09 April 2009

တောင်အာရှ စာပေပွဲတော်




၉ ကြိမ်မြောက် တောင်အာရှနိုင်ငံများ စာပေပွဲတော် (SAARC Festival of Literature)ကို မတ်လ ၁၃ ရက်ကနေ ၁၆ ရက်နေ့ထိ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ကျင်းပခဲ့တဲ့နေရာကတော့ ကမ္ဘာ့အံ့ဖွယ်များထဲက တခုအပါအဝင်ဖြစ်တဲ့ တာ့ခ်ျမဟာ (Taj Mahal)အဆောက်အဦကြီး တည်ရှိရာ အိန္ဒိယပြည် မြောက်ပိုင်း အာဂရာ (Agra)မြို့မှာ ဖြစ်ပါတယ်။

ဒီစာပေပွဲတော်ကို သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်ကတည်းက SAARC လို့ခေါ်တဲ့ တောင်အာရှဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးရဲ့အဓိက အစိတ်အပိုင်းဖြစ်တဲ့ Foundation of SAARC Writers and Literature (FOSWAL)ကနေ ကမကထပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အစပိုင်းမှာတော့ SAARC အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာနဲ့ မားလ်ဒိုက်ဖ်နိုင်ငံတွေသာ ပါဝင်နိုင်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံကိုတော့ နောက်ပိုင်းမှာ ဖိတ်ကြားပါဝင်စေခဲ့ပါတယ်။ ဒါကြောင့် နှစ်စဉ် စာပေပွဲတော်ကို ၈ နိုင်ငံလုံး ပါဝင်တက်ရောက်နိုင်ခဲ့ရာမှာ ခုနှစ် ၂ဝဝ၉ ခုနှစ်မှာတော့ ဗမာပြည်ကိုပါ ဖိတ်ကြားတက်ရောက်စေခဲ့ပါတယ်။

ဗမာပြည်ဟာ SAARC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ဖိတ်ကြားရတဲ့အကြောင်းကတော့ တောင်အာရှရဲ့ယဉ်ကျေးမှုတွေဟာ အာဖဂန်နစ္စတန်ကနေ ဗမာပြည်ထိ ဆက်နွှယ်ပြန့်နှံ့နေတယ်ဆိုတဲ့ စဉ်းစားချက်ကြောင့် ဒီလို စာပေယဉ်ကျေးမှုဖလှယ်ပွဲကို ဖိတ်ကြားရတာဖြစ်တယ်လို့ဆိုပါတယ်။ ဗမာပြည်က အထင်ကရ စာရေးဆရာတွေဖြစ်ကြတဲ့ နေဝင်းမြင့်နဲ့ ဂျူးကို ဖိတ်ကြားခဲ့ပေမယ့် နှစ်ဦးစလုံး မတက်ရောက်နိုင်ခဲ့ကြပါဘူး။ ဆရာနေဝင်းမြင့်ထံမှ အကြောင်းတစုံတရာ ပြန်ကြားတာမရှိခဲ့ပေမယ့် ဆရာမ ဂျူးအနေနဲ့ ဆရာမရဲ့အသက် ၉၈ နှစ်အရွယ် ဖခင်ကြီးကို အနီးကပ်ပြုစုစောင့်ရှောက်နေရလို့ မလာနိုင်တော့တဲ့အကြောင်း ပြန်ကြားလာပါတယ်။ ဒါ့အပြင် ဆရာမက “သက်ကြီးရွယ်အို မိဘများကို ပြုစုစောင့်ရှောက်ခြင်းဟာ (တောင်အာရှ)ဒေသကြီးတခုလုံးက ကျမတို့အားလုံးအတွက် အင်မတန်အရေးကြီးတဲ့ တာဝန်တရပ်ဖြစ်ပါတယ်။”လို့ အကြောင်းပြန်ကြားစာထဲမှာ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။

ဒီနှစ်ပွဲတော်ကိုတော့ အဓိကအားဖြင့် ‘အကြမ်းဖက်မှု’ (Terrorism)အန္တရာယ်အပေါ် အဓိကထား ဆွေးနွေးကြပါတယ်။ တောင်အာရှဒေသတခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒီအန္တရာယ်ကို စာရေးဆရာ၊ ကဗျာဆရာ၊ ပညာတတ်အတန်းအစားများအနေနဲ့ ဘယ်လိုတုန့်ပြန်ကာကွယ်နိုင်မလဲဆိုတဲ့အချက်ကို ဆွေးနွေးကြတာ တွေ့ရပါတယ်။ စာတမ်းဖတ်ချိန်တွေက ကြာပြီး ပြန်လည်ဆွေးနွေးချိန်တွေက နည်းလွန်းတော့ ထမင်းစားချိန်၊ လ္ဘက်ရည်သောက်ချိန်၊ နားနေချိန်တွေမှာ နီးစပ်သလို ဆွေးနွေးရတာများပါတယ်။

အာဂရာမြို့ရဲ့ ဟိတ်ဟန်မကြီးတဲ့ တထပ်တိုက် Grand Hotel ခန်းမမှာ နေ့စဉ် ၄ ရက်ဆက်တိုက် ကဗျာတွေရွတ်ကြ၊ စာတမ်းတွေဖတ်ကြနဲ့ မတူညီတဲ့အတွေ့အကြုံတွေနဲ့ ပြဿနာတွေကို ခံစားနားလည်လာရပါတယ်။ ‘အကြမ်းဖက်မှု’ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြပါတယ်။ အဘိဓါန်ထဲက၊ ဘဝလက်တွေ့ထဲက။ SAARC ရဲ့ ညီလာခံတွေထဲမှာ နိုင်ငံရေးသမားတွေ မပါဘူးဆိုတဲ့ စာပေပွဲတော်၊ ကဗျာပွဲတော်လို့ဆိုပေမယ့် သတင်းတွေထဲမှာ လောလောလတ်လတ် အကြမ်းဖက်မှုကို ရင်ဆိုင်နေရတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖဂန်နစ္စတန်တို့က ကဗျာဆရာတွေရဲ့ ခြောက်ခြားဖွယ်ကဗျာတွေ၊ အေးချမ်းတဲ့ မဲလ်ဒိုက်ဖ်လို နိုင်ငံက ရိုမန်းတစ်ကဗျာတွေ၊ ဘူတန်ဒုက္ခသည်တွေဆီက အိမ်အလွမ်းတွေ၊ နီပေါက တောင်တန်းပြာနဲ့အောင်လံနီ တလွင့်လွင့်ဝေ့သံတွေဟာ သက်ဆိုင်ရာတိုင်းပြည်တို့ရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေတွေကို ရင်ခုန်နေမိကြတာတွေ့ရပါတယ်။

ဗမာပြည်ကိုယ်စား အဖိတ်ကြားခံရတဲ့ ဆရာတို့နှစ်ယောက်အပြင် ပြည်ပရောက် စာနယ်ဇင်းသမားတွေထဲကလည်း ၃ ဦး အဖိတ်ကြားခံရလို့ သွားတက်ခဲ့ကြပါသေးတယ်။ ဒီဗီဘီသတင်းထောက် ကိုခင်မောင်စိုးမင်း၊ မဇ္ဈိမသတင်းထောက် ကိုမျိုးမြင့်အောင်နဲ့ ကျနော်(နေမင်းနီ)တို့ပါ။ ဒေသခံသတင်းထောက်တွေရဲ့မေးမြန်းချက်ကို ဖြေရတော့ ကျနော်တို့ဗမာပြည်မှာ Terrorism လို့ခေါ်တဲ့ အကြမ်းဖက်မှုမျိုးတော့ မရှိကြောင်း၊ သို့သော် ‘နိုင်ငံတော်အကြမ်းဖက်မှု’ (State Terrorism)သဏ္ဍာန်နဲ့တော့ စစ်အစိုးရက ကျင့်ကြံနေကြောင်း ရှင်းပြဖြစ်ခဲ့ပါတယ်။

ဗမာပြည်ကိုယ်စား ကဗျာရွတ်ဆိုခွင့် ၂ ကြိမ်ရရှိခဲ့လို့ ၂ ပုဒ်ရွတ်ဆိုပြခဲ့ပါတယ်။ ဘာသာစကားအရသာ ခံစားနိုင်ဖို့ မူရင်းဗမာလိုရော၊ အင်္ဂလိပ်ဘာသာပြန်ကိုပါ ရွတ်ဆိုခိုင်းတာပါ။ ကျနော့်အနေနဲ့ ကိုယ်လေးစားတဲ့ဆရာကြီးတွေရဲ့မာစတာပိစ် ကဗျာတွေကို ရွတ်ဆိုပြလိုက်ချင်တာပါ။ (ဥပမာ… ဆရာစွမ်းရဲ့ အနီနဲ့အပြာထဲက တပုဒ်ပုဒ်ပေါ့) သို့ပေတဲ့ သူတို့စည်းကမ်းက ပင်ကိုယ်ရေး ကဗျာတွေကိုသာ ရွတ်ဆိုခွင့်ရှိတာမို့ (ကိုယ့်ထက် ဘာသာစကားကျွမ်းကျင်သူတွေကို အင်္ဂလိပ်လို ဘာသာအပြန်ခိုင်းပြီး) ကိုယ့်ကဗျာကို ကိုယ်တိုင်ရွတ်ဆိုပြခဲ့ပါတယ်။

သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ

သူငယ်ချင်းရာ
သစ္စာပန်းပု၊ သွေးနဲ့ထုပြီး
ငါ… အခု စာရေးလိုက်တယ်…။

မင်းရဲ့ငယ်ပေါင်း၊ သံစဉ်ပြောင်းပြီး
ကျောင်းတော်ကိုခွါ၊ ကာရန်မဲညစ်
တော်လှန်ပစ်ဖို့ ကြိုးစားနေတယ်…။

ဒီအချိန်မယ်
လွယ်အိတ်လေး၊ စင်္ကြန်ဘေးမှာ
ချေးညှော်ကပ်လျက်၊ ထားရက်သူကို
စောင့်ကြိုနေတာ မြင်မိမယ်…။

ထိုင်ခုန်အိုရွဲ့ ၊ ပိုးမျှင်ဖွဲ့လို့ 
တိုးသဲ့ရှိုက်သံ
ရံဖန်ရံခါ ကြားမိမယ်…။

ဒို့ကိုချစ်လှ၊ ဆရာမလည်း
တမ်းတပူဆွေး
ဟိုအဝေးက ကျောင်းပြေးလေးကိုလေ…။

ကျောင်းရှေ့ကလမ်း၊ တမာတန်းမှာ
ခြေရာတခု၊ သမိုင်းပြုဖို့ 
သွန်းထုပုံဖော်နေရော့မယ်…။

ကျောင်းဝတ်ဖြူစိမ်း၊ ဒီဇာတ်သိမ်းပြီး
ဖယ်တိမ်းခွဲခွါ၊ နေခဲ့ကြာလည်း
ပညာမုန်း၍ မဟုတ်ပါ…။

ခေါင်းလောင်းချိုမြ၊ အချက်ပြသော်
ခန်းဝမဝင်၊ ဟိုးအပြင်မှာ
ရောက်နေတာလည်း
ပညာမုန်း၍ မဟုတ်ပါ…။

ငါ့နာမည်အုပ်၊ မင်နီသုတ်ပြီး
ကျောင်းထုတ်ခံရ၊ ဒီကိစ္စလည်း
ငါ့စာညံ့၍ မဟုတ်ပါ…။

ပညာရှာရင်း၊ ပြည်သူတွင်းမှာ
သက်ဆင်းမိတော့
ငါသိဉာဏ်စဉ်၊ အသဲပြင်မှာ
စွဲထင်နှိပ်ကပ်
'ငါ့ရပ်တည်ချက်၊ ပြည်သူ့တွက်'လို့
တသက်ဘဝ၊ ပုံခဲ့ရပြီ
ခဏလွမ်းစိတ် ကျောင်းရိပ်ဆီ…။

စစ်အတွင်းမှာ
လူဖြစ်လာရ၊ တို့ဘဝလည်း
ငယ်ကသင်တွေး
ကျေးညီနောင်လို၊ ဟိုဒီကွဲကွာ
ယုံကြည်ရာလည်း
တွယ်ရာကိုင်းပေါ် တည်ကြတယ်…။

ငယ်စဉ်အခါက
ငါတို့အတွက်၊ ရည်မှန်းချက်လေ
'ဆေးတက္ကသိုလ်'တဲ့
ခုလိုချိန်မှ၊ တက်ခဲ့ရပြီ
'ဘဝတက္ကသိုလ်'၊ ငါ့ကုသိုလ်ပေါ့
ဟို့ဟိုအဝေးကို ရောက်ခဲ့ပြီ…။

ဝေးခဲ့ရပြီ
ကျောင်းတော်ဆီကို
တချီအိပ်မက်၊ တချက်တွေးပြင်
လွမ်းမိရင်လည်း
မြင်ဆဲဖန့်ဖန့်၊ ဆွတ်ပျံ့ပျံ့လေ
မိုးနံ့နှင်းနံ့ ကြူနေဆဲ….။

နေလိုထွန်းပပြီး
လလိုရွှန်းမြခဲ့တဲ့ တက္ကသိုလ်
ခုတော့
နေလို လလို
ဝေးခဲ့ရပြီပေါ့ တက္ကသိုလ်…။

သူငယ်ချင်း
မင်းလက်သီးဆုပ်နဲ့
မျက်ရည်သုတ်လိုက်ပါကွာ…။ ။

၊နေမင်းနီ၊

12 comments:

  1. ငါဖတ်ပြီးပြီ။

    ReplyDelete
  2. ငါဖတ်ပြီးပြီ။

    ReplyDelete
  3. ကိုပေါက်ရေးရပါတယ်--

    ReplyDelete
  4. ရလောက်ပါပြီ။ စမ်းကြည့်တာ။

    ReplyDelete
  5. ကဗျာဆရာရေ---
    အဆက်ပြတ်သွားတာကြာလှပေါ့--
    ကျမ ရာဟုမေးလ်ကလည်း မသုံးတော့ဘူးလေ--
    ဒီဆိုက်လေးတောင် ဆရာ ပြလို့တွေ့ရတာပါ--
    ဝမ်းသာလိုက်တာ--
    အစစအရာရာအဆင်ပြေပါစေ---

    ReplyDelete
  6. ကဗျာဆရာရေ---
    မတွေ့ရတာ--ကြာလှပေါ့-
    အဆက်ပြတ်သွား ကြတယ်နော်--
    ကျမ ရာဟု မေးလ်ကလည်းမသုံးတာကြာပြီ--
    ဒီဆိုက်လေးကို ဆရာ ပြလို့ သိရတာပါ--
    အစစအရာရာအဆင်ပြေပါစေ--

    ReplyDelete
  7. ကဗျာဆရာရေ---
    မတွေ့ရတာ--ကြာလှပေါ့-
    အဆက်ပြတ်သွား ကြတယ်နော်--
    ကျမ ရာဟု မေးလ်ကလည်းမသုံးတာကြာပြီ--
    ဒီဆိုက်လေးကို ဆရာ ပြလို့ သိရတာပါ--
    အစစအရာရာအဆင်ပြေပါစေ--

    ReplyDelete
  8. ကဗျာတွေလာဖတ်သွားပါတယ်
    အားလုံးကောင်းပါတယ်

    ReplyDelete
  9. စာတွေ လာဖတ်သွားပါတယ်
    အလွန်ကောင်းပါတယ်

    ReplyDelete
  10. ကဗျာတွေကောင်းတယ်

    ReplyDelete
  11. ကဗျာရှည်တွေ ဖြစ်တော့--
    ခေါင်းစဉ်အောက်မှာ--ကဗျာဆရာအမည်ကို
    ဖေါ်ပြပေးနိုင်ရင် ပိုကောင်းမယ်လို့--အကြံပြုပါတယ်--

    ReplyDelete
  12. သင်္ကြန်ရေလို အေးမြပါစေ--
    မြန်မာပြည်သူများ--
    သာယာဝပြောပါစေ---
    ငြိမ်းချမ်းကြပါစေ--

    ReplyDelete