13 November 2009

တင်မိုးရဲ့အမှာ (ကဗျာသဘောတရား)


မာ့က်စ်ဝါဒနဲ့ကဗျာ (ကဗျာသဘောတရား)
မောင်သာနိုး (ဘာသာပြန်)
Marxism and Poetry by George Thomson

ကဗျာနှင့်ပြည်သူ
တင်မိုး

ကဗျာဟာ ပြည်သူတွေကြားထဲက ပေါက်ဖွားလာခဲ့ပါတယ်။ ဒီအချက်ကို ဂျော့သွမ်ဆန်က အလေးအနက် အခြေအမြစ်ကျကျ စူးစမ်းပြီး ‘မာ့က်စ်ဝါဒနဲ့ကဗျာ’ (ကဗျာသဘောတရား) စာအုပ်မှာ တင်ပြထားပါတယ်။



ကျနော်တို့ ဗမာကဗျာမှာလည်း မူလရင်းမြစ်ဟာ ပြည်သူတွေပဲဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ အလုပ်သမားတွေရဲ့ အလုပ်ခွင်က ကျူးရင့်လိုက်တဲ့ တေးသံတွေ၊ လှေထိုးသားတွေရဲ့ ရိုးဟေးငြာသံတွေကအစ မိခင်တွေရဲ့ သားချော့တေးသံတွေ၊ ကလေးသူငယ်တွေရဲ့ ကစားပျော်ရွှင်ရာကနေ ထွက်လာတဲ့ ဟစ်ကြွေးသံတွေ၊ လယ်ယာချောင်းမြောင်းဆီက သီဆိုကြတဲ့ တေးသံတွေ၊ ဘုရားပွဲ နတ်ပွဲဆီက ကြားရတဲ့ တေးသံတွေ၊ ကာလသားဝိုင်းက အစုနဲ့အဝေးနဲ့ ထိုးလိုက်တဲ့ သံချပ်တွေ၊ ညအခါ လသာသာ တလင်းပြင်မှာ ဖွက်ဆိုကြတဲ့ စကားထာတွေ စသဖြင့် ပြည်သူတွေရဲ့ လူမှုပတ်ဝန်းကျင်ထဲမှာ ကဗျာတွေ ထွက်ပေါ်တည်ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။

ကဗျာဆရာဆိုတာ ပြည်သူတွေရဲ့အသံကို ကိုယ်စားပြုသူပဲဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တကယ့်ခံစားရချက်တွေကို အာဝဇ္ဇန်းကောင်းတဲ့ ကဗျာဆရာက သူတို့ကိုယ်စား သီဆိုကျူးရင့်လိုက်ခြင်းသာဖြစ်ပါတယ်။

ပြီးတော့ ကျနော်တို့မှာ ‘လက်တန်း ကဗျာစပ်ဆိုမှု’တွေ ရှိတယ်ဆိုတာ အထင်အရှားပါပဲ။ တွေ့ကြုံရတဲ့ အဖြစ်အပျက်ကို ဉာဏ်ကောင်းနှုတ်ရွှင်တဲ့ ကဗျာဆရာက တမုဟုတ်ချင်း ကောက်ကာငင်ကာ စပ်ဆိုလိုက်ခြင်းဖြစ်ပါတယ်။ ရုပ်သေးထဲက စာဆိုကိုင်ဟာ သံချိုကဗျာကို လက်တန်းရွတ်ဆိုရပါတယ်။ ဒါကို ကျနော်တို့ပြည်သူများဟာ အတော်ပွဲကျကြောင်း သိရပါတယ်။

ရုပ်သေးစင်မှာသာ လက်တန်းဉာဏ်ကို တွေ့နိုင်တာမဟုတ်သေးပါဘူး။ ရပ်ထဲ ရွာထဲမှာလည်း အဖြစ်အပျက်အမျိုးမျိုးကို လက်တန်း စာချိုးလေ့ရှိပါတယ်။ အခုထက်ထိ ကျေးလက်တွေမှာဆိုရင် ပြည်သူတွေရဲ့ တကယ့်ဘဝကို လက်တန်းဖွဲ့ဆိုနေတဲ့ ကဗျာဆရာတွေ ရှိပါသေးတယ်။ ဒီလို ကဗျာချိုး စာချိုးကောင်းသူတွေကို ပြည်သူတွေက အလွန်သဘောကျကြပါတယ်။ သားမြေးစဉ်ဆက် အဆင့်ဆင့်ရွတ်ဆိုပြပြီး ပျော်ရွှင်ကြည်နူးကြပါတယ်။ ဝမ်းသာစရာ ဝမ်းနည်းစရာ အဖြစ်အပျက်ဟာ မမေ့နိုင်တော့ဘဲ တသသဖြစ်နေရပါတော့တယ်။

ကျနော်တို့ ရပ်ထဲရွာထဲ လက်ဘက်ရည်ဝိုင်း၊ စကားဝိုင်းမှာ ပြောလေ့၊ ရွတ်လေ့ရှိတဲ့ ဗန်းမော်ဆရာတော်ရဲ့ စာချိုးများ၊ ဗြဲထရော်သူရဲ့ စာချိုး စတဲ့ ကဗျာစာချိုးတွေကိုလည်း အထူးသတိရမိပါတယ်။ ဒါတွေဟာလည်း ကဗျာနဲ့ပြည်သူတို့ရဲ့ ရင်းရင်းနှီးနှီး ဆက်သွယ်ပုံကို ပြကြပါတယ်။

ကောက်စိုက်သမတေးသံ၊ မောင်းထောင်းတေးသံ စတဲ့ ကျေးလက်ပြည်သူ့ကဗျာတွေကိုကြည့်ရင် ပြည်သူတွေရဲ့ ဘဝအထွေထွေကို သီကျူးထားတဲ့သဘောကို တွေ့နိုင်ပါလိမ့်မယ်။ အဲဒီ ကျေးလက်ပြည်သူ့ကဗျာတွေဟာ အလွန်ဆေးရောင်စိုပါတယ်။ ကျူးရင့်လို့ မဝနိုင်အောင် အရသာခံစားရပါတယ်။ ဒါဟာဘာလဲဆိုရင် ဒီကဗျာတွေထဲမှာ ပြည်သူ့ဘဝ အသက်ရှင်နေလို့ပဲဖြစ်ပါတယ်။ လှုပ်ရှားနေလို့ပဲဖြစ်ပါတယ်။

ကျနော်တို့ဟာ ဗမာကဗျာကို လေ့လာတယ်ဆိုရင် နန်းတော် အိမ်တော်မှာ ကျူးကြ၊ သီကြတဲ့ ပျို့ကဗျာကြီးတွေကိုသာ လေ့လာရမှာမဟုတ်ပါဘူး။ ရပ်ထဲရွာထဲမှာ အဖူးအညွန့်တဝေဝေနဲ့ လှုပ်ရှားနေတဲ့ တေးကဗျာလေးတွေကိုပါ စုဆောင်းလေ့လာရပါလိမ့်မယ်။ စက္ကူ ပေပုရပိုက်ပေါ်မှာရှိတဲ့ တေးကဗျာတွေကိုသာ လေ့လာရမှာမဟုတ်သေးဘဲ၊ အလေ့ကျပေါက်နေတဲ့ သဘာဝတေးကဗျာတွေကိုပါ လေ့လာရပါလိမ့်မယ်။ ဒီကဗျာတွေကသာလျှင် မူလဘူတအပီမြည်ဆုံး ကဗျာစုမည်ပေလိမ့်မယ်။

ဗမာလူမျိုးဟာ ကဗျာကို အတော်ချစ်မြတ်နိုးတဲ့လူမျိုးဖြစ်တယ်ဆိုတာ အထူးရှင်းပြစရာမလိုပါဘူး။ ဗမာစာပေသမိုင်းတလျှောက်လုံးမှာ ကဗျာအဖွဲ့အနွဲ့က အထွန်းကားဆုံးဖြစ်နေတာကို ထောက်နိုင်ပါတယ်။ ကဗျာလေ့လာသူတွေလည်း အလွန်ပေါပါတယ်။ ဗမာစာပေလေ့လာတယ်၊ ပို့ချတယ်ဆိုတာ ကဗျာကို လေ့လာတယ်၊ ပို့ချတယ်ဆိုရမလောက်ဖြစ်ပါတယ်။ ကျောင်းတွေ တက္ကသိုလ်တွေမှာရော၊ အရပ်ထဲမှာပါ ကဗျာကို လေ့လာသူတွေ အနန္တပါပဲ။

ဒါပေမယ့် အများအားဖြင့် ကဗျာကို လေ့လာတယ်ဆိုတာရှိပြီး-အဆင့်မြင့်ပြီး ကဗျာစုရဲ့ ဂုဏ်တွေ၊ ဒေါသတွေ၊ ဂိုဏ်းတွေ၊ ရသတွေ၊ ဘာဝတွေကို မှတ်မိအောင်လုပ်တာလို့ ကျနော်တို့ နားလည်နေကြပါတယ်။ ပါမောက္ခ ဂျော့သွမ်ဆန်က ကျနော်တို့ကို ကဗျာလေ့လာနည်းလမ်းသစ် ပေးအပ်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဘာလဲဆိုရင် ကဗျာကို လေ့လာချင်ရင် သိပ္ပံနည်းကျကျလေ့လာပါ၊ ပြည်သူတွေထံမှာ လေ့လာပါဆိုတာပါပဲ။

တဆက်တည်းမှာပဲ ကဗျာရဲ့ ရှေ့အလားအလာ အနာဂတ်ဟာ ဘယ်လိုရှိမလဲ? သူ့ဒုံရင်းဖြစ်တဲ့ ပြည်သူတွေဆီကိုပဲ ဦးတည်ရမယ်လို့ ဂျော့သွမ်ဆန်က ထောက်ပြထားပါတယ်။ ပြည်သူတွေထဲမှာ ပေါက်ဖွားလာခဲ့ရတဲ့ကဗျာဟာ ခု ပြည်သူတွေနဲ့ အဆက်ပြတ်နေခဲ့ရတယ်။ ဒါ မဖြစ်သင့်ဘူး။ ပြည်သူတွေဆီ ပြန်ရောက်ရမယ်။ အဲဒီလို ရောက်အောင် ပို့ပေးဖို့ရာ ဒီနေ့ကဗျာဆရာသစ်တွေရဲ့တာဝန်ဖြစ်တယ်လို့ ပါမောက္ခက ညွှန်ပြထားပါတယ်။

ပါမောက္ခ ဂျော့သွမ်ဆန်ရဲ့ ဒီစာအုပ်ဟာ ကျနော်တို့ ဗမာကဗျာလောကအတွက် အားသစ်တရပ်လို့ ယူဆပါတယ်။ ဥရောပကဗျာနဲ့ ကျနော်တို့ဗမာကဗျာ ပုံတူမကျပေမယ့် လေ့လာပုံ လေ့လာနည်း အသစ်ရစေပါတယ်။ ဘာသာစကား မတူသော်လည်း အခြေခံ ကဗျာ့သဘောကတော့ ကွဲလွဲစရာမရှိပါဘူး။ ထပ်တူထပ်မျှပဲ ဖြစ်ပါတယ်။

ကဗျာသဘောကို အမြင်သစ်နဲ့တင်ပြတဲ့ ဂျော့သွမ်ဆန်ရဲ့စာကို ကျနော်တို့ သမရိုးကျ ကဗျာသမားတွေအဖို့ ပထမတော့ ‘လိုက်’နိုင်ဖို့ ခဲယဉ်းကောင်း ခဲယဉ်းပါလိမ့်မယ်။ နားစိမ်းကောင်း စိမ်းနေပါလိမ့်မယ်။ ဒါပေမယ့် ဗမာကဗျာနဲ့ အသွင်မတူတဲ့အချက်တွေကို မတူသလိုရှုမြင်ပြီး တူတာကို တူသလို ချင့်ချိန်တတ်ရင် သူ့စာကို ကောင်းကောင်း ‘လိုက်’နိုင်ပါလိမ့်မယ်။ ဗမာကဗျာကို ဘယ်လိုလေ့လာရင် ကောင်းမလဲလို့ နည်းသစ်ကိုလည်း တွေးမိလာပါလိမ့်မယ်။

ဗမာကဗျာလောကထဲကို လေ့လာရေးနည်းသစ်တခု ရောက်ရှိလာတာဟာ ဝမ်းသာစရာပါပဲ။ ဒီအတွက် ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်များကတော့ ပါမောက္ခဂျော့သွမ်ဆန်နဲ့ ဘာသာပြန်သူ မောင်သာနိုးတို့ ဖြစ်ကြပါတယ်။ ။

တင်မိုး
၂၇၊ ၃၊ ၁၉၆၆
------------------------------
(ဆက်လက်ဖော်ပြသွားပါမယ် - နေမင်းနီ)

2 comments:

  1. ဖေါ်ပြပေးတာကျေးဇူးပါရှင်
    အလွန်ကောင်းပါတယ်

    ReplyDelete