ငါတို့ဟာ
လာဆုံကြရတာကိုက
တစပြင်ကြီးမှာပါ…။
ဘ၀အသိအမြင်ကို
အလှဝိဉာဉ် ရင်မှာချိတ်ပြီး
ပိုက်စိတ်တိုက် ရှာဖို့ရာကလည်း
ဖြစ်နိုင်ခဲလှပါဘိခြင်းကွယ်…။
အလှမြူရိပ်မှာ
ဘ၀အပူသိပ်ပြီး
မှေးအိပ်ဖို့ ဆိုတာကရော
ရှာကြံပြောလို့တော့ ရတာပေါ့…။
သူတကာတွေ ငိုကြွေးလို့ 
ဟိုဘေး ဒီဘေး ဆိုက်နေချိန်မှာ
မင်းနဲ့ငါ ပွေ့ ပိုက်
နမ်းရှိုက်ယုယနေဖို့ဆိုတာ
သိပ်ရက်စက်ရာရောက်ပါတယ်လေ…။
ဒီစစ်တွေကြားမှာ
ဒီအချစ်တွေ ပွားနိုင်ဖို့ဆိုတာ
'ဗားတော့ဗရက်'ကတော့
မေးငေါ့မှာ သေချာတယ်…။
တကယ်တော့လည်း
ချစ်ခြင်းမေတ္တာဆိုတာ
ဖြစ်ခြင်းဖြစ်လာရင်
သူ့အလွှာနဲ့သူမှပါ
သူ့ဘဝမှာ သူရပ်
သူ့အမှတ်ပေးစည်းမျဉ်းနဲ့ သူ
အဲသလို မူသတ်မှတ်ပြီးသားမို့ 
ဒို့များက မျက်စိမှိတ်
ကြိတ်ချစ်နေကြမယ်ဆိုတာ
စိတ်ညစ်စေကြရုံပါပဲ…။
ငါတို့ရဲ့ဘဝ
ငါတို့ မရနိုင်တော့မှန်း သိလိုက်ရတဲ့အခါ
ငါလေ…
သံသရာကိုတောင် ယုံချင်လာပြီကွဲ့ …။
အလှတရားခရီးမှာ
ဘဝရထားစီးပြီး
ဘသားကြီး နှင်ပါလေ…လို့ 
ဘုရားသခင်လား ဘယ်သူလား
ဆုံးမသွားတာတော့ ကြားဖူးရဲ့ 
ငါ့နားမှာ အဆိပ်တက်
အဲဒါ… ငါ့အိပ်မက်ပေါ့…။
ဒီတော့ကွယ် ညီမ
ငြင်းဆိုလို့ မရတဲ့
ရုပ်ဓမ္မရဲ့ ပြဋ္ဌာန်းချက်ကို
ဘဝလမ်းသက်သက်အဖြစ်
ယုံကြည်ချက်ပွေ့ ပြီး
စွေ့ ကနဲ ခုန်တက်
ခရီးတခု ဆက်ရမယ့်ငါ့မှာ
ပန်းနုရောင် လမင်းအဖြစ်နဲ့ 
မင့်နှုတ်ခမ်းတွေကို
မူးယစ်နေလို့ မဖြစ်တော့ဘူးကွယ်…။
ငါ့စခန်းနဲ့ ငါ့လမ်း
ငါ့ငြမ်းနဲ့ ငါ့နန်းကို
တလှမ်းချင်းဖြစ်ဖြစ်
တထစ်ချင်း တက်တက်
အဲဒီက ဆူးခက်ကလေးတွေဟာ
မင်းရဲ့ လက်ချောင်းလေးတွေလိုပေါ့…။
မင်းလမ်းတာ မင်းခရီး
မင်းနည်းနဲ့ မင်းနှင်လို့ 
မင့်အမြင် မင့်အတွေး
မင့်ရှေ့ ရေး မင်းရွေးချယ်
အင်း… ခက်တော့ ခက်တယ်ကွယ်
မင့်အရွယ် မရင့်တယ်မို့ 
အပွင့်ငယ် လွှင့်လွယ်လှပါဘိသနဲ့ 
မကြည့်ရက်တာတွေကိုတော့များ
ကြားတောင် မကြားရက်ဘူးကွယ်…။
အကယ်၍ပေါ့
ငါ့စကားအလင်္ကာတွေကို
မင့်ဘုရားသခင်သာ ကြားမယ်ဆိုရင်
ဆုတောင်းလိုက်ချင်စမ်းပါဘိ
"မင်းရယ် ငါရယ်
အဘယ်သို့ သော စစ်ကာလမှာမှ
ပြန်မဆုံကြစတမ်းပေါ့ကွယ်…"…။ ။
-နေမင်းနီ-
(၃၀၊ ၁၀၊ ၂၀၀၁) မဲဟောင်ဆောင်
18 February 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment