07 March 2009

ဦးညွှတ်လိုက်ပါတယ် ရဲဘော် (ဝင်းတင့်ထွန်း)

(၁)
ကွမ်းလေး တမြုံ့မြုံ့နဲ့
ပါးစုန့်ဖောင်းဖောင်း မျက်နှာပေါ်မှာ
မာယာဆိုတာမရှိ
အာဏာဆိုတာ မကြည့်
ပကတိရိုးသားမှုနဲ့
လူထုအကျိုးသာ ဦးထိပ်ရည်
ကိုယ့်တိုင်းပြည်ရဲ့လွတ်မြောက်ရေး
သွေးနဲ့ပေးပြီး သွန်းလောင်းရင်း
သွေးနဲ့ခင်းတဲ့လမ်းပေါ်
ရဲဘော်… အသက်ပေးခဲ့ပြီ…။


(၂)
ဗမာပြည်ရဲ့သမိုင်းမှာ
သမိုင်းဝင်ဝင် မဝင်ဝင်
မော်ကွန်းတင်တင် မတင်တင်
အမြင်ရှင်းပြတ် အသိပြတ်တယ်
စိတ်ဓါတ်ကို သံခဲတင်
ထာဝစဉ်စွန့်လွှတ်မှုနဲ့
လူထုကို အလုပ်အကျွေးပြု
လူထုသားကောင်းအစစ်ဆိုတာ
‘ငါ’ကို မြှုပ်နှံနိုင်တဲ့သူပါ
အဲ့ဒီမှာ
ခင်ဗျားပါတယ်
ရဲဘော်ပါတယ်…။

(၃)
ဦးကင်းစိန်ရေ…
အင်းစိန်အကျဉ်းထောင်ထဲကနေ
သေတဲ့အထိ
အသိတရားကို ဆုပ်ကိုင်
သံတိုင်များကို ခွင်းဖောက်
သော့ခလောက်တွေကို ရိုက်ချိုး
ခွေးဆိုးတွေကို ဆန့်ကျင်
ခင်ဗျားဝိဉာဉ်ဟာ
ဘယ်လောက် လေးစားစရာကောင်းလဲဆိုတာ
ကျနော် သိပါတယ်
ကျနော် ဦးညွှတ်လိုက်ပါတယ်…။ ။

၊ဝင်းတင့်ထွန်း၊

No comments:

Post a Comment