကြထောင်းကြ၊ နှိမ်နင်းလိုက်ကြတာ
ငါတောင် သင်းပိုင်ကျွတ်မတတ်"...တဲ့
ကဲ... ဘယ့်နှယ့်လဲရှင်မ
အိပ်ချင်လှပလား
ဝှါးကနဲသမ်း
မောင့်ဇာတ်လမ်းကို
တခန်းရပ်စေချင်ပြီပေါ့...။ ။

-နေမင်းနီ-
(ဤကဗျာကို 'နေရဉ္စရာ သစ္စာသံများ'ကဗျာစာအုပ်၌ ဖော်ပြပြီးဖြစ်သည်။)

No comments:

Post a Comment