(၁)
ဗန်းမော်တင်အောင်ဆိုတာ
ကလောင်သာ နီတာမဟုတ်
ပုဂ္ဂိုလ်အရလည်း ထက်မြတ်
ပြည်သူ့ဖက်က ရှေ့ဆောင်
ပြည်သူ့အလင်းရောင်…။
ဒီအလင်းရောင်ကို
အမှောင်တွေက ရန်သူလုပ်
ချုပ်ကြ အုပ်ကြ ဖမ်းဆီးကြလည်း
ဖုံးကြ ဖိကြ ဖျက်ဖြိုကြလည်း
ညတကာကို ကျော်ဖြတ်ရင်း
အလင်းဟာ အလင်း
ကြာလေ လင်းလေ ဝင်းပလေပေါ့
ညတာနက်လေ ထင်ရှားလေပေါ့
မဖျော့မမှိန် တထိန်ထိန်နဲ့
အရှိန်မပျက် ဂုဏ်သိန်လက်ခဲ့
သမိုင်းသက်သေ တင်ခဲ့ပြီ…။
(၂)
ဗမာစာပေသမိုင်းမှာ
ဆရာကြီးမှိုင်းရဲ့လမ်းကြောင်းပေါ်
ခေါင်းမော်ပြီး ချီတက်
ပြည်သူအတွက် ဦးထိပ်ပန်
နိုင်ငံရေးစံသာမက
အနုပညာစံအရပါ တံခွန်ထူ
စာပေသြဇာကြီးသူတဦးဖြစ်ခဲ့တာ
ဆရာဗန်းမော်တင်အောင်ပါပဲ…။
‘တော့ကာသာ ဘဲရယ်နဲ့’လို့
ခနဲ့ချင် ခနဲ့
ကဲ့ရဲ့ချင် ကဲ့ရဲ့
ရင်ထဲကလာတဲ့ ပင်ကိုယ်အသံနဲ့
ကိုယ်ပိုင်ဟန် ထူထောင်ပြီး
သြဇာကြီးခဲ့တဲ့ ကလောင်ဟာ
ဗန်းမော်တင်အောင်ပဲဆိုတာ
စာပေနယ်တခုလုံး သိပါတယ်…။
ဗန်းမော်တင်အောင်ကို
ထောင်ထဲသွင်း
အကျဉ်းချ
တကျွန်းပို့
ချေမှုန်းဖို့ကြိုးစား
မတရားပြုခဲ့ကြသူတွေသာ
(ခုတော့…) ထာဝရသေဆုံး
ပျက်သုဉ်းသွားရရင်း
သမိုင်းအမှိုက်ခြင်းထဲ ရောက်သွားရ
ဗန်းမော်တင်အောင်ကတော့ ခပ်ပြုံးပြုံး
အသက်ဆုံးသွားပေမယ့် ဆက်ရှင်သန်
နာမည်တွင် ကျန်ခဲ့ရုံမျှသာမက
စံထားရမယ့် သူ့လက်ရာ
အနုပညာတွေပါ ဆက်ပြီးကျန်
အမှန်တရားဖက်က ရပ်တည်ရင်း
အချိန်ကာလမျဉ်းတွေကို လွန်မြောက်
ရှင်သန်ထမြောက်မှုတွေနဲ့ ဆက်ပြီးရှင်
ဂုဏ်ရောင်တလွင်လွင်နဲ့ တောက်ပဆဲ
နှလုံးသားထဲက ဒီကြယ်နီ
ကမ္ဘာနည်သရွေ့ တည်ပါစေ…။ ။
၊ဝင်းတင့်ထွန်း၊
၁၈၊ ၁ဝ၊ ၂ဝဝ၇
07 May 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment